ပြည်သူ့အတွက်သစ်တောရတနာ - သစ်မဟုတ်သောသစ်တောထွက်ပစ္စည်းများ Non-Timber Forest Products-NTFPs
သစ်တောမောင်
သစ်တောသယံဇာတများ
သစ်တောများသည် ကမ္ဘာ့ကုန်းနေဇီဝမျိုးစုံမျိုးကွဲ ၈၀ ရာခိုင်နှုန်း၏ ခိုလှုံရာဖြစ်ပြီး သစ်ပင်မျိုးစိတ်ပေါင်း ခြောက်သောင်းကျော် ပါဝင်လျက်ရှိသည်။ ကမ္ဘာ့လူဦးရေ ၁ ဒသမ ၆ ဘီလီယံခန့်သည် အစားအစာ၊ ခိုလှုံစရာ၊ စွမ်းအင်၊ ဆေးဝါးများနှင့် ဝင်ငွေအတွက် သစ်တောများအပေါ် တိုက်ရိုက်မှီခိုလျက်ရှိပြီး လူဦးရေ ၃၃ သန်းအတွက် အလုပ်အကိုင် ဖန်တီးပေးလျက်ရှိသည်။ ကမ္ဘာ့စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုများ၏ ၅၀ ရာခိုင်နှုန်းကျော်သည် ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဆက်စပ်လျက်ရှိသည်။ သစ်တောများနှင့် ဂေဟစနစ်များမှ ပံ့ပိုးသော ဘက်စုံအကျိုးကျေးဇူးများသည် သက်ရှိလောကတည်မြဲရေး အတွက်လည်းကောင်း၊ ကျေးလက်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်းကောင်း၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း အလွန်အရေးပါလှသည်။
သစ်တောများမှ သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ထောက်ပံ့ပေးသကဲ့သို့ ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သော ထောက်ပံ့မှု ဆိုင်ရာဝန်ဆောင်မှုများ (Provisional Services)၊ ပတ်ဝန်းကျင်ထိန်းညှိမှုဆိုင်ရာဝန်ဆောင်မှုများ (Regulating Services)၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်မှု များ၊ ဖြည့်ဆည်းခြင်းဆိုင်ရာဝန်ဆောင်မှုများ (Aesthetic, Cultural and Spiritual Services) နှင့် အပြန်အလှန် ချိတ်ဆက်ပေါင်းစပ် ထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများ (Supporting Services) ကိုလည်း ထောက်ပံ့ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံသည် သစ်တောသယံဇာတများ အလွန်ကြွယ်ဝသော နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂစားရေ ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်အစီရင်ခံစာအရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းကို သစ်တောများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ မတူကွဲပြားသော ဂေဟစနစ်အမျိုးမျိုးတွင် သစ်တောအမျိုးအစားစုံလင်စွာ ပေါက်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံ မြောက်ဖျားမှသည် တောင်ဖျားအထိ အအေးပိုင်း သစ်တောများ၊ ရွက်ပြတ်ရောနှောတောများ၊ အပူပိုင်းသစ်တောများ၊ အမြဲစိမ်းတောများနှင့် ဒီရေတောများ စသည်ဖြင့် စုံလင်စွာပေါက်ရောက်လျက်ရှိပြီး မှတ်တမ်းတင်ထားနိုင်သော အပင်မျိုးစိတ် ၁၁၈၂၄ မျိုး၊ နို့တိုက်သတ္တဝါမျိုးစိတ် ၂၅၈ မျိုး၊ ငှက်မျိုးစိတ် ၁၀၉၈ မျိုး ၊ တွားသွားသတ္တဝါမျိုးစိတ် ၂၉၁ မျိုး၊ ကုန်းနေရေနေမျိုးစိတ် ၁၁၉ မျိုး၊ လိပ်ပြာမျိုးစိတ် ၁၂၀၀၊ ရေချိုငါး မျိုးစိတ် ၅၂၀၊ ရေငန်ငါး မျိုးစိတ် ၅၇၈ မျိုး၊ သန္တာမျိုးစိတ် ၁၃၂ မျိုး၊ ပင်လယ်မြက်မျိုးစိတ် ၁၁ မျိုး၊ ပင်လယ်ရေမှော် ၃၈ မျိုး၊ ဝါးမျိုးစိတ် ၁၀၂ မျိုးနှင့် ဆေးဖက်ဝင်ပင် မျိုးစိတ် ၁၅၄၀ ရှိပါသည်။
သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ (Non-Timber Forest Products-NTFPs)
သစ်တောထွက်ပစ္စည်းများ(Forest Products) သည် သစ်တောများမှပံ့ပိုးပေးသည့် ထောက်ပံ့မှုဆိုင်ရာဝန်ဆောင်မှု (Provisional Services) များ ဖြစ်သည်။ သစ်တောထွက်ပစ္စည်းများ ဆိုသည်မှာ သစ်တောနယ်မြေနှင့် အစိုးရကစီမံခန့်ခွဲခွင့်ရှိသောမြေတွင် ပေါက်ရောက်နေသော သို့မဟုတ် တွေ့ရှိရသော သစ်ပင်၊ သစ်ရွက်၊ ပန်း၊ သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ သစ်ခွ၊ အခြားကပ်ပါးပင်များနှင့် ယင်းတို့မှထွက်ရှိသော ပစ္စည်းများကိုဆိုသည်။ ယင်းစကားရပ်တွင် တောရိုင်းတိရစ္ဆာန်များ၊ ပိုးမွှားများ၊ ယင်းတို့၏ အစိတ်အပိုင်းများနှင့် ယင်းတို့မှထွက်ရှိသော ပစ္စည်းများလည်းပါဝင်သည်ဟု ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော သစ်တောဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုသည်မှာ သဘာဝတောများ၊ သစ်တောစိုက်ခင်းများ၊ သစ်တောမြေများနှင့် သစ်တောဖုံးလွှမ်းလျက်ရှိသော နယ်မြေများမှ ထုတ်ယူရရှိသော အပင်နှင့်တိရစ္ဆာန်များ ဇီဝအရင်းအမြစ်များကို ဆိုလိုသည်ဟု ဖော်ပြထားပါသည်။
တစ်နည်းအားဖြင့် သစ်မှအပ သစ်ပင်၊ သစ်တောများမှရရှိသည့် မည်သည့်သစ်တောထွက်ပစ္စည်းကိုမဆို သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဟု သတ်မှတ်နိုင်ပါသည်။ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို ယခင်က အသေးအဖွဲသစ်တောထွက်ပစ္စည်းများ (minor forest products) ဟုလည်းကောင်း၊ သစ်တောဘေးထွက်ပစ္စည်းများ (byproducts of forests) ဟုလည်းကောင်း၊ သစ် မဟုတ်သော ပစ္စည်းနှင့်ဝန်ဆောင်မှုများ (non-wood goods and services) ဟုလည်းကောင်း၊ အခြားသစ်တောထွက်ပစ္စည်းများ (other forest products) ဟုလည်းကောင်း၊ ဒုတိယသစ်တောထွက် ပစ္စည်းများ (secondary forest products) ဟုလည်းကောင်း၊ အထူးသစ်တောထွက်ပစ္စည်းများ (special forest products) ဟုလည်းကောင်း အမျိုးမျိုးခေါ်ဆိုခဲ့ကြပါသည်။ သို့သော်လည်း ယခုအခါ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ သည် ကျေးလက်အိမ်ထောင်စုများ၏ နေ့စဉ်အသက်မွေးဝမ်းကျောင်းအတွက် အထောက်အပံ့ပြု နိုင်ရုံသာမက နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာလျက်ရှိသဖြင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ (Non-timber Forest Products-NTFPs) ဟု ခေါ်ဝေါ်သုံးစွဲလာပါသည်။ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများသည် မတူကွဲပြားသော ရေ၊ မြေ၊ ရာသီဥတုနှင့် သစ်တောဂေဟစနစ်အလိုက် ပျံ့နှံ့စွာပေါက်ရောက်ပြီး အမျိုးအစားစုံလင်လှပါသည်။ သစ်တောအမျိုးအစားနှင့် ဂေဟစနစ်အလိုက် သစ်ပင်မျိုးစိတ်များ၊ သစ်ပင်၊ သစ်တောများနှင့်ဆက်နွှယ်ပြီး ပေါက်ရောက်ကြသည်။
မြန်မာ့သစ်တောများတွင် စီးပွားရေးအရ အဖိုးတန်သစ်မျိုးများဖြစ်သော ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သင်းဝင် စသည့်သစ်မျိုးများ ပေါက်ရောက်လျက်ရှိသကဲ့သို့ ဂေဟစနစ်အရ အရေးပါသော အပင် မျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစွာ ပေါက်ရောက်လျက်ရှိသဖြင့် နိုင်ငံ၏စီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူပြုလျက်ရှိသည်။ ထို့အတူ သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများဖြစ်သည့် တိုင်၊ မျော၊ ကြိမ်၊ ဝါး၊ ထင်း၊ မီးသွေး၊ သင်ပေါင်းသား၊ ငှက်သိုက်၊ ပျားရည်၊ မှို၊ ဆေးဖက်ဝင်အပင်များ၊ ဓနိသက်ငယ်၊ ရှားစေး၊ ဖာလာစေ့၊ လျှော်၊ အင်တွဲ၊ ပွဲလျက်၊ လင်းနို့ချေး၊ ကညင်ဆီ၊ ထင်းရှူးဆီ၊ ပျားဖရောင်း၊ သစ်စေး၊ ချိပ်၊ သနပ်ခါး၊ စားသုံးနိုင်သော သစ်ဥ၊ သစ်မြစ်၊ သစ်ခေါက်၊ အသီး၊ အရွက်များ၊ အခွံမာအစေ့များနှင့် အသီးများ၊ အဆန်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ တိရစ္ဆာန်အစားအစာများကိုလည်း မြန်မာ့သစ်တောများတွင် နေရာဒေသအလိုက် ပေါများစွာတွေ့ရှိရသဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်သာမက နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း အထောက်အကူပြုလျက်ရှိပါသည်။
သစ်တောများနှင့် သစ်တောများ ပြင်ပပေါက်ရောက်သော သစ်ပင်များ၊ လယ်ယာပတ်ဝန်းကျင်တွင် ပေါက်ရောက်လျက်ရှိသော သစ်ပင်များသည် အထူးသဖြင့်စားရေရိက္ခာရင်းမြစ်များ မရရှိနိုင်သည့် ရှားပါးသည့်အချိန်တွင် စားရေရိက္ခာအမျိုးမျိုးကို ပံ့ပိုးပေးသည့်အတွက် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် စားရေရိက္ခာဖူလုံမှုအတွက် သိသာထင်ရှားသော အထောက်အပံ့များ ဖြစ်စေပါသည်။ ဈေးကွက်ဝင်စီးပွားဖြစ် ထုတ်ယူရောင်းဝယ်သော သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများရှိသကဲ့သို့ မိမိသုံး၊ အိမ်သုံးအတွက် အနည်းငယ်သာ ထုတ်ယူသုံးစွဲသော သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများလည်းရှိသည်။
သစ်တော၊ သစ်ပင်များ၏ စားသုံးနိုင်သော အသီး၊ အရွက်၊ အမြစ်၊ အခေါက်၊ အပွင့်၊ အစေ့ စသည့် သစ်တောထွက်ပစ္စည်းများသည် သစ်တောများအတွင်း အလွယ်တကူရနိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတကာ အာဟာရအရည်အသွေးအပြည့်ရှိသော စားရေရိက္ခာများလည်း ဖြစ်ပါသည်။ ဥပမာအားဖြင့် မျှစ်၊ မှိုနှင့် အသီး၊ အရွက်၊ အမြစ်များ၊ အစေ့များ အပါအဝင် စားသုံးနိုင်သော သစ်တောထွက် ပစ္စည်းများကို သန့်စင်စေရန် ဆေးကြောခြင်း၊ အခြောက်ခံခြင်း စသည်ဖြင့် ပြုပြင်ပြီး သိမ်းဆည်းထားပါက တစ်နှစ်ပတ်လုံး စားရေရိက္ခာထောက်ပံ့မှုကို ရရှိစေနိုင်ပါသည်။ စားသုံးနိုင်သော တောကောင်ငယ်များ (bushmeat) ၏ အသားနှင့် အစားအစာများသည် ဗီတာမင်၊ ပရိုတင်း၊ အဆီ၊ သကြားနှင့် သတ္တုဓာတ်များကြွယ်ဝပြီး ရရှိနိုင်မှုအပေါ်မူတည်၍ တစ်နှစ်ပတ်လုံး ရာသီမရွေး စားသုံးနိုင်ပါသည်။
သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများသည် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် တိုက်ရိုက်ဆက်စပ်နေသဖြင့် သစ်တောများအပေါ် တိုက်ရိုက်မှီခိုသော လူဦးရေပိုမိုများပြားလာသည်နှင့်အမျှ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၏ အခန်းကဏ္ဍသည်လည်း ပိုမိုအရေးပါလာလျက်ရှိပါသည်။ အချို့သော သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို သဘာဝတောများမှ ထုတ်ယူခြင်းသာမက စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လာလျက်ရှိပါသည်။ ဥပမာ သစ်ခွအမျိုးမျိုး၊ ဝါး၊ မျှစ်၊ ကြိမ်၊ မှို၊ ချဉ်ပေါင်ဖာလာ၊ ငရုတ်ကောင်း၊ လျှော်ဖြူ၊ ပျားရည်၊ ငှက်သိုက်၊ ဆေးဖက်ဝင်အပင်များ စသည့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများသည် ဈေးကွက်လိုအပ်ချက် မြင့်မားလာမှုနှင့်အတူ စီးပွားဖြစ် စိုက်ပျိုး၊ မွေးမြူထုတ်လုပ်လာကြပါသည်။
သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို စီးပွားဖြစ်အမြောက်အမြား ထုတ်ယူခြင်းထက် တစ်နိုင်တစ်ပိုင်ထုတ်ယူခြင်း၊ မိမိသုံးထုတ်ယူခြင်းက ပိုမိုများပြားသဖြင့် ကိန်းဂဏန်းအချက်အလက်များ၊ ဈေးကွက်ပမာဏ၊ ဝယ်လိုအား၊ ရောင်းလိုအား၊ သက်ဆိုင်ရာ အစိုးရဌာနများအတွက် သတင်းအချက်အလက်များ အကန့်အသတ်ဖြင့်သာ ရှိနေပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနအနေဖြင့် သဘာဝတောများမှ အဓိကထွက်ရှိသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း ၅၉ မျိုး ထုတ်လုပ်မှုများကို အခွန်တော်စည်းကြပ်ကောက်ခံလျက်ရှိပါသည်။ ၂၀၂၀-၂၀၂၁ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အဓိကထုတ်လုပ်ခဲ့သော သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၏ နှစ်စဉ်ပျမ်းမျှ ထုတ်လုပ်မှုပမာဏမှာ ကျွန်းနှင့်သစ်မာတိုင် ၄၄၃၉၁ လုံး၊ ကျွန်းနှင့်သစ်မာမျော ၁၈၉၆၄ လုံး၊ ထင်း ၁၄၄၇၅၈ ကုဗတန်၊ မီးသွေး ၈၈၄၂၇ ကုဗတန်၊ ဝါးလုံးပေါင်း ၉၂ ဒသမ ၃၄၃ သန်း၊ ကြိမ်လုံးပေါင်း ၄ ဒသမ ၃၃၈ သန်း၊ ဓနိ/သက်ငယ်ပျစ် ၂၃၉၁၉၂၅၀၊ သစ်ခေါက် ၄၀၁၂၉၆ ပိဿာ၊ သနပ်ခါး ၁၄၂၇၈ ပိဿာ၊ ဖာလာစေ့ ၁၁၀၆၅ ပိဿာ၊ အင်တွဲ/ပွဲလျက် ၁၀၃၂၄၅ ပိဿာ၊ ငှက်သိုက် ၉၅၆ ပိဿာ၊ ပျားရည် ၁၁၆၀၂ ပိဿာ၊ ပျားဖရောင်း ၅၂၈ ပိဿာ၊ လင်းနို့ ချေး ၁၃၆၄၇၃ ပိဿာ၊ သစ်စေး ၁၂၂၀၄ ပိဿာ၊ လျှော် ၁၇၂၇၃ ပိဿာ၊ ရှားစေး ၁၂၈၉၀၅ ပိဿာ၊ ချိပ် ၃၈၀၆၅ ပိဿာ၊ ကရမက်ပိဿာ ၂၀၅၀ စသည်ဖြင့် ထုတ်လုပ်နိုင်ခဲ့ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေခဲ့ပါသည်။
ကျေးလက်ဒေသနေပြည်သူများ၊ မိရိုးဖလာအရ သစ်တောများပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများသည် အစားအစာ၊ အမိုးအကာနှင့် ဆေးဝါးများကဲ့သို့သော သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများအပေါ် များစွာမှီခိုနေရပါသည်။ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများနှင့် ထုတ်ကုန်များသည် ရိုးရာဓလေ့များ၊ ယုံကြည်မှုများနှင့် ယဉ်ကျေးမှုများစွာနှင့်လည်း ဆက်စပ်နေပါသည်။ အထူးသဖြင့် ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုများ၊ ယုံကြည်မှုများ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပြုမှုများ၊ လက်ထပ်ထိမ်းမြားခြင်းကိစ္စရပ်များ၊ ရပ်ရွာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုအနု သုခုမဆိုင်ရာများ စသည်ဖြင့် နယ်ပယ်အသီးသီးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်လျက်ရှိသည်။ ထို့ကြောင့် ကျေးလက်စီးပွားရေး တိုးတက်စေရေး ကြိုးပမ်းမှုများတွင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၏ အခန်းကဏ္ဍမှာ အချိန်နှင့်အမျှ ပိုမိုအရေးပါလာလျက်ရှိသည်။
သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများမှ ပံ့ပိုးသော အကျိုးကျေးဇူးများ
ကုလသမဂ္ဂ စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သုတေသနပြု လေ့လာမှုများအရ သစ်မဟုတ် သော သစ်တောထွက်ပစ္စည်းများ၏ အရေးပါမှုကို အောက်ဖော်ပြပါ အချက်အလက်များအရ သိနိုင်ပါ သည် (https://openknowledge.fao.org/home)-
- သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၏ နှစ်စဉ်ကမ္ဘာလုံးဆိုင်ရာ စျေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၈ ဘီလီယံရှိပြီး လူဦးရေ ၃ ဒသမ ၅ ဘီလီယံမှ ၅ ဒသမ ၈ ဘီလီယံအထိ အသုံးပြုလျက်ရှိကြောင်း၊
- ထုတ်လုပ်သူများအနေဖြင့် သစ်မဟုတ်သော ထုတ်ကုန်များမှ နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၈၈ ဘီလီယံရှိကြောင်း ခန့်မှန်းထားပြီး ဆင့်တက်ပြုပြင်ခြင်းနှင့် တန်ဖိုးကွင်းဆက်ရှိ အခြားသော ဆက်စပ်ပစ္စည်းများကို ပေါင်းထည့်မည်ဆိုပါက ထုတ်ကုန်များ၏ တန်ဖိုးသည် ဒေါ်လာထရီလီယံအထိ ရှိနိုင်ကြောင်း၊
- ကမ္ဘာ့ဝါးဈေးကွက်သည်၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၂၂ ဘီလီယံမှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၆၃ ဘီလီယံသို့ တိုးလာကြောင်း၊
- ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့် ကြိမ်ထုတ်ကုန်တန်ဖိုးမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၇၀၀၀ ကျော်ရှိပြီး ယခုအခါ ကြိမ်နှင့်ထုတ်ကုန်ပရိဘောဂ အများစုမှာရေပန်းအစားဆုံး ဖြစ်လာ ကြောင်း၊
- ကမ္ဘာ့ပျားရည်ဈေးကွက် အရွယ်အစား သည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၄ ဘီလီယံတန်ဖိုးရှိပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၀ ဘီလီယံအထိ ရှိခဲ့ကြောင်း၊ ၂၀၃၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၉ ဘီလီယံအထိ တိုးလာရန် ခန့်မှန်းထားကြောင်း၊
- ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၅ ဒသမ ၈ ဘီလီယံသည် သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများကို အသုံးပြုလျက်ရှိကြောင်း၊
- ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် စုဆောင်းထားသော တောရိုင်းမျိုးစိတ်များ (မျိုးစိတ်ပေါင်း ၅၀၀၀၀ ခန့်) ကို အသုံးပြု ကြလျက်ရှိကြောင်း၊
- ကမ္ဘာ့ဆင်းရဲနွမ်းပါးသူ ၇၀ ရာခိုင်နှုန်းသည် အစားအစာ၊ ဆေးဝါး၊ စွမ်းအင်၊ ဝင်ငွေနှင့် အခြား ရည်ရွယ်ချက်များအတွက် တောရိုင်းမျိုးစိတ်များအပေါ် မှီခိုနေရကြောင်း၊
- အိန္ဒိယနိုင်ငံတွင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများသည် လူဦးရေ ၂၇၅ သန်းခန့်၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဒေသခံပြည်သူများနှင့် ဌာနေတိုင်းရင်းသား လူမျိုးစုများသည် ၎င်းတို့ဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းအထိရရှိကြပြီး ဥရောပတွင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၏ တန်ဖိုးသည် (တရားဝင်နှင့် တရားဝင် မဟုတ်သော စျေးကွက်များနှင့် ကိုယ်တိုင်စားသုံးမှုအတွက် အပါအဝင်) တစ်နှစ်လျှင် ယူရို ၂၃ ဒသမ ၃ ဘီလီယံ ခန့်မှန်းထား ကြောင်း၊
- ကုန်းတွင်းပိုင်း ရေချိုငါးများကို တောင်ပေါ်မြစ်ကြောင်းနှင့် ရေလွှမ်းလွင်ပြင်သစ်တောများမှ ရရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်းတွင်းငါးဖမ်းလုပ်ငန်းသည် ၂၀၂၁ ခုနှစ်တွင် ငါးတန်ချိန် ၁၁ ဒသမ ၄ သန်းခန့်ကို ပံ့ပိုးပေးခဲ့ကြောင်း လေ့လာသိရှိရပါသည်။
သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများသည် တိုက်ရိုက်အကျိုးကျေးဇူးများသာမက အောက်ဖော်ပြပါ သွယ်ဝိုက်အကျိုးကျေးဇူးများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်-
-မြေဆီလွှာနှင့် မြေယာရှုခင်းထိန်းသိမ်းရေးကို အထောက်အကူပြုပြီး တောရိုင်းတိရစ္ဆာန် အများအပြားအတွက် ပေါက်ပွားရာ၊ အစားအစာများပံ့ပိုးရာ၊ နေရင်းဒေသများ ပံ့ပိုးကူညီပေးခြင်း၊
- Microclimate ကို ထိန်းသိမ်းပေးနိုင်ပြီး အဏုဇီဝသက်ရှိများအတွက် အရေးကြီးသော ခိုလှုံရာနေရာများကို ပံ့ပိုးပေးခြင်းနှင့် ဂေဟစနစ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပေးခြင်း၊
- သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို စနစ်တကျစီမံအုပ်ချုပ်ဆောင်ရွက်မည်ဆိုပါက ကုန်သွယ်မှုမှတစ်ဆင့် တိုက်ရိုက်စီးပွားရေး အကျိုးအမြတ်ကို ပေးစွမ်းနိုင်ခြင်း၊
- အလုပ်လက်မဲ့ ပြဿနာများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြဿနာများကို လျှော့ချပေးခြင်း၊
- သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)လုပ်ငန်းများ ဖွံ့ဖြိုးလာစေခြင်း၊
- သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများအား ရေရှည်တည်တံ့စေရန် စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် အပူပိုင်းသစ်တောများနှင့် ဂေဟစနစ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများလည်း ရရှိနိုင်ပါသည်။
သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများသည် သစ်တောစိုက်ခင်းများ၊ စက်မှုကုန်ကြမ်း စိုက်ခင်းများ၊ အခြားသော အကြီးစားစိုက်ပျိုးရေး စိုက်ခင်းများနှင့် ထွက်ကုန်များထက် ရောဂါပိုးမွှား ကျရောက်မှုနှင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု၏ သက်ရောက်မှုဒဏ်ခံနိုင်ရည်ရှိပြီး ဆိုးကျိုး သက်ရောက်ဒဏ် ခံရမှုနည်းပါးသည်။ ထို့ကြောင့် ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုတွင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများသည် အရေးကြီးသော အစိတ်အပိုင်းများအဖြစ် ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုအပ်လာပါသည်။ အဆိုပါ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲခြင်းဖြင့် သစ်တောထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတိုးပွား ခြင်းနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။
စဉ်ဆက်မပြတ် စနစ်တကျ ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်း
သစ်တောများကို စနစ်တကျ ထိန်းသိမ်းခြင်း၊ ထုတ်ယူသုံးစွဲခြင်းမရှိလျှင် သစ်တောသယံဇာတများ အချိန်တိုအတွင်း ပျက်စီးပျောက်ကွယ်သွားမည်ဖြစ်သည်။ သစ်ပင်၊ သစ်တောများ ပြုန်းတီးခြင်း၊ ပျက်စီးဆုံးရှုံးခြင်းသည် သစ်နှင့်သစ်တောထွက် ပစ္စည်းများရရှိနိုင်မှု ဆုံးရှုံးသွားသည်သာမက ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သည့် သက်ရှိများအတွက် မရှိမဖြစ်လိုအပ်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများပါ ဆုံးရှုံးသွားခြင်းဖြစ်သည်။ ပျက်စီးပြုန်းတီးသွားသော သဘာဝသစ်တောများကို ပြန်လည်ထိန်းသိမ်းနိုင်ရန်နှင့် သဘာဝတောများ၏ မူလဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှု အခြေအနေသို့ ပြန်လည်ရောက်ရှိရန် နှစ်ပေါင်း ရာချီကြာမြင့်မည်ဖြစ်သည်။
