Skip to main content

အစဉ်အလာကြီးမားသည့် ဂုဏ်ဒြပ်ကို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှတစ်ဆင့် ထုတ်ဖော်ပြသကြပါစို့

မောင်ငြိမ်းအေး

လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို ထင်ဟပ်ပြသနိုင်သည်မှာ အနုသုခုမပညာဖြစ်သည်။ လူမျိုးတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်အနုသုခုမ ပညာရပ်တစ်မျိုးစီရှိကြသည်။ အနုသုခုမပညာသည် ကာလ၊ ဒေသနှင့် လူမျိုးတို့၏ ဓလေ့စရိုက်ပေါ်တွင် တည်မီသည်။ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုသည် ယင်းအနုသုခုမပညာပေါ်တွင်တည်မီသဖြင့် အနုပညာသည် ယဉ်ကျေးမှု၏ကြေးမုံပြင်ဟု ဆိုလေသည်။ မည်သည့်တိုင်းပြည်နှင့် လူမျိုးမဆို မိမိတို့၏ ယဉ်ကျေးမှုခိုင်မြဲစွာရှိမှသာလျှင် အမျိုးသားရေးဇာတိမာန်များ အစဉ်ထိန်လင်း ထွန်းတောက်နေမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အနုသုခုမပညာရပ်များ အစုံအလင်ဖြစ်ထွန်းနေသည့် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသော နိုင်ငံဖြစ်သည်။ မိမိတို့၏ ယဉ်ကျေးမှုအစဉ်အလာ တည်တံ့အောင် ကြိုးပမ်းဆောင်ရွက် ခြင်းသည် မြန်မာတို့၏ ယဉ်ကျေးမှုဂုဏ်ရောင် ထွန်းပြောင်ခြင်းပင်ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက် ခြင်းဖြစ်သည်။ မြန်မာတို့၏ ယဉ်ကျေးမှုသည် မြန်မာတို့၏ အသက်ဝိညာဉ်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု ဆိတ်သုဉ်းပျောက်ကွယ်လျှင် မြန်မာလူမျိုးဟူသည် ဤကမ္ဘာတွင် ပျောက်ကွယ်နေမည်ဟု ဆိုချင်သည်။ ထို့ကြောင့် ယဉ်ကျေးမှုသည် မြန်မာတို့၏ အသက်ဝိညာဉ်ဟု ဆိုခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသော လူမျိုးတိုင်းသည် မိမိတို့၏ ဂန္ထဝင်မြောက်သည့် ယဉ်ကျေးမှုများကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထိန်းသိမ်းစောင့်ရှောက်နေကြသည်။

ခံစားမှုရသများ ပေးစွမ်း

ယဉ်ကျေးမှုအနုသုခုမပညာရပ်များတွင် လူတို့အားစိတ်ခံစားချက်တစ်မျိုးမျိုး ပေးစွမ်းနိုင်သော သိမ်မွေ့နက်နဲသည့် အနုသုခုမပညာရပ်များ ပါဝင်နေသည်။ အခြေခံသဘောအရ အဆို၊ အက၊ အရေး၊ အတီးတို့သည် ပညာရပ်သီးခြားစီဖြစ်သော်လည်း အနုပညာသဘောအရ တစ်ခုနှင့်တစ်ခု တွဲဆက် လျက်ရှိခြင်း၊ တစ်ခုနှင့်တစ်ခု ကျေးဇူးပြုလျက်ရှိခြင်း၊ နီးစပ်ခြင်း၊ ပေါင်းစပ်ခြင်း၊ တုံ့ပြန်ခြင်းသဘောရှိသည်။ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ နှစ်သက်ခြင်း၊ စက်ဆုပ်ခြင်း၊ ထိတ်လန့်ခြင်း၊ တည်ငြိမ်ခြင်း၊ အားတက်ခြင်း၊ အံ့ဩခြင်း၊ ကရုဏာဖြစ်ခြင်းတည်းဟူသည့် စိတ်အရသာကိုးပါးအနက် တစ်ပါးပါး၏ ခံစားမှုရသများကို ဖြစ်စေသည်။ အဆိုပါ စိတ်အရသာ ခံစားချက်များကို ပေးစွမ်းနိုင်သည့် အနုသုခုမ ပညာရပ်များအနက် အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ်များမှ တစ်မျိုးစီဖြစ်စေ၊ ပေါင်းစပ်၍ဖြစ်စေ ပေးစွမ်းနိုင်သည်။

