ရေကြီးတာ လျှပ်စစ်ထုတ်လို့လား . . .
မောင်မောင်စွယ်စုံထွန်း
ယခုတလော “လျှပ်စစ်ထုတ်တဲ့ဆည်တွေ ဖောက်ချလိုက်လို့ ရေတွေကြီးတာ” ဆိုပြီး ဝါဒဖြန့်နေမှုများကို ဆိုရှယ်မီဒီယာများတွင် တွေ့လာရသဖြင့် ရေအားလျှပ်စစ်နှင့်ပတ်သက်၍ ဆည်မြောင်းတာတမံများအကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြလိုပါသည်။
ကြိုတင်လေ့လာပြီးမှ တည်ဆောက်
ဆည်မြောင်းတာတမံများကို စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်ရရှိရေး စသည်ဖြင့် ဒေသအလိုက်အကြီး၊ အလတ်၊ အသေးသင့်လျော်သလို တည်ဆောက်ကြလေ့ရှိပါသည်။ တမံများတည်ဆောက်ရာတွင် ရေလှောင်ဖို့ တမံအမြင့်တည်မှာလား၊ ရေစီးအားကိုအသုံးချဖို့ နိမ့်နိမ့်ပဲလုပ်မှာလား စသည်ဖြင့် ကြိုတင်လေ့လာသုံးသပ်ပြီးမှသာ တည်ဆောက်ကြရသည်။
မြေမျက်နှာသွင်ပြင် အခြေအနေ၊ ဘေးပတ်ဝန်းကျင်အနေအထားများ စသည်တို့ကိုလည်း လေ့လာကြရသည်။ ဘူမိအင်ဂျင်နီယာနည်းပညာ၊ မြို့ပြအင်ဂျင်နီယာနည်းပညာများဖြင့် ဆန်းစစ်လေ့လာကြရသည်။ လှောင်ရေကို လွှတ်ပါက ဆည်အောက်ဘက်တွင် ဘာဖြစ်နိုင်သည်၊ ဘာတွေထိခိုက်နိုင်သည်၊ ဘယ်လိုဖြေရှင်းမည် စသည်ဖြင့်လည်း ကြိုတင်ဆန်းစစ်လေ့လာပြီးမှ တည်ဆောက်ကြရသည်။ အရေးအကြီးဆုံးအချက်မှာ မိုးလေဝသနှင့် ဇလဗေဒနည်းအရလည်း နှစ်စဉ်စီးဆင်းနိုင်သည့် ရေပမာဏ၊ ရေစီးဝင်နိုင်မှုနှုန်း စသည်ဖြင့်လည်း အသေးစိတ်လေ့လာကြရပါသည်။
ထူးကဲဒီရေဖြစ်လာခဲ့လျှင် ဘယ်လောက်ရေစီးနှုန်းဖြစ်မည်၊ ဘယ်လောက်ထိခိုက်လာနိုင်သည် စသည်ဖြင့်လည်း အသေးစိတ်လေ့လာကြရပါသည်။ နှစ်အနည်းငယ်အတွင်း စူးစမ်းရရှိထားသည့် အချက်အလက်များဖြင့်လည်း ဆည်တမံများ တည်ဆောက်လို့မရသေးဘဲ ခေတ်မီတွက်ချက်နည်းများဖြင့် နှစ် ၁၀၀၀၊ နှစ် ၅၀၀၀ စသည်ဖြင့်လည်း ခန့်မှန်းတွက်ချက်ပြီးမှသာ တည်ဆောက်ကြရသည်။
ဆိုလိုသည်မှာ ဆည်တမံများကို ဖြစ်သလိုတည်ဆောက်ထားခြင်းမျိုးမဟုတ်ပါ၊ ရေပြည့်လျှင် ဖောက်ချဖို့ဆိုသည့် အတွေးအမြင်မှားနေသူအချို့အား ဆည်တမံဆိုသည်မှာ အချက်အလက်များစွာ သုတေသနပြုလုပ်၍ ဒီဇိုင်းထုတ်ပြီးမှ တည်ဆောက်ရခြင်းဖြစ်သည်ကို ရှင်းပြလိုခြင်းဖြစ်ပါသည်။
ယခုတလောဖြစ်ပွားခဲ့သည့် ရေကြီးခြင်းဖြစ်စဉ်မျိုးလို နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်လောက်ဖြစ်လာနိုင်သော ထူးကဲဒီရေများကိုပါ ထည့်သွင်းတွက်ချက်ပြီးမှသာ ဆည်တမံများကို တည်ဆောက်ထားခြင်းဖြစ်ပြီး spill way ဟု ခေါ်သော ရေပိုလွှဲများကိုလည်း မဖြစ်မနေထည့်သွင်းတည်ဆောက်ထားကြပါသည်။ လိုအပ်လျှင် အရေးပေါ်အသုံးပြုရန် အရေးပေါ်ရေပိုလွှဲ (auxiliary spill way) များကိုလည်း ထည့်သွင်းတည်ဆောက်ထားကြပါသည်။
