ဝိသမလောဘသားတို့၏ ညွှတ်ကွင်းမှ လွတ်ကင်းနိုင်ပါစေ
ငြိမ်းချမ်းအောင်
လူကုန်ကူးမှု ဒုစရိုက်လုပ်ငန်းများအနက် အွန်လိုင်းရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုမှာ ယနေ့ကမ္ဘာတွင် ထိပ်တန်းပြဿနာတစ်ခု ဖြစ်လာသည်။
အွန်လိုင်း သို့မဟုတ် အင်တာနက်ကို အသုံးပြု၍ လိမ်လည်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို တရုတ်နိုင်ငံအပါအဝင် အရှေ့တောင်အာရှက ကျားဖြန့်ဟုလူသိများကြသည်။ ကျားဖြန့်ဟူသည့်အသုံးအနှုန်းမှာ တရုတ်ဘာသာစကားအသံထွက်ဖြစ်ပြီး အဓိပ္ပာယ်မှာလိမ်လည်မှုများ၊ ငွေကြေးလိမ်လည်မှုများ၊ ဖြားယောင်းသွေးဆောင်မှုများဟု ဆိုလိုသည်။
လွန်ခဲ့သောဆယ်စုနှစ် တစ်ခုခန့်ကာလ တရုတ်နိုင်ငံအတွင်း လောင်းကစားဝိုင်းများကို နှိမ်နင်းပြီးနောက်ပိုင်း၊ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်မှုကာလ နောက်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းသည် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် ကြီးမားကျယ်ပြန့်စွာအခြေစိုက်လာခဲ့သည်။
လိမ်လည်မှုပေါင်းများစွာကို ကျူးလွန်
အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် လူမှုကွန်ရက်တွင် သားကောင်ရှာဖွေခြင်း၊ အွန်လိုင်း၌ အမျိုးသမီးအဖြစ် အကောင့်အတုဖန်တီးပြီး အနောက်နိုင်ငံမှ အွန်လိုင်းသုံးစွဲသူ အမျိုးသားများကို ခရစ်တိုကာရန်စီဟုခေါ်ဆိုသည့် ဒစ်ဂျစ်တယ်ငွေကြေးများ လွှဲပြောင်းလာအောင် ဖြားယောင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အချစ်ဇာတ်လမ်းများ ဖြင့် ဖြားယောင်းသွေးဆောင်လိမ်လည်ခြင်း၊ ဂိမ်းအပလီကေးရှင်း (App) အတုများ၊ ဝက်ဘ်ဆိုက်စာမျက်နှာ (Website) အတုများ၊ ကုမ္ပဏီလုပ်ငန်းအတုများဖြင့် ငွေကြေးအမြတ်အစွန်းများမက်လုံးပေး၍ လိမ်လည်ခြင်းစသဖြင့် လိမ်လည်မှုပေါင်းများစွာကို ကျူးလွန်ခဲ့ကြရာ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု(USIP)ကပင် လက်ရှိကာလတွင် ကျားဖြန့်လုပ်ငန်းများသည် နိုင်ငံပေါင်းချုပ် အွန်လိုင်းငွေကြေးလိမ်လည်မှုအသင်းကြီး ဖြစ်နေသည်ဟုဆိုသည်။
အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ၎င်းတို့လုပ်ငန်းများတွင် အသုံးချရန်အတွက် အိုင်တီနည်းပညာတတ်ကျွမ်းသူ၊ နိုင်ငံတကာဘာသာစကားကျွမ်းကျင်သူ၊ ပညာအရည်အချင်းအသင့် အတင့်ရှိသူ၊ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကိုပစ်မှတ်ထား၍ ကုမ္ပဏီလုပ်ငန်းများ အသွင်ဖြင့် လစာပမာဏများများဖော်ပြကာ သွေးဆောင်ဖြားယောင်းခဲ့ကြသည်။
ဤသို့ဖြင့် နိုင်ငံပေါင်းစုံမှ ဘာသာစကား ကျွမ်းကျင်သည့် ပညာတတ်လူငယ်များစွာသည် မြင့်မားသောလစာမက်လုံးများကြောင့် လူကုန်ကူးခံရကာ ကျားဖြန့်အွန်လိုင်း ငွေကြေးလိမ်လည်သည့် လုပ်ငန်းတွင်လုပ်ကိုင်ရန် အတင်းအကျပ်ဖိအားပေး လုပ်အားစေခိုင်းခြင်း ခံခဲ့ကြရသည်။
အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာစသည့် အာရှနိုင်ငံများနှင့် အာဖရိကနိုင်ငံများမှ အလုပ်ကောင်းကောင်းနှင့် လစာကောင်းကောင်းလိုအပ်နေကြသည့် ပညာတတ်လူငယ်လူရွယ်များစွာမှာ ကျားဖြန့်လုပ်ငန်းအတွက် လူကုန်ကူးခံခဲ့ကြရပြီး ကျွန်ပြုစေခိုင်းမှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ၊ သတ်ဖြတ်ခံရသည့် ရာဇဝတ်မှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြုံတွေ့ခဲ့ကြရသည်။
အသက် ၃၂ နှစ်အရွယ် ငုယင်မှာလည်း စင်ကာပူတွင် အလုပ်ရမည်ဟု ဗီယက်နမ်ပွဲစားတစ်ဦး၏ သိမ်းသွင်းမှုကို ယုံကြည်ခဲ့ရာက လောက်ကိုင်မြို့တွင် ခရီးဆုံးပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် စေခိုင်းခံခဲ့ရသည်။ ပွဲစားက ငုယင်ကို ခရီးတစ်ထောက်နားရန် မြန်မာနိုင်ငံသို့သွားရမည်ဟု လိမ်လည်လှည့်ဖြားပြီး လောက်ကိုင်မြို့သို့ ပို့ဆောင်ကာ မြို့တွင်းအဆောက် အအုံတစ်ခုတွင် အခြားဗီယက်နမ်နိုင်ငံသားအချို့နှင့်အတူ ပိတ်လှောင်ထားခဲ့သည်။ တစ်လမှာအနည်းဆုံး ဒေါ်လာနှစ်ရာခန့် မလိမ်လည်နိုင်ပါက နှိပ်စက်ခံကြရသည်။
အတင်းအကျပ်စေခိုင်းခံခဲ့ကြရ
ငုယင်နည်းတူ အလုပ်၊ လစာကောင်းကောင်းရရှိ မည်ဟူသည့် မက်လုံးများကြောင့် မြန်မာအပါအဝင် ဒေသတွင်းမှ ကွန်ပျူတာနှင့် အင်္ဂလိပ်စာကျွမ်းကျင် သူ ပညာတတ်လူငယ်များသည် ဖြားယောင်းသိမ်းသွင်းခံရပြီး အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများတွင် အတင်းအကျပ်စေခိုင်းခံခဲ့ကြရသည်။ နှိပ်စက်ခံရသည့် နိုင်ငံခြားသားများက သက်ဆိုင်ရာသံရုံးများကို နေရာအတိအကျဖြင့်သတင်း ပေးပို့ခဲ့ရာမှ ဒေသတွင်းအစိုးရများက အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အာရုံစိုက်လာမိကြသည်။
အွန်လိုင်းလောင်းကစားမှုနှင့် ငွေလိမ်ဂိုဏ်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့မှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်ခြင်းကို ခံကြရသည့်အပြင် အဆိုပါ ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးခံကြရသူများ၊ ငွေကြေးလိမ်လည်ခံကြရသူများ၏ မိခင်နိုင်ငံများ၏ အထင်အမြင်လွဲမှုများကိုလည်း ရင်ဆိုင်ကြရသည်။
အမှန်တကယ်အားဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ပြည်တွင်းသို့ တရားမဝင်ဝင်ရောက်လာသူများက တည်ထောင်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံသားများက တည်ထောင်လုပ်ကိုင်ခြင်းမဟုတ်ဘဲ တရားမဝင်ဝင်ရောက်လာသူအများစုက လောက်ကိုင်မြို့ကဲ့သို့ နယ်စပ်ဒေသများတွင် လုပ်ကိုင်ခဲ့ကြပြီး အချို့မှာ မြို့ပြများတွင် တိတ်တိတ်ပုန်းလုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။
ကိုးကန့်ဒေသတွင် ယခင်ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် လောင်းကစားဝိုင်း လုပ်ဆောင်မှုများရှိခဲ့ရာမှ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်တွင် သွားလာမှု ကန့်သတ်ချက်များအရ အွန်လိုင်းမှသာ လောင်းကစားမှုများကို လုပ်ဆောင်ခဲ့ကြရာ လုပ်ငန်းအတွက် ကျွမ်းကျင်သူများနှင့် အထောက်အကူပြုဝန်ထမ်းများအပါအဝင် နိုင်ငံခြား သားများပါ လောက်ကိုင်ဒေသသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။
ကျားဖြန့် ခေါ် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၏ လိမ်လည်ခံရမှုကြောင့် ဒေါ်လာဘီလီယံနှင့်ချီ နစ်နာ ခဲ့သော တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ ဖမ်းဆီးနှိမ်နင်းမှုများကို ဆက်တိုက်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံကလည်း မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်း၍ အွန်လိုင်းလောင်း ကစားမှုများနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ ကို ထိရောက်စွာ နှိမ်နင်းရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က “လောက်ကိုင်ဒေသအပါအဝင် နယ်စပ်ဒေသများ တွင်ဖြစ်ခဲ့သည့် ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည် မှုများသည် လောက်ကိုင်မှာဆိုလျှင် ဟိုတယ်များ၊ လျှို့ဝှက်နေရာများတွင် ပုန်းလျှိုးကွယ်လျှိုးဆောင် ရွက်ကြခြင်းဖြစ်၍ နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် သိရှိခဲ့ခြင်းမရှိကြောင်း၊ လိမ်လည်မှုများကို တရုတ်နိုင်ငံမှတိမ်းရှောင်လာသည့် တရုတ်ရာဇဝတ်သားများက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လောင်းကစားလုပ်သူများ၊ လိမ်လည်ခံရသူ အများစုမှာလည်း တရုတ် နိုင်ငံသားများသာဖြစ်၍ မြန်မာနိုင်ငံကအများစုက သိရှိခဲ့ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အဆိုပါကျားဖြန့်ကိစ္စကို သိရှိသည်နှင့်တစ်ပြိုင်နက် တရုတ်နိုင်ငံနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပြီး နှိမ်နင်းခဲ့ပါကြောင်း၊ ကိုးကန့်ဒေသတွင်သာမက အခြားနယ်စပ်ဒေသများ၌ပါ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ဇူလိုင် ၉ ရက်အထိ မိုင်းပေါက်ဒေသ၊ လောက်ကိုင်ဒေသ၊ တာချီလိတ်ဒေသ၊ မူဆယ်ဒေသ၊ မြဝတီ(ရွှေကုက္ကိုလ်၊ KK Park) တို့မှ ဖော်ထုတ်ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၅၁၈၅၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၁၄၃ ဦး၊ ထိုင်းနိုင်ငံသား ၆၄၀ ဦး အပါအဝင် ၂၁၅၀ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း” ဇူလိုင် ၁၀ ရက် က ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားစဉ် ထည့်သွင်းပြောကြားသွားခဲ့သည်။
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ
တရုတ်နိုင်ငံသားများသည် အွန်လိုင်းဂိမ်းကဲ့သို့ တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ပါက တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပြီး နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရသဖြင့် အွန်လိုင်းဂိမ်းများတွင် ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားအချို့သည် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မခံရရေးအတွက် အခြားနိုင်ငံသားဟု လိမ်လည်ထွက်ဆိုခြင်း၊ ထိန်းသိမ်းထားရာနေရာမှ နည်းလမ်းအမျိုးမျိုးဖြင့် လွတ်မြောက်ရန် ကြိုးပမ်းခဲ့သည့်ဖြစ်စဉ်များလည်း ပေါ်ပေါက်ခဲ့သည်။
မကြာသေးမီက ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဗျူရို၏ သတင်းထုတ်ပြန်ချက်အရ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ နီနွိုင်းအကွီနိုအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၁၂-၇-၂၀၂၄ ရက်က ပြန်လည်ခေါ်ဆောင်ခဲ့သည့် အသက် ၄၀ အရွယ် ‘King’ ဆိုသူသည် ဖိလစ်ပိုင်နိုင်ငံသားမဟုတ်ဘဲ တရုတ်နိုင်ငံသားဖြစ်နေကြောင်း၊ ၎င်းသည် ဖိလစ်ပိုင်မှ ထိုင်းသို့ သွားရောက်ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံသို့ တရားမဝင်ဝင်ရောက်ကာ နယ်စပ်ဒေသတွင် တရားမဝင်အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ လုပ်ငန်းခွင်တွင် အလုပ်ဝင်စတစ်လအတွက်သာ လုပ်အားခရရှိ ပြီး ပြစ်ဒဏ်ပေးမှုများသာခံရ၍ အဆင်မပြေသဖြင့် ထိုင်းနိုင်ငံသို့တရားမဝင် ပြန်လည်ဝင်ရောက်ခဲ့ရာမှ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ သုံးလကြာဖမ်းဆီး မှုခံခဲ့ရကြောင်း၊ တရုတ်နိုင်ငံကူးလက်မှတ်ကို အသုံးပြုပါက တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခံရ မည်စိုးရိမ်၍ ဖိလစ်ပိုင်နိုင်ငံသားအဖြစ် ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဝိသမလောဘသားတို့၏ ညွှတ်ကွင်းတွင် သားကောင်ဖြစ်ခဲ့ကြရသော လူကုန်ကူးခံကြရသူများ၏ ဖြစ်ရပ်မှန်ဇာတ်လမ်းများကား ရှုပ်ထွေးပွေလီလှသော လောကကြီးအကြောင်းကိုစူးစမ်းစ၊ သင်ယူစ အတွေ့အကြုံဗဟုသုတနည်းသူလူငယ်များအဖို့ သင်ခန်းစာယူစရာပင်။
မြန်မာလူငယ်များအနေဖြင့်လည်း စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေရာတွင်လည်းကောင်း၊ ရေကြည်ရာမြက်နုရာ နယ်မြေသစ်သို့ စွန့်စားသွားရောက်လုပ်ကိုင်ရာတွင်လည်းကောင်း လူကုန်ကူးမှုအန္တရာယ်ကို သတိပြုဆင်ခြင်ရန်လိုအပ်ပါသည်။ မိမိထက် အကြားအမြင်ဗဟုသုတပြည့်ဝသူများ၊ ဘဝအတွေ့အကြုံ ရင့်ကျက်သူ လူကြီးမိဘများ၏ အကြံပြုလမ်းညွှန်မှု များကို အလေးထားကြရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။
လစာနှင့် အခွင့်လမ်းကောင်းများရရှိမည်ဟူသော နောက်ကွယ်တွင် ဘယ်သူသေသေ ငတေမာ ပြီးရောဟူသည့် ဝိသမလောဘသားတို့၏ လူကုန်ကူးမှုအန္တရာယ်ညွှတ်ကွင်းကလည်း ရှိနေနိုင်သည် မဟုတ်ပါလား။ ။