ထို့ကြောင့် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက် ပန်းတိုင် ၁၂ (SDG 12) ကို “ရေရှည်တည်တံ့စေသော စားသုံးမှုနှင့် ထုတ်လှုပ်မှုပုံစံများ ရရှိစေရန်” ဟူသော ပန်းတိုင်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ “မျှတဆင်ခြင် ထုတ်သုံးလျှင်၊ သစ်တောများ တည်မြဲထာဝစဉ်” ဟုဆိုသည့်အတိုင်း သစ်တောများ အပါအဝင် သဘာဝသယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ်ရန်နှင့် စနစ်တကျ ထုတ်ယူသုံးစွဲရန် အလွန်အရေးကြီးပါသည်။ ထို့အပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် (၁၅) (SDG 15) တွင်လည်း “ကုန်းမြေဂေဟစနစ်များအား ကာကွယ်ရန်၊ ပြန်လည်မွမ်းမံထိန်းသိမ်းရန်နှင့် ရှေရှည်တည်တံ့စေမည့် နည်းလမ်းများဖြင့် အသုံးပြုရန်၊ သစ်တောများကို ရေရှည်တည်တံ့စေမည့် နည်းလမ်းများဖြင့် စီမံအုပ်ချုပ်ရန်၊ သဲကန္တာရ ဖြစ်ထွန်းမှုတိုက်ဖျက်ရန်၊ မြေဆီလွှာပြုန်တီးမှုရပ်ဆိုင်း၍ မြေအရည်အသွေး ပြန်လည်ကောင်းမွန် စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုရပ်တန့်ရန်” ဟူ၍ ပန်းတိုင်ရည်မှန်းချက်များ သတ်မှတ်ထားပြီး သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များထိန်းသိမ်းရေး အောင်မြင်စေရန် ရည်ရွယ်ချမှတ် ထားပါသည်။
ယခုအခါ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုများ တိုးတက်လာသည်နှင့်အမျှ အစားအစာ၊ ဆောက်လုပ်ရေးပစ္စည်း၊ အလှကုန်များ၊ ဇီဝဓာတုပစ္စည်းများ၊ ဇီဝပလတ်စတစ်နှင့် ဆေးဝါးများအပါ အဝင် စိတ်ဝင်စားဖွယ် ထုတ်ကုန်အသစ်များကို သစ်သားနှင့် သစ်ပင်များ၊ သစ်မဟုတ်သော သစ်တော ထွက်ပစ္စည်းများမှ ထုတ်လုပ်လာနိုင်ကြပြီဖြစ်သည်။ သို့သော်လည်း စျေးကွက်၊ ဘဏ္ဍာရေး၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်ကဲ့သို့သော ကန့်သတ်ချက်များကိုကျော်လွှားရန် ကြိုးပမ်းဆောင်ရွက်ကြရဦးမည်ဖြစ်သည်။ ရေရှည်တည်တံ့မှုနည်းပါးသော ပစ္စည်းများနေရာတွင် ပြန်လည်ပြည့်ဖြိုးနိုင်သော၊ စနစ်တကျ ပြန်လည်စိုက်ပျိုးပြုစု ထိန်းသိမ်းနိုင်သော သစ်နှင့်သစ်ပင်အခြေခံထုတ်ကုန်များ၊ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို အစားထိုးအသုံးပြုလာခြင်းအားဖြင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနှင့် သစ်တောပြုန်းတီးမှုကို လျှော့ချလာနိုင်မည်ဖြစ်သည်။ သဘာဝကို အခြေခံသောဖြေရှင်းခြင်းနည်းလမ်းများ (Nature based Solutions) ဖြင့် ပြည်သူ့အတွက် သစ်တောရတနာဖြစ်သော သစ်တောသယံဇာတများ၊ သစ်နှင့်သစ် မဟုတ်သောသစ်တော ထွက်ပစ္စည်းများကို ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ သို့မှသာ ရေရှည်တွင် လူသားများအတွက်သာမက ကမ္ဘာမြေကြီးအတွက်ပါ အကျိုးရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပုံစံကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ။