Mpox (မျောက်ကျောက်) ရောဂါအကြောင်း သိကောင်းစရာ သို့မဟုတ် အသိသတိနှင့် ကာကွယ်ရမည့် Mpox (မျောက်ကျောက်) ရောဂါ
အောင်မင်း၊ ဒုတိယညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး)
၁၉၇၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ၌ လူတစ်ဦးမှတစ်ဦးသို့ကူးစက်ကြောင်းကို စတင်တွေ့ရှိခဲ့သည့် Mpox(မျောက်ကျောက်)ရောဂါသည် အာဖရိကနှင့် အနောက်အာဖရိကတွင် ပုံမှန်အနေဖြင့်သာ ကူးစက်လေ့ရှိရာမှ ၂၀၂၂ ခုနှစ်တွင် အခြားနိုင်ငံအချို့သို့ပါ ကူးစက်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားခဲ့၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of International concern- PHEIC)အဖြစ် သတ်မှတ်ကြေညာ တုံ့ပြန်ဆောင်ရွက်ခဲ့ရာ ဖြစ်ပွားမှုသိသာစွာ ကျဆင်းခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် မေလတွင် PHEIC အခြေအနေမှ ရုပ်သိမ်းခဲ့ပါသည်။
အရေးပေါ်အခြေအနေအဖြစ်သတ်မှတ်
သို့သော် ၂၀၂၄ ခုနှစ်အတွင်း ဒီမိုကရက်တစ် ကွန်ဂိုနိုင်ငံ (DRC) နှင့် အာဖရိကတိုက်နိုင်ငံများတွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်း၊ Mpox (မျောက်ကျောက်) ရောဂါ၏ မျိုးကွဲအသစ်ဖြစ်ပြီး လိင်မှတစ်ဆင့်ကူးစက်တတ်သော (Clade 1 b)မျိုးကွဲသည် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် လျင်မြန်စွာကူးစက်ပျံ့နှံ့လာသည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနှင့် ယူဂန္ဓာတို့တွင် ကူးစက်ဖြစ်ပွားနေခြင်းနှင့် နယ်စပ်ဖြတ်ကျော်၍ နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့မှုများရှိနေခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် အရေးပေါ်ကော်မတီ (Emergency Health committee of the International Health Regulations) ၏ ပထမအကြိမ် အစည်းအဝေးကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေး၏ အကြံပြုချက်အရ Mpox(မျောက်ကျောက်)ရောဂါကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်းအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပါသည်။
Mpox (မျောက်ကျောက်)ရောဂါသည် မျောက်များတွင် စတင်တွေ့ရှိရသည့် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်သည့် ဗိုင်းရပ်စ်ရောဂါ (Viral zoonotic disease) တစ်မျိုးဖြစ်ပါသည်။ ကျောက်ကြီးရောဂါ (small pox) ဖြစ်ပွားစေသည့်ဗိုင်းရပ်စ် (variola virus)နှင့် မျိုးဗီဇအုပ်စု(orthopox)ချင်း တူညီသည့် မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါသည်။ အာဖရိကအလယ်ပိုင်း ကွန်ဂိုချိုင့်ဝှမ်းမျိုးစိတ် (congo basin clade) နှင့် အာဖရိကအနောက်ပိုင်း မျိုးစိတ် (west African clade) ဟူ၍ Mpox (မျောက်ကျောက်)ရောဂါဗိုင်းရပ်စ်မျိုးစိတ်နှစ်ခုရှိခဲ့ပါသည်။
Mpox(မျောက်ကျောက်)ရောဂါကို ၁၉၅၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိဓာတ်ခွဲခန်းရှိ မျောက်များတွင် စတင်တွေ့ရှိခဲ့ခြင်းကြောင့် monkeypox (မျောက်ကျောက်)ရောဂါဟု အမည်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၇၀ ပြည့်နှစ်တွင် အာဖရိကတိုက်ကွန်ဂိုနိုင်ငံ၌ Mpox (မျောက်ကျောက်) ရောဂါကို လူသားများတွင် စတင်တွေ့ရှိခဲ့ပြီး အာဖရိကတိုက်အလယ်ပိုင်းနှင့် အနောက်ပိုင်း၌ သစ်တောများနှင့်ဆက်စပ်ရာ နိုင်ငံဒေသများသို့ ပျံ့နှံ့ခဲ့ပါသည်။ အာဖရိကဒေသပြင်ပသို့ Mpox (မျောက်ကျောက်)ရောဂါစတင်ပျံ့နှံ့မှုအနေဖြင့် ၂၀၀၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အစ္စရေးနိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ ဗြိတိန်တွင် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်၊ စင်ကာပူနိုင်ငံတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် Mpox (မျောက်ကျောက်)ရောဂါ ကူးစက်ပျံ့နှံ့မှုကို တွေ့ရှိခဲ့ရပါသည်။
ရောဂါဖြစ်ပွားသူအရေအတွက် များပြားလာ
Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများအနေဖြင့် သတိပြုရမည့် ရောဂါတစ်ခုအဖြစ် သတ်မှတ်အလေးထားလာရသည့် အကြောင်းရင်းမှာယခင်က ရောဂါဖြစ်ပွားမှုမရှိခဲ့သော အာဖရိကဒေသ၏ ပြင်ပနိုင်ငံများတွင်ပါ ရောဂါဖြစ်ပွားသူအရေအတွက် များပြားလာခြင်းကြောင့် ဖြစ်ပါသည်။
Mpox(မျောက်ကျောက်)ရောဂါကူးစက်ပုံမှာ တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်ခြင်းနှင့် လူအချင်းချင်းကူးစက်ခြင်းဟု ကူးစက်ပုံနှစ်မျိုးရှိပါသည်။ ရောဂါပိုးသယ်ဆောင်ထားသည့် တိရစ္ဆာန်များ၏ သွေး/ ဆီး/ တံတွေး စသော ခန္ဓာကိုယ်မှထွက်သော အရည်များ၊ အညစ်အကြေးများနှင့် အရေပြားပေါ်တွင်ရှိသော အနာခွက်များကို တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမှတစ်ဆင့် ကူးစက်ပါသည်။
လူအချင်းချင်းကူးစက်ခြင်းတွင် (၁) direct contact၊ (၂) Indirect contact၊ (၃) Vertical Transmission (mother to child) သုံးမျိုးဖြင့် ကူးစက်တတ်ပါသည်။ ထိုသို့ လူအချင်းချင်းကူးစက် ရာတွင် ရောဂါရှိသူ၏ အနာခွက်များကို တိုက်ရိုက် ထိတွေ့မိခြင်း၊ ရောဂါရှိသူခန္ဓာကိုယ်မှထွက်ရှိသော အရည်များ၊ အညစ်အကြေးများမှတစ်ဆင့် ကူးစက်ပါသည်။ ထို့အပြင် ရောဂါရှိသူ အသက်ရှူထုတ်လိုက်သောအခါအစက်အမှုန်များ အသက်ရှူလမ်းကြောင်း မှထွက်ရှိလာပြီး အနီးရှိလူများထံသို့ တိုက်ရိုက် ဝင်ရောက်ကူးစက်ခြင်းနှင့် ရောဂါရှိသူ၏ အဝတ်အစား၊ အိပ်ရာ၊ အသုံးအဆောင်တို့တွင် တင်ကျန်နေသော ရောဂါပိုးများကို ကိုင်တွယ်မိပြီး လက်ကိုစနစ်တကျ မဆေးကြောမိဘဲ မိမိ၏ပါးစပ်၊ နှာခေါင်းတို့ကို ကိုင်တွယ်မိရာက ကူးစက်တတ်ပါသည်။ ထို့အပြင် ရောဂါပိုးရှိသူမိခင်မှလည်း မိမိ၏ သန္ဓေသားသို့ ကူးစက်နိုင်ပါသည်။
ရောဂါလက္ခဏာများ
Mpox(မျောက်ကျောက်)ရောဂါသည် ရောဂါပိုးစတင်ဝင်ရောက်ပြီး ၁ ရက်မှ ၂၁ ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်ပါသည်။ ရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ ခေါင်းပြင်းထန်စွာကိုက်ခြင်း၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံတို့တွင်ရှိသော ပြန်ရည်ကျိတ်များ ရောင်ရမ်းကြီးထွားခြင်း၊ နောက်ကျောများနာကျင်ခြင်း၊ ကြွက်သား များနာကျင်ခြင်းနှင့် အလွန်အမင်း အားအင်ကုန်ခန်းခြင်းတို့ ဖြစ်ပါသည်။ Mpox (မျောက်ကျောက်)ရောဂါသည် စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း အကွက်များ ထွက်လာတတ်ပါသည်။ ကိုယ်ပေါ်မှာထက် မျက်နှာနှင့် ခြေလက်များတွင် ပို၍ထွက်တတ်ပါသည်။ ထူးခြားချက်မှာ ကျောက်ရောဂါ၊ ရေကျောက်ရောဂါ၊ ဝက်သက်ရောဂါတို့ကဲ့သို့ အရေပြားပေါ်တွင် အရည်ကြည်ဖုများ၊ အကွက်များ ထွက်လာခြင်းတူသော်လည်း Mpox (မျောက် ကျောက်) ရောဂါတွင် အစောပိုင်းကာလရောဂါ စတင်ဝင်ရောက်လာစဉ်ကတည်းက ပြန်ရည်ကျိတ်များ ရောင်ရမ်းကြီးထွားလာခြင်းဖြစ်ပါသည်။
Mpox (မျောက်ကျောက်) ဗိုင်းရပ်စ်ပိုးမျိုးကွဲဖြစ်သည့် Clade 1 သည် ရောဂါဖြစ်ပွားသူလူနာ၏ အရည်ကြည်ဖုများနှင့် ကိုယ်ခန္ဓာမှထွက်သော အရည်များနှင့် ထိတွေ့မိခြင်း၊ ချောင်းဆိုးရာမှ တစ်ဆင့် ကူးစက်ခြင်းတို့ ဖြစ်ပွားတတ်ကြောင်းနှင့် ယခုအာဖရိကဒေသတွင်းနှင့် ဒေသပြင်ပတွင် ကူးစက်ဖြစ်ပွားနေသည့် မျောက်ကျောက်ဗိုင်းရပ်စ် ပိုးမျိုးကွဲဖြစ်သည့် Clade 1 b သည် ရောဂါဖြစ်ပွား သူလူနာနှင့် အနီးကပ်ထိတွေ့မှုမှတစ်ဆင့်သော် လည်းကောင်း၊ လိင်ဆက်ဆံရာမှတစ်ဆင့်သော် လည်းကောင်း အဓိကကူးစက်နိုင်ပြီး လိင်တူဆက်ဆံသူများ၊ လူနာနှင့်အနီးကပ်ထိတွေ့သော ကျန်းမာရေးဝန်ထမ်းများကို ကူးစက်ဖြစ်ပွားနိုင်ခြေမြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန် ထားပါသည်။
ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဖွဲ့ဝင်နိုင်ငံများအတွက် အကြံပြုချက်များကို ထုတ်ပြန်ထားရှိရာ အထွေထွေအကြံပြုချက်များ၊ လူထုအတွင်းဆောင်ရွက်ရန် အကြံပြုချက်များ၊ ကျန်းမာရေးဌာနများတွင် လိုက်နာဆောင်ရွက်ရန် အကြံပြုချက်များနှင့် နိုင်ငံဖြတ်ကျော် ဝင်ထွက်ပေါက်များတွင် ဆောင်ရွက်ရန် အကြံပြုချက်များကို တိကျစွာထုတ်ပြန်ထားပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် အကြံပြုချက်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် မျောက်ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၉-၈-၂၀၂၄ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း စဉ်များအား ချမှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် မေလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အာဖရိကဒေသပြင်ပရှိ နိုင်ငံအချို့တွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားမှု (Multi-country outbreak) ရှိနေကြောင်း ထုတ်ပြန်ကြေညာခဲ့စဉ်ကပင် မျောက်ကျောက်ရောဂါဖြစ်ပွားမှု စောစီးစွာ သိရှိတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဖျားခြင်းနှင့် အနီစက်/အရည်ကြည်ဖုထွက်ခြင်း ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း (Fever with Vesicular Rash Surveillance)နှင့် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင် ဓာတ်ခွဲနမူနာများအား စစ်ဆေးခြင်းလုပ်ငန်းကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ဆေးရုံများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် မှ လက်ရှိအချိန်အထိ လူနာများ၏ ဓာတ်ခွဲနမူနာ ၁၂၉ ခုအား ဓာတ်ခွဲစစ်ဆေးရာတွင် Mpox (မျောက်ကျောက်)ရောဂါ အတည်ပြုလူနာတွေ့ရှိ ခြင်းမရှိသေးပါ။
အိမ်နီးချင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံအချို့တွင် Mpox (မျောက်ကျောက်) ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများရှိနေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံအတွင်းသို့ Mpox (မျောက်ကျောက်) ရောဂါကူးစက်ဝင်ရောက်ပြန့်ပွားမှုမရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်များအရ မြန်မာနိုင်ငံတွင် Mpox(မျောက်ကျောက်)ရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးပါသည်။
မြန်မာနိုင်ငံတွင် Mpox (မျောက်ကျောက်)ရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးသော် လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဖြတ်ကျော်ဝင်၊ ထွက်ပေါက်များအပါအဝင် လူထုအတွင်း Mpox (မျောက်ကျောက်) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ နိုင်ငံဖြတ်ကျော်ဝင်၊ ထွက်ပေါက်များတွင် ကျန်းမာရေးကြေညာချက်ပုံစံ ဖြည့်စွက်စိစစ်ခြင်း၊ ဖျားခြင်းနှင့်အနီစက်/ အရည်ကြည်ဖုထွက်ခြင်း၊ ရောဂါလက္ခဏာ လူနာသစ်တွေ့ရှိမှုနှင့် အစုလိုက်ဖြစ်ပွားမှုများကို သတင်းပေးပို့ခြင်း၊ ရေကျောက်ရောဂါ သံသယလက္ခဏာဖြစ်ပွားသူလူနာများထံမှ ဓာတ်ခွဲနမူနာ ရယူ၍ ရေကျောက်ရောဂါနှင့် မျောက်ကျောက်ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်း၊ သံသယလူနာများအား သီးခြားထားရှိကုသမှုပေးခြင်း၊ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်သောဆေးနှင့်ဆေးပစ္စည်း များ စုဆောင်းထားရှိခြင်း၊ ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးရန်အတွက် သတင်းကြေညာချက်တစ်ရပ် အမြန်ထုတ်ပြန်ခြင်း၊ နိုင်ငံပိုင်နေ့စဉ်ထုတ် သတင်းစာများတွင် ဆောင်းပါး ရေးသားဖော်ပြခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်/ ပိုစတာများ ပြုစုဖြန့်ဝေခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
အထက်ပါ လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွှယ်ဝန်ကြီးဌာနများဖြစ်သော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍လည်းကောင်း၊ လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထောက်ပံ့ပေးနိုင်ရေးအတွက်လည်းကောင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
ဗိုင်းရပ်စ်ရောဂါပိုးများ၏ မျိုးရိုးဗီဇပြောင်းလဲ တတ်သောသဘောသဘာဝအရ ရောဂါဖြစ်ပွားမှုကို သတိပြုကာကွယ်ရမည်ဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့်-
- Mpox(မျောက်ကျောက်)ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ၊
- လက်ကိုဆပ်ပြာနှင့်ရေ သို့မဟုတ် အယ်လ်ကိုဟောအနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်သော ရေမလိုလက်သန့်စင်ဆေးရည်အသုံးပြု၍ စနစ်တကျဆေးကြောပါ၊
- နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါသို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ပါ၊ လူတို့၏ အသုံးအဆောင်ပစ္စည်းများ (မျက်နှာသုတ်ပဝါ၊ အဝတ်အထည်စသည့်…) ရေ၊ ဆပ်ပြာနှင့် စနစ်တကျ လျှော်ဖွပ်၍ အသုံးပြုပါ၊
- တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့်၊
- လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့်မျက်လုံးများကို ကိုင်တွယ်ခြင်းမပြုပါနှင့်၊
- တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကောင်းမွန်စေရန်ဆောင်ရွက်ပါ
စသော ရောဂါကာကွယ်ရေးနည်းလမ်းများကို သတိပြုလိုက်နာပြီး Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောက်ရွံ့ စရာမလိုဘဲကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနှင့် နေထိုင်ကြရန်နှင့် Mpox(မျောက်ကျောက်)ရောဂါ လူနာနှင့်အနီးကပ်ထိတွေ့ခဲ့ခြင်း သို့မဟုတ် ရောဂါသံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့၍ ကုသမှုခံယူရန်လိုအပ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။