Skip to main content

သူငယ်ချင်းတို့ရဲ့ ပအိုဝ်းဒေသ ထာဝရအေးချမ်းပါစေ

မြင့်စိုး(နတလ)

တစ်ခါတုန်းက မဲနယ်တောင်တန်းပေါ်မှာ

“ဦးထွန်းရင်လောကို မှတ်မိကြလားဗျ”

“မှတ်မိပါတယ်”

“ဒေါ်ကြူကြူမားကိုရော”

“မှတ်မိတယ်”

ကျွန်တော့်ရှေ့မှာ ထိုင်နေကြသော ပအိုဝ်းတိုင်းရင်းသား တိုင်းရင်းသူတွေထဲမှာ အသက်အရွယ်အားဖြင့် ၅၀ ကျော် ၊ ၆၀ တန်းတွေ ပါဝင်နေသောကြောင့် အထက်ပါပုဂ္ဂိုလ်နှစ်ဦး၏ အမည်ကို ကျွန်တော်ကအမှတ်ရစွာမေးလိုက်မိသလို၊ သူတို့ကလည်း သတိရစွာတညီတညာတည်း ဖြေကြသည်။ မှတ်မိပါသည်…တဲ့။ နေရာကတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွင်းရှိ မဲနယ်တောင်တန်းပေါ်မှာ။

သည်နေရာ၊ သည်ဒေသ၊ သည်တောင်တန်းပေါ်က ပချားကလို့၊ ကျောက္ကချားအပါအဝင် ရွာပေါင်းများစွာကို လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော် ကာလကတည်းက ရောက်ဖူးခဲ့သည်။ တိတိကျကျ ပြောရလျှင် ၁၉၈၂-၁၉၈၃ ခုနှစ်တွေမှာ တပ်မတော်သားဘဝဖြင့် စတင်ရောက်ဖူးခဲ့ခြင်းဖြစ်၏။ ရှမ်းပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဦးထွန်းရင်လောနှင့် ပါတီဘက်မှာ ဒေါ်ကြူကြူမားတို့ တာဝန်ထမ်းဆောင်နေချိန်ဖြစ်၏။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ဖြစ်၍ ထိုစဉ်က ဒေသပါတီ ဥက္ကဋ္ဌမှာ တိုင်းမှူးဗိုလ်ချုပ်အေးစန်ဟု ထင်မြင်မိပါသည်။

ထိုစဉ်က ပအိုဝ်းဒေသအတွင်း လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ဦးအောင်ခမ်းထီ၏ PNO အဖွဲ့၊ ဦးတာကလယ်နှင့် စောဖားမူတို့၏ ရလလဖအဖွဲ့၊ ကယားပြည်နယ်နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေ၍ ကလလတထွန်းကျော်အဖွဲ့၊ သန်းချ(ငြိမ်းချမ်းရေးယူပြီးချိန်တွင် ကယန်းပြည်သစ်ပါတီအဖွဲ့ခေါင်းဆောင် ဦးသန်းစိုးနိုင်)အဖွဲ့၊ ကျွန်တော်ပညာသင်ကြားခဲ့ဖူးသော ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့ ပရဟိတကျောင်းမှာ လေးတန်းအထိ လာရောက်နေထိုင်သွားသည့် ဟန်းသလော (MTA ဟိုမိန်းဒေသမှာ ပြန်တွေ့ရချိန်၌ သူ့နာမည်ကို လဝေထန်ဟု ပြောင်းထားသည်) အဖွဲ့တို့ ဖြစ်သည်။

