Skip to main content

သန့်ရှင်းသောလေရရှိဖို့ ရင်းနှီးမြှုပ်နှံမှုစတင်စို့

ဒေါက်တာတင်အောင်ဝင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ကမ္ဘာတစ်ဝန်းလက်ရှိဖြစ်ပေါ်လျက်ရှိသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် လေထုညစ်ညမ်းမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ လေထုညစ်ညမ်းမှုသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေရုံသာမက လူသားတို့၏ ကျန်းမာရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တို့ကိုလည်း ထိခိုက်စေလျက်ရှိပါသည်။

လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများမှာ မော်တော်ယာဉ်အပါအဝင် ယာဉ်အမျိုးမျိုးမှထုတ်လွှတ်သည့် အခိုးအငွေ့များ၊ စက်ရုံများမှ ထွက်ရှိလာသော ထုတ်လွှတ်အခိုးအငွေ့များ၊ နေအိမ်များမှ ထွက်ရှိလာသော အခိုးအငွေ့များ၊ ဆောက်လုပ်ရေးလုပ်ငန်းများမှ ထွက်ရှိလာသော အမှုန်အမွှားများ၊ မီးတောင်ပေါက်ကွဲမှု၊ မုန်တိုင်း ဖြစ်ပေါ်မှုနှင့် တောမီးလောင်ကျွမ်းမှုတို့ကြောင့် ဖြစ်ပေါ်လာသော အမှုန်အမွှားများ၊ အခိုးအငွေ့များနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများနှင့် လုပ်ငန်းကဏ္ဍအသီးသီးမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကို လေဟာပြင်တွင် မီးရှို့ခြင်းမှ ဖြစ်ပေါ်လာသော အမှုန်အမွှားများနှင့် အခိုးအငွေ့များကြောင့် ဖြစ်ပါ သည်။

တောမီးလောင်ကျွမ်းခြင်းသည် လေထုညစ်ညမ်းမှုကို ပိုမိုဖြစ်ပေါ်

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများ၌ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်း၊ မော်တော်ယာဉ် အသုံးပြုမှုများပြားလာခြင်း၊ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လာခြင်း၊ ရုပ်ကြွင်း လောင်စာအသုံးပြုမှု များပြားလာခြင်းတို့နှင့်အတူ ရာသီဥတုပြောင်းလဲလာပြီး အပူချိန်မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသည့် တောမီးလောင်ကျွမ်းခြင်း များသည်လည်း လေထုညစ်ညမ်းမှုကို ပိုမိုဖြစ်ပေါ် စေလျက်ရှိပါကြောင်း လေ့လာတွေ့ရှိရပါသည်။

လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်၏ လေ့လာဆန်းစစ်တွေ့ရှိ မှုများအရ-

လေထုညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝန်းရှိ လူသားများ၏ကျန်းမာရေးအပေါ် အန္တရာယ်ပြုလျက်ရှိသော ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါကြောင်း။

လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေသော ညစ်ညမ်းပစ္စည်းများသည် ရာသီဥတုအပေါ် သက်ရောက်မှုရှိနေခြင်းနှင့် လေထုညစ်ညမ်း မှုမှတစ်ဆင့် ကမ္ဘာ့လေထုအတွင်း မှန်လုံ အိမ်ဓာတ်ငွေ့များ ပိုမိုရောက်ရှိလာသည့် အတွက် ကမ္ဘာ့ပျမ်းမျှအပူချိန်မြင့်တက်လာ ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့သည် ဆက်စပ် လျက်ရှိကြောင်း၊

လေထုညစ်ညမ်းမှုကြောင့် လူဦးရေ ခုနစ်သန်းခန့်သည် အရွယ်မတိုင်မီ နှစ်စဉ်သေဆုံးနေရကြောင်း၊

ကမ္ဘာတစ်ဝန်းတွင် သေဆုံးသည့် လူကိုးဦးတွင် တစ်ဦးသည် လေထုညစ်ညမ်းမှုကြောင့် သေဆုံးလျက်ရှိနေကြောင်း၊

၂၀၁၉ ခုနှစ်တွင် ပြင်ပလေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ့လူဦးရေလေးသန်းခန့်သေဆုံးခဲ့ရပြီး ၂၀၁၉ ခုနှစ်အတွင်း သေဆုံးခဲ့သည့် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် ပြင်ပ လေထုအတွင်းရှိ ညစ်ညမ်းနေသည့် အမှုန်အမွှားများကြောင့်ဖြစ်ကြောင်းနှင့် အရှေ့အာရှနှင့် ဥရောပအလယ်ပိုင်းဒေသများတွင် သေဆုံးမှုအများဆုံး ဖြစ်ပေါ်ခဲ့ရကြောင်း၊

