အများအကျိုးကို စိတ်ကောင်းနဲ့ယှဉ် အစဉ်အလာမပြတ် ဆက်လက်သယ်ပိုးထမ်းဆောင်
ကိုရေချမ်း
ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံမှာ စိတ်မချမ်းမြေ့ဖွယ် အဖြစ်အပျက်တွေဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ မကြုံဖူးလောက်တဲ့ ရေကြီး၊ ရေလျှံ၊ မြေပြိုမှု သဘာဝဘေးအန္တရာယ်တွေကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးရတာတွေဟာ စိတ်မချမ်းမြေ့စရာဖြစ်ပါတယ်။ ရေဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူတွေနဲ့ အိမ်မွေးတိရစ္ဆာန်များစွာ သေဆုံးပျောက်ပျက်ခဲ့ရခြင်းအတွက် စိတ်မကောင်းဖြစ်ရပေမယ့် စာနာထောက်ထားမှုတွေ၊ ဖေးမကူညီမှု တွေကို နိုင်ငံတော်အစိုးရနဲ့အတူ စေတနာရှင်ပြည်သူတွေက စိတ်အားထက်သန်စွာနဲ့ အားတက်သရော ကူညီဆောင်ရွက်ပေးကြတာတွေကို မြင်တွေ့ရပြန်တော့လည်း ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။
ပျက်စီးဆုံးရှုံး
စက်တင်ဘာလ ၁၆ ရက်နေ့ညနေ ကောက်ယူရရှိတဲ့ စာရင်းတွေအရ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့တဲ့မြို့နယ် ၅၆ မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာတွေက ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံး နေတယ်လို့ စိတ်မကောင်းစွာ ကြားသိခဲ့ရပါတယ်။ ဒါ့အပြင် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် ၈၄ မြို့နယ်မှာလည်း အခြေခံအဆောက်အအုံတွေ၊ ကောက်ပဲသီးနှံတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ သေကျေပျက်စီးခဲ့ပါတယ်။ စာရင်းအရဆိုရရင် ရုံးဌာနအဆောက်အအုံ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀၊ ဘာသာရေးအဆောက်အအုံ ၃၈၆ လုံးနဲ့ လမ်း၊ တံတားအချို့နဲ့လျှပ်စစ်မီးတိုင်၊ ဆက်သွယ်ရေးတိုင်တွေ ပျက်စီးခဲ့ပါတယ်။ တိရစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင်သေဆုံးခဲ့ပြီး စပါးနဲ့သီးနှံမျိုးစုံစိုက်ဧက ၆၄၃၀၈၁ ဧက ရေဝင်နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။
ဆုံးရှုံးပျက်စီးမှုတွေဟာ အားလုံးအတွက် စိတ်မကောင်းစရာတွေဖြစ်ပါတယ်။ တကယ်တော့ ရေကြီးရေလျှံဖြစ်စေတဲ့ သဘာဝဘေးအန္တရာယ်ဟာ မြန်မာနိုင်ငံအပေါ် တိုက်ရိုက်ကျရောက်လာတာ မဟုတ်ဘဲ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်တဲ့ တိုင်ဖွန်းမုန်တိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းငယ်တွေရဲ့ သက်ရောက်မှုအရှိန် တွေကြောင့် မြန်မာနိုင်ငံထဲမှာ မိုးသည်းထန်စွာ ရွာသွန်ပြီး ယခင်ကတည်းက အစိုဓာတ်တွေများပြားခဲ့လို့ ရေကြီးရေလျှံတာနဲ့ မြေပြိုမှုတွေဖြစ်ခဲ့ ရတာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကို မိုးလေဝသနဲ့ဇလဗေဒဌာနက ကြိုတင်အသိပေးခဲ့ သော်လည်း မထင်မှတ်ဘဲ ရုတ်တရက် မိုးသည်းထန်ပြီး ရေကြီးရေလျှံတာတွေ ညပိုင်းမှာဖြစ်လာ တော့ ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ရွှေ့ပြောင်းတာတွေ မလုပ်နိုင်တော့ဘဲ အခုလိုဆိုးဆိုးရွားရွား ထိခိုက်ဆုံးရှုံးပျက်စီးမှုတွေ ဖြစ်ခဲ့ ရတာဖြစ်ပါတယ်။