အရေးပေါ်ရေပိုလွှဲသည် အသက်ကယ်ဆေး
ပုံမှန်ရေပိုလွှဲက ရေထုတ်လုပ်တာ မနိုင်လောက်လျှင် သတ်မှတ်ရေအမြင့်တစ်ခုကို ရောက်ရှိပါက အရေးပေါ်ရေပိုလွှဲကနေပါ ထုတ်နိုင်အောင် မဖြစ်မနေထည့်သွင်းတည်ဆောက်ထားလေ့ ရှိကြပါသည်။ ယခုကဲ့သို့ ရာသီဥတုဖောက်ပြန်၍ မမျှော်မှန်းနိုင်သော ရေဝင်ရောက်ချိန်မျိုးတွင် အရေးပေါ် ရေပိုလွှဲသည် အသက်ကယ်ဆေးပင်ဖြစ်သည်။ ရေပိုလွှဲ (service spill way) အများစုမှာ တမံများနှင့် တစ်ဆက်တည်း တည်ဆောက်ကြလေ့ရှိပြီး (Concrete structure) များဖြစ်သည်။ မြေအကျယ် မလုံလောက်၍ တောင်ကုန်းစသည်တို့ကို ဖယ်၍တည်ဆောက်ရလျှင် တောင်ကမ်းပါးယံပြို၍ ရေပိုလွှဲပိတ်ဆို့နိုင်သည်ကိုပါ တွက်ဆ၍ လုံလောက်သော လျှောစောက်ရရှိသည်အထိ ဖယ်ထုတ်တည်ဆောက်ကြရပါသည်။ service spill way ကို နေရာကျဉ်းကျဉ်းဆောင်ရွက်ရလျှင် ရေထုတ်အားကောင်းစေရန် Radial Gate များဖြင့် ဆောက်လုပ် ကြလေ့ရှိပါသည်။ သို့မဟုတ်ပါက service spill way ကို တစ်ဖြောင့်တည်း မတည်ဆောက်ဘဲ ရေလှောင်ကန်အတွင်းဘက်သို့ ဆန့်ထုတ်ပြီး ဘဲနှုတ်သီးပုံ (ခေါင်းလောင်းပုံ) (bell mouth) ရေပိုလွှဲမျိုးကို တည်ဆောက်ကြလေ့ရှိပါသည်။
service spill way ဟုခေါ်သော ရေပိုလွှဲများ သည် မကြာခဏ ရေကျော်မှုနှင့် ကြုံတွေ့ရမည်ဖြစ်၍ အထူးခိုင်ခံ့အောင် ဆောက်လုပ်ကြရသည်။ အလွန်ကြီးမားသောရေကြီးမှု (propability maxi-mum flood- PMF) ဖြစ်လာလျှင် စီးဝင်လာသောရေကို အမြန်ထွက်သွားစေရေးအတွက် အကူရေပိုလွှဲများကိုလည်း မဖြစ်မနေပါဝင်ထည့် သွင်းတည်ဆောက် လေ့ရှိကြပါသည်။ ထို့ပြင် ဆည်တမံများ၏ ရေဝေဒေသမှ ဒေသခံအများစုသည်လည်း ထူးကဲဒီရေဖြစ်နိုင်ကြောင်းကို တွေးဆ၍ ချောင်းရေတက်နိုင်သည့် နေရာမျိုးတွင် အခြေချနေထိုင်လေ့မရှိကြပါ။
အန္တရာယ်ရှိနိုင်သည်ကို နားလည်ကြရန်လို
သို့သော်လည်း တမံပေါက်လာပြီး နောက်ပိုင်းတွင် ရေစီးရေလာနည်းသွားသည့်အတွက် မူလချောင်းဧရိယာအတွင်း ကျူးကျော်ဝင်ရောက် နေထိုင်စီးပွားရှာသူများက ရှိလာပြန်ရာ အဆိုပါကိစ္စများသည် ဆည်ရေလျှံသည်နှင့်မဆိုင်ဘဲ အန္တရာယ်ရှိနိုင်သည်ကိုသိလျက် ဝင်ရောက်နေထိုင်ကြသဖြင့်သာ ရေကြီးပြီး အသက်အန္တရာယ်ဆုံးရှုံးကြရသည်ကို သဘောပေါက်နားလည်ကြရန် လိုပါသည်။
