ပြည်သူများ စာတတ်မြောက်မှုနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု
မောင်သောင်းဝင်း (တမန်ဟောင်း)
လူတစ်ဦးသည် စာဖတ်တတ်၊ ရေးတတ်လျှင် စာတတ်သည်ဟု ယေဘုယျ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။ ခေတ်သစ်ကမ္ဘာကြီးတွင်မူ သီးသန့်နယ်ပယ်တစ်ခု၌ အသိပညာ ဗဟုသုတကြွယ်ဝခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်းကို စာတတ်မြောက်သည်ဟု ဆိုလာကြသည်။ စာတတ်မြောက်မှု အယူအဆသဘောတရားသည် တဖြည်းဖြည်းပြောင်းလဲလာနေပြီဖြစ်သည်။ မျက်မှောက်ကာလတွင် စာတတ်မြောက်မှု၌ ဘာသာစကား၊ ကိန်းဂဏန်းအချက်အလက်၊ ဓာတ်ပုံ၊ ကွန်ပျူတာ၊ ဆက်သွယ်ရေးနှင့် အခြားသောဗဟုသုတများကို သိရှိနားလည်ခြင်း၊ ကျွမ်းကျင်တတ်မြောက်ခြင်းနှင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းတို့လည်း အကျုံးဝင်လာသည်။
နိုင်ငံတကာစာတတ်မြောက်ရေးနေ့
နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့သည် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ်သည်။ လူတစ်ဦး တစ်ယောက်ချင်းစီမှသည် လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် စာတတ်မြောက်မှု၏အရေးပါပုံကို မီးမောင်းထိုးပြနိုင်ရန်အတွက် ထိုနေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အမှန်တော့ စာတတ်မြောက်ခြင်းသည် လူတစ်ဦး၏ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့အတွက် များစွာအရေးပါလျက်ရှိသည်။ ထို့ကြောင့် လူတိုင်းစာတတ်မြောက်ခြင်းသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းကြီးကို ထူထောင်နိုင်မည်ဖြစ်သည်။
၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့သည် (၅၈) နှစ်ပြည့်မြောက် နိုင်ငံတကာစာတတ်မြောက် ရေးနေ့ဖြစ်သည်။ ယခုနှစ်အတွက် ဆောင်ပုဒ်သည် “အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန်လိုအပ်လို့ ဘာသာစကားစုံ ပညာရေးကိုမြှင့်တင်ကြပါစို့” ‘‘Promoting multi-lingual education : Literacy for mutual under-standing and peace’’ အနီးစပ်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ဖြစ်သည်။ ဘာသာစကားစုံ ပညာရေးမြှင့်တင်ခြင်းသည် လူအချင်းချင်း အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် များစွာအရေးပါလျက်ရှိသည်။ ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ ၈ ရက် နေ့အထိ စာတတ်မြောက်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း စာတတ်မြောက်ရေးနေ့ အခမ်းအနားကို အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
အပြန်အလှန်တည်မှီနေ
