Skip to main content

စာပေနှင့် နိုင်ငံတော်ကာကွယ်ရေး

ကို(တက္ကသိုလ်)

စာဆိုတို့သည် မိမိတို့ပိုင်ဆိုင်ထားသော စာပေစွမ်းအင်ဖြင့် ပြည်သူတို့ မျိုးချစ်စိတ်ဓာတ်ထက်သန်ရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ခေတ်အဆက်ဆက် ရေးသားဖွဲ့ဆိုပေးခဲ့ကြပုံကို စာပေသမိုင်းကြောင်းမှ အနည်းငယ်ကောက်နုတ်ဖော်ပြလိုပေသည်။

သက္ကရာဇ် ၇၀၄ ခုနှစ်တွင် နန်းတက်သော မြင်စိုင်းငါးစီးရှင်ကျော်စွာလက်ထက်၌ အာရှတိုက် အလယ်ပိုင်းမှတာတာတို့သည် မြင်စိုင်းမြေကို ထိပါးကျူးကျော်လာသဖြင့် နယ်ချဲ့ခုခံရေးစစ်ပွဲကြီး ပေါ်ပေါက်လာလေသည်။ မြင်းစီးအတတ်နှင့် မြားပစ်အတတ်တို့တွင် တစ်ဖက်ကမ်းခတ်သည့် တာတာစစ်သည်များကို ရင်ဆိုင်ဝံ့သည့် ပင်းယခေတ် မြင်စိုင်းသားတို့ သတ္တိကား အံ့ဩချီးမွမ်းဖွယ်ကောင်းလှ၏။ ယင်းစစ်ပွဲ၌ လယ်တွင်းဆယ့်တစ်ခရိုင်သားတို့ကို စစ်သွေးစစ်မာန် ဆူဝေအောင် ငါးစီးရှင်ကျော်စွာက စည်းရုံးနိုင်ခဲ့လေသည်။ သူ၏ စည်းရုံးရေးလက်နက်ကား . . . .

မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော - ဖြိုင်ဖြိုင်။

လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ

လတိုင်းလော၊ လတိုင်း - လတိုင်း။

မြင်းသည် သိန်းသန်း၊ များစွာလွန်းသည်

ထက်ဝန်းရံသ၊ မနိုင် - မနိုင် . . . . အစချီ ကာချင်းကဗျာပင်တည်း။ ကာချင်းကဗျာကို သီဆိုလည်း သီဆို၊ ကာ(ဒိုင်း)နှင့် လက်နက်ကို တစ်ဖက်တစ်ချက်စီ စွဲလည်းစွဲကိုင်၍ ကာကသည်ကို မြင်ရလျှင် စစ်သွေးစစ်မာန် တက်ကြွလာပေသည်။ ထို့ကြောင့် မြင်စိုင်းပင်းယ ခေတ်ကာချင်းများသည် တာတာနယ်ချဲ့တိုက်ထုတ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် နိုင်ငံကာကွယ်ရေးစိတ်ဓာတ်ကို လှုံ့ဆော်ပေးသည့် ပြည်သူ့စစ်ကြွေးကြော်သံကဗျာများဟု ဆိုချင်ပါသည်။

ယနေ့ထက်တိုင်တပ်မတော်သားတို့ကိုစိတ်ဓာတ်မြှင့်တင်ပေး

ကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံကို စုစည်းပျိုးထောင်နိုင်ခဲ့သော အလောင်းမင်းတရားကြီး၏ စစ်ဆင်စစ်နည်း အတတ်ပညာများကို လက်ဝဲသုန္ဒရအမတ်ကြီးက သေနင်္ဂဗျူဟာပျို့၊ ဗျူဟာစက္ကိပျို့တို့ဖြင့်လည်းကောင်း၊ စစ်ပညာအပြင် စစ်သူကြီးကျင့်ဝတ်၊ စစ်သည်တော်ကျင့်ဝတ်၊ မြို့စောင့်ပြည်စောင့်တာဝန်၊ လုံ့လဝီရိယနှင့်ပတ်သက် သောအချက်များကို နန္ဒီသေနပျို့ဖြင့်လည်းကောင်း မှတ်တမ်းတင် ရေးဖွဲ့ခဲ့လေသည်။ ၎င်းပျို့ကဗျာများသည် ယနေ့ထက်တိုင်အောင် တပ်မတော်သားတို့ကို လမ်းညွှန်လမ်းပြပြုဆဲ၊ စိတ်ဓာတ်မြှင့်တင် ပေးဆဲဖြစ်သည်။ ကြည့်ပါ . . . . ။

