Skip to main content

သဘာဝဘေးဒဏ်ခံကာလအတွင်း ကျွဲ၊ နွား၊ သိုးနှင့် ဆိတ်များကို အာဟာရ ဘယ်လိုဖြည့်တင်းပေးသင့်လဲ

တက္ကသိုလ်မောင်ပျံ့မွှေး

မိုးခေါင်ရေရှားခြင်း၊ တောမီးလောင်ခြင်းနှင့်ရေကြီးခြင်း စသည့်သဘာဝဘေးဒဏ်များ၏ အကျိုးဆက်ကို လူသားတို့နှင့်အတူ တိရစ္ဆာန်များပါ ခံစားကြရပါသည်။ လူသားများအတွက် ထိုဘေးဒဏ်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အုံနှင့်ကျင်းနှင့် အထူးလုပ်ဆောင်ကြသော်လည်း တိရစ္ဆာန်များအတွက်မူကား အမေ့လျော့ခံ သို့မဟုတ် အနည်းငယ်သောအဖွဲ့အစည်း လူပုဂ္ဂိုလ်တို့၏ အကူအညီသာရရှိကြပြီး သဘာဝဘေး၏ နောက်ဆက်တွဲ ဒဏ်ကို ထုနှင့်ထည်နှင့် နင့်သီး ဆိုးရွားစွာ ခံစား ရလေ့ရှိပါသည်။ အထူးသဖြင့် စားမြုံ့ပြန်သတ္တဝါများဖြစ်သော ကျွဲ၊ နွား၊ သိုးနှင့် ဆိတ်များသည် အစာအာဟာရပြတ်လပ်ခြင်းဒဏ် ခံစားကြရပါသည်။ ထို့ကြောင့် ၎င်းတို့၏ အစာလိုအပ်ချက် အခြေခံသဘောတရားများအပေါ် မူတည်ပြီးသဘာဝဘေးဒဏ်ခံကာလအတွင်း အာဟာရ ဖြည့်တင်းပေးရန် လိုအပ်ပါသည်။

သဘာဝဘေးဒဏ်များ ဖြစ်ပွားပြီးနောက် စားမြုံ့ပြန်သတ္တဝါများ အသက်ရှင်ရပ်တည်နိုင်ရေးသည် အခြေခံအာဟာရ လိုအပ်ချက်ဖြည့်တင်းပေးနိုင်မှုအပေါ် မူတည်နေပါသည်။ ထို့အတွက် အခြေခံအာဟာရလိုအပ်ချက်များ၊ အရေးပေါ်ကာလအတွင်း ကျွေးသင့်သည့် သို့မဟုတ် မကျွေးသင့်သည့်အစာ အမျိုးအစားနှင့် ကျွေးမွေးပုံနည်းစနစ်သည် အခရာကျလာပါသည်။ ရေကြီးရေလျှံချိန်များတွင် တိရစ္ဆာန်များမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်နေတတ်ရာ အစာကြောင့် ဘေးထပ်မဖြစ်စေရေး အထူးဂရုပြုကျွေးမွေးရမည်ဖြစ်သည်။

စားမြုံ့ပြန်သတ္တဝါများ အစာအိမ်တွင် အခန်းလေးခန်း ပါဝင်ဖွဲ့စည်းထား

စားမြုံ့ပြန်သတ္တဝါအစာကို ယေဘုယျအားဖြင့် မြက်၊ ကောက်ရိုးကဲ့သို့ အမျှင်ကြမ်းများကို အစာကြမ်းအဖြစ်လည်းကောင်း၊ ဖွဲ၊ ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ်တို့ကို အစာနုဟူ၍လည်းကောင်း ခွဲခြား သတ်မှတ်ထားသည်။ ဆန်ကွဲနှင့် ပြောင်းကဲ့သို့သော အစာနုများသည် စွမ်းအင်ဓာတ်ပိုကဲပါဝင်သော ကြောင့် စွမ်းအင်အစာနုအဖြစ် လည်းကောင်း၊ ပဲဖတ်၊ နှမ်းဖတ်ကဲ့သို့သော အစာနုများသည် အသားဓာတ်ပိုကဲပါဝင်သဖြင့် အသားဓာတ်အစာနုအဖြစ်လည်းကောင်း ထပ်မံခွဲခြားထားပါသည်။ စားမြုံ့ပြန်သတ္တဝါများသည် အစာအိမ်တွင် အခန်းလေးခန်းပါဝင်ဖွဲ့စည်းထားပြီး ပထမအစာအိမ်ခန်းအတွင်း၌ သန်းပေါင်းများစွာသော အဏုဇီဝပိုးများကို သိုမှီးပေးထားသည်။ ၎င်းတို့က အစာချေဖျကပေးခြင်း၊ အသားမစားသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်များအတွက် အသားဓာတ်ထုတ်လုပ်ပေးခြင်း၊ သက်စောင့်ဗီတာမင်ဓာတ်များ ထုတ်လုပ်ပေးခြင်းနှင့် မလိုလားအပ်သော အဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ကြသည်။