ကွင်းဆင်းစစ်ဆေး
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြုံတွေ့ရတဲ့အခါမှာ တပ်မတော်ဟာ ပြည်သူလူထုအတွက် ကောင်းမြတ်တဲ့အစဉ်အလာအတိုင်း အလျင်အမြန် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုအခြေအနေတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အခြေအနေတွေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေကြီးရေလျှံမှုကြောင့် အများပြည်သူ ဆက်သွယ်သွားလာမှုအဆင်ပြေစေရေးနဲ့ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ယာယီတံတားတွေ အမြန်ဆုံးတည်ဆောက်ပေးဖို့၊ ရေဘေးသင့်ပြည်သူတွေရဲ့ နေရေးနဲ့ စားရေးအဆင်ပြေအောင် ဆောင်ရွက်ပေးဖို့၊ လိုအပ်တဲ့ထောက်ပံ့မှုတွေဆောင်ရွက်ပေးဖို့၊ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေရဲ့ ဆွမ်းကိစ္စအဆင်ပြေစေဖို့တွေကို မှာကြားပြီး ရေဘေးသင့် ပြည်သူတွေကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တာဝန်ရှိသူတွေကို နိုင်ငံတစ်ဝန်းရှိ ရေကြီးရေလျှံဒဏ်ခံခဲ့ရတဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အင်ပြည့်အားပြည့် အမြန်ဆုံးဆက်လက်ဆောင်ရွက်ဖို့၊ ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ရေဘေးသင့်ပြည်တွေရဲ့လက်ဝယ်ကို အမြန်ဆုံးရောက်ရှိရေး ဆောင်ရွက်ဖို့၊ တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် ရေကြီးရေလျှံခံစားရတဲ့ အခြားနိုင်ငံတွေနည်းတူ ပြည်ပနိုင်ငံတွေက ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ အမြန်ဆုံးရရှိရေး ချိတ်ဆက် ဆောင်ရွက်ဖို့နဲ့ ရေဘေးသင့်ပြည်သူတွေကို အမြန်ဆုံး ထောက်ပံ့ပေးနိုင်ဖို့ မှာကြားခဲ့ပါတယ်။ အခုအခါမှာ ရေဘေးသင့်ပြည်သူတွေဟာ ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ နေ့စဉ်ရရှိနေပြီး အိန္ဒိယနိုင်ငံနဲ့ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းမှုဌာနရဲ့ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အဆက်မပြတ် ရောက်လာပါတယ်။
အလေးထားဆောင်ရွက်
စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေ၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြည်သူတွေနဲ့ အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေကို ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားဖို့နဲ့ ပျက်စီးသွား တဲ့သီးနှံတွေ ပြန်လည်စိုက်ပျိုးရာမှာ စနစ်တကျ ပြန်လည်စိုက်ပျိုးသွားဖို့နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးရေးထောက်ပံ့ငွေတွေနဲ့ စိုက်ပျိုးရေးချေးငွေတွေ ပေးအပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားဖို့၊ ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး အပျက်အစီး အနည်းအများအလိုက် ဦးစားပေး အဆင့်သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးစေဖို့နဲ့ အချိန်အကြာဆုံး ခြောက်လတာကာလအတွင်းပြီးစီးရေး ဆောင်ရွက်ဖို့၊ ရေဘေးကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ဖို့၊ သင်ခန်းစာတွေ လစ်ဟင်းမှုမရှိစေရေး အချိန်ပို သင်ကြားဖို့၊ ကျောင်းပိတ်ရက် အလွန်များပြားပါကနွေရာသီမှာ ပြန်လည်သင်ကြားပေးဖို့စတဲ့ ရေဘေးသင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေ မကျန်ရှိရလေအောင် အလေးထား မှာကြားဆောင်ရွက် ပေးခဲ့ပါတယ်။
ပင်ကိုစိတ်ရင်း
မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မြန်မာတို့ရဲ့ စိတ်ရင်းအမှန်အတိုင်း ပြည်သူအချင်းချင်း ဒုက္ခအခက်အခဲတွေ ကြုံတွေ့နေရတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး စာနာထောက်ထား ရိုင်းပင်းကူညီဖေးမမှုတွေကို အချိန်မဆိုင်းဘဲ တစ်တပ်တစ်အား ပြုလုပ်ပေးကြပါတယ်။ ညီညီညွတ်ညွတ်နဲ့ ကူညီထောက်ပံ့မှုတွေပြုလုပ်နေကြတဲ့ မြင်ကွင်းတွေဟာ ဝမ်းမြောက်ကြည်နူးဖွယ်ရာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြားအရေးကိစ္စတွေကို အပထားပြီး တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့စိတ်၊ ဘေးဒုက္ခကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ သောကတွေကို စာနာစိတ်ထားနဲ့ အတတ်နိုင်ဆုံး အစွမ်းကုန်ကူညီနေကြတာတွေဟာ မြန်မာတွေရဲ့ ပင်ကိုစိတ်ရင်းဖြစ်ပါတယ်။
ရေကြီးရေလျှံမှု ဖြစ်ပွားလျှင်ဖြစ်ပွားချင်း ရေဘေးသင့်ရပ်ကွက်၊ ကျေးရွာတွေက ပြည်သူတွေကို တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းပြည်သူတွေက ရေဘေးသင့်ပြည်သူတွေကို ရေဘေးလွတ်ကင်းရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေဆီကို စက်လှေတွေ၊ မော်တော်ယာဉ်တွေနဲ့ အဆင့်ဆင့်ပြောင်းရွှေ့ပေးကြတာ ဝမ်းမြောက်စရာဖြစ်ပါတယ်။ ရေကြီးနေစဉ် ပျောက်ဆုံးနေတဲ့ ပြည်သူတွေကိုလည်း သက်စွန့်ဆံဖျား ရှာဖွေကယ်ဆယ်ပေးကြတာ တွေဟာ အားတက်စရာဖြစ်ပါတယ်။ တိုင်းပြည်အရေးကြုံချိန်မှာ စည်းလုံးညီညွတ်တဲ့ပြည်သူတွေရဲ့ ပင်ကိုစိတ်ရင်းနဲ့ အင်အားတွေဖြစ်ပါတယ်။
အကြမ်းဖက်လုပ်ရပ်
တိုင်းပြည်မှာ ပြည်သူတွေ အခက်အခဲဒုက္ခရောက်နေချိန် နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ပြည်သူလက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေချိန်မှာ ပြည်သူအတွက် တော်လှန်ရေးလုပ်နေပါ တယ်ဆိုတဲ့ အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်သမားတွေနဲ့ အပေါင်းအပါတွေ ဘာလုပ်နေသလဲ၊ ဘယ်ရောက်နေလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အခုအချိန်မှာ ရေဘေးအန္တရာယ်က အရေး အကြီးဆုံးဖြစ်လို့ တော်လှန်ရေးဆိုပြီးလုပ်နေတဲ့သူတွေကို ပြည်သူတွေ စိတ်မဝင်စားတာတော့ အမှန်ပါပဲ။ အကြမ်းဖက်သမားတွေကတော့ ပြည်သူတွေ ဘေးဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီဆောင်ရွက်ပေးဖို့ နေနေသာသာ ၎င်းတို့ရပ်တည် နေနိုင်ရေးကိုသာ ဦးစားပေးပါတယ်။ မကူညီသော်လည်း ကူညီဆောင်ရွက်ပေးနေကြတဲ့သူတွေကို