စာတတ်မြောက်မှုအဓိပ္ပာယ်သည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပို၍ကျယ်ပြန့်လေ့ရှိသည်။ နည်းပညာကိုအခြေခံ၍ ကျယ်ပြောရှုပ်ထွေးသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဆိုလျှင် စာတတ်မြောက်သည်ဟု ဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းပြည်တိုးတက်မှုအပေါ်မူတည်၍ စာတတ်မြောက်မှု ဖွင့်ဆိုချက်အဓိပ္ပာယ်သည် ကွဲပြားနေမည်ဖြစ်သည်။ ပြည်သူများ စာတတ်မြောက်မှုနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတို့သည် အပြန်အလှန် အမှီသဟဲပြုလျက်ရှိသည်။ ပြည်သူများ စာတတ်မြောက်မှုနှုန်းမြင့်မားလျှင် ထိုတိုင်းပြည် ပို၍တိုးတက်လာမည်ဖြစ်သလို အစိုးရတစ်ရပ်သည် ပညာရေးအသုံးစရိတ်ကို ပိုမိုသုံးစွဲသည်နှင့်အမျှ ထိုတိုင်းပြည်၌ ပညာတတ်နှုန်း မြင့်မားလာမည်ဖြစ်သည်။
ကမ္ဘာ့စာတတ်မြောက်မှုနှုန်း
ထိုသို့စာတတ်မြောက်ရေးအတွက် နည်းမျိုးစုံဖြင့် လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသော်လည်း ယနေ့အချိန်အထိ ကမ္ဘာတစ်ဝန်း၌ အသက် ၁၅ နှစ်အထက် ကမ္ဘာ့စာတတ်မြောက်မှုနှုန်းသည် ၈၆ ဒသမ ၃ ရာခိုင်နှုန်းသာရှိသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အမျိုးသားများ စာတတ်မြောက် မှုနှုန်းသည် ၉ဝ ရာခိုင်နှုန်းရှိသော်လည်း အမျိုးသမီးများတွင် ၈၂ ဒသမ ၇ ရာခိုင်နှုန်းသာရှိသည်။ မြောက်အမေရိကဒေသတွင် ၉၈ ဒသမ ၇၄ ရာခိုင်နှုန်း၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယန် ဒေသတွင် ၉၄ ဒသမ ၆၀ ရာခိုင်နှုန်း၊ တောင်အာရှ ဒေသတွင် ၇၄ ဒသမ ၁၉ ရာခိုင်နှုန်းနှင့် အာဖရိက ဒေသတွင် ၆၇ ဒသမ ၇၂ ရာခိုင်နှုန်းဖြစ်သည်။
ထို့ပြင် ကမ္ဘာ့လူဦးရေ ၇၈၁ သန်းသည် အခြေခံစာကိုပင်ရေး၊ ဖတ်နိုင်စွမ်းမရှိကြသေးပေ။ ၎င်းတို့ အနက် ၇၅ ရာခိုင်နှုန်းသည် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကနိုင်ငံများမှဖြစ်သည်။ ဆိုလိုသည်မှာ အရွယ်ရောက်သူ ငါးဦးလျှင်တစ်ဦးသည် စာတတ်မြောက်ခြင်းမရှိသေးချေ။ ယင်းတို့အနက် သုံးပုံနှစ်ပုံမှာ အမျိုးသမီးများဖြစ်နေကြသည်။ ကလေးငယ် ၂၆၄ သန်းကျော်သည် ကျောင်းနေခွင့် မရရှိကြသေးပေ။ ထို့ပြင် အချို့သောကလေးများသည် ပုံမှန်ပညာသင်ယူခွင့်မရရှိကြသကဲ့သို့ ပညာရေး တစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်လိုက်ရသည့် ကလေးများလည်း များစွာရှိနေပြန်သည်။
စာတတ်မြောက်မှုနှုန်းမြင့်မားခဲ့
မြန်မာနိုင်ငံသည် ရှေးဘုရင်များလက်ထက်က စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့သည်။ ထိုခေတ်က ဘုန်းတော်ကြီးသင်စာပေသင်ကြားမှု အကျိုးကျေးဇူးများကြောင့် စာတတ်မြောက်မှုနှုန်းသည် ၈၅ ရာခိုင်နှုန်းအထိပင်ရှိခဲ့သည်။ သို့သော် ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးပြန်လည်ရရှိသည့်အချိန်တွင်မူ နိုင်ငံ၏စာတတ်မြောက်မှုနှုန်းသည် ၃၅ ရာခိုင်နှုန်း အထိ ထိုးကျသွားခဲ့သည်။ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ပင်ဖြစ်သည်။
ခေတ်အဆက်ဆက်တွင် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို အမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုများကြောင့် မြန်မာနိုင်ငံ ၏ စာတတ်မြောက်မှုနှုန်းသည် ၁၉၈၈ ခုနှစ်တွင် ၈ဝ ဒသမ ဝ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ထို့နောက် ၂ဝဝဝ ပြည့်နှစ်တွင် ၉၁ ရာခိုင်နှုန်း၊ ၂ဝ၁၁ ခုနှစ်တွင် ၉၅ ဒသမ ဝ၁ ရာခိုင်နှုန်း၊ ၂ဝ၁၂ ခုနှစ် တွင် သက်ကြီးစာတတ်မြောက်မှုနှုန်း ၉၅ ဒသမ ဝ၈ ရာခိုင်နှုန်းအထိ မြင့်မားလာခဲ့သည်။
ထိုစဉ်က စာတတ်မြောက်ရေး လူထုလှုပ်ရှားမှု ဆောင်ရွက်ရာတွင် အောက်ခြေရပ်ကွက်၊ ကျေးရွာမှ သည် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အထိ စာတတ်မြောက်ရေးကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းကာ နွေကျောင်းပိတ်ရက်ကာလများအတွင်း တက္ကသိုလ်ကျောင်းသား ကျောင်းသူ၊ စေတနာရှင်လုပ်အားပေး ဆရာ ဆရာမများ၏ အားဖြင့်သင်ကြားပေးခဲ့ကြရာ မြို့နယ်လုံးကျွတ်၊ တိုင်းလုံးကျွတ်၊ ပြည်နယ်လုံးကျွတ် စာတတ်မြောက်ခဲ့ကြပြီး အောင်ပွဲများကျင်းပနိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ လူထုလှုပ်ရှားမှုပုံစံသည် စာတတ်မြောက်ရေးစီမံကိန်းများ၏ စံပြမော်ဒယ်တစ်ခုဖြစ်ခဲ့ပြီး ယူနက်စ်ကိုက ချီးမြှင့်သည့် “မိုဟာမက်ရီဇာပါလာဗီ” ဆုကို ၁၉၇၁ ခုနှစ်တွင်လည်းကောင်း၊ “နိုမာ” ဆုကို ၁၉၈၃ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့သည်။
ကျောင်းထွက်မှုနှုန်းမြင့်မား
၂ဝ၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် စာတတ်မြောက်မှုနှုန်း ၈၉ ဒသမ ၁ ရာခိုင်နှုန်းရှိသော်လည်း မြို့ပြတွင် အသက်ငါးနှစ်အထက် လူဦးရေ ၁၀၀ လျှင် ငါးဦးသာ ကျောင်းမတက်ဖူးသော်လည်း ကျေးလက်ဒေသတွင် ကိုးဦးမှာ ကျောင်းမတက်ဖူးသည်ကို တွေ့ရှိရသည်။ အသက်သုံးနှစ်မှ ရှစ်နှစ်အတွင်း ကလေး ၅ ဒသမ ၅ သန်းတွင် ၆၅ ရာခိုင်နှုန်းသာ လက်ရှိ ကျောင်းတက်နေသည်။ ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်ကြသည်။ အသက် ၁၈ နှစ်အရွယ် ၁၀ ဦးတွင် သုံးဦးသာ ကျောင်းတက်တော့သည်။ အထူးသဖြင့် လူဦးရေ ၁၀၀ တွင် ၁၁ ဦးသာလျှင် ဘွဲ့ရ သို့မဟုတ် တက္ကသိုလ်တက်ရောက်လျက်ရှိသည်။
ပြည်သူများစာတတ်မြောက်မှုနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု
လောကတွင်ပညာနှင့်တူသော အလင်းရောင်မရှိချေ။ ထိုသို့ အသိပညာ၊အတတ်ပညာကို ဆည်းပူးနိုင်ရန် အခြေခံလိုအပ်ချက်သည် စာဖတ်၊ စာရေးတတ်ရန် လိုအပ်မည်ဖြစ်သည်။ နေ့စဉ်နှင့်အမျှ သတင်းနှင့်နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော ကမ္ဘာကြီးတွင် မွေးရာပါ ကိုယ်လက်အင်္ဂါချို့တဲ့သူများသည်ပင်လျှင် စာပေတတ်မြောက်အောင် လေ့လာသင်ယူနိုင်သည့် အခွင့်အလမ်းများရရှိနေပြီဖြစ်သည်။ ထို့ကြောင့် အခြေခံစာပေလေ့လာမှု ဖတ်တတ်၊ ရေးတတ်အောင် ကြိုးစားလေ့လာဆည်းပူးသွားသင့်ပေသည်။
ပြည်သူအားလုံး စာတတ်မြောက်ရန်အတွက် အခြေခံအကျဆုံးသောအချက်သည် “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့်အတိုင်း ကျောင်းနေအရွယ်ကလေးသူငယ်များ ကျောင်းအပ်နှံမှုနှုန်း မြင့်မားလာအောင်အလေးထား၍ စည်းရုံးဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင် ကလေးသူငယ်များကို မူလတန်းပညာရေးမှသည် ဘွဲ့ရ၊ ဘွဲ့လွန်အဆင့်အထိ ဆက်လက်ပညာ သင်ကြားနိုင်ရေးအတွက်လည်း အခွင့်အလမ်းကောင်းများဖန်တီးပေးသွားရန် လိုအပ်မည်ဖြစ်သည်။ ကျောင်းထွက်နှုန်း လျော့ကျရေးအတွက်လည်း စီမံချက်ချ၍ ဆောင်ရွက်သွားသင့်ပေသည်။ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုတော့လိုပါသည်။
