Skip to main content

နိုင်ငံရေးနှင့် နိုင်ငံ့အရေး

မင်းခန့်ကျော်(ဥပဒေ)

နိုင်ငံတည်ဆောက်ရေးနဲ့ပတ်သက်လို့ အလွန်အရေးကြီးလှတဲ့ ယနေ့အချိန်အခါကာလမှာ နိုင်ငံသားအများစုရဲ့ “နိုင်ငံရေး” အပေါ် အဓိပ္ပာယ်ကောက်ယူပုံ၊ နားလည်ပုံ၊ တာဝန်ယူပုံတို့ဟာ များစွာအရေးကြီးလှပါတယ်။ နိုင်ငံရေးဆိုတာဟာ နိုင်ငံတည်ဆောက်ရေးအတွက် ကွဲပြားခြားနားတဲ့အမြင်၊ သဘောထားရှိသူတွေက အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး ဖြစ်နိုင်ခြေရှိတာတွေကို ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးဆိုတာဟာ ကွဲပြားတဲ့တန်ဖိုးတွေ၊ အကျိုးစီးပွားတွေ၊ ရည်မှန်းချက်တွေကြောင့် ဖြစ်ပေါ်လာရတာမှန်သော်လည်း အဲ့ဒီကိစ္စတွေကိုဖြေရှင်းဆောင်ရွက်ဖို့ အတိုက်အခံလုပ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ နိုင်ငံတည်ဆောက်ရေးဟာ အတိုက်အခံလုပ်ငန်းစဉ် မဟုတ်ပါဘူး။

နိုင်ငံရေးအမျိုးမျိုးရဲ့ အန္တိမရည်မှန်းချက်ဟာ နိုင်ငံတည်ဆောက်ရေးသာဖြစ်

အဓိက မီးမောင်းထိုးပြလိုတဲ့အချက်ကတော့ နိုင်ငံရေးဟာ မိမိနဲ့မတူညီသူတွေကို ဆန့်ကျင်ရတဲ့လုပ်ငန်းစဉ်မဟုတ်ဘဲ မတူညီတဲ့ရပ်တည်ချက်တွေ၊ သဘောထားတွေကြားမှာ နိုင်ငံတည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေတစ်စုံတစ်ရာကို ရှာဖွေရေးသာဖြစ်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ နိုင်ငံရေးအမျိုးမျိုးရဲ့ အန္တိမရည်မှန်းချက်ဟာ နိုင်ငံတည်ဆောက်ရေးသာဖြစ်လို့ ဖြစ်နိုင်ခြေတစ်စုံ တစ်ရာကို မရှာဖွေနိုင်ဘူးဆိုရင်တော့ နိုင်ငံတည်ဆောက်ရေးဟာလည်း ဖြစ်နိုင်စရာရှိမှာ မဟုတ်ပါဘူး။

နိုင်ငံရေးလို့ ပြောဆိုကြတဲ့အခါ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုတာ တွဲပါလာတတ်ပါတယ်။ ပါတီနိုင်ငံရေးကိုတော့ အာဏာနိုင်ငံရေးလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးပါတီတွေဟာ အာဏာရဖို့ကြိုးစားကြတာကြောင့် ဖြစ်ပါတယ်။ အာဏာနိုင်ငံရေးဟာ Game သဘောဆောင်တဲ့အတွက် ကစားကွက်ရှိပြီး လူကြိုက်များအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်ဖို့လိုတာကို တွေ့ရပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင် Anthony Downs က နိုင်ငံရေးပါတီတွေဟာ လူကြိုက်များမှုနဲ့ မဲအများဆုံးရရှိဖို့အတွက် ယုတ္တိတန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာ ပြည်သူလူထုအတွက် အဓိပ္ပာယ်ရှိတဲ့ ရွေးချယ်စဉ်းစားစရာတွေကို ထုတ်ဖော်ရမှာဖြစ်သော်လည်း ပြည်သူလူထုရဲ့ သည်းခြေကြိုက်ခံစားချက်တွေကို ကြွေးကြော်မှုသက်သက်ဖြစ်သွားတတ်တယ်လို့ ဆိုထားပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ မူဝါဒကြွေးကြော်သံတွေမှာ သည်းခြေကြိုက်စကားလုံးတွေ သက်သက်သာ ပါတယ်ဆိုရင်တော့ လူကြိုက်များတာထက် ဘာမှမပိုတဲ့ နိုင်ငံရေးသာဖြစ်ပါမယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ဆန့်ကျင်ဘက်ခွဲခြားမှုတွေနဲ့ သည်းခြေကြိုက်နိုင်ငံရေးတွေ ကိုကျော်လွန်ပြီး ရွေးချယ်စရာအယူအဆအမျိုးမျိုးဖြစ်ထွန်းပေါ်ပေါက်တဲ့အဆင့်ထိ တရွေ့ရွေ့ချီတက်ရမယ့် ခရီးရှည်ကြီးတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ချစ်ခြင်း၊ မုန်းခြင်း အလွန်အမင်းဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကြောင့် လက်ရှိအခြေအနေကို ယထာဘူတကျကျ ကြည့်မြင်နိုင်ဖို့ ခဲယဉ်းသွားရုံသာမက အဲ့ဒီလိုရှုမြင်ထောက်ပြ သူတွေကို ဆန့်ကျင်ဘက်ခွဲခြားပြီး ရန်သူပမာဆက်ဆံခံရတဲ့အထိ ဆူးပေါက်ထားသူတွေကို တွေ့ရမှာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးဟာ နိုင်ငံတည်ဆောက်ရေးဖြစ်တဲ့အားလျော်စွာ အဓိပ္ပာယ်ကောက်ယူမှု မှန်ကန်စွာနဲ့ နိုင်ငံသား အားလုံးပါဝင်ဆင်နွှဲရမှာပဲ ဖြစ်ပါတယ်။

ပါတီနိုင်ငံရေးကို ဆက်ရမယ်ဆိုရင် ပါတီနိုင်ငံရေးဟာကမ္ဘာအနှံ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံအချို့ကလွဲလို့ နိုင်ငံတိုင်းနီးပါးမှာ ပါတီစနစ်ရှိကြပါတယ်။ နိုင်ငံရေးပါတီနဲ့ပတ်သက်လို့ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးရှိတဲ့အနက်က အီတလီပညာရှင်တစ်ဦးက “နိုင်ငံရေးပါတီဆိုတာ ရွေးကောက်ပွဲတွေမှာ တရားဝင်ကိုယ်ပိုင်သင်္ကေတတစ်ခုကို စွဲကိုင်ကာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အဲ့ဒီရွေးကောက်ပွဲတွေကတစ်ဆင့် ၎င်းတို့ရဲ့ကိုယ်စားလှယ်တွေကို အစိုးရရာထူးတွေဆီ ပို့ပေးနိုင်စွမ်းရှိတဲ့ နိုင်ငံရေးအစုအဖွဲ့တစ်ခု” လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း ပါတီနိုင်ငံရေးကို အာဏာနိုင်ငံရေးလို့လည်း ဆိုကြတာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးအမြင်ဖော်ဆောင်တဲ့တာဝန်ကို ကြည့်မယ်ဆိုရင် သက်ဆိုင်ရာလူမှုအုပ်စုအသီးသီးရဲ့ မျှော်မှန်းချက်တွေ၊ လိုလားချက်တွေကို နိုင်ငံရေးစနစ်အတွင်း ထင်ရှားပေါ်လွင်စေဖို့ စွမ်းဆောင်ကြရမှာဖြစ်ပါတယ်။ လိုအပ်ပါက အမျိုးသားနိုင်ငံရေးမှာလည်း တစ်တပ်တစ်အား ပါဝင်ကြရမှာဖြစ်ပါတယ်။

မျက်မှောက်ကာလ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေ ဘယ်လောက်ရှိလဲဆိုတာကို သိဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အင်တာနက်စာမျက်နှာကို ဝင်ရောက်ကြည့်တဲ့အခါမှာတော့ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီပေါင်း ၅၂ ပါတီရှိတာကို တွေ့ရှိရပါတယ်။ ယင်းပါတီများအနက်မှ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် မြိုတိုင်းရင်းသားပါတီတို့အား မှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သဖြင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၅၀ ပါတီရှိပါတယ်။ စာရေးသူအနေနဲ့ ဘာကြောင့် နိုင်ငံရေးပါတီအရေအတွက်ကို သိချင်ရတာလဲလို့ မေးရင်သတင်းတွေမှာ မြင်တွေ့နေရတဲ့ နိုင်ငံရေးပါတီတွေရဲ့ ထုတ်ပြန်ချက်တွေကြောင့် ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ပဉ္စသီမော်ကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေစီးနင်းလာတဲ့ မော်တော်ယာဉ်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ၅-၆-၂၀၂၄ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီ(၂၀)ရဲ့ထုတ်ပြန်ချက်၊ ၁၀၂၇ ဒုတိယလှိုင်းအမည်နဲ့ မြို့၊ ရွာတွေကို အကြမ်းဖက်တိုက်ခိုက်လာတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ၁၁-၇-၂၀၂၄ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီ(၂၃)ပါတီရဲ့ ထုတ်ပြန်ချက်၊ CRPH/NUG/PDF/MNDAA/TNLA/AA အပါအဝင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ၂၄-၇-၂၀၂၄ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီ(၂၇)ပါတီရဲ့ ထုတ်ပြန်ချက်၊ MNDAA/TNLA/AA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေက လားရှိုးမြို့ရှိ ခုတင် ၁၀၀ ဆေးရုံကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ၄-၈-၂၀၂၄ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီ(၂၅)ပါတီရဲ့ ထုတ်ပြန်ချက်၊ MNDAA/TNLA/ AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့မှုအပေါ် ၃-၉- ၂၀၂၄ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီ(၂၅)ပါတီရဲ့ ထုတ်ပြန်ချက်တွေကို လေ့လာဖတ်ရှုမိရင်းက နိုင်ငံရေးပါတီ ၂၀ ကျော်ပဲရှိတာလားဆိုတဲ့အတွေးဝင်လာပြီး နိုင်ငံရေးပါတီ ဘယ်လောက်ရှိတယ်ဆိုတာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အင်တာနက်စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆန့်ကျင်ဖို့ဆိုတာ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်

အကြမ်းဖက်အုပ်စုတွေရဲ့ လူမဆန်တဲ့အကြမ်း ဖက်လုပ်ရပ်တွေကို မကန့်ကွက်မရှုတ်ချဘဲ ဆိတ်ဆိတ်နေခြင်း၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံတော်နယ်နိမိတ်တည်တံ့ခိုင်မြဲမှုကို ထိပါးနှောင့်ယှက်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် နှုတ်ဆိတ်နေခြင်းတွေဟာ အကြမ်းဖက်မှုကို အားပေးထောက်ခံနေတာလားလို့တောင် ထင်စရာရှိပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ဖို့၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံတော်နယ်နိမိတ် တည်တံ့ခိုင်မြဲမှုကို ထိပါးနှောင့်ယှက်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆန့်ကျင်ဖို့ဆိုတာ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံတည်ဆောက်ရေးလို့ ယေဘုယျအားဖြင့် လက်ခံထားတဲ့အားလျော်စွာ နိုင်ငံတည်ဆောက်ရေးအတွက် ဆူးငြောင့် ခလုတ်ဖြစ်တဲ့ အကြမ်းဖက်မှုတွေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ အနည်းဆုံးအားဖြင့် ဆန့်ကျင်ကန့်ကွက်ကြဖို့ဆိုတာ နိုင်ငံ့အရေးကို ဆောင်ရွက်ကြမယ့် နိုင်ငံရေးပါတီတိုင်းမှာ တာဝန်မရှိဘူးလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ သည်းခြေကြိုက်နိုင်ငံရေးထဲကပဲ ရုန်းမထွက်နိုင် တာလား၊ အမျိုးသားနိုင်ငံရေးကို ဦးစားပေး ဆောင်ရွက်ရမယ့်အချိန်ကာလမှာ ပါတီနိုင်ငံရေးကိုပဲ ဦးစားပေးပြီး အချိန်အခါမကျသေးမီမှာ အတိုက်အခံစိတ်ထားကို ဆုပ်ကိုင်ထားရှိနေတာလားဆိုတာ တွေးစရာဖြစ်လာပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် လူလုံးထွက်မပြတာဟာလည်း အမျိုးသားနိုင်ငံရေးဖြစ်တဲ့ နိုင်ငံ့အရေးနဲ့ ပြည်သူတွေရဲ့အရေးကိစ္စတွေကို အလေးမထားတာလားလို့ တွေးစရာဖြစ်လာပါတယ်။

အထက်မှာဆိုခဲ့သလိုပင် ပါတီနိုင်ငံရေးဟာ Game သဘောဆောင်တဲ့အတွက် ကစားကွက်ရှိပြီး လူကြိုက်များအောင် နည်းအမျိုးမျိုးနဲ့လုပ်ဆောင်ကြမယ်၊ Game သဘောဆောင်တဲ့အတွက် အနိုင်အရှုံး၊ အကျိုးအမြတ်တွေထည့်တွက်ကြမယ် ဆိုပေမယ့်လည်း ပွင့်လင်းစွာပြောရမယ်ဆိုရင် အမျိုးသားနိုင်ငံရေးကတော့ Game သဘောမဆောင်တဲ့အတွက် ကစားကွက်မရှိ၊ လှည့်စားမှုမရှိ၊ အနိုင်အရှုံးမရှိ၊ ငါကွလုပ်ရန်မရှိတဲ့သဘောကိုဆောင်ပြီး နိုင်ငံအရေး၊ ပြည်သူတွေရဲ့အရေးကို ဦးစားပေးဆောင်ရွက်တာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ပါတီနိုင်ငံရေးဟာ စိတ်ကျေနပ်မှုရရှိရေး feel good ကို ဦးစားပေးပြီး အမျိုးသားနိုင်ငံရေးကတော့ တစ်ခုခုကိုကောင်းအောင်ပြုလုပ်ရေး make good ကို ဦးစားပေးတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးကစားသူတွေအတွက်တော့ feel good က အရေးကြီးပါတယ်။ အလှအပတွေ၊ အကောင်းဆုံးတွေ၊ လူကြိုက်များတာတွေ ရွေးလုပ်၊ ရွေးပြောကြမှာသာဖြစ်တယ်။ အမျိုးသားနိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ကစားကွက်ပါစရာမလိုတဲ့အတွက် အပြုသဘောဆောင်ခြင်း၊ ပိုမိုကောင်းမွန်စေခြင်း make good တွေကို လွတ်လွတ်လပ်လပ်ရှေးရှုခွင့်ရမှာဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံရေးပါတီတွေ အနေနဲ့ အာဏာနိုင်ငံရေးဖြစ်တဲ့ ပါတီနိုင်ငံရေးအပြင် နိုင်ငံ့အရေးဖြစ်တဲ့ အမျိုးသားနိုင်ငံရေးကိုပါ အချိုးကျမျှတစွာ ဆောင်ရွက်ကြစေလိုပါတယ်။ နိုင်ငံရေးပါတီတွေ၊ စာရေးသူတို့ နိုင်ငံသားတွေအနေနဲ့ ချစ်ခြင်း၊ မုန်းခြင်းကင်းစွာ အခြေအနေကို ခွဲခြမ်းစိတ်ဖြာနားလည်နိုင်မယ်ဆိုရင် နိုင်ငံတည်ဆောက်ရေးမှာ နိုင်ငံရေးပါတီတွေအနေနဲ့ဖြစ်စေ၊ နိုင်ငံသားတွေအနေနဲ့ဖြစ်စေ၊ လူ့အဖွဲ့အစည်းအနေနဲ့ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းပေါင်း များစွာရှိနေတာကို တွေ့ရှိရမှာ မလွဲဧကန်ပင်ဖြစ်ပေတယ်။ ။