စားမြုံ့ပြန်သတ္တဝါတစ်ကောင် တစ်ရက်လျှင် အနည်းဆုံးစားသုံးရမည့် အစာကြမ်းပမာဏသည် ၎င်းတို့၏ ခန္ဓာကိုယ်အလေးချိန်၏ ၁-၂.၅ ရာခိုင်နှုန်းဖြစ်သည်။ ဥပမာ ကိုယ်အလေးချိန် ၃၀ ပိဿာရှိသော တိရစ္ဆာန်တစ်ကောင်သည် တစ်နေ့လျှင် အစာကြမ်းအနည်းဆုံး ၃၀-၆၅ ကျပ်သား စားသုံးရမည်ဖြစ်သည်။ ဤတွင် ရေဓာတ်မပါသောအစာကို ဆိုလိုရင်းဖြစ်သည်။ သဘာဝဘေးကာလ အတွင်း ကျွဲ၊ နွား၊ သိုးနှင့်ဆိတ်များကို ကျွေးသင့်သည့် အကောင်းဆုံးအစာကြမ်းမှာ မြက် သို့မဟုတ် မြက်ခြောက်ဖြစ်ပါသည်။ ထို့ပြင် အခြောက်လှန်းထားသောပဲမျိုးနွယ်ပင် (မြေပဲပင်ခြောက်များ၊ ပဲရိုး ပဲမှော်များ၊ ဘောစကိုင်းစသည်)များလည်း ကျွေးနိုင်ပါသည်။ အယ်လ်ဖာဖာကဲ့သို့ စွမ်းအင်ဓာတ် များသော ပဲမျိုးနွယ်အပင်များကို ကျွေးရာတွင် များစွာမကျွေးမိဖို့ သတိထားရပါမည်။

ကောက်ရိုး၊ ပြောင်းရိုးများသည် အရည်အသွေးညံ့သော အစာကြမ်းများဖြစ်

အစာကြမ်းတွင် အသားဓာတ်အနည်းဆုံး ရှစ်ရာခိုင်နှုန်းပါဝင်ပြီး အာဟာရချေဖျက်နိုင်မှု ၅၀ ရာခိုင်နှုန်းရှိလျှင် အရည်အသွေးကောင်းသည်ဟု မှတ်ယူနိုင်ပါသည်။ ကောက်ရိုး၊ ပြောင်းရိုးများတွင် အသားဓာတ် ငါးရာခိုင်နှုန်းဝန်းကျင်သာ ပါဝင်ပြီးအစာချေဖျက်မှုလည်းနည်းသဖြင့် ၎င်းတို့သည် အရည်အသွေးညံ့သော အစာကြမ်းများဖြစ်ပါသည်။ ထိုသို့သော အစာကြမ်းများကျွေးရမည်ဆိုလျှင် အသားဓာတ် ၂၀-၃၀ ရာခိုင်နှုန်းပါဝင်သော အစာနု သို့မဟုတ် ဖြည့်စွက်စာ ၂၀ ကျပ်သားဝန်းကျင် ထည့်သွင်းကျွေးသင့်ပါသည်။ သို့မှသာ စားမြုံ့ပြန် သတ္တဝါများ၏ ပထမအစာအိမ်အတွင်းရှိ အဏုဇီဝပိုးများအတွက် နိုက်ထရိုဂျင်ရရှိကာ ၎င်းတို့ ပိုမိုရှင်သန်ကြီးထွားလာပြီး တိရစ္ဆာန်များက အစာ ပိုစားလာကာ အစာချေဖျက်မှုလည်း ကောင်းလာစေပါသည်။ အာဟာရလည်း ပိုဖြစ်စေပါသည်။