ထိုပညာရပ်များအား တွဲဖက်ပါဝင်သော အစုအဖွဲ့ကို သဘင်ဟုခေါ်သည်။ သဘင်ပညာဖြင့် လူ့သဘာဝ၊ လောကသဘာဝတို့ကို အနုပညာရှင်တို့က ထိရောက်စွာ သရုပ်ဖော်နိုင်သည်။ အလွမ်း၊ အဆွေး၊ အသောတည်းဟူသော စိတ်အရသာ ကိုးပါးကို ထိထိမိမိ ဖော်ကျူးနိုင်သည်။ သဘင်တွင် အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍလေးရပ်ကို ပေါင်းစုထုတ်ဖော်ထားသည်။ ထို့ကြောင့် အဆို၊ အက၊ အရေး၊ အတီး၏ အနှစ်သည် သဘင်ဟု ဆိုနိုင်သည်။ လူမျိုးတစ်မျိုး၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှု များထက် ထိုလူမျိုး၏ အနုပညာက ထိုလူမျိုး၏ ဓလေ့စရိုက်၊ လူနေမှုအဆင့်အတန်းတို့ကို ပို၍ထင်ဟပ်ပြနိုင်သည်ဟု အချို့ပညာရှင်များက ယူဆထားကြသည်။ မြန်မာတို့၏ အနုသုခုမပညာရပ်များတွင် အဆို၊ အက၊ အရေး၊ အတီးပညာရပ် အသီးသီးတို့သည် မြန်မာတို့၏ လူနေမှုအဆင့်အတန်း၊ စိတ်သဘောထား ဓလေ့စရိုက်များကို ထင်ဟပ်ဖော်ပြလျက်ရှိသည်သာမက မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားခဲ့မှုများကိုလည်း ထုတ်ဖော်ပြသလျက်ရှိသည်။

ခေတ်ဟောင်းတေးသံသာ

မြန်မာနိုင်ငံတွင် ပျူခေတ်ယဉ်ကျေးမှု ထွန်းကားချိန်မှစ၍ ကုန်းဘောင်ခေတ် ကုန်ဆုံးချိန်အထိ မြန်မာ့သဘင်၊ မြန်မာ့ဂီတတို့ စည်ပင်ဖွံ့ဖြိုးခဲ့သည်။ ကုန်းဘောင်ခေတ်တွင် နန်းတွင်းဇာတ်တော်ကြီး များ၊ ရုပ်စုံသဘင်များ ခင်းကျင်းပြသခဲ့သည်။ ထီးနန်းဝန်းကျင်ဘွဲ့၊ ဘုန်းတော်ဘွဲ့၊ သဘာဝဘွဲ့၊ အချစ်ဘွဲ့၊ အလွမ်းဘွဲ့စသည့် အကြောင်းအရာများကို ရေးဖွဲ့သော ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား စသည့် တေးဂီတအမျိုးမျိုး ပေါ်ထွန်းခဲ့သည်။ ဗုံကြီးသံ၊ စည်တော်သံ၊ အိုးစည်သံ၊ ဒိုးပတ်သံ၊ ကောက်စိုက်တေး၊ မောင်းထောင်းတေး စသည်ဖြင့် သာမန်ပြည်သူတို့ကြားမှ ပေါ်ပေါက်လာသော ပြည်သူ့တေးသံများ၊ မွန်သံ၊ ကရင်ဩသံ၊ ထားဝယ် ဒိန်းသံ စသည့်တိုင်းရင်းသားတေးသံများလည်း ကုန်းဘောင်ခေတ်တွင် အတော်အသင့် ပေါ်ပေါက်လာခဲ့သည်။

၁၉ ရာစုကုန်ခါနီးတွင် မြန်မာတစ်နိုင်ငံလုံး ကိုလိုနီနယ်ချဲ့လက်အောက်သို့ကျရောက်ခဲ့ရပြီး နောက် ၂၀ ရာစုအဦးပိုင်းမှစ၍ မြန်မာ့အနုပညာ လမ်းကြောင်းသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲလာသည်။ သီပေါမင်းပါတော်မူပြီးနောက် သဘင်ဂီတ အနုပညာရှင်များသည် ကိုယ့်အရှင်သခင်မရှိတော့သည့်အတွက် မင်းနေပြည်တော်တွင် ရပ်တည်မနေနိုင်တော့ဘဲ တကွဲတပြားဖြစ်ပြီး မြို့ရွာအနှံ့လှည့်လည်ကာ တတ်သည့်ပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုကြသည်။ ရုပ်စုံပညာရှင်ကြီးများသည် ပန်းပင်လှည့်မြေဝိုင်းဇာတ်အဖွဲ့၊ ရုပ်စုံခေါ်ရုပ်သေးအဖွဲ့များဖွဲ့ပြီး နိုင်ငံတစ်ဝန်း ကပြကြသည်။

ခေတ်နှင့်အညီဆန်းသစ်

ထိုမှ ဇာတ်ခုံနှင့် တင်ဆက်ကပြသော ဇာတ်ပွဲသဘင်ဟု ပေါ်ပေါက်လာသည်။ သဘင်ဂီတပညာရှင်များသည် ကိုယ့်အရှင်သခင် ကိုယ်တမ်းတကာ ဇာတိမာန်လှုံ့ဆော်သော တေးများကိုရေးဖွဲ့ပြီး ရုပ်သေးစင်၊ ဇာတ်စင်ပေါ်မှ သီဆိုကပြကြသည်။ ၂၀ ရာစုဆန်းခါနီးတွင် ပေါ်ပေါက်လာသော “သီဟာပျံနန်းဘုံ မြင့်မှာလ”၊ “ပြည်ကုန်းဘောင်” သီချင်းတို့မှာ ထင်ရှားသည်။ ၂၁ ရာစုဆန်းတွင် ပေါ်ပေါက်လာသော “ရွှေပြည်ကြီး” သီချင်းသည် ရွှေပြည်တော်ကို တမ်းတကဇာတိမာန်ကို လှုံ့ဆော်သော သီချင်းဖြစ်သည်။ ထို့နောက် ခေတ်နှင့်အညီ ဆန်းသစ်လာသော တေးသီချင်းအမျိုးမျိုးပေါ်ပေါက်လာသည်။

ဤသို့ဖြင့် ရုပ်စုံသဘင်၊ မြေဝိုင်းဇာတ်၊ ဇာတ်သဘင်၊ အငြိမ့်သဘင်၊ ဓာတ်ပြား၊ ရေဒီယို စသည်တို့ အမျိုးမျိုးပေါ်ပေါက်လာသော ကာလတစ်လျှောက်တွင် သဘင်ဂီတပညာရှင်များသည် တေးအမျိုးမျိုး ရေးဖွဲ့သီဆိုကြသည်။ ဇာတိမာန် လှုံ့ဆော်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေး တေးများ၊ တိုင်းပြုပြည်ပြုတေးများသည် အချစ်၊ အလွမ်း၊ သဘာဝတေး စသည့်တေးများနှင့်အတူ ပြည်သူတို့၏ နှုတ်ဖျားတွင် ရေပန်းစားလာခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်တွင် သဘင်ဂီတပညာရှင်များသည် လွတ်လပ်သော မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားကြသည်။ သဘင်ပညာသည်များသည် မြန်မာ့ရိုးရာသဘင်ကို ထိန်းသိမ်းရင်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ကြသည်။ ဂီတပညာရှင်များကလည်း “ဂီတစွမ်းအား ပြည့်ထွန်းကား” ဆောင်ပုဒ်နှင့်အညီ ပါဝင်ဆောင်ရွက်ကြသည်။

ငွေရတုအထိမ်းအမှတ်

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို စဉ်ဆက်မပြတ် ဖော်ထုတ်နေခြင်းသည် ထိန်းသိမ်း စောင့်ရှောက်နေခြင်းမည်ပါသည်။ အကယ်၍သာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများကို မဖော်ထုတ်နိုင်၊ မထိန်းသိမ်းနိုင်၊ မကျင်းပနိုင်၊ မဆင်နွှဲနိုင်ခဲ့လျှင်ဆိုပါမူ ခေတ်ပေါ်ရေစီးကြောင်းတို့ လွှမ်းမိုးပြီး အစဉ်အလာကြီးမားခဲ့သည့် မြန်မာတို့၏ ယဉ်ကျေးမှု အနုသုခုမပညာရပ်များ မှေးမှိန်ပျောက်ကွယ်သွားမည်မှာ သေချာပါသည်။ မြန်မာတို့၏ အမျိုးသား ယဉ်ကျေးမှုအနုသုခုမပညာရပ်များ မမှေးမှိန်၊ မပျောက်ကွယ်စေရန်အတွက် နိုင်ငံ့ခေါင်းဆောင်များ က အမြော်အမြင်ကြီးမားစွာဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးခဲ့ရာ ယခုအအခါ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်ကာလသို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခမပညာရပ်များကို စဉ်ဆက်မပြတ် ရှင်သန်အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဖော်ထုတ်ပေးခဲ့သည့် အစိုးရအဆက်ဆက်နှင့် ဝါသနာရှင်များ၊ ပညာရှင်များ အားလုံးကို ကျေးဇူးတင်ရမည်ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ (၂၂) နှစ် (၂၂) ကြိမ်တိုင်တိုင် နှစ်စဉ်မပျက် ကျင်းပပေးနိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်ကြာအောင် ကျင်းပနိုင်ခြင်းမရှိခဲ့သဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာရပ်များ မှေးမှိန်ကင်းကွာစပြုလာသည်။ ထိုကာလများတွင် မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များသာမက ဘာသာသာသနာ ယဉ်ကျေးမှုပုံရိပ်များပါ မှေးမှိန်းပျက်ယွင်းလာသည်ကို သတိထားမိကြမည်ဖြစ်သည်။

ပြန်လည်ကျင်းပပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်သည့် ကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်ပါ ပုဒ်မ (၂၇) အရ နိုင်ငံတော်သည် အမျိုးသား ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည့်အချက် အရလည်းကောင်း၊ ပုဒ်မ (၃၃) အရ နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက် ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်မည့်အချက်အရလည်းကောင်း၊ ပုဒ်မ ၃၉၀ (က) အရ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အချက်အရလည်းကောင်း မြန်မာ့ယဉ်ကျေးမှု ထွန်းကားပြန့်ပွားရေးကို အလေးအနက်ထားပြီး ရပ်ဆိုင်းထားခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ပြန်လည်ကျင်းပပေးခဲ့သည်။

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲများကို နေပြည်တော်တွင် ခြိမ့်ခြိမ့်သဲသဲ အောင်အောင်မြင်မြင် ကျင်းပခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စသည်ဖြင့် အဆင့်ဆင့်ကျော်ဖြတ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲကြီးသို့ပင် ရောက်ရှိတော့မည်ဖြစ်သည်။ ငွေရတုမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ယခင်နှစ်များကဲ့သို့ပင် ပြိုင်ပွဲဝင် အနုပညာကဏ္ဍများအလိုက် စုံစုံလင်လင်၊ အကဲဖြတ်ပညာရှင်ကြီးများ သိုက်သိုက်ဝန်းဝန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မျိုးဆက်သစ်ပြိုင်ပွဲဝင် လူငယ်မောင်မယ်များ ရွက်ပုန်းသီးအနုပညာရှင်များ အင်ပြည့်အားပြည့်ဖြင့် ပြိုင်ပွဲဝင်ခဲ့ကြ၊ ဗဟိုအဆင့်တွင် အောင်ပန်းဆွတ်ခူး ရယူနိုင်ရန် အသင့်ဖြစ်နေကြသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။

လွမ်းမောတက်ကြွဖွယ်

(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၌ မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ ရှေးအစဉ်အလာပညာရပ်များ အားလုံးပါဝင်နေသည်ကို တွေ့ရသည်။ ဟောင်းသော်လည်း မရိုးနိုင်သည့် ဘိုးဘွားအမွေအနှစ် အနုပညာရပ်များကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် တစုတဝေးတည်း ထုတ်ဖော်တင်ဆက်ထားသည်။ အဆိုပြိုင်ပွဲ မဟာဂီတတေးသီချင်းတွင် စုံသာမြိုင်လယ်၊ ဆဒ္ဒန်အိုင်သာ၊ သီလာဝေယံ၊ လေပြည်ဆော့သွင်းမြူး၊ မြိုင်ဟေမာစသည့်သီချင်းများ။ ခေတ်ဟောင်းတေး၊ ကာလပေါ်တေးများတွင် ဥဩဘသောင်း၏ မြဘယက်၊ စွဲမက်တဲ့ အာရုံ၊ ဘုံဓမ္မတာ၊ ဦးသိန်းကြွယ်၏ ရပ်ကြီးသူ၊ ဝင်းဦး၏ ညီတော်မင်းနန်၊ မေတ္တာ ဝေသံဆန်း၊ ဒေါ်ကြည်အောင်၏ ရွှေတိဂုံသမိုင်း၊ တောင်သူပျို့၊ ကြည်ကြည်ဌေး၏ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ၊ မာမာအေး၏ စည်တော်ကြီး၊ ထား၏ ပြိုင်ပွဲ ကြီး၊ ဂီတလုလင်ဦးကိုကို၏ မာန်၊ ကိုမင်းနောင်၏ ဂျင်မလေးဂျမ်း၊ ခင်မောင်ရင်၏ မဟာဇနက၊ တင်တင်မြ၏ နွေမိုးဆောင်း စသည်တို့သည် ဟောင်းသော်လည်း မရိုးနိုင်သည့် လွမ်းမောဖွယ်၊ တက်ကြွဖွယ် တေးများဖြစ်သည်။

