Skip to main content

ရာသီဥတုပြောင်းလဲမှုကိုကျော်လွှားရေး စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်ဖော်ဆောင်ပေး

မောင်စော

(မွေးမြူဆေးကု)၊ မွေးသု

ရာသီဥတုပြောင်းလဲခြင်းကြောင့် အပင်နှင့် တိရစ္ဆာန်များအပေါ် အကျိုးသက်ရောက်မှု

ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်း၊ ရာသီဥတု ပြောင်းလဲလာခြင်းတို့ကြောင့် အပင်များပျက်စီးပြီး အထွက်နှုန်းအပေါ် များစွာထိခိုက်စေနိုင်ကြောင်း သုတေသီများက ဆိုပါသည်။ ရာသီဥတုဖောက်ပြန် ခြင်းကြောင့် ရေကြီးခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်းနှင့် ပင်လယ်ရေမြင့်တက်လာခြင်းတို့ ဖြစ်စေပြီး နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အပင်နှင့်သီးနှံအထွက်နှုန်းတို့ကို တိုက်ရိုက်ထိခိုက်နိုင်ပါသည်။ အပူချိန်မြင့်တက်လာခြင်းကြောင့် အပင်ကြီးထွားနှုန်း ကောင်းစေနိုင်သော်လည်း ညအပူချိန်မြင့်တက် လာခြင်းကြောင့် အပင်ကို ထိခိုက်စေနိုင်ပါသည်။

ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ညအပူချိန် ၁°C တိုးလာတိုင်း စပါးအထွက်နှုန်း ၁၀ ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်း သိရှိရပါသည်။ ထို့အတူ ပြောင်းကဲ့သို့သော ကောက်ပဲသီးနှံ များတွင် အပူချိန် မြင့်မားတိုးတက်လာခြင်းကြောင့် မျိုးပွားမှုကျဆင်းမှုကိုဖြစ်ပေါ်စေနိုင်ပြီးအပူချိန် ၃၀°C အထက် ဆက်တိုက်ရောက်ရှိနေပါက ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ အထွက်နှုန်းလျော့နည်းစေနိုင်သည်။

မွေးမြူရေးလုပ်ငန်းတွင်လည်း အပူချိန် မြင့်တက်လာခြင်းကြောင့် တိရစ္ဆာန်များကို စိတ်ဖိစီးမှု (stress) ဖြစ်စေပြီး ကြီးထွားနှုန်းကျဆင်းခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်း၊ တိရစ္ဆာန်တို့၏ အမူအကျင့် ပြောင်းလဲလာခြင်း၊ မွေးမြူရေးလုပ်ငန်းမှ အနံ့ဆိုးများထွက်ပေါ်ကာ ပတ်ဝန်းကျင်ကို ထိခိုက် စေခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်စေခြင်းစသည့် ဆိုးကျိုးများကို ဖြစ်စေပါသည်။ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုနှင့်အတူ ရေရှားပါးလာခြင်း၊ စားကျက်ရှားပါးလာခြင်း၊ တိရစ္ဆာန်တို့၏ အစာ စားနှုန်းလျော့ကျစေပြီး အာဟာရချို့တဲ့လာခြင်းနှင့် ရောဂါကျရောက်လွယ်ခြင်းစသည့် အကျိုးဆက်များကိုလည်း ဖြစ်စေနိုင်ပါသည်။ ကမ္ဘာ့အပူချိန် ၁°C တိုးလာတိုင်း ကမ္ဘာ့နွားနို့ထွက်နှုန်း ၁၀ ရာခိုင် နှုန်းအထိ လျော့ကျစေနိုင်ကြောင်း ပညာရှင်များက သုံးသပ်ဖော်ပြထားပါသည်။

တိရစ္ဆာန်ရောဂါကျရောက်မှုများ၊ အစားအစာဘေးကင်းလုံခြုံမှုစီမံခန့်ခွဲရေးနှင့်ဈေးကွက် နည်းဗျူဟာများသည် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရာတွင် မွေးမြူရေးသမားများအတွက် ကြီးမားသော စိန်ခေါ်မှုများဖြစ်ပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏အဆိုအရ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ထွက်နှုန်းသာမက အစားအစာအရည်အသွေးကိုပါ ထိခိုက်နိုင်သဖြင့် ကမ္ဘာ့စားရေရိက္ခာဖူလုံရေးကို ဆိုးကျိုးများ သက်ရောက်နိုင်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေရှိပြီး ရေရှည်တည်တံ့သော ထုတ်လုပ်မှုစနစ် ဖြစ်ပေါ်လာရေးအတွက် နည်းဗျူဟာများကို အလေးထားစဉ်းစားဆောင်ရွက်ရန် လိုအပ်ပါသည်။

ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေး

ယနေ့ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် ပျက်စီးလာခြင်းနှင့် အပူချိန်မြင့်တက်လာခြင်းတို့ကြောင့် အနာဂတ်တွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ကို လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးရေး နည်းစနစ်များ (Climate Smart Agriculture) မဖြစ်မနေ လိုအပ်လာပြီဖြစ်သဖြင့် ပညာရှင်များ တစိုက်မတ်မတ် စူးစမ်းရှာဖွေဆောင်ရွက်လာကြသည်ကို တွေ့ရပါသည်။ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးစနစ်ဖြစ်စေရန် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှု လျှော့ချရေး၊ သီးနှံအထွက်နှုန်း ရေရှည်ထိန်းသိမ်းရေး၊ မြေဆီလွှာ မပျက်စီးအောင်ထိန်းသိမ်းရေး၊ အပင်နှင့်မွေးမြူရေးတိရစ္ဆာန်များ ရောဂါဒဏ်ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး စသည့်အချက်များကို ဦးစားပေးဆောင်ရွက်ကြရန် တိုက်တွန်းထားကြသည့်အပြင် ရေရှည်တွင် ကောက်ပဲသီးနှံများနှင့် တိရစ္ဆာန်တို့ကို ပေါင်းစည်းစိုက်ပျိုးမွေးမြူရေးစနစ်သည် ပြောင်းလဲလာသည့် ရာသီဥတု၏ဆိုးကျိုးများကို လျှော့ချစေနိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း ပညာရှင်များက ဆန်းစစ်သုံးသပ်လာကြသည်ကိုလည်း တွေ့ရှိရပါသည်။

အပင်နှင့်တိရစ္ဆာန် စိုက်ပျိုးမွေးမြူရေးပေါင်းစည်းစနစ်

အပင်နှင့်တိရစ္ဆာန် စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်၌ ခြံတစ်ခုတည်းမှာ အပင်နှင့် တိရစ္ဆာန်တို့အတွက် အာဟာရ၊ ရေနှင့်စွမ်းအင်တို့ကို လည်ပတ်သုံးစွဲရန် အခွင့်အလမ်းများရရှိ နိုင်သည့်စနစ်ဖြစ်ပါသည်။ ထုတ်လုပ်မှုအတွက်သွင်းအားစု (ဥပမာ-ဓာတ်မြေဩဇာ၊ တိရစ္ဆာန်အစာ၊ စွမ်းအင်စသည်) ချွေတာနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြု၍ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတို့ကို လျှော့ချခြင်းအားဖြင့် အကျိုး အမြတ်ကို ပိုမိုရရှိစေနိုင်ပါသည်။

အဆိုပါ စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်တွင် လုပ်ငန်းတစ်ခု သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု မတော်တဆပျက်စီးဆုံးရှုံးသွားပါက နောက်တစ်ခုက ပြန်လည်ကုစားပေးနိုင်သဖြင့် ထုတ်လုပ်မှု ကျဆင်းမသွားရေးကို ထိန်းသိမ်းထားရန် အခွင့်အလမ်းများ ပိုမိုရရှိစေသည်။ အပင်နှင့်တိရစ္ဆာန် စိုက်ပျိုးမွေးမြူရေးပေါင်းစည်းစနစ် အမျိုးမျိုးရှိသည့်အနက် မိမိတို့ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီပြီး တွက်ခြေကိုက်မည့်စနစ်ကို ရွေးချယ်လုပ်ကိုင်နိုင်ပါသည်။

ရာသီဥတုနှင့်လိုက်လျောညီထွေသော အပင်နှင့်တိရစ္ဆာန် စိုက်ပျိုးမွေးမြူရေးပေါင်းစည်းစနစ်