PNO အဖွဲ့မှလွဲ၍ ကျန်လက်နက်ကိုင်အဖွဲ့အားလုံး ဗကပနှင့်တွဲ၍ လှုပ်ရှားခဲ့ကြသည်။ ထိုစဉ်က၎င်းတို့လှုပ်ရှားရာ နယ်မြေများမှာ ဆီဆိုင်အရှေ့ခြမ်းဒေသများနှင့် မဲနယ်တောင်တန်းပေါ်၌ လည်းကောင်း၊ ဆီဆိုင်တောင်ခြမ်းဒေသနှင့် သံတံတားမှကူး၍ ပွန်ချောင်းအရှေ့ဘက်ကမ်းမှသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသများဖြစ်သော မိုးနဲ၊ မောက်မယ် ဆက်စပ်နယ်မြေများအထိဖြစ်သည်။ PNO အဖွဲ့ကတော့ ပင်လောင်းမြို့နယ်နှင့်ဟိုပုံးမြောက်ခြမ်း၊ ကျောက်တန်းဒေသများမှာ အများဆုံးလှုပ်ရှားခဲ့ကြသည်။ ၁၉၈၅ ခုနှစ်အထိ သုံး/လေးကြိမ်ထက်မနည်း ထိုခွင်တွေထဲမှာ စစ်ဆင်ရေးဝင်ခဲ့ရ၏။

ထိုမှ ဦးအောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်းအမျိုးသားငြိမ်းချမ်းရေးအဖွဲ့(PNO)သည် ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာခဲ့ပြီး ကျောက်တလုံး ကြီးဒေသတွင်အခြေပြုကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်နှင့် လက်တွဲဆောင်ရွက်ခဲ့သည်မှာ ယနေ့ကာလတိုင်ဖြစ်သည်။ ထို့အတူဦးတာကလယ်၏ ရလလဖအဖွဲ့သည်လည်း ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့သဖြင့် ဆီဆိုင်တောင်ခြမ်း နောင်ထော်ဒေသ၌ အခြေပြုခဲ့ကြသည်။

ဦးတာကလယ်အဖွဲ့ ဝင်ရောက်မလာမီကတည်းကပင် ကယားပြည်နယ်အတွင်း၌ ကလလတအဖွဲ့သည် ၁၉၉၄ ခုနှစ် မေလ ၉ ရက်နေ့တွင်လည်းကောင်း၊ ကယန်းပြည်သစ်ပါတီအဖွဲ့သည် ၁၉၉၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင်လည်းကောင်း တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြပြီးဖြစ်သည်။ လေးမျက်နှာပရဟိတကျောင်းက ကျွန်တော်တို့၏ ကျေးဇူးရှင်ဆရာတော်ကြီးများ ဖြစ်ကြသော ဦးပညာလောက၊ ဦးဇောတိပါလတို့၏ တပည့်ဖြစ်ခဲ့ဖူးသူ ဟန်းသလော (ခ) လဝေထန် တစ်ယောက်ကတော့ KNPP နှင့်လည်းတွဲ၍ လှုပ်ရှားသည်။ ဗကပနှင့်လည်းတွဲသည်။ ပင်လောင်းခွင်မှာ ကျွန်တော်ရှိနေစဉ် ကျောင်းနေဘက် သူငယ်ချင်းများမှတစ်ဆင့် ဟန်းသလော အလင်းဝင်ရောက်ရေးကို စည်းရုံးကြည့်ခဲ့ဖူးသည်။ နောက်တော့သူလည်း KNPP အဖွဲ့ကနေ ဦးခွန်ဆာ၏ MTA အဖွဲ့သို့ ရောက်သွားပုံရသည်။ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၅၊ ၆ ရက်နေ့တွေမှာ MTA အဖွဲ့ကြီး အကြွင်းမဲ့လက်နက်စွန့်ချိန်၊ ကျွန်တော်လည်း တပ်မတော်သားဘဝကနေ နယ်ဘက်တာဝန် ကူးပြောင်းထမ်းဆောင်ပြီး နတလသို့ ရောက်နေချိန်၊ MTA ဌာနချုပ်(ဟိုမိန်း)သို့သွား၍ အထူးအုပ်ချုပ်ရေး အဖွဲ့တာဝန်များကို ထမ်းဆောင်ရစဉ်ဟန်းသလော (ခ) လဝေထန်နှင့် ပြန်တွေ့ရသည်။ ဖယ်ခုံဘက်သို့ ပြန်သွားပြီးနောက် ကွယ်လွန်သွားပြီဟု ကြားလိုက်ရ၏။

ငြိမ်းချမ်းရေးရေပြင်ထက်က ဂယက်တစ်ခု

ဆိုရသော် ပအိုဝ်းဒေသ၊ နောင်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံး ၁၉၉၄ ခုနှစ်မှ ယနေ့အချိန်အထိ တည်ငြိမ်အေးချမ်းသွားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှုအခြေခံကောင်းတွေရခဲ့သည်။ ဘာသာတရားကိုင်းရှိုင်းသော၊ အလှူအတန်းရက်ရောသောလူမျိုးဖြစ်၍ နိုင်ငံတော်အစိုးရက မိဘနေရာမှနေ၍ ကျပ်သိန်း ၁၀၀ မတည်ပေးလျှင်သူတို့က ကျပ်သိန်း ၂၀၀၊ ၃၀၀ ဝိုင်းထည့်ဝင်ကာ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ လမ်း၊ တံတားများ တည်ဆောက်ဖောက်လုပ်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ သို့သော် နှစ်ပေါင်း ၃၀ ကျော် အေးချမ်းတည်ငြိမ်စွာ ရပ်တည်လာခဲ့သော ပအိုဝ်းဒေသအတွင်းပြီးခဲ့သည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလ ၂၀ ရက်နေ့ညပိုင်း၌ ဟိုပုံးမြို့နယ် စံဖူးကျေးရွာသို့ PNLO အဖွဲ့၏ တရားမဝင်လက်နက် ခဲယမ်းများ သယ်ဆောင်လာမှုဖြစ်စဉ်မှအစပြုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုကိုမခံယူဘဲ ပြန်လည်ပစ်ခတ်ခြင်း၊ လက်နက်/ခဲယမ်းတင်ဆောင် လာသောယာဉ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ပေါက်ကွဲမှုများနှင့်အတူ စံဖူးကျေးရွာရှိ နေအိမ် ၂၇ လုံး မီးလောင်ပြာကျခဲ့ရသည်။

ထိုဖြစ်စဉ်၏ နောက်ဆက်တွဲအဖြစ် မဲနယ်တောင်တန်းပေါ်ရှိ နန်းဟူး၊ ပန်လျန်း၊ ကျောက္ကချား ကျေးရွာများတွင် ထိတွေ့တိုက်ပွဲဖြစ်မှုများ ရှိလာကာ နေအိမ်အချို့ မီးလောင်ဆုံးရှုံးခဲ့သည်။ စင်စစ်သော်ကား PNLO အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသောအဖွဲ့ဖြစ်ပြီး ပအိုဝ်းဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ကူညီစောင့်ရှောက်ကာကွယ်ပေးရမည့်အဖွဲ့ဖြစ်သည်။ PNLO သည် ဦးတာကလယ်၏ ရလလဖအဖွဲ့မှနေ၍ ခွဲထွက်သည့် အဖွဲ့ခွဲများထဲက တစ်ဖွဲ့ဖြစ်သည်။

PNLO အစပျိုးလိုက်သည့် မီးတောက်က စံဖူး၊ နန်းဟူး၊ ပန်လျန်း၊ ကျောက္ကချားလောက်မှာပဲ ရပ်မနေခဲ့၊ ကယားပြည်နယ်ထဲက အကြမ်းဖက်အဖွဲ့များနှင့်ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆီဆိုင်မြို့ကို ထိပါးနှောင့်ယှက်ခဲ့သည်။ ဆီဆိုင်ဈေးကြီးအပါအဝင် ဒေသခံတိုင်းရင်းသားများ၏ နေအိမ်များ၊ ရုံးများ မီးလောင်ဆုံးရှုံးခဲ့သည်။ မိမိလူမျိုးများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ကိုယ်တိုင်ဦးဆောင်ပါဝင်ခဲ့သော PNLO ၏ လုပ်ရပ်အပေါ် အံ့ဩမှင်တက်ခဲ့ရသည်။ ဆီဆိုင်မြို့ လေးကို ၁၉၈၂ ခုနှစ်တွင် စတင်ရောက်ဖူးခဲ့သည်။ နတလဝန်ထမ်းဘဝဖြင့် တပ်မတော်သားဘဝက မိမိတို့နေခဲ့သည့်နေရာ၊ ထိုစဉ်က တပ်မမှူးဗိုလ်မှူးကြီး ဖုန်းမြင့်ရုံးထိုင်သည့် တပ်မကုန်းနေရာတို့မှာ အမှတ်တရဓာတ်ပုံများ ရိုက်ခဲ့သည်။

လွယ်ဆန်စစ်ရွာက နာနတ်သီးအလွန်ချိုသည်ကို မမေ့သလို ၁၉၈၀ ပြည့်လွန်နှစ်များက ဆိုက်ခေါင်ကျေးရွာလေးသည် မြို့ငယ်လေးတစ်ခုပမာ ဖွံ့ဖြိုးစည်ပင်လာပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသများသို့လည်းကောင်း၊ ကယားပြည်နယ်သို့လည်းကောင်း ဆက်သွယ်ရောင်းဝယ်ဖောက်ကားရန် အချက်အချာနေရာတစ်ခု ဖြစ်လာခဲ့လေသည်။ တိုက်နယ်ဆေးရုံ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ လူငယ်သင်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းများဖြင့် ခမ်းနားထည်ဝါလာခဲ့သည်။ ဈေးကြီးကလည်းဟည်းလို့၊ ယခုဖြစ်စဉ်၌ ဆိုက်ခေါင်ကိုပင် အနည်းငယ် အဖျားခတ်သွားသေး၏။

ပင်လောင်းမှ အင်းပေါခုံခေတ်မီစံပြကျေးရွာသို့

ယခုလဆန်းပိုင်း ဩဂုတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ နှစ်ညအိပ်သုံးရက် ခရီးစဉ်ရေးဆွဲတင်ပြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်၏အဓိကရည်ရွယ်ချက်မှာ ဆီဆိုင်မြို့တွင် ပြန်လည်တာဝန်ထမ်းဆောင်နေကြသော မိမိဝန်ထမ်းများနှင့် တွေ့ဆုံအားပေးရန်၊ ရုံးဖွင့်လှစ်နိုင်မှုနှင့် ပြန်လည်တည်ဆောက်ရမည့်ရုံးများ အခြေအနေတို့ကို ကြည့်ရှုရန်၊ မဲနယ်တောင်ပေါ်က ကျေးရွာလေးများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြန်လည်ဆောင်ရွက်ပေးထားသည့် ရေပေးရေးလုပ်ငန်းများ အဆင်ပြေမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးရန်၊ တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယမြို့နယ်များ၌ ဆီထွက်သီးနှံနေကြာဧက ၅၀၀၀ ကို ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်၊ တောင်ကြီးမြို့နယ် သမဝါယမအသင်းစု၊ ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုများ၏ ကူညီပံ့ပိုးငွေကျပ် တစ်ဘီလီယံဖြင့် အောင်မြင်အောင် စိုက်ပျိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်တို့အတွက် ဖြစ်ပါသည်။

ခရီးစဉ်ပထမနေ့မှာ ပင်လောင်းမြို့နယ်ထဲက နောင်မွန်းကျေးရွာသို့ ဝင်ရောက်ပြီး နွားမွေးမြူရေး သမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို အားပေးသည်။ ယခင် တစ်ခေါက်သွားကတည်းက ရင်းနှီးခင်မင်စွာ ပြောဆိုဆက်ဆံခဲ့သဖြင့် (ပအိုဝ်း စကားကိုလည်း မတောက်တခေါက်ပြောခဲ့သဖြင့်) လှိုက်လှဲဝမ်းသာစွာ ကြိုဆိုကြသည်။ နွားမွေးမြူရေး လုပ်ငန်းတိုးတက်လာစေရန်အတွက် လိုအပ်သည်များ မှာကြားကာ အမှတ်တရဓာတ်ပုံရိုက်ခဲ့သည်။ ထိုမှနောင်တရားသို့ ဆက်လက်ထွက်ခွာပြီး နောင်တရားသမဝါယမအသင်း၏ အာလူးအအေး ခန်းစက်ရုံ၊ သဘာဝမြေဩဇာစက်ရုံ၊ အာလူး တစ်သျှူးကာချာ မျိုးပွားခြံတို့ကို ကြည့်ရှုအားပေးသည်။

ထိုခရီးစဉ်တွင် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ခွန်ရဲထွေးတို့လည်း လိုက်ပါလာသဖြင့် ပင်လောင်းမြို့နယ် အတွင်းကနောင်တရား၊ နန်းတိုင်းနှင့် လွင်ကျေးရွာတို့မှ ငရုတ်သီးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ သမဝါယမအသင်းစုချုပ်များနှင့် ပူးပေါင်းကာ ကုန်ထုတ်သမဝါယမအသင်းများ ဖွဲ့စည်းနိုင်ရေး၊ ဈေးကွက်ရရှိရေး၊ တန်ဖိုးမြင့်ထုတ်ကုန် ပြုလုပ်နိုင်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရန်နှင့် ပြည်ပပို့ကုန် တင်ပို့နိုင်ရေးအထိပါ ရည်မှန်းချက်ထား ဆောင်ရွက်ကြရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ညနေပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းမှ အင်းပေါခုံခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက်၍ ကျေးရွာကော်မတီဝင်များ၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတိုင်စည်းနည်းပညာ တက်ရောက်နေကြသော သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံခဲ့ပါသည်။ အာဆီယံကျေးရွာကွန်ရက်များ ချိတ်ဆက်ရေးအစီအစဉ်အတွက် ကျေးရွာသုံးရွာကို ရွေးချယ်ခဲ့ရာတွင် ညောင်ဦးမြို့နယ်အတွင်းမှ ခရီးသွားလုပ်ငန်းအခြေပြုမြင်းကပါ ခေတ်မီစံပြကျေးရွာကို လည်းကောင်း၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းမှ ဒစ်ဂျစ်တယ်နည်းပညာအခြေပြု သော်မှော်ကုန်း ခေတ်မီစံပြကျေးရွာကိုလည်းကောင်း၊ ညောင်ရွှေမြို့နယ်အတွင်းမှ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (OVOP) အခြေပြု အင်းပေါခုံကျေးရွာကိုလည်းကောင်း သတ်မှတ်ရွေးချယ်ထားပြီး ဖြစ်ပါသည်။

အင်းပေါခုံ ခေတ်မီစံပြကျေးရွာ (Smart Village) ၏ အနေအထားက ရိုးရိုးလေးနှင့် တစ်မျိုးဆန်းနေသည်ဟု ပြောရမည်လားမသိ၊ ကြည့်လေ… အင်းပေါခုံ(အလယ်)၊ အင်းပေါခုံ (အရှေ့)၊ အင်းပေါခုံ (တောင်)၊ အင်းပေါခုံ(အနောက်)၊ အင်းပေါခုံ (မြောက်)ဟူ၍ အစုအဖွဲ့လေးများဖြင့် ဖြစ်တည်နေ ပေရာ စုစုပေါင်းအိမ်ခြေ ၂၈၈ လုံး ရှိပါသည်။ စံပြကျေးရွာဆိုသော အမည်နှင့်အညီ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ၏။ ရွာချင်းဆက်တံတား၊ ကွန်ကရစ်လျှောက်လမ်း၊ ရေပေးရေးလုပ်ငန်းများအတွက် ရေစင်နှင့်ပိုက်များ၊ ကျေးရွာပိုင် ကြာစိုက်ပျိုးရေးကန် တူးဖော်ပေးရေး၊ မီးပေးရေးလုပ်ငန်းများအတွက် သစ်သားတိုင်များအစား ကွန်ကရစ်မီးတိုင်လဲလှယ်ပေးရေး၊ ကျေးရွာစာကြည့်တိုက်တည်ဆောက်ပေးရေး အစရှိသည်တို့ကို ကူညီပံ့ပိုးဆောင်ရွက်ပေးရန် တင်ပြကြရာ သက်ဆိုင်ရာဦးစီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

အင်းပေါခုံရွာသို့ အသွားမှာရော အပြန်ခရီးမှာပါ မိုးကလေးဖွဲဖွဲရွာချနေသဖြင့် အင်းလေးမြင်ကွင်းက ပို၍လှနေသလိုပင်။ အင်းလေးရေပြင်ထက်မှာ ဥဒဟိုသွားနေကြသည့် စက်လှေလေးများ၊ ရိုးရာ အိမ်လေးများ၊ အင်းအရှေ့နှင့် အနောက်မှာ သွယ်တန်းနေသည့် တောင်တန်းများကို လှမ်းမျှော် ကြည့်ရင်း ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ မိုးညအိပ်မက်မြူဝတ္ထုထဲက စကားလုံးများကို တေးစာသားအဖြစ် သီကုံးဖွဲ့နွဲ့ထားသော၊ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော၊ တေးသံရှင် အစ်မကြီး ဒေါ်ခင်ညွန့်ရည်၊ ဂီတမှူးစန္ဒရားတင်ဝင်းလှိုင်တို့၏ မိုးညအိပ်မက်မြူသီချင်းကိုပဲ ညည်းချင်လာသလိုလို၊ နိုင်ငံကျော်မင်းသားကြီး ဦးကျော်ဟိန်းနှင့် အကယ်ဒမီ ဒေါ်ခင်သီတာထွန်းတို့ ပါဝင်သရုပ်ဆောင်ထားသော အင်းလေးမှာရွာတဲ့မိုးရုပ်ရှင် ဇာတ်ကားကြီးကိုပဲ သတိရလာသလိုလိုနှင့် အမျိုးအမည်ဖော်ပြ၍မရသော ခံစားမှုများ ဖြစ်ပေါ်လာသည်ကတော့ အမှန်ပင်။

တိုက်ပွဲကြားက ဝက်ကလေးတွေ

နောက်တစ်နေ့၊ ဩဂုတ်လ ၂ ရက်နေ့မှာ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့သို့ သွားရောက်ခဲ့သည်။ မြို့တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ထိုသို့ဆောင်ရွက်နိုင်ခြင်းမှာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့၏ ခရီးစဉ်များ၊ ကျန်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၏ ခရီးစဉ်များတွင်လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများပြုလုပ်၍ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်ခြောက်ခုနှင့် ကျေးရွာငါးရွာအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေပေးဝေနေသော ရေပေးရေးလုပ်ငန်း ပြန်လည်ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။

၎င်းရေပေးရေးလုပ်ငန်းမှာ ကျွန်တော်နတလတွင် ရှိစဉ်ကတည်းက TPA အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော၊ ဂျပန်နိုင်ငံသူမစ္စရှီဘာဒါ (မြန်မာအမည် မစံပယ်ဟု မှည့်ထားသည်) ဦးစီးလုပ်ကိုင်ပေးခဲ့သော လုပ်ငန်းဖြစ်သည်။ ယခုပင်မရေထွက်ရေကန်မှ ရေများကို ၁၅ ကီလိုဝပ်ဆိုလာ နှစ်စုံ၊ မြင်းကောင်ရေ ၁၀ ကောင်အားရေတင်ပန့်များဖြင့် ရေသိုလှောင်ကန်နှစ်ခုသို့ပေးပို့နိုင်အောင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတို့ဖြင့် ကူညီဆောင်ရွက်ပေးထားသဖြင့် လျှပ်စစ်မီးရော ဆိုလာကိုပါ အသုံးပြုနိုင်ပြီဖြစ်ပါသည်။

ယင်းနောက် မိမိတို့ဝန်ကြီးဌာနရုံးများ၊ ပြန်လည်တည်ဆောက်ပေးရမည့် ရုံးနေရာ၊ ယာယီရုံးဖွင့်ထားသည့် နေရာများကို လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ပြီးလျှင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ တစ်ဦးချင်း အခက်အခဲများကိုလည်း မေးမြန်းခဲ့သည်။ ဆီဆိုင်ဒေသခံဝန်ထမ်းများထဲက ဒုတိယဦးစီးမှူး ဝန်ထမ်းမိန်းကလေးတစ်ဦးဆိုလျှင် မိသားစုစားဝတ်နေရေးအတွက် ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ဝက်မကြီးလေးကောင်၊ ဝက်လတ်အကောင် ၂၀ အထိ ဖြစ်ထွန်းနေချိန်၊ ယခုတိုက်ပွဲဖြစ်စဉ်ကြောင့် လူရော ဝက်ရော ဘေးလွတ်ရာသို့ ပြေးရင်းအားလုံးပျောက်ဆုံးသွားသဖြင့် သိန်း ၁၀၀ ကျော် ထိခိုက်ဆုံးရှုံးသွားခဲ့သည်။ ကျန်သည့် မြို့သူမြို့သားများ၏ ဆုံးရှုံးမှုများကိုတော့ဖြင့် မပြောလိုတော့ပြီ။ ယခင်တစ်ခေါက်က ကျွန်တော်အမှတ်တရ လိုက်လံကြည့်ရှုခဲ့သော ဆီဆိုင်ဈေးကြီးလည်းမရှိတော့ပြီ။ အားနှင့်မာန်နှင့် ပြန်လည်ရုန်းထကြပါစို့ ဆီဆိုင်ရေ…။

နန်းဟူး၊ ပန်လျန်း၊ ကျောက္ကချား

ဆီဆိုင်မြို့မှထွက်ခွာ၍ မဲနယ်တောင်တန်းပေါ်က နန်းဟူးကျေးရွာ၊ ပန်လျန်းကျေးရွာ၊ ကျောက္ကချားကျေးရွာတို့သို့ သွားရောက်ခဲ့သည်။ တောင်ပေါ် ဒေသဆိုသော်ငြားလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက ဖောက်ထားသောလမ်း၊ နတလကဖောက်ထားသောလမ်း၊ ကျွန်တော်တို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဖောက်ထားသောလမ်းများဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လျက်ရှိပါသည်။ ပြန်လည် ပြုပြင်ပေးရမည့်နေရာများလည်း တွေ့ရသည်။ စံဖူးရွာ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အဆိုပါကျေးရွာများတွင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေအိမ်များ ပြန်လည်တည်ဆောက်နိုင်အောင် ကူညီပံ့ပိုးပေးခဲ့သဖြင့် အိမ်သစ်ကလေးများကို တွေ့မြင်နေရပြီဖြစ်သည်။ ကျေးရွာလူထုနှင့် တွေ့ဆုံခဲ့ရာတွင် အိမ်တွင်းမီးသွယ်တန်းရေးကိစ္စများ ကူညီပေးရန်၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရန်၊ ကျေးရွာတွင်းလမ်းများ ပြုပြင်ပေးရန်နှင့် ရေပြွန်တံတားများ တည်ဆောက်ပေးရန်၊ ကျေးရွာစာကြည့်တိုက်ရရှိရေး၊ စာသင်ကျောင်းနှင့် ဆေးပေးခန်းအတွက် ခြံစည်းရိုးကာရံနိုင်ရေးကိစ္စများ ကူညီပေးရန်တို့ကို တင်ပြလာသဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ကျေးရွာ သုံးရွာစလုံးက နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသော ပအိုဝ်းတိုင်းရင်းသား တိုင်းရင်းသူ သက်ကြီးရွယ်အိုများ၏နှုတ်မှအံကျလာသော စကားတစ်ခွန်းကတော့ “ငါတို့တစ်သက်မှာ ဒီလိုအဖြစ်မျိုးနဲ့ ကြုံရမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”… တဲ့လေ။

ပအိုဝ်းဒေသ ထာဝရအေးချမ်းပါစေ

၁၉၉၁ ခုနှစ်မှစ၍ ငြိမ်းချမ်းခြင်း၏ အကျိုးရလဒ်ကို စတင်ခံစားခဲ့ကြရသော ပအိုဝ်းဒေသ၊ မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများမှသည် အာလူး၊ ထောပတ်၊ ပင်မှည့် အစရှိသည့် စိုက်ပျိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးကာ လူမှုစီးပွားဘဝများ မြင့်မားလာသည့် ပအိုဝ်းဒေသ၊ ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းရက်ရောကာ စေတနာသဒ္ဓါတရားထက်သန်သည့် လူမျိုးများပေါင်းစုနေထိုင်ကြသည့် ပအိုဝ်းဒေသ၊ ကျွန်တော်၏ ကျောင်းနေဘက် သူငယ်ချင်းများ၊ သူငယ်ချင်းမများရှိနေသော ပအိုဝ်းဒေသ ထာဝရတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်တောင်းလျက်...။ ။