Skip to main content

အရာရာဖြူစင်သောစိတ် စေတနာစိတ်ထားဖြင့်သာ အင်အားအမှန်ဖြစ်ပါစေ

စွမ်းပြည့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်က နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးငှာ ဒီမိုကရေစီစနစ်ဆီ လျှောက်လှမ်းနေသည်။ ပြည်သူကလည်း ဒီမိုကရေစီကို လိုချင်သည်။ ဒီမိုကရေစီလိုချင်လျှင် ဒီမိုကရေစီကျင့်စဉ်အတိုင်း ကျင့်သုံးလေမှ စစ်မှန်သောဒီမိုကရေစီရမည်ဖြစ်၍ ဒီမိုကရေစီနည်းလမ်းတစ်ခုဖြစ်သောရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ရမည်၊ ရွေးကောက်ပွဲမလုပ်ဘဲနှင့် ဒီမိုကရေစီကိုတည်ဆောက်၍မရဆိုသည်မှာ အခြေခံသိရမည့်အချက်ဖြစ်သည်။

ဒီမိုကရေစီကျင့်စဉ်များအနက် တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နည်းလမ်းသည် စစ်မှန်သော ဒီမိုကရက်တို့ ကျင့်သုံးအပ်သော နိုင်ငံရေးယဉ်ကျေးမှုတစ်ခုဖြစ်၍ အားလုံးအတွက် ဖြစ်နိုင်မည့် နည်းလမ်းမှန်သမျှကို လမ်းဖွင့်ပေးထားသည်ကို တွေ့ရသည်။ ဖွင့်ထားသော လမ်းကောင်း၊ လမ်းကြောင်းမှန်မှာသာ အတူလက်တွဲ ပါဝင်လျှောက်ကြစေချင်သည်။ ယခုနောက်ဆုံး ၂၆ -၉ -၂၀၂၄ ရက်နေ့က ကမ်းလှမ်းခဲ့သော နစက၏ ဖိတ်ခေါ်ချက်ကလည်း ထို့အတူပင်။ အားလုံးပါဝင်နိုင်မည့် ဖြစ်သင့်ဖြစ်ထိုက်သော ငြိမ်းချမ်းရေးလမ်းကြောင်းတစ်ခုဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါသည်။

နိုင်ငံရေးနည်းလမ်းဆိုသည်မှာ

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနှင့် ရွေးကောက်ပွဲပြုလုပ်ခြင်းသည် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာခြင်းပင်ဖြစ်သည်။ နိုင်ငံရေးနည်းလမ်းဖြင့် ပြည်သူ့အစိုးရတစ်ရပ်ပေါ်ထွက်လာရေးကို အလေးထားရည်ရွယ်သည်။ ပြည်သူလိုချင်သော ပြည်သူ့အစိုးရဟူသည် ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ဒီမိုကရေစီနည်းလမ်းကျ လွတ်လပ်သော ရွေးကောက်ပွဲများမှတစ်ဆင့်သာ ဖြစ်လာနိုင်သည်။

ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတို့ဟူသည် တည်ငြိမ်မှုရှိသော၊ လုံခြုံမှုရှိသောဝန်းကျင်၌ လွတ်လပ်စွာ မဲပေးရွေးချယ်နိုင်ခွင့်ရှိမှသာ အဓိပ္ပာယ်ရှိပါမည်။ ဖိတ်ခေါ်ချက်က ဝေးနေတာတွေကို နီးစေမည်ဖြစ်သလို မတူတာတွေကို တူအောင်ညှိနှိုင်းပေးနိုင်ပြီး ရွေးကောက်ပွဲ လမ်းကြောင်းကို ပို၍ချောမွေ့စေမည်ဟု ယုံကြည်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းနိုင်မည်ဟု စွဲမြဲစွာယုံကြည်သည့်အလျောက် ရွေးကောက်ပွဲကိုလုပ်ပေးမည်၊ အနိုင်ရပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်များလွှဲပြောင်းပေးမည့် ကတိကဝတ်သည် အကြိမ်ကြိမ် တည်ပြီးလည်းဖြစ်ပါသည်။ ရွေးကောက်ပွဲလုပ်ပေးဖို့ တည်ငြိမ်ရေး အစွမ်းကုန်ကြိုးစားပေးလျက်ရှိသည်မှာလည်း အထင်အရှားပင်ဖြစ်သည်။