စာတတ်မြောက်မှုအဓိပ္ပာယ်သည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သိသာထင်ရှားလေ့ရှိသည်။ နည်းပညာကို အခြေခံ၍ ကျယ်ပြောရှုပ်ထွေးသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဆိုလျှင် စာတတ်မြောက်မှုသည် အရေးကြီးဆုံးဟုဆိုရမည်။ မည်သို့ပင် ဆိုစေကာမူ တိုင်းပြည်တိုးတက်မှုအပေါ်မူတည်၍ စာတတ်မြောက်မှုဖွင့်ဆိုချက် အဓိပ္ပာယ်သည် ကွဲပြားနေမည်ဖြစ်သည်။ ပြည်သူများ စာတတ်မြောက်မှုနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတို့သည် အပြန်အလှန်အမှီသဟဲပြုလျက်ရှိသည်။ ပြည်သူများ စာတတ်မြောက်မှုနှုန်းမြင့်မားလျှင် တိုင်းပြည် တိုးတက်လာမည်ဖြစ်သလို အစိုးရတစ်ရပ်သည် ပညာရေးအသုံးစရိတ်ကို ပိုမိုသုံးစွဲသွားမည်ဆိုလျှင် ပြည်သူများ၏ စာတတ်မြောက်မှုနှုန်း မြင့်မားနေမည်ဖြစ်သည်။
“အလိမ္မာစာမှာရှိ” ဆိုသကဲ့သို့ စာတတ်မှသာလျှင် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြား သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်ခေတ်တွင် လူသားတို့သည် ဆန်းသစ်တီထွင်မှု အမျိုးမျိုးကို ပြုလုပ်လာကြသည်။ ထို့ကြောင့် လူတစ်ဦး၏ စာတတ်မြောက်မှုနယ်ပယ်သည် ဘာသာစကားပေါင်းစုံ၊ ကွန်ပျူတာ၊ ကိန်းဂဏန်း အချက်အလက်၊ လူမှုဆက်ဆံရေးမှသည် ပညာရပ် နယ်ပယ်ပေါင်းစုံတွင် အချိန်နှင့်အမျှ ပိုမိုကျယ်ပြန့်လာလျက်ရှိသည်။ အထူးသဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရာ၌ အခြေခံအကျဆုံးသောအချက်သည် နိုင်ငံသားအားလုံး စာတတ် မြောက်ရေးပင်ဖြစ်သည်။
စာတတ်မြောက်ခြင်းသည် အပြန်အလှန်နားလည်ခြင်း၊ လူမှုအသိုက်အဝန်းတွင် စည်းလုံး ညီညွတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ တည်ဆောက်ရာတွင် များစွာအထောက်အကူပြုလျက်ရှိသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌တိုးတက်မှုကို ဖော်ဆောင်လိုသော လူတိုင်းသည် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူလဘာသာစကားကို အခြေခံလျက် ဘာသာစကားစုံပညာရေးကို လေ့လာသင်ယူလျက်ရှိသည်။ ထိုသို့ချဉ်းကပ်ခြင်းသည် လူမှုအသိုက်အဝန်းအတွင်း အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတို့ကို တည်ဆောက်သွားမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံသားအားလုံး စာတတ်မြောက်ပြီး ဗဟုသုတကြွယ်ဝနေမည်ဆိုလျှင် ကျွမ်းကျင်မှုလည်း တိုးတက်လာမည်ဖြစ်သည်။ ကျွမ်းကျင်မှုပြည့်ဝသော နိုင်ငံသူနိုင်ငံသားများဖြင့် တည်ဆောက်ထားသောတိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်မှုများ တစ်နေ့တခြား ရရှိပိုင်ဆိုင်နေမည်မှာ အသေအချာပင် ဖြစ်ပေသည်။ ။