Skip to main content

သားစဉ်မြေးမြစ် အကျိုးဖြစ်မည့် သန်းခေါင်စာရင်း

မောင်မုဒိတာ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်လုံးကျွတ်ကောက်ယူနေပြီဖြစ်သည်။ လူဦးရေဆိုင်ရာအကြောင်းအရာများ၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အကြောင်းအရာများကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုမှာ လူတိုင်းကိုတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းမေးမြန်းကောက်ယူသည့်လုပ်ငန်းဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူသည့်လုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏကြီးမားသည့်အပြင် ငွေကုန်ကြေးကျများပြားသည့်အတွက် ကမ္ဘာ့နိုင်ငံအများစုသည် ဆယ်နှစ်လျှင် တစ်ကြိမ်သာ ကောက်ယူကြကြောင်းသိရသည်။ သို့သော် လူဦးရေသန်းခေါင်စာရင်းအား မည်သည့် နိုင်ငံမျှမကောက်ဘဲမနေကြ။ မိမိတို့နိုင်ငံတွင်လည်း သန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ်တွင် သာလွန်မင်းလက်ထက်က စတင်ခဲ့ကြောင်း အထောက်အထားများတွေ့ရှိရပြီး လွတ်လပ်ရေးဆုံးရှုံးပြီးနောက်ပိုင်း ကိုလိုနီလက်အောက်တွင် ၁၈၇၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း ရှစ်ကြိမ်တိုင်ကောက်ယူခဲ့ကြောင်း တွေ့ရှိရသည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင်တော့ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ခဲ့သည်။ ယင်းသန်းခေါင်စာရင်း ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏လူဦးရေသည် ၁၉၇၃ ခုနှစ်တွင် ၂၈ ဒသမ ၉ သန်းကျော်၊ ၁၉၈၃ ခုနှစ်တွင် ၃၅ ဒသမ ၃ သန်းကျော်၊ ၂၀၁၄ ခုနှစ်တွင် ၅၁ ဒသမ ၄ သန်း ကျော်ရှိကြောင်းသိရှိရသည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ် ယခုနှစ်တွင်ရှိမည့် လူဦးရေကို ယခုကောက်ယူမည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူပြီးနောက် ထုတ်ပြန်သည့်အချိန်တွင် သိရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလများသည် အပြောင်းအလဲများစွာရှိခဲ့သည်။ မြန်မာနိုင်ငံကဲ့သို့ပင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ပြောင်းလဲမှုများစွာရှိနေကြလိမ့်မည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ သည် ကမ္ဘာ့လူသားများကိုခြိမ်းခြောက်ကာ အသက်ပေါင်းများစွာကို အချိန်တိုတိုအတွင်းနုတ်ယူသွားခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူပေါင်းများစွာကွယ်လွန်ခဲ့ကြသည်။ ယခုချိန်အထိ ကိုဗစ်-၁၉ ၏ အန္တရာယ်ကို ကာကွယ်ဆေးများအကြိမ်ကြိမ်ထိုးနှံကြရင်း အန်တုရင်ဆိုင်နေရဆဲဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေသည် နေရာဒေသအလိုက် အပြောင်းအလဲဖြစ်နေလိမ့်မည်။ ထို့ပြင် မြန်မာ့နိုင်ငံရေး အရှုပ်အထွေးများကြောင့် လည်းကောင်း၊ လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများ မြို့၊ ရွာ အချို့အားအကြမ်းဖက် တိုက်ခိုက်သိမ်းပိုက်မှု ဖြစ်စဉ်များကြောင့်လည်း ကောင်း မြို့ရွာများ ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူများ သေကျေပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကာ နယ်မြေအေးချမ်းတည်ငြိမ်သည့် ဒေသများသို့ ပြည်သူများအလုံးအရင်းနှင့် ပြောင်းရွှေ့နေထိုင်မှုများရှိခဲ့သည်။ ယင်းဖြစ်စဉ်များကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်၊ မြို့နယ်အလိုက် လူဦးရေသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံ၍ လူဦးရေပညာဖြင့် ခန့်မှန်းတွက်ချက်မှုစာရင်းများနှင့် ကွဲလွဲနေနိုင်သည်။ ယင်းသို့ နေရာဒေသအလိုက် လူဦးရေကွဲလွဲမှု၊ ကိန်းဂဏန်းအချက်အလက် အပြောင်းအလဲ ရှိမရှိကို ယခု ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူပြီးလျှင် အတိအကျသိရှိနိုင်မည်ဖြစ်သည်။

တိကျမှန်ကန်သည့် လူဦးရေကို ခန့်မှန်းတွက်ချက်ပေးနိုင်

လူဦးရေ သန်းခေါင်စာရင်းအချက်အလက်များသည် နိုင်ငံ၏ လက်ရှိပကတိအခြေအနေ၊ နိုင်ငံ အတွင်းနေထိုင်သူများ နေရာဒေသ၊ မြို့ပြကျေးလက် အလိုက်လူဦးရေ၊ အသက်အပိုင်းအခြားအလိုက် လူဦးရေ၊ ပညာအရည်အချင်း၊ လုပ်ငန်းအမျိုးအစား၊ နေထိုင်မှုပုံစံအလိုက် လူဦးရေတို့ကို ခွဲခြားသိရှိနိုင်သည့်အတွက် နေရာဒေသအလိုက် လိုအပ်သည့်အစီအမံများ ချမှတ်နိုင်ရန် အခြေခံအရင်းအမြစ်များကို ဖော်ထုတ်ပံ့ပိုးပေးနိုင်သည်။ သို့သော် လူဦးရေအချက်အလက်သည် ၎င်းအချက်အလက်များ အခြေခံရရှိသည့် အရင်းအမြစ်ပေါ်မူတည်ကာ အသုံးပြုနိုင်မှုအရည်အသွေး ကွာခြားနိုင်သည်။ စနစ်တကျကောက်ယူသည့် သန်းခေါင်စာရင်းအချက် အလက်များသည် တိကျမှန်ကန်ပြီး အရည်အသွေးမြင့်မားသည့် ကိန်းဂဏန်းအချက်အလက်များဖြစ်သည့်အတွက် ငွေကုန်ကြေးကျများသော်လည်း နိုင်ငံတကာက လူဦးရေသန်းခေါင်စာရင်းကို စီမံချက်ရေးဆွဲချမှတ်ကောက်ယူကြခြင်းဖြစ်သည်။ သန်းခေါင်စာရင်းသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသော အခြေခံစာရင်းအင်း ကိန်းဂဏန်းများရရှိစေသည်။ စီမံကိန်းများအတွက် တိကျမှန်ကန်သည့် ခိုင်လုံသောလူဦးရေကို ခန့်မှန်းတွက်ချက်ပေးနိုင်သည်။ နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် အဓိကကျသည့် မဲဆန္ဒရှင်စာရင်းပြုစုရာတွင်လည်း အထောက်အကူ ပြု ပံ့ပိုးပေးနိုင်သည်။ ထို့ပြင် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံများနှင့် လူဦးရေ ပေါက်ပွားမှုများပြား သည့်နိုင်ငံတို့အကြား တည်ရှိနေသည့် မိမိတို့နိုင်ငံ အတွက် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများ စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် လူဦးရေဆိုင်ရာစီမံ ခန့်ခွဲမှုများ၊ မူဝါဒများချမှတ်နိုင်ရန် မီးမောင်းတစ်ခု အဖြစ်အသုံးပြုနိုင်သည်။

နိုင်ငံတိုင်း ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ရေးဆွဲချမှတ်ရန် အခြေခံသည့်အချက်မှာ လူဦးရေဖြစ်သည်။ ဒေသတစ်ခုနှင့်တစ်ခု လူနေအစိတ်အကျဲ၊ နေထိုင်မှုပုံစံ၊ သဘာဝပတ်ဝန်းကျင်အခြေအနေ တို့ကို ချိန်ထိုးနှိုင်းယှဉ်ကာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို ရေးဆွဲချမှတ်ဆောင်ရွက်ကြရသည်။ ကျောင်းနေအရွယ်ကလေးများ၊ လူငယ်လူရွယ်များ များပြားသည့်နေရာဒေသတွင် လိုအပ်မည့်စာသင်ကျောင်း၊ ခန့်ထားရမည့် ဆရာဆရာမအရေအတွက်စသည်ဖြင့် တွက်ချက်ဆောင်ရွက်နိုင်မည်။ ယင်းနေရာမျိုး၌ ဘိုးဘွားရိပ်သာ များများစားစား မလိုအပ်နိုင်၊ သက်ကြီးရွယ်အိုများပြားသည့် ဒေသများ၌ စာသင်ကျောင်းများများ မလိုအပ်သကဲ့သို့ ဖြစ်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များအရ တိုင်းဒေသကြီး၊ ပြည်နယ်အချို့မှ နေထိုင်သူများ သည် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ရွှေ့ပြောင်းသွားလာ ရောက်ရှိနေထိုင်ကြကြောင်း သိရှိရသည်။ ရေကြည်ရာမြက်နုရာ ချီတက်ကြခြင်းပေါ့။ အဓိကအားဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ လူအများအပြားသည် ရန်ကုန်တိုင်းဒေသကြီးသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း စာရင်းများအရ သိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကျရောက်ပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာသည်နှင့်အမျှ ရန်ကုန်ကဲ့သို့မြို့ကြီးသို့ လာရောက်ကာ အလုပ်အကိုင်ရှာဖွေ လုပ်ကိုင်ကြရသည်။ အထူးသဖြင့် စက်မှုဇုန်များတည်ရှိရာ လှိုင်သာယာ၊ ရွှေပြည်သာ ကဲ့သို့မြို့များတွင် ဧရာဝတီတိုင်းသားများ အများအပြားရောက်ရှိနေထိုင် လုပ်ကိုင်ကြကြောင်း သန်းခေါင်စာရင်းအချက်အလက်များက ဖော်ပြနေသည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအခြေအနေတွင် ဧရာဝတီတိုင်းအတွင်း စက်မှုဇုန်များတည်ထောင်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနေကြောင်းကိုလည်း တွေ့ရှိနေရပြီဖြစ်သည်။ ထို့ပြင် ယင်းဒေသများ၌ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အလျင်အမြန်ထူထောင်ကာ အဆင့်မြင့်နည်းပညာများဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိနေကြောင်းလည်း တွေ့ရသည်။ ယင်းကဲ့သို့ သန်းခေါင်စာရင်းအချက် အလက်များကိုသုံးသပ်၍ အဖြေထုတ်ကာ စီမံခန့်ခွဲသူ၊ အချက်အလက် အသုံးပြုသူများအတွက် စီမံချက်များ တိတိကျကျရေးဆွဲချမှတ် ဆောင်ရွက်ပါက အောင်မြင်မှုက မြေကြီးလက်ခတ်မလွဲပေ။

ကမ္ဘာ့နိုင်ငံအသီးသီး၌ လူဦးရေပြောင်းလဲမှု ဖြစ်စဉ်များဖြစ်သည့် မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွှေ့ပြောင်းခြင်း စသည်တို့ကို အမြဲမပြတ်လေ့လာ သုံးသပ်ကြသည်။ မွေးဖွားခြင်းကြောင့် လူဦးရေ တိုးမည်။ သေဆုံးခြင်းကြောင့် လူဦးရေလျော့မည်။ ပြည်တွင်းရွှေ့ပြောင်းခြင်းအတွက် လူအတိုး၊ အလျော့သည် နိုင်ငံအတွင်း ဒေသအလိုက်သာဖြစ်၍ မသိသာသော်လည်း ပြည်ပရွှေ့ပြောင်းခြင်းအတွက်ဆိုလျှင် လူဦးရေလျော့သွားမည်။ နိုင်ငံအလိုက် မိမိတို့နှင့် သင့်လျော်လိုက်လျောညီထွေဖြစ်သည့် လူဦးရေမူဝါဒချမှတ်နိုင်ရန် လူဦးရေဖွဲ့စည်းမှုပုံစံကို ပြောင်းလဲဆောင်ရွက်နိုင်သည်။ လူဦးရေတိုးပွားလိုလျှင် မွေးဖွားနှုန်းမြင့်မားအောင် ဆောင်ရွက်ကာ အရှင်မွေးကလေးကျန်းမာရေး၊ ကလေးသူငယ် စောင့်ရှောက်ရေး၊ မိခင်နှင့်ကလေးကျန်းမာရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စသည်တို့ကို ထိထိရောက်ရောက်ဆောင်ရွက်ပေးရမည်။ သေဆုံး မှုနှုန်းလျော့နည်းရေးဆောင်ရွက်ရာတွင် လူတိုင်း အတွက် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှု၊ နေရာတိုင်းလွှမ်းခြုံနိုင်သည့် ကျန်းမာရေးကိုဖော်ဆောင်ပေးရမည်။ ပျော်ရွှင်ကျန်းမာသော၊ ကြံ့ခိုင်ဖွံ့ဖြိုးသောဘဝများကိုဖန်တီးပေးရမည်။ ပြည်ပရွှေ့ပြောင်းမှုလျော့နည်းစေရန် လူငယ်လူရွယ်များအတွက် လက်လှမ်းမီသော အဆင့်မြင့်ပညာရေး၊ ဘဝရေရှည်ရပ်တည်နိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရန်လိုအပ်မည်။ ယင်းသို့ ဖော်ဆောင်ပေးနိုင်ရန်အတွက် လူဦးရေပြောင်းလဲမှုဖြစ်စဉ်ကို အမြဲလေ့လာသုံးသပ်နေရမည်ဖြစ်သည်။ လူဦးရေပြောင်းလဲမှုဖြစ်စဉ်များကို တိတိကျကျ လေ့လာဖော်ထုတ်နိုင်ရန်မှာ လူဦးရေသန်းခေါင်စာရင်းအချက်အလက်များကို အဓိကအရင်းအမြစ်အဖြစ် အသုံးပြုကြရသည်။ ထို့ကြောင့် နိုင်ငံတိုင်းက လူဦးရေသန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူကြရခြင်းဖြစ်သည်။

လူဦးရေဆုလာဘ်ကို အကျိုးရှိရှိအသုံးပြု

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များအရ လက်ရှိအခြေအနေတွင် နိုင်ငံအတွင်းရှိ လူဦးရေအနက် အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိသည့် လူဦးရေများပြားနေကြောင်း သိရှိရသည်။ လူဦးရေဆိုင်ရာ အသုံးအနှုန်းအရ လူဦးရေဆုလာဘ်ရရှိနေသည့် ကာလဖြစ်သည်။ ယင်းကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းများကို ပြည်တွင်း၌ ဖန်တီးဖော်ဆောင်ပေးနိုင်ပါက ၎င်းတို့၏ လုပ်အားကို ထိရောက်စွာအသုံးချနိုင်မည် ဖြစ်သည်။ ထိုသို့ အလုပ်အကိုင်ဖန်တီးမပေးနိုင်ပါက လုပ်သားအင်အားဆုံးရှုံးသွားပြီး လူဦးရေဆုလာဘ်သည် အလဟဿဖြစ်သွားမည်။ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှုကြောင့် ၎င်းတို့အနေဖြင့် နည်းမျိုးစုံဖြင့် ပြည်ပသို့အလုပ်လုပ်ကိုင်ရန် ထွက်ခွာကြရာတွင် တားဆီးရန်မဖြစ်နိုင်သည့် အလျောက်ပြည်ပတွင် တရားဝင်အလုပ်လုပ်ကိုင် ခွင့်ရရှိရေး၊ နိုင်ငံအတွက် ထိုက်သင့်သည့် အခွန်ရရှိရေးကို ဖော်ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာရရှိထားသည့် လူဦးရေဆုလာဘ်ကို အကျိုးရှိရှိ အသုံးပြုရာရောက်ပေမည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို တွေ့ရှိရာအရပ် တွင် ကောက်ယူသည့်မူ (De Facto) ဖြင့် စာရင်းကောက်များက မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များဖြင့် ကွန်ပျူတာအထောက်အကူ ပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (Computer Assisted Personal Interviews – CAPI) စနစ်ဖြင့် ကောက်ယူမည်ဖြစ်သည်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားရှိပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူမည်ဖြစ်သော်လည်း အချို့နေရာဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ နယ်မြေဒေသလုံခြုံရေးဆိုင်ရာ အခက်အခဲများရှိနိုင်သဖြင့် ရက်တိုးမြှင့်ကောက်ယူနိုင်ရေးအတွက်လည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ မထပ်မကျန် ကောက်ယူနိုင်ရေးအတွက်အားလုံးက အားထည့်ကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် မေးခွန်း (၄၁) ချက်ပါ သတ်မှတ်စာရွက်ပေါ်တွင် သတ်မှတ်ခဲတံဖြင့် မေးမြန်းရေးမှတ်ကောက်ယူခဲ့သည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတွင် Mobile Tablet ဖြင့် နည်းပညာအသုံးပြု၍ မေးခွန်းပေါင်း (၁၁၈) ချက်ကို မေးမြန်းကောက်ယူခဲ့သည်။ ထိုစဉ်က မြို့နယ်ပေါင်း ၂၀ တွင် ကောက်ကွက် ၁၀၀ ကိုသာ ရွေးချယ်သတ်မှတ်ကောက်ယူခြင်းဖြစ်၍ သိရှိလိုသည့် အချက်အလက်များအပေါ် မူတည်ကာမေးခွန်းပေါင်းများစွာ မေးမြန်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စု မေးခွန်းနှင့် အဖွဲ့အစည်းမေးခွန်းအဖြစ် မေးခွန်း ပုံစံ (၂) မျိုးဖြင့် ကောက်ယူသွားမည်ဖြစ်သည်။ အိမ်ထောင်စုမေးခွန်းပုံစံတွင် လူဦးရေဆိုင်ရာ အချက်အလက်များအတွက် မေးခွန်း (၁၁) ချက်၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်းအတွက် (၆) ချက်၊ ပညာရေးအကြောင်းအရာအတွက် (၆) ချက်၊ လုပ်သားအင်အားအကြောင်းအရာအတွက် (၇) ချက်၊ မွေးဖွားမှုအကြောင်းအရာအတွက် (၉) ချက်၊ မသန်စွမ်းအကြောင်းအရာအတွက် (၁) ချက်၊ ပြည်ပ ရွှေ့ပြောင်းသွားလာခြင်းအတွက် (၈) ချက်၊ အိမ် အကြောင်းအရာအတွက် (၁၃) ချက်၊ သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုအတွက် (၇) ချက် စသည်ဖြင့် မေးခွန်း (၆၈) ခုကိုလည်းကောင်း၊ အဖွဲ့အစည်းမေးခွန်းပုံစံတွင် လူဦးရေဆိုင်ရာ အချက်အလက်များအတွက် မေးခွန်း (၉) ချက်၊ ပညာရေးအကြောင်းအရာအတွက် (၁) ချက်၊ လုပ်သားအင်အားအကြောင်းအရာအတွက် (၇) ချက်၊ မသန်စွမ်းမှုအကြောင်းအရာအတွက် (၁) ချက် စသည်ဖြင့် မေးခွန်း (၁၈) ချက်ကို မေးမြန်း ကောက်ယူကြမည်။ စာရင်းစစ်များက သတ်မှတ် ကောက်ကွက်အတွင်း၌ အိမ်ခြေအတည်တကျဖြင့် နေထိုင်သူ၊ လှေ၊ သမ္ဗန်၊ သင်္ဘောစသည်တို့ပေါ်၌ အိမ်ထောင်စုဖြင့် နေထိုင်သူ၊ သစ်တောကြိုးဝိုင်း အတွင်း အိမ်ထောင်စုဖြင့်နေထိုင်သူ၊ တပ်ရင်းတပ်ဖွဲ့၊ ရဲတပ်ရင်း၊ အကျဉ်းထောင်စသည့်အဖွဲ့အစည်းများအတွက် အိမ်ထောင်စုဖြင့် နေထိုင်သူတို့အား အိမ်ထောင်စုမေးခွန်းပုံစံဖြင့် လည်းကောင်း၊ အုပ်ချုပ်သူအကြီးအကဲ၏ လက်အောက်တွင် သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်လျက်ရှိသည့် ဘိုးဘွားရိပ်သာ၊ မိဘမဲ့ ကျောင်း၊ ဆေးရုံ၊ ဘော်ဒါဆောင်၊ ဟိုတယ်၊ တည်းခိုခန်း၊ မသန်စွမ်းကျောင်း၊ အကျဉ်းထောင်၊ ဘုန်းကြီး ကျောင်း၊ သီလရှင်ကျောင်း၊ တပ်ရင်းတပ်ဖွဲ့ လူပျိုဆောင် (ဘားတိုက်) ၊ ရဲတန်းလျား လူပျို/အပျိုဆောင်၊ အတူနေ အတူစားသည့် အလုပ်သမား တန်းလျား၊ အိမ်ခြေရာမဲ့ စသည်တို့အား အဖွဲ့အစည်း မေးခွန်းပုံစံဖြင့်လည်းကောင်း သန်းခေါင်စာရင်း ရည်ညွှန်းချိန်တွင်ရှိနေမည့် အခြေအနေကို မေးမြန်း ကောက်ယူမည်ဖြစ်သည်။

စီမံကိန်းများရေးဆွဲနိုင်ရန် အသုံးပြုမည့် အချက်အလက်အဖြစ် ရရှိရန်သာဖြစ်

မေးမြန်းမည့် မေးခွန်းများနှင့်ပတ်သက်၍ ပြည်သူများအတွက် အနည်းငယ်အသိပေးတင်ပြရလျှင် ပြည်ပရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ၌ မိမိတို့အိမ်ထောင်စုထဲမှ တစ်ဦးဦးသည် နိုင်ငံခြားသို့သွားရောက်နေသည်မှာ ခြောက်လအထက် ရှိနေပြီဖြစ်ပါက နိုင်ငံခြားသို့ ရောက်ရှိနေသူ၏ ကိုယ်ရေးအချက်အလက် အနည်းငယ်ဖြစ်သည့် အမည်၊ ကျား/မ၊ အိမ်ထောင်စုနှင့်တော်စပ်ပုံ၊ အသက်၊ မြန်မာနိုင်ငံမှ ထွက်ခွာသည့် ခုနှစ်၊ လက်ရှိ ရောက်ရှိနေသည့် နိုင်ငံ၊ မြန်မာနိုင်ငံတွင်ရှိနေစဉ် အမြင့်ဆုံးပညာအရည်အချင်း စသည်တို့ကိုသာ မေးမြန်းကောက်ယူမည်ဖြစ်သည်။ ၎င်း၏ ပြည်ပသို့ထွက်ခွာမှုပုံစံ၊ အလုပ်အကိုင်၊ လစာစသည့်ကိစ္စများ မပါဝင်၊ ၎င်းနှင့်ပတ်သက်၍ မည်သို့မျှ အရေးယူ ဆောင်ရွက်ရန်မရှိချေ။ အိမ်အကြောင်းအရာမေးခွန်း တွင်ပါရှိသည့် မေးခွန်းများတွင်လည်း အိမ်ထောင်စုရှိ ပစ္စည်းများကို မေးမြန်းရာတွင်ရှိ မရှိမေးမည်ဖြစ်သည်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ လှေ၊ သမ္ဗန်၊ ကျွဲ၊ နွား အစရှိသည်တို့ကို ရှိ မရှိကိုသာ မေးမည်ဖြစ်သည်။ ရှိပါသည်ဟုဖြေပါက ရှိသည်ဟုသာမှတ်သားမည်။ အရေအတွက် မည်ရွေ့မည်မျှမပါ။ ပိုင်ဆိုင်မှုအတွက် မည်သို့မျှ အရေးယူဆောင်ရွက်ရန်မရှိ။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ရေးဆွဲနိုင်ရန် အခြေခံအသုံးပြုမည့် အချက်အလက်တစ်ခု အဖြစ်ရရှိရန်သာဖြစ်သည်။ မော်တော်ယာဉ်များများရှိ သောဒေသတွင် လမ်းများကောင်းမွန်ရေး၊ စက်သုံးဆီ လိုအပ်ချက်ဖြည့်ဆည်းရေး၊ ယာဉ်ပြင် အလုပ်ရုံများ တည်ထောင်ရေးစသည်တို့ကို အစိုးရနှင့်ပုဂ္ဂလိက ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်လိုအပ်သည့် အချက်အလက်များရရှိမည်။ ကောက်ကွက်အလိုက် အချက်အလက်များ စုစည်းခြင်းသာဖြစ်ပြီး ပိုင်ဆိုင်သူ၏ အမည်နာမနှင့် ထုတ်ဖော်ဆောင်ရွက်မည် မဟုတ်ကြောင်း အသိပေးလိုပါသည်။ မည်သို့မျှ စိုးရိမ်ကြောင့်ကြရန်မလို။

ထို့ပြင် အိမ်အကြောင်းအရာ၏ အခန်းအရေ အတွက် မေးခွန်းမေးမြန်းရာတွင် အိမ်တစ်အိမ်၏ ကျန်းမာရေးနှင့် လူနေမှုဘဝအရည်အသွေးအပေါ် အကျိုးသက်ရောက်မှုအတွက် မေးမြန်းခြင်းဖြစ်သည်။ လူများလွန်းခြင်း၊ ကျပ်တည်းစွာနေထိုင်ခြင်း စသည့်အခြေခံညွှန်ပြချက်ဖြစ်သည့်အပြင် ယခင်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်က လူစုလူဝေးဖြင့် မနေရန်၊ မိသားစုများတွင် စုမနေဘဲအခန်းခွဲနေရန်၊ ကိုဗစ်-၁၉ ကူးစက်သူအား အခန်းခွဲထားရန် စသည်ဖြင့် အသိပညာပေးခြင်းကိုတွေ့ရသည်။ သို့သော် ၎င်းတို့တွင် ခွဲနေရန်အခန်းရှိရဲ့လား၊ မိသားစုလူအင်အားနှင့် အခန်းလုံလောက်မှုရှိရဲ့လား။ ခွဲနေရန်အခန်းမရှိပါက မည်ကဲ့သို့ စီစဉ်ပေးနိုင်မည်နည်း စသည်ဖြင့် အဖြေတစ်ခုခု ဖော်ထုတ်နိုင်မည်ဖြစ်သည်။ ထို့ပြင် ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ လက်ဆေးပါဟုအသိပေးထားသည်။ လက်ဆေးစရာ ဆပ်ပြာရှိရဲ့လား၊ ရေရှိရဲ့လား၊ နေရာရှိရဲ့လား စသည်ဖြင့် သုံးသပ်၍ လိုအပ်ချက်ကို စီစဉ်ပေးရန် ဖော်ထုတ်နိုင်မည်ဖြစ်သည်။ ရေအလုံအလောက်မရနိုင်သည့် နေရာတွင်မကြာခဏလက်ဆေးရန် ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် သောက်သုံးရေရရှိမှု အရင်းအမြစ်သည်လည်း ဒေသအလိုက် ရရှိထားရန်လိုအပ်သည့် အချက်အလက်တစ်ခုဖြစ်သည်။

မီးဖိုခန်း (သို့မဟုတ်) ချက်ပြုတ်သည့်နေရာကိုလည်း ဖော်ထုတ်သိရှိထားရန် လိုအပ်သကဲ့သို့ အိမ်ထောင်စုအလိုက်ချက်ပြုတ်ရန် အသုံးပြုသည့်လောင်စာ၊ ၎င်းတို့အသုံးပြုသည့် အိမ်သာအမျိုး အစား၊ အလင်းရောင်အတွက် လျှပ်စစ်မီးအသုံးပြုနိုင် မှု စသည့်မေးခွန်းများသည် လူနေမှုဘဝနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ထောက်ရှုလေ့လာသုံးသပ်ကာ နိုင်ငံတော်အစိုးရအနေဖြင့် နေရာဒေသအလိုက် လိုအပ်ချက်အရ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးတို့အတွက် စီမံကိန်းများ ရေးဆွဲချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ မေးမြန်းမည့် မေးခွန်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲချမှတ်နိုင်ရန် လူဦးရေနှင့်အိမ်အကြောင်းအရာ အခြေခံကိန်းဂဏန်း များရရှိရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အချက်အလက်အသုံးပြုသူများပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပကာ ဌာနအလိုက် လိုအပ်ချက်များအပေါ်မူတည်၍ အတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည့် မေးခွန်းများဖြစ်သည်။ မေးခွန်းများအပေါ် ဖြေကြားချက်များနှင့် ပတ်သက်၍လည်း သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မျှ အသုံးပြုခြင်း၊ စစ်ဆေးခြင်းမပြုရကြောင်း လည်း ၂၀၁၃ ခုနှစ် သန်းခေါင်စာရင်းဥပဒေကပြဋ္ဌာန်း အကာအကွယ်ပေးထားသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် သန်းခေါင်စာရင်းမေးခွန်းများနှင့်ပတ်သက်၍ သံသယစိတ်၊ စိုးရိမ်ကြောင့်ကြစိတ် ကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန် ဖြေကြားပေးကြရန် အဓိကကျလှသည်။ သို့မှသာ တိကျမှန်ကန်သည့် ကိန်းဂဏန်းအချက်အလက်များ ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ထိထိရောက်ရောက် ရေးဆွဲချမှတ်ဆောင်ရွက်နိုင် မည် ဖြစ်သည်။

ပြည်လုံးကျွတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီး၊ ပြည်နယ်အနှံ့ လှည့်လည်သွားရောက်ကာ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများ၊ အသုံးဝင်ပုံများ၊ ကောက်ယူမည့် အစီအမံများကို အသေးစိတ်ရှင်းလင်းချပြဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ၍ သတ်မှတ်မေးခွန်းများ မေးမြန်းကာ ဖြေကြားချက်များကို ရေးမှတ် ကောက်ယူကြမည့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များအတွက် သင်တန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာရင်းစစ်၊ စာရင်းကောက် ၄၂၀၀၀ ခန့်ကို တစ်ပြိုင်တည်း သင်တန်းဖွင့်လှစ် ပို့ချမှုသည် စက်တင်ဘာ ၁၃ ရက်မှ ၂၈ ရက်အထိဖြစ်သည်။ ယခုလက်ရှိ အောက်တိုဘာလ ၁ ရက် မှစ၍ လက်တွေ့ကျကျ တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူလျက်ရှိသည်။

ဒီနေရာမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက် သန်းခေါင်စာရင်းကောက်ယူရန် တစ်လအလိုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း အထိမ်းအမှတ် အဖြစ် ပြည်သူသို့ ပြောကြားသည့်မိန့်ခွန်း၌ “၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်ကနေ (၁၅) ရက် နေ့အထိကောက်ယူမယ့် လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဟာ ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်တွေကို အခြေခံပြီး ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေတဲ့ အမျိုးသားရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီးကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရနိုင်ဘဲ နိုင်ငံတစ်ဝန်း နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးနဲ့ ညီညွတ်သောအင်အားနဲ့ အောင်မြင်အောင် ဆောင်ရွက်ပြီး ကမ္ဘာ့အလယ်တွင် နိုင်ငံ့ စွမ်းအားကို ပြသရမှာလည်းဖြစ်ပါတယ်။ တစ်နည်း အားဖြင့်ပြောရရင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ရဲ့ ပူးပေါင်းပါဝင်မှုအားနဲ့ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်မယ့် အခွင့်အခါကောင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ဟု မြွက်ကြားခဲ့သည်။ ပြည်သူတစ်ရပ်လုံး၏ သမိုင်းမှတ်တိုင် ခိုင်ခိုင်မာမာစိုက်ထူကြမည်။

အမျိုးသားအကျိုးစီးပွားအတွက် အခက်အခဲတိုင်းကို မဖြစ်မနေ ဖြတ်သန်းကျော်လွှား

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်တွင် နေပြည်တော်၌ကျင်းပသည့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်လည်း ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ အဖွင့်မိန့်ခွန်းတွင်လည်း “ကျွန်တော်တို့ နိုင်ငံတော်တာဝန်ကိုယူထားတဲ့ ကာလအတွင်းမှာ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်တဲ့စိတ်နဲ့ အခက်အခဲတိုင်းကို မဖြစ်မနေဖြတ်သန်းကျော်လွှားပြီး အောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကြိုတင်မြော်တွေးနိုင်မှု၊ ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်း အဖြေရှာမှုများနဲ့ပဲ ဒီပြဿနာကို ကျော်လွှားရမှာ ဖြစ်ပါတယ်။ ဟု မြွက်ကြားခဲ့သည်။ အမျိုးသားအကျိုးစီးပွားအတွက် အခက်အခဲတိုင်းကို မဖြစ်မနေ ဖြတ်သန်းကျော်လွှားပြီး အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်ရယူကြရမည်ပင်။

သန်းခေါင်စာရင်းမှရရှိသည့် ကိန်းဂဏန်း အချက်အလက်များသည် လက်ရှိနိုင်ငံတော်အစိုးရ အတွက်သာမက နောင်အစိုးရအဆက်ဆက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများမှာ လက်ဆင့်ကမ်းအသုံးပြုနိုင်မည့် ကိန်းဂဏန်းအချက် အလက်များပင်ဖြစ်သည်။ သန်းခေါင်စာရင်းဆိုင်ရာ ကိန်းဂဏန်းစာရင်းအင်း အချက်အလက်များသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ထင်ဟပ်ဖော်ပြသည့် ကြေးမုံပြင်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံအတွက်လည်း သန်းခေါင်စာရင်းကပြောသော မြန်မာ့ပုံရိပ်ကို မကြာမီထင်ဟပ်ပုံဖော် နိုင်တော့မည်ဖြစ်သည်။ လူမျိုး၊ ဘာသာ၊ အသက် အရွယ်၊ ကျား/မ မရွေး အားလုံးပါဝင်ခွင့်ရှိသည့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်တွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး အုတ်တစ်ချပ်၊ သဲတစ်ပွင့် အဖြစ် မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့်ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ရေး မုဒိတာစိတ်ထား အရင်းခံ ကာ နှိုးဆော်တင်ပြအပ်ပါသည်။

နိုင်ငံအကျိုး မျှော်ကိုးရည်

ဖွံ့ဖြိုးမှုအတွက် ဒို့ ဦးတည်

ပြိုင်တူတွန်းချီ ခရီးဆက်

တွဲလက်ခိုင်စေ အောင်ပန်းဝေ

သားစဉ်မြေးမြစ် အကျိုးဖြစ်စေ။ ။