နိုင်ငံရေးယဉ်ကျေးမှုဟူသည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်းဖိတ်ခေါ်ချက်ကို ယခုလိုကာလမျိုး မမျှော်လင့်ထားသော အခြေအနေမှာ ကြားလိုက်ရသည့်အခါအားလုံးက အံ့အားသင့်ကြသည်။ မမျှော်လင့်ထားသော အခြေအနေဆိုသည်မှာ ပြည်သူတွေ လုံးဝထင်မထားသော၊ အချို့လက်မခံနိုင်သော အကြမ်းဖက်တို့၏ အထွတ်အခေါင် အကြမ်းဖက်အုပ်စုများကိုပင် ကမ်းလှမ်းခဲ့၍ ဖြစ်သည်။ သို့သော် တစ်ဖက်ကပြန်ကြည့်လျှင် အကြောင်းမဲ့ဖိတ်ခေါ်ခြင်းတော့ မဟုတ်တန်ရာ။ နိုင်ငံတော်ဘက်က၊ ခေါင်းဆောင်များဘက်က ကြည့်လျှင်တစ်ဦး တစ်ယောက်၊ တစ်စုတစ်ဖွဲ့ထက် နိုင်ငံတော်ကြီး တစ်ခုလုံး အားလုံးအားလုံးအပေါ် အတိတ်ကို သင်ခန်းစာယူ၊ လက်ရှိပစ္စုပ္ပန်အခြေအနေအရပ်ရပ်ကို လွှမ်းခြုံသုံးသပ်ဆင်ခြင်ကာ အနာဂတ်ကို အမြင်ကျယ်ကျယ်ဖြင့် အဓိကထား ရှုမြင်ပြီး ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

တစ်ကြိမ်တစ်ခါမျှ ငြိမ်းချမ်းရေးအတွေးမရှိခဲ့သူများကို ငြိမ်းချမ်းရေးစကားပြောခွင့်ပြုခြင်း၊ လိုလားချက်များကို နားထောင်ပေးခြင်းသည် နိုင်ငံရေးယဉ်ကျေးမှုတစ်ခုကို ထူထောင်ရာလည်း ရောက်ပါသည်။ ဒီမိုကရေစီအခွင့်အလမ်းကို မျှဝေရာလည်း ရောက်ပါသည်။ အလွန့်အလွန် မတူကွဲပြားခြားနားမှုများအကြားမှာ ယုံကြည်မှုတစ်ခုရအောင် တည်ဆောက်ရခြင်းသည် အလွန်ပင် ခက်ခဲလှသည်ဖြစ်၍ အတတ်နိုင်ဆုံးနားလည်မှုပေးခြင်း၊ သဘောထားကြီးခြင်း၊ အလျှော့ပေးသည်းခံခြင်း တရားများဖြင့် အရေးကြီးဆုံးသော မြန်မာ့ဒီမိုကရေစီကျင့်စဉ် တစ်ရပ်ကို ကြိုးစားတည်ဆောက်ပြနေခြင်းလည်း မည်ပါသည်။ အများအတွက် ကောင်းမည်၊ နိုင်ငံနှင့် ပြည်သူအတွက် ကောင်းမည်ဆိုလျှင် ပြောင်းလွယ် ပြင်လွယ်ရှိမည်၊ ဖြေလျှော့ပေးမည် ဟူသော စိတ်ကောင်းစေတနာကောင်းများ လွှမ်းခြုံနေသည်ဟု ယူဆပါသည်။