စုံလင်စွာပါဝင်ယှဉ်ပြိုင်

အတီးပြိုင်ပွဲ “စောင်း” တွင် ဖြူပြာမူရာ၊ တောတောင်စွယ်၊ ထောင်ရောင်နေ၊ စိန်မြရံချယ်၊ ခိုင်ပန်းစုံ၊ ပန်းဟေဝန်၊ သည်ဆောင်းဟေမာန်စသည့် ယိုးဒယား၊ သီချင်းခံ၊ ကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ မွန်စသည် တို့ဖြင့် စုံလင်သည်။ အတီးပြိုင်ပွဲ “စန္ဒယား” တွင် တောမြိုင်ခြေလမ်း၊ ယသော်ဓရာ၊ နှစ်ကိုယ်သစ္စာ၊ မွှေးလွန်းသည့်ပန်း၊ ချစ်သမျှကို၊ မဲဇာတောင်ခြေ၊ ချစ်ဦးမောင့်ထံပြန်လာပါ၊ ချောကလျာ၊ နှစ်ယောက်ထဲ နေချင်တယ်စသည့် ငြိမ့်ညောင်းသာယာ လွမ်းမောဖွယ် တေးသီချင်းများပါဝင်သည်။ အလားတူ အတီးပြိုင်ပွဲ ၌ “ပတ္တလား၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း၊ နှဲ၊ ပလွေ၊ အိုးစည်၊ ဒိုးပတ်၊ ဆိုင်း” စသည့် တေးသွား မျိုးစုံပါဝင်သည်။ အကပြိုင်ပွဲတွင် မြန်မာအက အခြေခံ ကဗျာလွတ်၊ တိုင်းရင်းသားရိုးရာအက၊ ကျေးလက်ရိုးရာအက၊ ချင်းတိုင်းရင်းသားရိုးရာအက၊ မဟာဇနက ဇာတ်တော်ကြီးပြိုင်ပွဲ၊ ဝေဿန္တရာဇာတ်တော်ကြီး ရုပ်စုံသဘင်ပြိုင်ပွဲ၊ ရုပ်သေးကြိုးဆွဲပြိုင်ပွဲစသည်တို့ စုံလင်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယဉ်ကျေးမှုကိုမြှင့်တင်

မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ယဉ်ကျေးမှုဂုဏ်ကို လှစ်ဟဖော်ထုတ်ပြသမည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကြီး မကြာမီကျင်းပတော့မည်ဖြစ်သည်။ ပြိုင်ပွဲအဆင့်ဆင့်မှတစ်ဆင့် ဆန်ခါတင်အနုသုခုမပညာရှင်များ၊ ဝါသနာရှင်အသီးသီးတို့၏ အနုပညာစွမ်းပကားများကို မြင်တွေ့ခွင့်ရတော့မည်ဖြစ်သည်။ ရှေးအစဉ်အလာမပျက် ထူးခြားလေးနက်သည့် မြန်မာတို့၏ ယဉ်ကျေးမှုအနုသုခုမပညာရပ်များ မပျောက်ပျက်ဘဲ ပေါ်ထွက်လာသည်မှာ ဝမ်းမြောက် ဂုဏ်ယူစရာ ဖြစ်သည်။ မြင့်မားသည့် ယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့်ပြည့်စုံသည့် မြန်မာနိုင်ငံအနေဖြင့် ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်အားပေးကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ အစဉ်အလာကြီးမားသော မြန်မာတို့၏ ယဉ်ကျေးမှုအနုသုခုမပညာများကို ထိန်းသိမ်းမြှင့်တင်ပါမှ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မား၍ ချစ်ခင်စည်းလုံးညီညွတ်ပြီး နှလုံးမွေ့လျော်ဖွယ်ကောင်းသော ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် အဓွန့်ရှည်ကြာ တည်ဆောက်ထားနိုင်မည်ဖြစ်သည်။ မြန်မာတို့၏ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အမျိုးသားယဉ်ကျေးမှုကို ထုတ်ဖော်ပြသမည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အားပေးမြှင့်တင်ပြီး ကြိုဆိုဂုဏ်ပြုလိုက်ရပါကြောင်း။ ။

ကိုးကားချက် - မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂။ - (၂၄) ကြိမ်နှင့် (၂၅) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသတင်းများ။