အနှောင့်အယှက်ပေးနေဆဲ၊ အကြမ်းဖက်လုပ်ရပ်တွေ ကို လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်း ရေဘေးအန္တရာယ် ကြုံတွေ့နေရတာကို ကိုယ်ချင်းစာစိတ်နဲ့ အားလုံးက ကူညီဆောင်ရွက်ပေးနေချိန်မှာ မကြာသေးမီ စက်တင်ဘာ လ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ်ကြွယ်ပုံကျေးရွာမှ တောင်သူလယ်သမားတွေဟာ တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် သွားရောက်ကြစဉ် PDF အမည်ခံ အကြမ်းဖက်သမားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတောင်သူ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တဲ့ စိတ်မကောင်းဖွယ်သတင်းကို ကြားသိခဲ့ရပါတယ်။ အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မန္တလေး တိုင်းဒေသကြီး မြစ်သားမြို့နယ် ခရုတုတ်ကျေးရွာမှ ဆရာတော်တစ်ပါးဟာ ကူမဲမြို့ကို သွားရောက်စဉ် PDF အမည်ခံအကြမ်းဖက်သမားတွေက လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက် လုယက်ခဲ့လို့ ဆရာတော်ပျံလွန်တော်မူခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် မှန်ကင်းကျေးရွာမှာ အမျိုးသမီးတစ်ဦးကို PDF တွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
တိုက်ပွဲတွေဖော်ဆောင်
အလားတူပါပဲ ပြည်သူတွေ ရေဘေးအန္တရာယ် ကြုံတွေ့နေတာကို အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်လိုတဲ့ လက်နက်ကိုင်သောင်းကျန်းသူ တွေလည်း ရှိပါတယ်။ နိုင်ငံတစ်ဝန်းရေဘေး အန္တရာယ်ကို ပြည်သူတွေ ကြုံတွေ့နေရချိန်မှာ စစ်ရေးကို ရပ်တန့်ထားခြင်းမရှိဘဲ လူမဆန်စွာ တိုက်ခိုက်တဲ့အဖွဲ့တွေရှိပါတယ်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ် မဲဝိုင်မြို့မှာ ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ တပ်မတော်သားတွေကို ချောင်းမြောင်းလုပ်ကြံတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ မန္တလေး တိုင်းဒေသကြီး ပတ်ဝန်းကျင်နေရာအချို့မှာ ရေဘေးအန္တရာယ်မကြုံတွေ့ခင်မှ ယခုအချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပါတယ်။
ပြည်သူတွေ ရေဘေးနဲ့ကြုံတွေ့နေရတာဟာ ၎င်းတို့နဲ့မဆိုင်သလို ၎င်းတို့အကျိုးစီးပွားနဲ့ နယ်မြေ ချဲ့ထွင်ရေးကိုသာ ရှေးရှုလုပ်ကိုင်နေကြပါတယ်။ ကချင်ပြည်နယ်ဒေသအချို့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေပါတယ်။
နိုင်ငံရေးအမြတ်ထုတ်
ရေဘေးအန္တရာယ် ကြုံတွေ့ကြရတဲ့ ပြည်သူ တွေကို ဘာသာ၊ လူမျိုး၊ ခံယူချက်၊ ယုံကြည်ချက် မခွဲခြားဘဲ မြန်မာနိုင်ငံသားတွေဆိုတဲ့ တစ်သွေး တစ်သားတည်းသဘောထားတဲ့ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ စေတနာရှင်ပြည်သူတွေဟာ မွန်မြတ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဘယ်မှာအခြေစိုက်မှန်း မသိတဲ့ NUG အကြမ်းဖက်အဖွဲ့က စက်တင်ဘာလ ၁၄ ရက်နေ့က အွန်လိုင်းအစည်းအဝေးပြုလုပ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်မဆိုင်း ဘဲ ပြုလုပ်သွားမယ်၊ NUG ကို အလှူငွေထည့်ဝင်ဖို့နဲ့ အလှူငွေကို ပွင့်လင်းမြင်သာစွာ ချပြပေးမယ်လို့ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ ရီ (ရယ်) စရာပျက်လုံး စကားတွေကို ကြားသိလိုက်ရပါတယ်။ ၎င်းတို့ရဲ့ ရေဘေးကယ်ဆယ်ရေးဆိုတာကို အခုအချိန်အထိ ဘယ်မှာမှမတွေ့ရသေးဘဲ တစ်လောက KNDF အဖွဲ့ဝင် ၁၈ ဦး ရေမျောသေဆုံးခဲ့တာ ဘယ်အခြေအနေ ရောက်နေမှန်းတောင် မသိရပါဘူး။
အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကို သာသာထိုးထိုး ထုတ်လွှင့်ပေးနေတဲ့ ပြည်ဖျက် မီဒီယာတွေရဲ့ ဝါဒဖြန့်ချိရေးတွေတောင် အစအနပျောက်နေတာကို သတိထားမိပါတယ်။ ရေကြီး ရေလျှံသဘာဝဘေးမှာ အစိုးရနာမည်ပျက်စေလိုတဲ့သူတွေ၊ နိုင်ငံသားအားလုံးကို အရောင်အသွေး မခွဲခြားဘဲ စည်းစည်းလုံးလုံး ကူညီဆောင်ရွက်နေကြ သူတွေကို မုဒိတာမပွားနိုင်ဘဲ တိုင်းပြည်ပျက်စီး စေလိုတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့သမိုင်းဟာ မှတ်တမ်းကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။
စက်ဆုပ်ရွံရှာနေ
မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတာနဲ့အညီ ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ ဒေသတွေကို ကယ်တင်စောင့်ရှောက်ပေးလျက်ရှိပါတယ်။ တစ်ဖက်မှာလည်း နယ်မြေချဲ့ထွင် ကျူးကျော် တိုက်ခိုက်လာတဲ့၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်လာတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို ခေါင်းမထောင်လာအောင် တိုက်ခိုက်နှိမ်နင်းလျက်ရှိပါတယ်။ ဒါဟာ တပ်မတော်ရဲ့ အမျိုးသားရေးတာဝန်၊ သမိုင်းပေးတာဝန် ဖြစ်ပါ တယ်။ အခုဆိုရင် အဖြူနဲ့ အမည်းကို တိုင်းရင်းသား ပြည်သူတွေ သဲသဲကွဲကွဲ တွေ့မြင်နေကြရပြီဖြစ်ပါ တယ်။ ယခင်ကလည်း ပြုသူနဲ့ ဖျက်သူ ခွဲခြားပြီး နားလည်ထားကြပါတယ်။ အခုအခါမှာတော့ ပြည်သူတွေသဘာဝဘေးအန္တရာယ်ကြောင့် အတိဒုက္ခရောက်နေချိန်မှာ ဘယ်သူတွေက လက်တွေ့ကူညီနေသလဲ၊ ဘယ်သူတွေက နှောင့်ယှက်ဖျက်ဆီးနေသလဲဆိုတာကို လက်တွေ့မြင်တွေ့လာကြပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်အဖျက် သမားသောင်းကျန်းသူတွေကို လက်မခံဘဲ စက်ဆုပ် ရွံရှာနေပြီဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရင် အကြမ်းဖက်သမားတွေ ဖျက်လိုဖျက်ဆီးလုပ်လိုကြတဲ့သူတွေက တိုင်းပြည်နဲ့ လူမျိုးအပေါ် စာနာထောက်ထားမှုမရှိဘဲ ဘယ်လိုပင်အကြမ်းဖက်လုပ်ရပ်တွေနဲ့ အဖျက်လုပ်ရပ်တွေ ဆက်လက်လုပ်ကိုင်နေကြပေမယ့် ရွှေဟင်္သာဆရာတော်ကြီး မိန့်မှာညွှန်ပြခဲ့တဲ့ “အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှု နှင်လော့” ဆိုတဲ့အတိုင်း ဘယ်သူတွေ ဘယ်လိုပင် နှောင့်ယှက်ဖျက်ဆီးနေကြပါစေ၊ မည်သို့ပင်ပြောဆိုနေကြပါစေ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ဟာ ပြည်သူနဲ့အတူလက်တွဲပြီး အများအကျိုးကို စိတ်ကောင်းနဲ့ယှဉ်ကာ ဆက်လက်သယ်ပိုး ထမ်းဆောင်လျက်ရှိပါကြောင်း။ ။