လူအချင်းချင်း တန်ဖိုးထား၍ ငါတို့နိုင်ငံသားချင်းတွေပဲ၊ ငါတို့ပြည်သူတွေပဲဆိုသည့် ယုံကြည်ချက် ထားပြီး တန်ဖိုးရှိ လူ့အရင်းအမြစ်ကို မပြုန်းတီးစေမည့် ခံယူချက်မျိုးဖြင့် ကမ်းလင့်ခြင်းလည်းဖြစ်သည်။ လူသတ်အကြမ်းဖက်သမားနှင့် တစ်စားပွဲတည်းထိုင်ပြီး ဆွေးနွေးသောနိုင်ငံဟူ၍ ကမ္ဘာမှာ ဘယ်နိုင်ငံမှမရှိပါ။ သို့သော်ယခုအချိန်မှာ တည်ငြိမ်ရေးကို လိုလားပြင်းပြနေကြသော ပြည်သူများ၊ ငြိမ်းချမ်းရေးကို လိုချင်နေသော တိုင်းရင်းသားများ၊ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေလိုသော နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ပြည်တွင်းက လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို စာနာထောက်ထားပြီး သဘာဝဘေးအန္တရာယ်များကြောင့် တိုင်းပြည်ကို အရေးတကြီး ပြန်လည်တည်ဆောက်ရမည့် အခြေအနေ၊ နိုင်ငံတကာအရေး တွေကြောင့် တိုင်းပြည်မှာ စည်းလုံးညီညွတ်မှရမည့် အခြေအနေအားလုံးကို သုံးသပ်ဆင်ခြင်ပြီးမှ မေတ္တာရပ်ခံ ဖိတ်ခေါ်နေခြင်းဖြစ်ပါသည်။

ပညာရှင်ဆန်ဆန် စဉ်းစားစေလို

တစ်နည်းအားဖြင့် နိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် မငြိမ်းချမ်းခဲ့သည့် မညီညွတ်မှုလက်နက်ကိုင် လမ်းစဉ်နှင့် အကြမ်းဖက် အဖျက်လမ်းစဉ်များ၏ ဆိုးကျိုး၊ အဆိုးကျော့ သံသရာကို ဖြတ်တောက်ရာမှာ ဤဖိတ်ခေါ်ချက်သည် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်ဟု ဆိုချင်ပါသည်။ အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သည့် ငြိမ်းချမ်းရေး၊ အကြိမ်ကြိမ်မဖြစ်ခဲ့သည့် ငြိမ်းချမ်းရေး ဒီတစ်ကြိမ်မှာတော့ ဖြစ်စေချင်သည်။ ယခုလို ရက်ရက်ရောရော အစွမ်းကုန်လိုက်လျောခြင်း၏ အကြောင်းတစ်ခုက ရေတိုမဟုတ်၊ ရေရှည်တည်မည့် ထာဝရငြိမ်းချမ်းရေးကို ဦးတည်၍လည်း ဖြစ်ပါသည်။ ပေါ့ပေါ့တန်တန် မတွေးစေလိုပါ၊ ပညာဉာဏ် ဖြင့်စဉ်းစားပြီး ကမ်းသောလက်ကို မပုတ်ချစေလိုပါ။

ယခုဖိတ်ခေါ်ချက်ကို အဓိပ္ပာယ်ကောက်လွဲ မလွဲစေလိုပါ။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်သည်။ နိုင်ငံတစ်ဝန်း ပြည်သူနှင့်တိုင်းရင်းသားတစ်ရပ်လုံးကို ကိုယ်စားပြုသည့် ကမ်းလှမ်းချက်အပေါ် မိမိတို့ဘက်ကလည်း မိမိတို့ဒေသက တိုင်းရင်းသားအကျိုးအတွက်လောက်တော့ ပညာရှိဆန်ဆန် အမြော်အမြင်ရှိရှိ စဉ်းစားစေလိုသည်။ လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်၍ ဥပဒေအတိုင်းသွားနေသည်ကို မြင်အောင်ကြည့်စေလိုသည်။

တပ်မတော်ဘက်က ယခုတစ်ကြိမ်သာ ငြိမ်းချမ်းရေးစကား ပြောသည်မဟုတ်။ ဒီစကားကိုပဲ အကြိမ်ကြိမ် ပြောနေခဲ့ခြင်းဖြစ်သည်။ ဤအရာသည် တပ်မတော်အတွက် ထွက်ပေါက်တစ်ခုလည်း မဟုတ်ပါ၊ အယူလွဲပါက အမှားကြီးမှားသွားနိုင်သည်ကို သတိပြုစေလိုသည်။ မိမိ၊ မိမိမိသားစု၊ မိမိအဖွဲ့ တစ်ဖွဲ့တစ်စုအတ္တချည်းလည်း မကြည့်ပါနှင့်၊ ရွေးကောက်ပွဲကို မြင်ချင်ကြသည့်၊ တည်ငြိမ် အေးချမ်းချင်သည့် တိုင်းရင်းသားအပေါင်းကို မျက်ကွယ်ပြု နားလည်မပေးနိုင်က ငြိမ်းချမ်းရေးလက်ကို ငြင်းပယ်ရက်သည့် သမိုင်းတရားခံအဖြစ် ရောက်ရှိသွားနိုင်သည်ကို ဆင်ခြင်စဉ်းစားစေလိုပါသည်။