အဆိုးဆုံးမှာ မူလချောင်းဧရိယာအတွင်း ကန့်လန့်ဖြတ်ပိတ်၍ အဆောက်အအုံများ ဆောက်လုပ်ခြင်းဖြစ်သည်။ ချောင်းရေမြင့်တက်လာပါက ရေလမ်းကြောင်းပျောက်ပြီး အခြားအနိမ့်ပိုင်းများသို့ပါ ရေဝင်ရောက်ခြင်းမျိုးဖြစ်သည်။ ထိုသို့ မဆင်မခြင် ဆောက်လုပ်နေထိုင်ကြမှုများကြောင့်သာ ဆက်စပ်နေသည့် အိုးအိမ်များ ရေမျောကုန်ခြင်း၊ လမ်းတံတားများကျိုးခြင်း စသည်တို့ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
အကယ်၍ မုန်တိုင်းမိုးကို ကြိုတင်တွက်ဆ၍ ရလျှင် ရက်အနည်းငယ်စောပြီး အထိုက်အလျောက်ရေကို ကြိုလျှော့ထားနိုင်သည်။ မိုးဗြဲတမံ ရေဝင်ရောက်မှုမှာ ယခင်နှစ်ကထက်ပိုများနေ၍ ယခုတောင်တရုတ်ပင်လယ်မှ မုန်တိုင်းမဝင်မီတစ်ပတ် ကျော်မှပင်စပြီး ရေလျှော့ထားနိုင်ခဲ့သည်။ မိုးဗြဲရေဖောက်ချလိုက်၍ လွိုင်ကော်ရေမြုပ်ပါပြီဆိုပြီး မီဒီယာအချို့က ပြောကြသည်။ ဤမုန်တိုင်းမတိုင်မီ ကံကောင်းထောက်မ၍ တာဝန်ရှိသူများက ကြိုတင်မှန်းဆပြီး ရေလျှော့ထားခဲ့၍သာ လွိုင်ကော်မြို့ ရေဘေးမှ သက်သာသွားခဲ့ခြင်းဖြစ်သည်။
ယခုဖောင်တော်ဦး ဘုရားကြမ်းပြင်အထက်ပင် ရေဝင်တော့မည့်အခြေအနေတွင် အင်းလေးနှင့် မိုးဗြဲမှာ တစ်ဆက်တည်းဖြစ်နေရာ ရေသာကြိုလျှော့ မထားပါက မိုးဗြဲမည်သို့ဖြစ်လာနိုင်သည်ကို မှန်းဆကြည့်နိုင်ကြပါသည်။ ထပ်မံရှင်းလင်းလိုသည်မှာ တမံများသည် တည်ဆောက်စဉ်ကပင် ရည်ရွယ်ချက်မှာ စိုက်ပျိုးရေ၊ လျှပ်စစ်ထုတ်ရန်ရေ၊ မြို့ရေပေးရေးအတွက်ရေ စသည်ဖြင့် ရေရရှိရေးသာ အဓိကဖြစ်သည်။ သို့သော် ဘက်စုံစဉ်းစားလုပ်ခဲ့သဖြင့် ဆည်များက ရေကို ထိန်းညှိသိုလှောင်ထုတ်ပေးခြင်းကြောင့် ရေမြုပ်မှုများမှ သက်သာသွားစေမည်ဖြစ်ပါသည်။ ဆည်ရေဖောက်ချလို့ ရေကြီးခြင်း လုံးဝမဟုတ်ပါ။ ဆည်တစ်ခုတွင် ရေထုတ်နိုင်သော နေရာ(၅)မျိုးရှိပါသည်-
(၁) ဆည်ရေပေးသည့်အပေါက်မှာ လယ်များ ရေပေးရန် သင့်တင့်သောအရွယ်နှင့် ဂိတ်ပါတပ်ဆင်ထားသည်။ လက်တံမြောင်းများအလိုက် အချိန်ကိုက်ပေးဝေရသည်။ ယခုလို မုန်တိုင်းကာလမျိုးတွင် လယ်များထဲမှာပင် ရေထုတ်နေရပြီဖြစ်၍ ဆည်ရေပေါက်မှ ရေမလွှတ်တော့ပါ။
(၂) လျှပ်စစ်ထုတ်စက်များ မောင်းနှင်သည့် အပေါက်မှာ လျှပ်စစ်မောင်းချိန်တွင်သာ ဖွင့်၍ မောင်းရသည့်အပေါက်ဖြစ်သည်။ လျှပ်စစ်လိုလျှင် မောင်းမည်ရေထုတ်မည်၊ လျှပ်စစ်မလိုလျှင် ရေဖွင့်စရာမလိုပါ။ ထိန်းချုပ်မောင်းနှင်နေခြင်းသာ ဖြစ်ပြီး ဖောက်ချထားခြင်းမျိုး မဟုတ်ပါ။
(၃) service spill way မှ ကန်ရေပြည့်ချိန် သူ့အလိုလို ကျော်ကျသည့်ရေမှာ အထူးစီမံရန်မလိုပါ။ ရေလှောင်တမံအတွင်း ရေပြည့်လျှင် သူ့အလိုလိုကျော်ဆင်းရန် ကွန်ကရစ်ဖြင့် အထူးစီမံထားသည့် ရေလမ်းဖြစ်သည်။ radial gate ပါသည့် တမံများတွင် ရေကိုကြိုပြီး လျှော့ချထားနိုင်၍ အန္တရာယ်ကို လျော့နည်းစေပါသည်။
(၄) sand washing gate မှာ တမံအတွင်း သဲနုန်းများကို ဆေးထုတ်လိုသည့်အခါ အသုံးပြုရန် တမံအောက်ဘက်ပိုင်းတွင် တပ်ဆင်ထားသည့် gate မျိုးဖြစ်သည်၊ အထက်ပေါင်းလောင်း တစ်ခုသာ ဤအပေါက်ရှိသည်။ သို့သော် ဤအပေါက်ကို ဖွင့်ရသည့်အချိန်သည် မိုးဦးကျရေဝင်ရောက်ခါစတွင်သာ ဖွင့်ရပါသည်။ အခုလို ကန်ရေပြည့်နေချိန် ဖွင့်ရိုးထုံးစံမရှိပါ။
(၅) navigation lock ဖွင့်ခြင်းမှာ တမံအထက်ပိုင်းရေပြင်နှင့် အောက်ဘက်ချောင်းကို ဆက်စပ်ပေးပြီး လှေများ၊ မော်တော်များ၊ သင်္ဘောများ သွားလာနိုင်ရန် စီစဉ်ထားသည့် အပေါက်အတွင်း ရေနိမ့်မြင့်ညှိပေးသည့် ရေလမ်းဖြစ်သည်၊ မလိုအပ်ဘဲလုံးဝမဖွင့်ပါ။ ဤအပေါက်မျိုးမှာ မြန်မာနိုင်ငံတွင် မိုးဗြဲတမံတွင်သာရှိသည်။ မည်သည့်တမံမဆို ဤ(၅)မျိုးမှလွဲ၍ မည်သည့်နည်းနှင့်မျှ ရေထုတ်လွှတ်ခြင်း မလုပ်နိုင်ပါ။ တမံမှရေဖောက်ချ၍ အောက်ဘက်ရေကြီးပါသည်ဆိုသော အသုံးအနှုန်းသည် ဤအချက်ငါးချက်ကို မသိကြ၍လည်း ဖြစ်နိုင်သလို ရည်ရွယ်ချက်ရှိရှိ တမင်သက်သက်ပြည်သူအား အမြင်လွဲမှားစေရန် ဆောင်ရွက်နေခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။
စာရေးသူ၏ အမြင်အားတင်ပြရပါလျှင် ဆည်တမံများတည်ဆောက်ခြင်းကြောင့် ယခု ရာဂီကဲ့သို့ မုန်တိုင်းများ ဖြစ်ပေါ်လာသည့်အခါတွင် အောက်ပါအကျိုးကျေးဇူးများကို ရရှိခံစားကြရပြီး စည်ကမ်းမလိုက်နာမှုများကြောင့်သာ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိခဲ့ခြင်းဖြစ်သည်ဟု ယူဆမိပါသည်။ ဆည်တာတမံများ တည်ဆောက်ခြင်း၏ အဓိကကျေးဇူးများမှာ-
(၁) Flood Control
ဆည်တမံများသည် ရေကိုထိန်းချုပ် သိုလှောင်ထားသဖြင့် ရေလွှမ်းမိုးမှုအန္တရာယ်ကို လျော့ပါးစေပြီး ချက်ချင်းရေလျှံခြင်းမျိုးမှ ကာကွယ်ပေးနိုင်ပါသည်။
(၂) ရေသိုလှောင်ထားနိုင်ခြင်း
စိုက်ပျိုးရေနှင့် သောက်သုံးရေအတွက် ရေကို ပိုမိုသိုလှောင်ထားနိုင်ပြီး အကျိုး ကျေးဇူးများစွာ ရရှိစေပါသည်။
(၃) ရေအားလျှပ်စစ်ထုတ်နိုင်ခြင်း
ရေများစွာကို ပိုမိုသိုလှောင်ထားနိုင်သဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှုကို ပိုမိုမြှင့်တင်ပေးနိုင်စွမ်း ရှိပါသည်။
(၄) ဆည်မြောင်းပံ့ပိုးမှုပေးနိုင်ခြင်း
မိုးရာသီကုန်လွန်ပြီး လယ်ယာစိုက်ပျိုးရေး အတွက် ရေကိုပိုမို၍ ဆက်လက်ပေးဝေ နိုင်ပါမည်။
(၅) တိုက်စားမှုနှင့် တိမ်ကောမှုများ ထိန်းချုပ်ခြင်း
ရေတိုက်စားမှုနှင့် မြစ်ချောင်းများ တိမ်ကောမှုမှ ထိန်းချုပ်နိုင်ပြီး ရေလွှမ်းမှု၊ မိုးများမှုမှ များစွာကာကွယ်ပေးနိုင်ပါသည်။
ရာဂီကဲ့သို့ မုန်တိုင်းများကြောင့် ပြင်းထန်သော မိုးရွာသွန်းမှုများတွင် ဆည်တမံများ ဖောက်ချခြင်းကြောင့် ပျက်စီးဆုံးရှုံးရခြင်း လုံးဝမဟုတ်ပါ၊ ဆည်တမံများတည်ဆောက်ထားပြီး ရေပမာဏနှင့် စီးဆင်းမှုကို စီမံခန့်ခွဲနိုင်ခြင်းဖြင့်သာ ပျက်စီးဆုံးရှုံးမှုကို လျှော့ချနိုင်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့်တင်ပြလိုသည်မှာ ရေကြီးခြင်းသည် ဆည်မြောင်းတာတမံများ (အထူးသဖြင့် လျှပ်စစ်ထုတ်လုပ်လျက်ရှိသော ဆည်မြောင်းတမံကြီးများ)မှ ရေကိုဖောက်ချ၍ မရနိုင်ကြောင်းကို တည်ဆောက်ပုံနှင့် ဒီဇိုင်းပိုင်းတို့အား တင်ပြထားပြီးဖြစ်၍ အထူးမပြောလိုတော့ပါ။
ယခုကဲ့သို့ ရေကြီးခြင်းဖြစ်ရခြင်းမှာ (၁) မိုးရေချိန်မြင့်မားစွာ တစ်ခဏအတွင်းရွာသွန်းခြင်း၊ (၂) မြစ်ချောင်းများအတွင်း အနည်ကျမှုများလာခြင်းကြောင့်သာ အဆိုပါမြစ်ချောင်းများ ကောလာပြီး ရေစီးစရာမရှိဘဲ ရေမြင့်တက်လာခြင်းနှင့် (၃) လတ်တလော မိုးရွာသွန်းမှုများကို အောက်ရေ (ပုံမှန်ဒီရေ)က တောင့်ခံနေခြင်း စသည့်အချက်ကြီး သုံးချက်ကြောင့်သာ ရေကြီးခြင်းဖြစ်စေသည်ကို ပြည်သူများ သိရှိနားလည်သဘောပေါက်ကြစေလိုပါသည်။
အထူးသဖြင့် ရေအားဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းကြောင့် ရေကြီးခြင်းမဟုတ်ဘဲ ထိုသို့ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကြောင့်သာ ရေကြီးမှုဒဏ်ကို ကာကွယ်နိုင်ခြင်းဖြစ်ပြီး မျှော်မှန်းမရသော ထူးကဲသည့် မိုးလေဝသအခြေအနေအရ တောင်ကျရေများ ရုတ်တရက်စီးဆင်းလာခြင်း၊ ရေလမ်းကြောင်းချောင်းဧရိယာအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ အချိန်အနည်းငယ်အတွင်း မိုးရေချိန်များလွန်းပြီး အောက်ရေက တောင့်ခံနေခြင်းတို့ကြောင့်သာ ရေကြီးရေလျှံဖြစ်၍ ယခုလိုပျက်စီးဆုံးရှုံးမှုများခဲ့ရခြင်းဖြစ်ပါကြောင်း စာရေးသူ၏ အမြင်ကို ရေးသား တင်ပြလိုက်ရပါသည်။ ။