အပူပိုင်းဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကောက်ပဲသီးနှံများနှင့် တိရစ္ဆာန်တို့ကို စိုက်ပျိုး မွေးမြူရေးပေါင်းစည်းစနစ်များ (Crop-livestock Integrated Farming System)သည် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူသူများ၏ မိသားစုဝင်ငွေရရှိစေသည့် ပင်မလုပ်ငန်းဖြစ်ပါသည်။ သုတေသီ များ၏တွက်ချက်မှုအရ ကမ္ဘာ့နို့နှင့်အမဲသား ထွက်ကုန်များ၏ ၈၀ ရာခိုင်နှုန်းသည် ထိုသို့ရောနှော စိုက်ပျိုးမွေးမြူသည့်စနစ်မှ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်သည် ကမ္ဘာအရပ်ရပ်ရှိ ရာသီဥတုနှင့် မြေဆီလွှာအမျိုးအစား မတူကွဲပြားကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် တွေ့ရှိရပါသည်။ ထိုစနစ်များသည် တစ်နိုင်တစ်ပိုင်တောင်သူများ၏ အသက် းဝမ်းကျောင်းနှင့် အစားအစာဖူလုံရေးအတွက် အလွန်အရေးပါပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက်လည်း အဓိကကျသည့် လုပ်ငန်းဖြစ်ပါသည်။

စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်တွင် မတူညီသောသီးနှံများကို တစ်လှည့်စီစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကျန်းမာရေးအပေါ် အပြုသဘော သက်ရောက်မှုရှိရုံမက ပေါင်းပင်နှင့်ပိုးမွှားများ ကျရောက်မှုကိုလည်း လျော့နည်းစေနိုင်ပါသည်။ အထူးသဖြင့် ပဲမျိုးနွယ်ဝင်အပင်များကို အလှည့်ကျ စိုက်ပျိုးပေးခြင်းဖြင့် မြေတွင်းနိုက်ထရိုဂျင်ဓာတ်ကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး မြေသြဇာလိုအပ်မှုကို လည်း လျော့နည်းစေပါသည်။ ထို့အပြင် အပင်ဘေးထွက်ပစ္စည်းများကိုလည်း ပရိုတင်းဓာတ် မြင့်မားသည့် မွေးမြူရေးအစာအဖြစ် ပြန်လည် အသုံးပြုနိုင်ပါသည်။

နိုင်ငံများအလိုက် စိုက်ပျိုးမွေးမြူရေးပေါင်းစည်းစနစ် သုတေသနတွေ့ရှိချက်များ

ဘရာဇီးနိုင်ငံ၌ ပဲပုပ်၊ ပြောင်းစသည့် သီးနှံများနှင့် နွားမွေးမြူရေး၊ ယူကလစ်ပင် စိုက်ပျိုးရေးကို ပေါင်းစည်းစိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကြသည့် လုပ်ငန်းများအပေါ် လေ့လာချက်အရ မြေယာကို အကျိုးရှိစွာအသုံးချနိုင်ပြီး ထုတ်လုပ်မှု ပိုမိုတိုးတက်ရုံမက စားကျက်ရှားပါးမှုနှင့် သစ်တောပြုန်းတီးခြင်းကို ရှောင်ရှားနိုင်ကြောင်း၊ ပဲမျိုးနွယ်သီးနှံများကို အလှည့်ကျစိုက်ပျိုးခြင်းဖြင့် သီးနှံသီးသန့် စိုက်ပျိုးသူများထက် အမြတ်ငွေ လေးရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ပိုမိုရရှိနိုင် ကြောင်း သုတေသီများက တွေ့ရှိထားပါသည်။

ဩစတြေးလျနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးပေါင်းစည်းလုပ်ငန်းများကို လေ့လာမှုများအရ မိုးနည်းသည့်ဒေသများတွင် သီးနှံစိုက်ပျိုးခြင်းကို တိရစ္ဆာန်လွှတ်ကျောင်းနှုန်းမှန်ကန်စွာ ပေါင်းစည်းစိုက်ပျိုးမွေးမြူခြင်းဖြင့် ရေရှည်တွင် အမြတ်အစွန်းပိုမိုရရှိစေခြင်း၊ မြေဆီလွှာ ကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျော့ကျစေခြင်း၊ မြေဆီလွှာဩဂဲနစ်ကာဗွန် ဓာတ်ကို တိုးလာစေခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာနိုင်သည့် ထိခိုက်မှုများကို သက်သာ စေနိုင်ခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိစေကြောင်း၊ စိုက်ပျိုးမွေးမြူရေးပေါင်းစည်းစနစ်တွင် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းနှင့် တိရစ္ဆာန် လွှတ်ကျောင်းခြင်းသည် ဟန်ချက်ညီမှုရှိရန် လိုအပ် ကြောင်းနှင့် တိရစ္ဆာန်လွှတ်ကျောင်းနှုန်း (Stocking rate)ကို ထိရောက်စွာ အလိုက်သင့်ပြုပြင်ပြောင်းလဲခြင်းဖြင့် ပျမ်းမျှအမြတ်အစွန်း ၈၀ ရာခိုင်နှုန်း အထိ တိုးတက်လာနိုင်ကြောင်း သုတေသီများက တွေ့ရှိထားပါသည်။