ခွဲခြားနိုင်စွမ်း၊ သိမြင်နားလည်စွမ်းရှိကြမည်ထင်

နောက်ထပ် မေတ္တာရပ်ခံလိုသည့်အချက်က နိုင်ငံရေးပါတီများသို့ ဖြစ်သည်။ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးမှာ ရွေးကောက်ပွဲဝင်မည့် ပါတီများအတွက် ဖြစ်ပါသည်။ နိုင်ငံအတွက်၊ ပြည်သူအတွက် ပြည်သူတို့၏ ဆင်းရဲဒုက္ခများကို ဖြေရှင်းပေးနိုင်မည့် မိမိတို့သွားမည့်လမ်းကြောင်းမှာ အဟန့်အတားပေးနေသူက ဘယ်သူ၊ ရွေးကောက်ပွဲ လိုလားသူက ဘယ်သူ၊ မလိုလားသူက ဘယ်သူ ခွဲခြားနိုင်စွမ်းရှိလောက်မည် ထင်ပါသည်။ အဓိကအဟန့်အတားက အကြမ်းဖက်သူနှင့် အကြမ်းဖက် လုပ်ရပ်များသာဖြစ်သည်ကို မြင်သိနားလည်စေလိုသည်။ ထို့ကြောင့် ပါတီများ ခိုင်မာတောင့်တင်းရေး နိုင်ငံတော်ဘက်မှ လိုအပ်သလို ဥပဒေများကို ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိသည်။ အဓိကအချက်က ပါတီများကိုယ်စားလှယ်များဘက်က စေတနာအပြည့်အဝ ခံယူချက်မှန်စွာဖြင့် တာဝန်ယူ၊ တာဝန်ခံနိုင်ကြရန်သာဖြစ်သည်။

ဆိုလိုသည်မှာ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီပေါင်း ၅၀ အနက် အကြမ်းဖက်သမား များ၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံ၊ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထား မှတ်ချက်မပေးခဲ့သည့် ပါတီများယခုနှစ်အတွင်းရှိခဲ့ သည်ဆိုသော အချက်ဖြစ်သည်။ ပြုလုပ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များမှာ လူသားမဆန် ဆိုးရွားရက်စက်သော လုပ်ရပ်များဖြစ်ကြောင်း သိနိုင်လောက်ပါသည်။

ပြည်တွင်းရှိ တည်ဆဲဥပဒေအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း သိလောက်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတို့ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်းလည်း သိသင့်သည်။ သူတို့တွေ ကြောင့် အပြစ်မဲ့ပြည်သူတွေ သေကျေကြရ၊ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံး၊ စားဝတ်နေရေးများ ကျပ်တည်းနေရသည်၊ ပညာသင်ချိန် ပညာမသင်နိုင်ဘဲ နေရပ်မှစွန့်ခွာ လူ့ဘဝတွေ ပျက်သုဉ်းနေရ သည်ကို မြင်နိုင်လောက်မည်ထင်ပါသည်။ အမှားအမှန်၊ အကောင်းအဆိုး တရားမှု၊ မတရားမှုလောက်တော့ ခွဲခြားတတ်ပြီး ပြည်သူ၏ အခက်အခဲကို တတ်နိုင်သည့်ဘက်မှ ဖြေရှင်းပေးမည်၊ အမှားကို ထောက်ပြ၊ အမှန်ကို သတ္တိရှိရှိ ချပြရဲမည်ထင်ခဲ့သည်။

သို့ဆိုလျှင် ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို ဘာကြောင့်မကန့်ကွက် မရှုတ်ချကြသနည်း၊ နားလည်မိတာကမရဲလို့၊ ကြောက်လို့၊ တာဝန်ရှိမှန်းမသိ တာဝန်မယူနိုင်လို့ နှာစေးတာဖြစ်နိုင်သည်၊ သို့မဟုတ် လက်ခံနေပြီးမျက်ကွယ်ပြုတာလည်း ဖြစ်နိုင်သည်ဆိုလျှင် မိမိကိုယ်တိုင်အကြမ်းဖက်အားပေးဖြစ်နေသလား...သုံးသပ်ကြည့်ပါ၊၊

အကြမ်းဖက်တာကို အကြမ်းဖက်ပါလို့ မပြောထွက်နိုင်ခဲ့လျှင်တောင် ယခုလို အကြမ်းဖက်သမားကို ငြိမ်းချမ်းရေးဖိတ်ခေါ်သည့် ပွဲမျိုးကိုတော့ တက်တက်ကြွကြွကြိုဆိုပြီး ငါတို့ညီအစ်ကိုချင်း၊ မောင်နှမသားချင်းဆိုသည့်စိတ်ထား ပြည်ထောင်စုသားချင်းဆိုသော စိတ်ဓာတ်ဖြင့် ပါဝင်ဖိတ်ခေါ်သင့် ကြသည်မဟုတ်ပါလား...။ အများအတွက်၊ ပြည်သူအတွက်၊ နိုင်ငံအတွက် တဖွဖွပြော၊ လက်တွေ့မပါ၊ သီအိုရီသက်သက် စကားပြောကောင်းနေရုံနှင့်မပြီးပါ။ ကိုယ်ကိုယ်တိုင်က အလင်းကို တန်ဖိုးထားပြီး အမှောင်မှအလင်းဖြစ်အောင် ပြုနိုင်စွမ်းကြမည်ထင်ပါသည်။

အချုပ်အားဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို ကမ်းလှမ်းခြင်းခံရသူများဘက်က အလေးအနက်ထား စဉ်းစားရန်သာ ဖြစ်ပါသည်။ ဒီတစ်ကြိမ်သည် မိမိတို့ယခင်ကပြုခဲ့သော အကြမ်းဖက်အပြစ်များကို ပြေပျောက်နိုင်မည့် အခွင့်အရေးကောင်းများဖြစ်မလား... သတိပြုသင့်သည်။ ဆင်းရဲဒုက္ခရောက်နေ ကြရသော ပြည်သူလူထုကြီးအတွက် သူတို့၏သောကများ ပြေပျောက်နိုင်မည့် အခွင့်အရေးများ ပေးနိုင်တော့မည်လား... စဉ်းစားရန်ဖြစ်သည်။

ငါတို့လိုချင်သော ဒီမိုကရေစီ၊ ငါတို့သွားချင်သော ရွေးကောက်ပွဲနှင့် ပါတီနိုင်ငံရေး၊ နိုင်ငံရေး လမ်းကြောင်းပေါ် ရောက်နေပြီဆိုသည်ကို သတိချပ်ရမည်။ အခွင့်အရေးကို ဆုပ်ကိုင်နိုင်စွမ်းရှိရပါမည်။ လက်နက်ကိုင်ပြီး လူမိုက်လုပ်မလား၊ သတ္တိရှိရှိပြည်သူအကျိုးပြုမည့် နိုင်ငံရေးသမားလုပ်မလား၊ စွန့်သင့်တာစွန့်ရမည်၊ လွှတ်သင့်တာလွှတ်ရမည်။

လက်နက်ကိုင်လမ်းစဉ်စွန့်၊ အဖျက်လုပ်ရပ်ကိုပါ အပြီးစွန့်ပြီး ပို၍ပညာဉာဏ်ရှိသူများဖြစ်ကြောင်း ပြည်သူကိုပြသရမည့် အချိန်အခါကောင်းလည်း ဖြစ်နေသည်။ ထို့ကြောင့် ရှည်ကြာလွန်းသော ခရီးရှည်ကြီးအတွက် ပထမခြေလှမ်းလောက်တော့ လှမ်းနိုင်အောင် ကြိုးစားပေးကြပါ၊ အများအတွက်၊ ပြည်သူ့အတွက် အရာရာဖြူစင်သောစိတ် စေတနာစိတ်ထားဖြင့်သာ အင်အားဖြစ်ကြပါစေ၊ ထိုအင်အားဖြင့် မေတ္တာအစစ်ပြနိုင်ကြပါစေဟူ၍သာ မျှော်လင့်မိပါသည်။ ။