သူ့တပ်တို့တပ်၊ စစ်မြေရပ်ဝယ်၊ ကြပ်ကြပ်တည်းတည်း၊ စည်းစည်းရုံးရုံး၊ နှလုံးမတွန့်၊ စိတ်လိုလွန့်လျက်၊ သက်စွန့်များသူ၊ နိုင်မြဲဟူလော့၊ လူတို့မှတ်ရိုး၊ စစ်မက်ထိုးသော်၊ အားကြိုးတင်းတင်း၊ လူချင်းချင်းကို၊ ဘယ်မင်းဖက်ပြိုင်၊ ဘယ်တပ်ဆိုင်အံ့၊ သူ့နိုင်ငံသား၊ သံမှုန့်စားမှ၊ တို့ဓားတုံးမည်၊ မှတ်တော်တည်လော့ ဟုလည်းကောင်း၊ “မြိုင်ဝေတောကြီး၊ ဤခရီးဝယ်၊ ချည်းနှီးသက်သက်၊ သေသော့ထက်ကား၊ ဆက်လက်တညီ၊ တစီတလျဉ်၊ သားစဉ်မြေးမြစ်၊ ပြောထုံး ဖြစ်အောင်၊ တစစ်တမက်၊ ကိုယ်နှင့်သက်ကို၊ နှင်းဆက်တိုက်မည်၊ အားသန်ရည်၍၊ ဦးလည်မသုန်၊ ထမ်းပါကုန်လော့ ဟုလည်းကောင်း စပ်ဆိုရေးဖွဲ့ထားပုံတို့မှာ ရန်သူမရွေး၊ မတွန့်မဆုတ် ရင်ဆိုင်တိုက်ခိုက် ချေမှုန်းလိုစိတ်၊ နောင်ဥဒါန်းတွင်ရစ်အောင် တိုက်ပွဲဝင်ရင်း အသက်နှင့်ခန္ဓာကိုယ် စွန့်လွှတ်ပေးလှူလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာစေပါသည်။

တစ်ဖန် ဆီးဘန်နီဆရာတော်၏ “ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်း သုည၊ သုဉ်းသုံးဝဖြင့်၊ သုံးရပြန်လှစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရပေ၊ တို့တစ်တွေသည်၊ သေသော်မှတည့် ဪကောင်း၏ ဟူသော ကဗျာ ထွာညို၊ စာတစ်တိုကလည်း သူ့ကျွန်မခံလိုသောစိတ်ကို သွတ်သွင်း ပေးသည်။

မျက်မှောက်ခေတ် ကဗျာစာပေတွင်လည်း အလားတူ တွေ့ရှိနိုင်ပါ သည်။ ဆရာဇော်ဂျီ၏ ‘ရှေးခေတ်ပုဂံပြည် ကဗျာ၌ ရှေ့တန်းပြန် ကြိုဆိုပွဲတွင် သားစစ်သည်နှင့် မိခင်တို့ တွေ့ဆုံခန်းကို ဆရာက ဤသို့ခြယ်မှုန်းထားသည်။

လာစမ်းဟဲ့ မေ့သား၊ အမယ်မင်း ထွားလိုက်တာ၊ စစ်သားကြီး လုံးလုံး၊ ဗိုလ်မှူးကြီးရှုံးလောက်ရဲ့၊ ပခုံးနဲ့လက်ပြင်၊ ကြောခြင်က သံချောင်း၊ တစ်နှစ်တွင်းမှာ ချက်ချင်းပဲပြောင်းရော့။ ”

ကောင်းလိုက်ပေ့ မေ့သား၊ ဤဇမ္ဗူရှားလောက်ရဲ့၊ မယ်ဘွားမှာ လေ၊ ပန်းသပြေနှင့်၊ ညောင်ရေသွန်းလောင်း၊ ပြည်ကြီးရှင် အနိုင်ရလို့၊ ငါ့သားလှ ပြန်လာကြောင်းကို၊ နေ့တိုင်းပဲတောင်းရတယ် . . . . ။

အမယ် မမ၊ သားလှတွက်တာ၊ နောင်များဖြင့်ပူပါနဲ့။

ပုဂံမှာမွေး၊ ပုဂံသွေးမို့၊ အလေးမမူ၊ အသက်ပင်လှူခဲ့ပေါ့။ ပြည်သူသက်စွန့်၊ လက်ရုံးအင်သည်တအားနဲ့၊ ဘယ်တိုင်းခြားဝံ့မတုံး...”

သားအမိစကားသံတွင် ဇာတိမာန်လွှမ်းနေသည်။ မိခင်သည် သားစစ်သည်အတွက် ဂုဏ်ယူ၏။ မိခင်တို့ ဓမ္မာမို့လည်း စိုးရိမ်၏။ သို့သော် စိုးရိမ်သဖြင့် တာဝန်ကို မတားမြစ်။ စစ်ပွဲအောင်စေကြောင်း နှင့် သားဘေးကင်းစေကြောင်း ဆုသာတောင်း၏။ သားကလည်း မပူဖို့ (နောင်မပူဖို့) ပြောသည်။ သူဆက်ပြီး စစ်ထွက်ပေဦးမည်။ ပုဂံအတွက် အသက်စွန့်လွှတ်ပြီး ကာကွယ်ရေးတာဝန်ယူပေဦးမည်။ ပြည်သူ့အား ကို ဘယ်တိုင်းခြားရန်သူ ယှဉ်ဝံ့မတုံးဟု ကြုံးဝါးသည်။ နိုင်ငံတော် ကာကွယ်ရေးစိတ်ဓာတ်၊ ကိုယ့်ရပ်ကိုယ့်မြေကို ချစ်မြတ်နိုးရမည့် စိတ်ဓာတ်တွေ၊ လူကြီးလူငယ်မရွေး ရှင်သန်နိုးထလာအောင် လှုံ့ဆော် နှိုးဆွပေးနိုင်စွမ်းပါတကားဟု ခံစားရသည်။

ပြည်ပကျူးကျော်ရန်သူ တရုတ်ဖြူကို တပ်မတော်က တွန်းလှန်ချေမှုန်းခဲ့သော ကြည်း-လေ တိုက်ပွဲစဉ်များကို မော်ကွန်းရေးထိုးထားသည့် ထီလာစစ်သူ၏ ‘မဲခေါင်မြစ်မှ အိုရွက်ဝါ ကဗျာစုတို့ကိုလည်း မေ့မထားသင့်ပါချေ။ အလားတူ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးကဗျာတွေ အမြောက်အမြားရှိကြပါသေးသည်။ ယင်းသို့ တိုင်းရင်းသားပြည်သူများ၏ နိုင်ငံတော်ကာကွယ်ရေးစိတ်ဓာတ်ကို လှုံ့ဆော်ပေးရာဝယ် ကဗျာစာဆိုများနည်းတူ ဝတ္ထုစာဆိုများဘက်ကလည်း တာဝန်ကျေပွန်ခဲ့ကြပါသည်။

လိမ္မာပါးနပ်စွာရေးဖွဲ့ထားသောဝတ္ထုများ

လွတ်လပ်ရေးမရမီ ကိုလိုနီခေတ်က ဆရာကြီးမဟာဆွေသည် “တို့မေမေ ၊ “သူပုန်ကြီး၊ “စစ်ထွက်သူ ၊ “သူပုန့်အိမ် ဝတ္ထုများကို ရေးခဲ့လေသည်။ ထိုဝတ္ထုများသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတို့ကို သွယ်ဝိုက်သောနည်းဖြင့် လိမ္မာပါးနပ်စွာရေးဖွဲ့ထားသော ဝတ္ထုများဖြစ်ပြီး တိုင်းရင်းသားပြည်သူများရင်ဝယ် ကိန်းအောင်းနေသော မျိုးချစ်စိတ်မီးကို ငြိမ်းသေမသွားစေဘဲ တငွေ့ငွေ့လောင်မြိုက်နေရာမှ အရှိန်ကောင်းလာအောင် ဖန်တီးနိုင် စွမ်းရှိခဲ့သည်။

ဂျပန်ခေတ်တွင် မင်းဆွေ၏ “ဓား ဝတ္ထုထွက်ပေါ်လာသည်။ မင်းကြီးရန်နောင်၏ အနွယ်တော် မျိုးမြင့်ရန်နောင်၊ ဗြိတိသျှနယ်ချဲ့ လက်ပါးစေ စုံထောက်အရာရှိ ကိုမြဒင်၊ မိန်းမချောလေး မြင့်မြင့်တို့၏ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဖြစ်သော်ငြားလည်း ဦးတည်ချက်မှာ အမျိုးသားရေးစိတ်ဓာတ်နှင့် မဟုတ်မခံ ရဲရဲတောက်စိတ်ဓာတ်တို့ကို ပျိုးထောင်ပေးရန်ဖြစ်သည်။ “အိမ်ရှင်ကို ဧည့်သည်မစော်ကားရ ဆိုသော မျိုးမြင့်ရန်နောင်၏စကားမှာ သူ့ခေတ်၊ သူ့အခါနှင့် လိုက်ဖက်လှပြီး အဓိပ္ပာယ်လေးနက်သလောက် စာဖတ်သူ၏ရင်ဝယ် စွဲငြိ ကျန်ရစ်ခဲ့ပါသည်။

ထို့နောက် ရှမ်းစစ်ကဲကြီး၏သမီး စောရှင်ဦး၊ မြန်မာတပ်မှူးကလေး ဗိုလ်သူရိန်စသော ရှမ်းမြန်မာဇာတ်ကောင်များဖြင့် ရေးဖွဲ့ထားသည့် တက္ကသိုလ်ဘုန်းနိုင်၏ “သူ့ကျွန်မခံပြီ ရာဇဝင်နောက်ခံဝတ္ထုကို ဆက်လက်တင်ပြလိုပေသည်။ သီပေါမင်းပါတော်မူခါနီး အချိန်ကာလကို နောက်ခံထားလျက် အမျိုးဘာသာ၊ သာသနာအတွက် စွန့်လွှတ်စွန့်စား ကြသော ရှမ်းမြန်မာအမျိုးသား အမျိုးသမီးသူရဲကောင်းတို့၏ လှုပ်ရှားမှုကို ခြယ်မှုန်းထားသည်မှာ ဇာတိမာန်တက်ကြွဖွယ်ကောင်းလှ၏။ နယ်ချဲ့ပရိယာယ်နှင့် အသားထဲက လောက်ထွက်သူတို့၏ သစ္စာဖောက်ပုံ၊ ယုတ်မာပုံ၊ အကြံပက်စက်ပုံတို့ကလည်း နာကြည်းခံပြင်းဖွယ်ပင်။ ဝတ္ထုအဆုံးတွင် နတ်မောက်ဆီက ထွန်းတက်လာသော ကြယ်တစ်ပွင့်ဆီသို့ မြင်းဇက်ကုန်လွှတ်ကာ တစ်ဟုန်ထိုးစိုင်းနှင်သွားသည့် ဗိုလ်သူရိန်တို့နှင့်အတူ စာဖတ်ပရိသတ်ကို တစ်ပါတည်းခေါ်ဆောင်သွား၏။ ဗိုလ်သူရိန်၊ ဗိုလ်ကျော်ခေါင်တို့၏ မပြီးဆုံးသေးသော နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုက စာဖတ်သူ၏ မျိုးချစ်စိတ်ကို နှိုးဆွပေးနိုင်စွမ်းရှိသည်ဟု ခံစားရ၏။

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု

မြန်မာပြည်မြောက်ဖျားဆီမှ လဖိုင်လ၊ ဘကြီးမုံး၊ မဗျိုင်းဖြူ၊ ရွှေနီ၊ ရွှေဝါ၊ မဂမ်ဘောင်ယမ်း၊ မခေါင်ညယ်၊ မောင်မျိုး၊ နန်းရင်စသည့် ရှမ်း၊ ကချင်တော်လှန်ရေးသမားတို့၏ ဇွဲသတ္တိနှင့် မျိုးချစ်စိတ်၊ သူ့ကျွန်မခံလိုသောစိတ်ကို နတ်နွယ်၏ “မြန်မာပြည်မြောက်ပိုင်း ဝတ္ထုကြီးတွင်တွေ့ရသည်။ အသားဖြူတို့သည် တောင်တန်းဒေသ၊ နယ်ခြားဒေသမှ မျိုးချစ်တိုင်းရင်းသားတို့၏ နိုင်ငံချစ်စိတ်ကို လွယ်လင့်တကူ မချိုးနှိမ်နိုင်။ အင်မိုင်ခ၊ မလိခမြစ်ဝှမ်းမှ ကချင်မျိုးချစ်များ၊ မိုးညှင်း၊ မိုးကောင်းတစ်ဝိုက်မှ ရှမ်းမျိုးချစ်များ၊ မြန်မာမျိုးချစ်များ စုပေါင်းဆင်နွှဲခဲ့သော အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုသည် မော်ကွန်းတင်ရစ်ခဲ့သော သမိုင်းဝင်လှုပ်ရှားမှုဖြစ်၏၊ ဤလှုပ်ရှားမှုကို ဝတ္ထုအသွင်သို့ပြောင်းရာဝယ် လဗျဂမ်း၊ ဒိန်းခန်ဒီး၊ လူကြီး၊ နန်းခင်၊ ကြံကောင်းတို့၏ အမူအကျင့်၊ စရိုက်၊ စိတ်ထား၊ အတွေးအခေါ်တို့မှာ စက်ဆုပ်ဖွယ်၊ လက်မခံနိုင်ဖွယ်ဖြစ်ပြီး ဘကြီးမုံး၊ လဖိုင်လ၊ မဗျိုင်းဖြူတို့၏ စိတ်ဓာတ်နှင့် လုပ်ရပ်မှာမူ ချီးကျူးဖွယ်၊ အားကျဖွယ်၊ အတုယူဖွယ်ကောင်းလှတော့သည်။ အထူးသဖြင့် “နိဗ္ဗာန်ရောက်မယ်ဆိုရင်တောင် ကျွန်ဘဝကနေတော့ မရောက်ချင်ဘူး။ သခင်ဘဝကပဲရောက်ချင်တယ်ဆိုတော့ အသက်ရှစ်ဆယ်ကျော်အရွယ် ဘကြီးမုံး၏ ပြင်းထန်အားကောင်းလှသော စကားလုံးများက စာဖတ်သူ၏တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားစေပါတော့သည်။

ဒါတင်မကသေးပါ။ တရုတ်ဖြူတိုက်ထုတ်ရေး၊ ပြည်တွင်းသောင်း ကျန်းမှုနှိမ်နင်းရေးတို့ကို ဦးတည်ရေးဖွဲ့ထားသော ဗိုလ်မြင့်၏ စစ်ဝတ္ထု စစ်စစ်များဟုဆိုရမည့် “ငွေကြယ်ပွင့်တို့ ကြွေလေရာ ၊ “တိုက်ကင်း၊ “တပ်စခန်းတစ်နေရာဝယ်တို့ကလည်း လူငယ်လူရွယ်တို့၏ စစ်စိတ်စစ်သွေးကို တက်ကြွစေခဲ့၏။ စွန့်လွှတ်စွန့်စားစိတ်ကို သန္ဓေတည်စေခဲ့၏။ ကျွန်တော်တို့ခေတ်က တပ်မတော်ထဲရောက်လာကြသော လူငယ်လူရွယ်တို့အနက်အများစုမှာ ဤဝတ္ထုများကြောင့် စစ်မှုထမ်းဘဝသို့ ကူးပြောင်းရောက်ရှိလာခဲ့ကြသည်ဟု ထင်ပါသည်။

ယခုတင်ပြခဲ့သော ခေတ်အဆက်ဆက်မှ ကဗျာ၊ ဝတ္ထုစာပေမျိုးသည် မြန်မာစာပေလောကတွင် အင်နှင့်အားနှင့်၊ ထုနှင့်ထည်နှင့် တစ်တပ်တစ်အား ရှိနေသင့်သည်ဟု ယုံကြည်ပါသည်။ ၎င်းတို့က စာဖတ်သူ၏ရင်ဝယ် မျိုးချစ်စိတ်၊ စွန့်စားလိုစိတ်၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လိုစိတ်တို့ အညွန့်အညှောက်ထွက်ပြူလာအောင် မျိုးစေ့ချပေးပါသည်။ ထိုမျိုးစေ့မှ ထွက်ပေါ်လာသော အညွန့်အညှောက်ကလေးတွေ ဆက်လက်ရှင်သန်ကြီးထွားလာအောင် စာပေစွမ်းအင်ဖြင့် စာဆိုတို့က တစ်ဖက်တစ်လမ်းမှ ဖန်တီးပေးနိုင်ပါသည်။ ။