အာဖရိကနိုင်ငံများ၌ လေ့လာချက်များအရ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးမွေးမြူရေးစနစ်ကို အကောင်အထည်ဖော်ရန် တောင်သူများ၏ ဗဟုသုတကြွယ်ဝမှုနှင့်ပညာ အရည်အချင်းအပေါ် များစွာမှီတည်နေကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုပြဿနာနှင့်၎င်းကို ကျော်လွှားမည့်နည်းလမ်းများ၊ လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးမွေးမြူရေးစနစ်များကို တောင်သူ များအား ထိရောက်စွာပညာပေးရန် လိုအပ်နေသေးကြောင်း ပညာရှင်များက ဖော်ပြထားပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြသည့် တောင်အာရှ င်ငံအချို့တွင်လည်း ကောက်ပဲသီးနှံများနှင့် တိရစ္ဆာန်များကို စိုက်ပျိုးမွေးမြူရေး ပေါင်းစည်းစနစ်များဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကျော်လွှားနိုင်သည့် နည်းစနစ်များအကြောင်း တောင်သူများအကြား အသိပညာဗဟုသုတကွာဟချက်များ ရှိနေသေး ာင်း ထောက်ပြထားပါသည်။

စိုက်ပျိုးမွေးမြူရေးပေါင်းစည်းစနစ်များ၏ အကျိုးကျေးဇူးများ

ပညာရှင်များ၏ခန့်မှန်းချက်အရ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် သန်း ၉၀၀၀ ဦးရေ အထိ ရှိလာမည်ဖြစ်ရာ တိုးပွားလာမည့် လူဦးရေအတွက် စားရေရိက္ခာဖူလုံရေးကို ပိုမိုအလေးပေး ဆောင်ရွက်ရမည် ဖြစ်ပါသည်။ စားရေရိက္ခာဖူလုံ ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် တစ်နိုင် တစ်ပိုင် စိုက်ပျိုးမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးသည် ကမ္ဘာ့နိုင်ငံအများစုအတွက် အလွန်အရေးပါနေဆဲ ဖြစ်ပါသည်။ တစ်ဖက်ကလည်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကြောင့် သဘာဝတရား၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် နည်းလမ်းများကို ဆက်လက်ရှာဖွေနေရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးမဟာဗျူဟာ (Myanmar Climate-Smart Agriculture Strategy)၏ ရေတိုလုပ်ငန်းစဉ် (၁၁)ရပ်တွင်လည်း “ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်မည့် အပင်နှင့်တိရစ္ဆာန် စိုက်ပျိုးမွေးမြူရေးစနစ် ဖြစ်ပေါ်လာရေးအတွက် တွန်းအားပေး ဆောင်ရွက် ရန်” ဟူသည့်အချက်ပါရှိပါသည်။ ထို့ကြောင့် နောင်ဖြစ်ပေါ်လာမည့် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင် ကျော်လွှားနိုင်ရန် စိုက်ပျိုးမွေးမြူရေးပေါင်းစည်း စနစ်များကို စီမံဆောင်ရွက်ရာတွင် ဇယားပါကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO)က အကြံပြုထားသည့် ပေါင်းစည်းစနစ်အမျိုးမျိုးတို့၏ ရရှိနိုင်သည့် အကျိုး ကျေးဇူးအသီးသီးကို ထည့်သွင်းစဉ်းစားနိုင်ပါကြောင်း မျှဝေရေးသားတင်ပြလိုက်ရပါသည်။ ။

ကျမ်းကိုးစာရင်း-

          ၁။      FAO, 2017. Climate Smart Agriculture Sourcebook.

          ၂။       Ghahramani and Bowran, 2018. Agricultural Systems 164, 236-251.

          ၃။      Lobell, 2014. Global Food Security 3, 72-76.

          ၄။      Myanmar Climate-Smart Agriculture Strategy, 2015. Ministry of Agriculture and Irrigation (MOAI), Myanmar.

          ၅။      Reckling et al., 2016. European Journal of Agronomy 76, 186–197

          ၆။      Welch et al., 2010. Proceedings of the National Academy of Sciences (PNAS) 107, 14562-14567.