နိုက်ထရိုဂျင် ပါဝင်မှုနည်းပြီး အစာချေဖျက်ရန်ခက်ခဲသည့် ကောက်ရိုး၊ ပြောင်းရိုးနှင့် ဂျုံရိုးကဲ့သို့ သော စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများအသုံးပြု၍ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည်ဆိုလျှင် ထုတ်လုပ် မှုကောင်းမည်မဟုတ်ပေ။ ထိုသို့သော အရည်အသွေးညံ့စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုမည်ဆိုလျှင် ဖြည့်စွက်စာများဖြင့် ရောနှောကျွေးရသည်။ ဥပမာ နွားများကို ကောက်ရိုးနှင့်အတူ တစ်ရက်လျှင် ပုလဲဓာတ်မြေဩဇာ ၁၀ ကျပ်သား ဖြည့်စွက်ကျွေးမည်ဆိုလျှင် ကောက်ရိုးများ အစာကြေလွယ်သွားစေပြီး စွမ်းအင်ထုတ်ယူနိုင်မှု ပိုကောင်းလာစေပါသည်။

ယူရီးယားသကာခဲက စားမြုံ့ပြန်သတ္တဝါ၏ အဏုဇီဝပိုးများကို ပိုမိုရှင်သန်လာစေ

နွား၏ ပထမအစာအိမ်အတွင်း ဂေဟဗေဒစနစ် ကောင်းမွန်လာမှုကြောင့် ဖြစ်ပါသည်။ ထိုသို့ အစာအိမ်အတွင်းရှိ ဂေဟစနစ်ကို ပြောင်းလဲပေးခြင်းဖြင့် အရည်အသွေးညံ့သော အစာကြမ်းများ စားစေကာမူ နွားကအာဟာရပိုမိုရရှိနေလေ့ရှိပါသည်။ ယူရီးယားသကာခဲ (အာဟာရတုံး)တွင် စားမြုံ့ပြန်သတ္တဝါများ ကောင်းစွာအသုံးချနိုင်သည့် အာဟာရဖြစ်သည့် ယူရီးယား၊ သကာရည်၊ ပဲဖတ်၊ ဖွဲ၊ သတ္တုဓာတ်များ ဖြည့်စွက်ထုတ်လုပ်ထားလေ့ရှိသဖြင့် ရေကြီးရေလျှံချိန်များတွင် ကျွေးမွေးရန် အထူးသင့်လျော်ပါသည်။ ယူရီးယားသကာခဲက စားမြုံ့ပြန်သတ္တဝါ၏ အစာအိမ်အတွင်းရှိ အဏုဇီဝ ပိုးများကိုပိုမိုရှင်သန်လာစေပြီး ကောင်းမွန်သည့် ဂေဟစနစ်တစ်ခုအဖြစ် ပြောင်းလဲပေးသဖြင့် စားသမျှအစာများမှ စွမ်းအင်နှင့် အဏုဇီဝအသား ဓာတ်ထုတ်ယူနိုင်စွမ်း ပိုကောင်းလာစေပါသည်။

နွားငယ်လေးများသည် များသောအားဖြင့် အရည်အသွေးကောင်းသော အစာကိုသာရွေးချယ် စားသုံးလေ့ရှိပြီး ထိုအစာများရရှိမှသာ ရှင်သန်နိုင် ကြသည်။ သဘာဝဘေးကြုံတွေ့ရစဉ်ကာလများတွင် နွားငယ်လေးများ ကြိုက်နှစ်သက်သော အစာများမရရှိသဖြင့်ပိုပြီး ထိခိုက်လွယ်ကြသည်။ ထို့ကြောင့် တစ်ရက်လျှင် အစာနု ၂၀-၅၀ ကျပ်သား ထည့်သွင်းဖြည့်စွက်ကျွေးမည်ဆိုလျှင် ကောင်းမွန်သောရလဒ်ကို ရရှိနိုင်ပါသည်။

တိရစ္ဆာန်အမျိုးအစားကိုလိုက်၍ အစာကြမ်း၊ အစာနုပါဝင်မှုကို ၇၀+၃၀၊ ၅၀+၅၀ စသည့် ကျွေးမွေး လေ့ရှိသော်လည်းသာမန်အားဖြင့် အစာကြမ်း ၆၀ ရာခိုင်နှုန်းနှင့် အစာနု ပမာဏ ၄၀ ရာခိုင်နှုန်း ရောနှောကျွေးမွေးခြင်းသည် ကောင်းမွန်၏။ ရေဘေးသင့်ဒေသများတွင် တိရစ္ဆာန်အစာပင်များ ရွှံ့ညွန်များဖုံးလွှမ်းကာ ပျက်စီးသွားလေ့ရှိသည်။ ထိုသို့ သဘာဝဘေးဒဏ်ခံနေရစဉ်ကာလအတွင်း အစာကြမ်းမရရှိနိုင်သဖြင့်အစာနုကို အဓိကအစာအဖြစ် ကျွေးမွေးခြင်းကို လုံးဝရှောင်ရှားရမည်ဖြစ် သည်။ ထိုသို့ကျွေးခြင်းကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများ ဖြစ်ပေါ်တတ်ပါသည်။

သဘာဝဘေးဒဏ်ခံရသောဒေသသို့ အစာကြမ်းများ သယ်ယူပို့ဆောင်ရန် ခက်ခဲနေစဉ်ကာလအတွင်း အစာနုကို အနည်းငယ်ကျွေးခြင်းဖြင့် အသက်ဆက်နိုင်ခြေရှိပါသည်။ ထို့ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာနည်းစေသည့် အစာနုများကို ရွေးချယ်ကျွေးရန် လိုမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း တိရစ္ဆာန်၏သဘာဝကို နားလည်ရန် လိုသည်။ အချို့သောတိရစ္ဆာန်သည် အစာနုကို စားလေ့စားထမရှိသဖြင့် မစားကြပေ။ အချို့သည်လွန်စွာကြိုက်နှစ်သက်သဖြင့် များစွာစားလေ့ရှိပါသည်။ ထိုသို့အစာနုများစွာစားမိလျှင် အစာအိမ်အက်စစ်ဓာတ်လွန်ကဲသွားခြင်း၊ အစာမကြေခြင်း၊ အစာအိမ်လေဖောင်းခြင်း၊ ထိုမှတစ်ဆင့် အသက်ရှူ ကျပ်ခြင်းနှင့် နောက်ဆုံး သေဆုံးနိုင်ပါသည်။

သဘာဝဘေးဒဏ်ခံနေရသောကာလ အစာကြမ်းပြတ်လပ်စဉ်တွင် စားမြုံ့ပြန်သတ္တဝါများကို မကျွေးသင့်သော အစာနုများမှာ ပြောင်း၊ ဖွဲနုနှင့်ကစော်ဖတ်၊ ဘီယာကြိတ်ဖတ်များ ဖြစ်ပါသည်။ သဘာဝဘေး အရေးပေါ်ကာလတွင် ဦးစားပေး ရွေးချယ်ကျွေးသင့်သည့်အစာများမှာ ဝါစေ့၊ ဝါစေ့ ကြိတ်ဖတ်၊ ကုလားပဲခွံ၊ ပဲကြီးခွံ၊ သကြားမုန်လာ၊ ဂျုံမှော်နှင့် မုယောမှော်တို့ ဖြစ်ပါသည်။

စားမြုံ့ပြန်သတ္တဝါများ၏ ပထမအစာအိမ် အတွင်း၌ အမျှင်ဓာတ်ကို ချေဖျက်သည့် ဗက်တီးရီးယားများသည် ၎င်းတို့ရှိသင့်ရှိထိုက်သည့် အရေအတွက်၊ ဦးရေရှိမှသာ အစာချေဖျက်နိုင်ကြ သည်။ ထိုသို့ လိုအပ်သောအရေအတွက်၊ ဦးရေရရှိရန်အတွက် တစ်လမှ တစ်လခွဲကာလအထိ ပြုစုမွေးမြူ ပွားများရလေ့ရှိသည်။ ဆန်ကွဲ၊ ပြောင်းစသော ကစီဓာတ်ကို ချေဖျက်သည့် ဗက်တီးရီးယားများ အတွက်မူကား လေး၊ ငါးရက်အတွင်း သတ်မှတ် လိုအပ်သည့်ဦးရေ ရရှိနိုင်ကြသည်။ လက်တစ် အက်စစ် ထုတ်လုပ်သည့် ဗက်တီးရီးယားများအတွက် မူကားအချိန် ၄-၆ နာရီဝန်းကျင်အတွင်းများစွာ ပွားများနိုင်ကြသည်။

ထို့ကြောင့် စားမြုံ့ပြန်သတ္တဝါအစာကျွေးမွေးရာတွင် အစာကိုတစ်သမတ်တည်းကျွေးရန် အထူးလိုအပ်သည်။ မကြာခဏ အစာပြောင်းလဲကျွေးခြင်း လုံးဝမပြုလုပ်ရပါ။ အစာရှားပါးခြင်းကြောင့် အဆိပ်အတောက်ဖြစ်စေသော အပင်များကျွေးခြင်းကိုလည်း လုံးဝမပြုလုပ်ရပါ။ ထို့ပြင် ဓာတုပစ္စည်းများ သို့မဟုတ် ပိုးသတ်ဆေးများနှင့် ထိတွေ့ထားသော အစားအစာ များကိုလည်း လုံးဝကျွေးမွေးရန် မသင့်ပါ။

ရေလွှမ်းမိုးမှုကြောင့် သိုလှောင်ထားသော တိရစ္ဆာန်အစာများ မှိုတက်သွားတတ်ပါသည်။ မှိုတက်နေသောအစာများသည် အာဟာရတန်ဖိုးမရှိ တော့သည့်အပြင် စားမိသောတိရစ္ဆာန်သာမက ထိုတိရစ္ဆာန်၏ အသားနှင့်နို့ကို သောက်သုံးမိသော လူများပါ အဆိပ်အတောက်ဖြစ်စေသည်။ အကယ်၍ ရေဘေးသင့်ဒေသတွင် ထိုသို့မှိုတက်နေသောအစာသာ အဓိကအစာဖြစ်နေမည်ဆိုလျှင် သာမန်အရွယ် ရောက်ပြီး တိရစ္ဆာန်များကိုသာ ကျွေးသင့်ပါသည်။ ကိုယ်ဝန်ရှိသောတိရစ္ဆာန်များ၊ နို့ပေးနေသော တိရစ္ဆာန်များနှင့် တိရစ္ဆာန်ငယ်လေးများကို လုံးဝမကျွေးသင့်ပါ။ မှိုတက်နေသောအစာများကို ကျွေးရမည်ဆိုလျှင်လည်း စားမိသောမှိုပမာဏနည်းသွားစေရန် လတ်ဆတ်သော အရည်အသွေးကောင်း အစာနှင့် ရောနှောကျွေးရမည်။ ဖြစ်နိုင်လျှင် မှိုစုပ်ဆေးများ ထည့်သွင်းကျွေးနိုင်ပါသည်။

သိုလှောင်ထားသောအစာများ ရေစိုသွားမည်ဆိုလျှင် မှိုတက်တတ်သည်။ ထိုသို့မှိုမတက်မီ ပြန်လည်ခြောက်သွေ့စေရန် အခြောက်လှန်းခြင်း၊ အချဉ်သိပ်ခြင်းပြုလုပ်နိုင်ပါသည်။ မြက်ခြောက်များကို ချဉ်ဖတ်လုပ်ခြင်းသည် လွယ်ကူသောအလုပ် မဟုတ်သော်လည်း သဘာဝဘေးကာလများတွင် အစာပြတ်လပ်မှုမရှိစေရေးနှင့် သန့်ရှင်းသော ဘေးကင်းသည့်အစာများရရှိရေးသည် ပိုအရေးကြီးသဖြင့် ကြိုးစားလုပ်ဆောင်သင့်ပါသည်။

သဘာဝဘေးဒဏ်ခံနေရသော ကာလများအတွင်း စားမြုံ့ပြန်သတ္တဝါများ အစာအာဟာရ ပြတ်လပ်မှုမရှိစေရေးအတွက် ရွေးချယ်ရမည့်အစာ အမျိုးအစား၊ အစာကျွေးပုံကျွေးနည်း၊ ဖြည့်စွက်စာ ကျွေးသင့်ပုံနှင့် အစာရရှိရေးလုပ်ဆောင်နိုင်ပုံများကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သည်။ စားမြုံ့ပြန်သတ္တဝါများသည် အစာအိမ်အတွင်း အဏုဇီဝပိုးများရှိနေခြင်းကြောင့် လူသားတို့ မစားသုံးနိုင်သော မြက်၊ ကောက်ရိုး အစာကြမ်းများကို အဓိကစားသုံးနိုင်ပြီး လူသားတို့ နှစ်သက်စွာ စားသုံးသော အသားနှင့်နို့ကဲ့သို့သော အရည်အသွေးမြင့် အသားဓာတ်ကို ထုတ်လုပ်ပေးနေသည့် စံပြုထိုက်သည့်သတ္တဝါများ (Unique animals) ဖြစ်သည်။ ထို့ကြောင့် သဘာဝဘေးဒဏ်ခံရသော စားမြုံ့ပြန်သတ္တဝါများကို ကယ်တင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ပေးရန်မှာ ထိုက်တန်သော လုပ်ငန်း၊ လုပ်သင့်သည့် လုပ်ရပ်တစ်ခုလည်း ဖြစ်ပါသည်။ ။