၂၀၂၁ ခုနှစ်တွင် လေ့လာတွေ့ရှိချက်များအရ နှလုံးရောဂါ၊ ဦးနှောက်သွေးကြောပိတ် ရောဂါ၊ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွားပြီး အရွယ်မတိုင်မီ နှစ်စဉ်သေဆုံးသူ ကမ္ဘာ့ လူဦးရေ ၈ ဒသမ ၁ သန်းခန့်၏ သေဆုံးခြင်းနှင့်ဆက်စပ်သည့် အဓိကဆိုးကျိုးများ တွင် လေထုညစ်ညမ်းမှုသည် ဒုတိယမြောက် ဆိုးကျိုးတစ်ခုအဖြစ် လေ့လာတွေ့ရှိရကြောင်း၊

၂၀၂၁ ခုနှစ်တွင် လေ့လာတွေ့ရှိချက်များအရ အသက်ငါးနှစ်အောက်ကလေးများ သေဆုံးသူဦးရေ ခုနစ်သိန်းကျော်သည် အိမ်တွင်းလေထုညစ်ညမ်းမှု၊ ပြင်ပလေထု ညစ်ညမ်းမှုတို့နှင့် ဆက်စပ်လျက်ရှိကြောင်း၊

လေထုအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ အစီအမံများနှင့်အတူ လေထုညစ်ညမ်းမှုကို အလျင်အမြန် ဖြေရှင်းဆောင်ရွက်မှုများအတွက် ငွေကြေးနှင့်ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း။

အဆိုပါလေ့လာတွေ့ရှိချက်များအရ လေထု ညစ်ညမ်းမှုကြောင့် ထိခိုက်မှုများ နှစ်စဉ်တိုးမြင့် လာသည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသော လေထု ညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာပေါ်ရှိ လူသားတို့၏ကျန်းမာရေးအပေါ် ထိခိုက်နေမှုများကို ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ၂၀၀၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် Air Quality Guidelines Global Update 2005 အားပြင်ဆင်ပြီး WHO Global Air Quality Guidelines 2021 ကို ထုတ်ပြန်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် လေ့လာခဲ့သောကမ္ဘာတစ်ဝန်းရှိ လေထုအရည်အသွေးအခြေအနေများအား ပြန်လည်ဆန်းစစ်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းခန့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော WHO Global Air Quality Guidelines 2021 ပါ လေထုအရည်အသွေး လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုမရှိသော လေထုအရည်အသွေးရှိသည့်နေရာများတွင် နေထိုင်နေ ကြရကြောင်း လေ့လာတွေ့ရှိရပါသည် -

လေ့လာတွေ့ရှိ

အဆိုပါလေ့လာတွေ့ရှိချက်များအရ ကမ္ဘာတစ်ဝန်းတွင် လေထုညစ်ညမ်းမှုကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော ပတ်ဝန်းကျင်ယိုယွင်းပျက်စီး မှုဆိုင်ရာ စိန်ခေါ်မှုပြဿနာများအနက်မှ လေထု ညစ်ညမ်းမှုပြဿနာကို ဦးစားပေးအနေဖြင့် အလေးထားဖြေရှင်းဆောင်ရွက်သွားရန် လိုအပ် နေပြီဖြစ်ကြောင်းတို့ကို လေ့လာတွေ့ရှိနိုင်ပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၏ လေထုအရည်အသွေး ကောင်းမွန်နေစေရန်နှင့် လေထုညစ်ညမ်းမှုအား ဖြေရှင်းဆောင်ရွက်မှုများ တိုးတက်လာစေရန် ရည်ရွယ်ပြီး စက်တင်ဘာလ ၇ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) အဖြစ် သတ်မှတ်ရန် ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ် ခဲ့သည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှဆုံးဖြတ်ခဲ့ပါသည်။

လေထုညစ်ညမ်းမှုကို ကမ္ဘာ့နိုင်ငံများပူးပေါင်းပြီး အလျင်အမြန်ဆောင်ရွက်ကြရန်လိုအပ်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့၏ ဆောင်ပုဒ်မှာ “သန့်ရှင်းသောလေ ရရှိဖို့ ရင်းနှီးမြှုပ်နှံမှုစတင်စို့ (Invest in #Clean Air Now)” ဖြစ်ပါသည်။ အဆိုပါဆောင်ပုဒ်၏ ရည်ရွယ် ချက်မှာ လေထုညစ်ညမ်းမှုကို ကမ္ဘာ့နိုင်ငံများ ပူးပေါင်းပြီး အလျင်အမြန် ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ လေထုအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ အစီအမံများနှင့်အတူ ဖြေရှင်းဆောင်ရွက်မှုများ အတွက် ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး ကမ္ဘာပေါ်ရှိ လူသားအားလုံး၊ နိုင်ငံ အားလုံး ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးတို့ကို အကောင်အထည် ဖော်ဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ပါကြောင်းကို မီးမောင်းထိုးပြလိုခြင်းဖြစ်ပါသည်။

လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ သက်ဆိုင်ရာကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်နိုင်မည်ဆိုပါက လေထုညစ်ညမ်း မှုကို ပိုမိုထိရောက်စွာ ဖြေရှင်းဆောင်ရွက်သွားနိုင် မည်ဖြစ်ပါသည်-

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ - လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်မည့် အစီအစဉ်များနှင့် ဖြေရှင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ခြင်း၊ မှန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုများကို ကဏ္ဍအလိုက် လျှော့ချမည့်အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ခြင်း၊ လေထုအရည်အသွေး စံချိန်စံညွှန်းများ သတ်မှတ်ပြဋ္ဌာန်းခြင်း၊ သစ်တောနှင့် ဂေဟစနစ်များ ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သဘာဝအခြေပြု ဖြေရှင်းနည်းများ (Nature-Based Solutions) ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု၊ တောမီးလောင်ကျွမ်းမှုနှင့် အခြားအကြောင်းအမျိုးမျိုး ကြောင့် မီးလောင်ကျွမ်းမှုများကို ကာကွယ်ထိန်းချုပ် နိုင်ရေးဆောင်ရွက်ခြင်းနှင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လေထုအရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ လိုက်နာ ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်ခြင်း။

စက်မှုလုပ်ငန်းကဏ္ဍ - လေထုအရည်အသွေးကို ထိခိုက်မှုအနည်းဆုံးဖြစ်စေနိုင်သည့် စက်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ခြင်း၊

စက်မှုလုပ်ငန်းများမှ ထွက်ရှိလာသော ထုတ်လွှတ်အခိုးအငွေ့များကို သန့်စင်သည့်ကိရိယာများ တပ်ဆင်နိုင်ရေး ဆောင်ရွက်ခြင်း၊ လေထုအရည် အသွေးကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေနိုင်သော သန့်ရှင်းသည့်စွမ်းအင်များကို အသုံးပြုခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေရှိပြီး လေထုအရည်အသွေးကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေနိုင်သော နည်းပညာများကို အသုံးပြုခြင်းနှင့် လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းများကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်း။

စွမ်းအင်ကဏ္ဍ - လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်သော၊ ကမ္ဘာ့အပူချိန်မြင့်တက်မှုကို လျှော့ချနိုင်သော၊ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်သော လေအားစွမ်းအင်၊ ရေအားစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်တို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်ခြင်း၊ လေထုအရည်အသွေးကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေနိုင်သော သန့်ရှင်းသည့်စွမ်းအင်များရရှိ အောင် ဆောင်ရွက်ခြင်းနှင့် ပြန်ပြည့်မြဲစွမ်းအင် ဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရေးဆောင်ရွက်ခြင်း။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍ - အများ သုံး သယ်ယူပို့ဆောင်ရေးစနစ်များ ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်ခြင်း၊ Electric Vehicle (EV) များ အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းနှင့် လေထုအရည် အသွေးကို ထိခိုက်မှုအနည်းဆုံးဖြစ်စေနိုင်သည့် သယ်ယူပို့ဆောင်ရေးစနစ်များ ဖွံ့ဖြိုးလာစေရေးဆောင်ရွက်ခြင်း။

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းကဏ္ဍ - စွန့်ပစ်ပစ္စည်းထွက်ရှိမှု လျှော့ချခြင်း၊ ပြန်လည်သုံးစွဲခြင်း၊ ပြန်လည်ပြုပြင်သုံးစွဲခြင်း (3R) စနစ်ဖြင့် စွန့်ပစ် ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲခြင်း၊ လေထု အရည်အသွေးကို ထိခိုက်မှုအနည်းဆုံးဖြစ်စေနိုင်သော နည်းပညာများကို အသုံးပြုခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေသော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စနစ်များ တိုးမြှင့်လာစေရေး ဆောင်ရွက်ခြင်း။

မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍ - မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေရှိသော မြို့ပြလူနေမှုစနစ်များ ဖွံ့ဖြိုးလာစေရေးဆောင်ရွက်ခြင်း။

စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍ - လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်း များကို မြေဆွေးအဖြစ် ပြန်လည်အသုံးပြုခြင်းနှင့် စနစ်တကျစီမံခန့်ခွဲခြင်းနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်များနှင့် နည်းပညာများကို အသုံးပြုခြင်း။

သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍ - နိုင်ငံ အတွင်းရှိ နေရာဒေသအသီးသီးတွင် လက်ရှိဖြစ်ပေါ် နေသည့် လေထုအရည်အသွေးကို ဆန်းစစ်နိုင်ရေး နှင့် လေထုအရည်အသွေးဆိုင်ရာ အခြေခံအချက် အလက်များ ရရှိနိုင်ရေးအတွက် လေထုအရည် အသွေးကို စဉ်ဆက်မပြတ် စောင့်ကြည့်တိုင်းတာ စစ်ဆေးပြီး လေ့လာဆန်းစစ်မှုများနှင့်သုတေသန ပြုမှုများ ဆောင်ရွက်ခြင်းနှင့် လေထုညစ်ညမ်းမှုအား ကြိုတင်ကာကွယ်ခြင်းနှင့် ဖြေရှင်းဆောင်ရွက်နိုင် ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးလာစေ ရေး ဆောင်ရွက်ခြင်း။

 လေထုညစ်ညမ်းမှုကိုပူးပေါင်းပါဝင် ဆောင်ရွက်မှုတစ်ရပ်ပင်ဖြစ်

လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဖြေရှင်းနိုင်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်းသည် နောင်တွင် လေထုညစ်ညမ်းမှုဖြစ်ပေါ်လာသည့်အခါ ကုန်ကျမည့် ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအလိုက်လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဖြေရှင်းဆောင်ရွက်နိုင်ရေးတို့ အတွက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်းရှိ နိုင်ငံသူနိုင်ငံသားများ သက်ရှည်ကျန်းမာပျော်ရွှင်မှု၊ ကျန်းမာရေးနှင့် ညီညွတ်သောသန့်ရှင်းသော လေထုအရည်အသွေးနှင့် ပတ်ဝန်းကျင်ကိုရရှိနိုင်ရေးတို့အတွက်ဖြစ်ပါသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းလက်ရှိဖြစ်ပေါ်နေသော လေထုညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုတစ်ရပ်ပင် ဖြစ်ပါသည်။

လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင် ရေးနှင့် ဖြေရှင်းနိုင်ရေးတို့အတွက် ဆောင်ရွက် ရာတွင် တစ်ဦးတစ်ယောက်ချင်း၊ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းစဉ်များကို မဖြစ်မနေ ထည့်သွင်းပေါင်းစပ်ပြီး အလေးထားအကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်လှပါသည်။

နည်းပညာနှင့် အတွေ့အကြုံများအပေါ် အခြေခံ

ထို့ပြင် နိုင်ငံတကာတွင် အောင်မြင်မှုရရှိနေသော နည်းပညာနှင့်အတွေ့အကြုံများအပေါ်အခြေခံပြီး သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ရေရှည်တည်တံ့ရေး၊ မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးနှင့် လေထုညစ်ညမ်းမှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်သွားခြင်းအားဖြင့် ရေရှည်တည်တံ့ပြီး စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ဟန်ချက်ညီသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိအောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။

ကျွန်ုပ်တို့ လူသားတိုင်းသက်ရှည်ကျန်းမာ ပျော်ရွှင်စွာရှင်သန်နိုင်ရေး၊ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ရှိ လေထုအရည်အသွေးကို ကောင်းမွန်သန့်ရှင်းနေစေရေးနှင့် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်တို့အား ဆက်လက်ထိန်းသိမ်းသွားနိုင်ရေးတို့ကိုမျှော်မှန်းပြီး လေထုညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရန် အလေးအနက်ရည်မှန်းလျက် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင်ရောက်ရှိသော အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ။