စိတ်အတွက် လိုအပ်သောအစာ .. စာ (သို့) လောကအလင်း ပြတင်းတံခါးများ
ရာမည - သွေးမွန်
မြန်မာနိုင်ငံအတွင်းသို့ လွန်ခဲ့သောနှစ်ပေါင်း အေဒီတစ်ရာစုတွင် ထေရဝါဒဗုဒ္ဓဘာသာနှင့်အတူ ရှေးဟောင်းစာပေကျမ်းဂန်အစ ပေစာပရပိုက်များလည်း သုံးစွဲနေကြပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ရှေးဟောင်းစာပေတီထွင်ကြံဆသုံးစွဲမှု အစောဆုံး၊ အကြွယ်ဝဆုံးသောနိုင်ငံတွင် ပါဝင်သည်။ ရှေးဟောင်းစာပေ အရေးအသားများကို အုတ်ခွက်စာ၊ ကျောက်စာ၊ မင်စာ၊ ပရပိုက်နှင့် ပေစာတို့တွင် ယနေ့တိုင်အောင် ပြတိုက်၊ ရှေးဟောင်းယဉ်ကျေးမှုတွင် မှတ်တမ်းမှတ်ရာများအဖြစ် တွေ့ရှိနိုင်သေးသည်။ ဤသည်မှာ မိမိတို့အဖို့ အဖိုးထိုက်လှသော ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည်။
လူ့ယဉ်ကျေးမှု အသိဉာဏ်ပညာအနိမ့်အမြင့်ကို သင်ယူတတ်မြောက်ထားသည့် စာပေကျမ်းဂန်များဖြင့် တိုင်းတာကြလေ့ရှိသည်။ ‘မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်’ ဟူသော ရှင်မဟာရဋ္ဌသာရ၏ စာချိုးနောက်ပိုင်းတွင် မပြတ်မလပ် ပြောဆိုခဲ့ကြသော အဆိုအညွှန်းများမှာ စာဖတ်လိုသူတို့အတွက် ရှေ့ဆက်ရန် အားဆေးသဖွယ်ဖြစ်သည်။ လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံ၏ ပထမဦးဆုံး သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ဘားမင်းသတင်းစာအယ်ဒီတာနှင့် မြို့မကျောင်းဆရာကြီး ဦးတင့်ဆွေ (၁၉၀၆-၁၉၅၃)က ပြောဖူးသည်။ “လောက၌ လူမည်သည်မှာ ကိုယ်နှင့်စိတ်နှစ်ခုပေါင်းမှ လူဖြစ်လာခြင်းဖြစ်သည်။ ကိုယ်ကိုသာ အစာကျွေးပြီး စိတ်ကို အစာမကျွေးဘဲထားလျှင် အကျိုးနည်းလိမ့်မည်”ဟု ဆိုသည်။
လူမည်သည် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာဟူ၍ ဖွဲ့စည်း ထားသည်တွင် ရုပ်ခန္ဓာအတွက် စားရသောအရာကို ‘အစာ’ဟု ဆိုသည်။ နာမ်ခန္ဓာအတွက် စားရသော အစာမှာ ‘စာ’ ဖြစ်၏။ နာမ်ခန္ဓာအတွက် အစာမကျွေးဘဲ ပစ်ထားပါက အကျိုးနည်းပေလိမ့်မည်။ ဆရာကြီး ပီမိုးနင်းကလည်း ‘စာ’သည် လူ၏ အစာထက် အရေးကြီး၏။ ကိုယ်ခန္ဓာအတွက်စားသော အစာကို ‘အစာ’ဟု ခေါ်၏။ စိတ်အတွက် အစာလို လေရာ၊ ထိုအစာကို ‘စာ’ဟု ခေါ်ရလေသည်ဟု ဆိုထားသည်။ မိမိတို့၏ ပင်ကိုဗီဇဉာဏ်ရည်ဖြင့် ကမ္ဘာကျော်အောင် ကြီးပွားတိုးတက်ခဲ့သော အက်ဒီဆင်၊ ကလဘင်၊ ရိုသီ စသူတို့သည် အထူးစာဖတ်အားကြီးမားကြသူများ ဖြစ်သည်။ လူတကာ ထက်ထူးခြားစွာ ၎င်းတို့၏ ကိုယ်ပိုင်ဗီဇပါ ဉာဏ်ရည်ဖြင့် ထူးချွန်ကြသည်ဆိုသော်လည်း ထိုဉာဏ်ရည်များကို စာထဲမှ စိတ်ကူးစိတ်သန်း သဲလွန်စရခဲ့ကြခြင်းဖြစ်သည်။ စာမဖတ်ဘဲနှင့် တီထွင်ဆန်းသစ်မှုအမြင်များ၊ အတွေးများ၊ သဲလွန်စများ ရမလာနိုင်ပါ။
ကုန်ဆုံးခြင်းမရှိသော အသိပညာ
စာကို သိဖို့၊ တတ်ဖို့၊ နားလည်ဖို့၊ သဘောပေါက်ဖို့ အတွေးစိတ်ကူးစိတ်သန်းများ ဆင့်ပွားရင့်သန်စေဖို့ ဖတ်ကြရခြင်းဖြစ်သည်။ လူ့သဘာဝသည် မည်သို့သော အရေးအရာမျှ ကုန်စင်အောင်မသိနိုင်။ နှစ်ပေါင်းများစွာ၊ ဘဝအတွေ့အကြုံပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီးခါမှ အနှစ်ချုပ်စုစည်းမွေးဖွားလာသည့် စာပေ၊ စာတမ်း၊ စာအုပ်များ ဖြစ်ပေါ်လာသည်။ ဤသည်ကို မိမိတို့က တစ်ထိုင်တည်း၊ စာတစ်အုပ်တည်းမှ အသိဉာဏ်ပညာ ကူးယူပွားယူ ဖတ်ရှုကြရခြင်းဖြစ်သည်။ စာပေသည် တစ်ဦးချင်းစီ၏ အကျိုးစီးပွားနှင့် တိုင်းပြည်၏ အကျိုးစီးပွားကို ဆောင်သည်မဟုတ်ပါလား။
လူတစ်ဦးတည်း၏ ဘဝ၊ အသက်ကုန်ဆုံးသည့်တိုင် ရှာမှီးပြုစုထားသော အသိဉာဏ်ပညာအလိမ္မာသည် ပြည့်စုံလုံလောက်သည်ဟူ၍ မရှိနိုင်။ အချိန်ကာလနှင့်ရင်းကာ တတ်သိစရာများက အသစ်အသစ်များ ထပ်ဆင့်တိုးပွားလာနေသော ကြောင့်ဖြစ်သည်။ အချိန်သည် မြစ်ရေပမာထာဝရ စီးဆင်းနေပေရာ ထိုအချိန်နှင့်အတူ သိစရာတတ်စရာအသိပညာများက ဆင့်ကာဆင့်ကာ မရပ်မနားရှိလာမည်သာဖြစ်သည်။ ထို့ကြောင့် ဆရာကြီးပီမိုးနင်းက “စာမဖတ်သူသည် ကြီးပွားတိုးတက်ရေးလမ်း၌ တစ်နေရာမှာရပ်နေ၏။ စာဖတ်သူမှာမရပ်။ သေမှသာ အတိုးအပွားရပ်ပေ လိမ့်မည်”ဟု ဆိုသည်။
စာဖတ်ခြင်း၏ ရလဒ်ကောင်းများ
“စာဖတ်ခြင်းသည် စဉ်းစားတွေးခေါ်ခြင်းနှင့် အချိုးကျဖြစ်စေပြီး စဉ်းစားတွေးခေါ်ရာတွင်လည်း စာဖတ်ခြင်းနှင့် အညီအမျှဖြစ်သင့်ပေသည်”ဟု အတွေးအခေါ်ပညာရှင်အမ်မွန်က ဆိုသည်။ စာကို ဖတ်ရာတွင် သာမန်မက အင်နှင့်အားနှင့် တစိုက်မတ်မတ်ဖတ်သဖြင့် ဘဝမြင့်မားကြီးပွားသူများ၏ စာရင်းကိုကောက်နုတ်ဖော်ပြရလျှင် လွန်စွာများပြားပေလိမ့်မည်။ အမေရိကန်သမ္မတကြီး အေဘရာ ဟယ်လင်ကွန်းသည် အတန်းပညာသင်ယူခဲ့ရသူမဟုတ်သော်လည်း တွေ့သမျှစာများဖတ်၊ ဥပဒေစာအုပ်များ လေ့လာမှတ်သားခဲ့သည့် ဥဿာဟလုံ့လကြောင့် သစ်ခုတ်သမား၊ ရှေ့နေ၊ ဆီးနိတ်အမတ်၊ သမ္မတကြီးစသည်ဖြင့် အဆင့်ဆင့်ဖြစ်လာသည်။ ယနေ့ နိုင်ငံရေးသမား၊ စာပေပညာရှင်များသည်ပင် သူ့မိန့်ခွန်းများကို တလေးတစား လေ့လာဖတ်ရှုနေကြရသည်။
တရုတ်ပြည်သူ့တော်လှန်ရေးကြီးကို ဦးဆောင်မှုပေးခဲ့သူ မော်စီတုံး၊ ဗီယက်နမ်နိုင်ငံကို ကျူးကျော်သူ ပြင်သစ်၊ အမေရိကန်တို့လက်အောက်မှ ရုန်းကြွ၊ တွန်းလှန်ခဲ့သော ဟိုချီမင်း၊ ကျူးဘားခေါင်းဆောင် ဖီဒယ်လ်ကက်စထရို စသူတို့သည်လည်း စာပေဖတ်ရှုလေ့လာရာမှ ဘဝ၏အမြင့်ဆုံးသို့ တက်လှမ်းခဲ့ကြသူများဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံမှလည်း စာရေးဆရာကြီး ရန်ကုန်ဘဆွေသည် လင်ကွန်းကဲ့သို့ပင် မည်သည့်တက္ကသိုလ်မှ တက်ဖူးသူမဟုတ်။ အစ်ကိုဖြစ်သူ၏ သင်ကြားပေးမှု၊ ရွာဘုန်းတော်ကြီးကျောင်းတွင် သင်ယူခဲ့မှုတို့ဖြင့် ပညာရှာကာ စာပေလောက၊ ရုပ်ရှင်ပြဇာတ်လောက၊ ပန်းချီပညာများတွင် နယ်စုံတတ်မြောက်ကျွမ်းကျင်ခဲ့သူဖြစ်သည်။ ပခုက္ကူဦးအုန်းဖေသည်လည်း စာဖတ်ကြရေးအတွက် စံနမူနာယူထိုက်သူဖြစ်သည်။ မြန်မာတွင်မက ကမ္ဘာကိုပါကျော်သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်သည်လည်း စာဖတ်အားကောင်းသူဖြစ်သည်။ ကမ္ဘာ့နိုင်ငံတို့၏ ခေါင်းဆောင်ကောင်းဖြစ်ခဲ့သည်။
ထိုထက်မက မြန်မာရာဇဝင်သမိုင်းကြောင်းအရ ‘စာတိုငညို’ဟု လူသိများခဲ့သော ကျေးတောသား ယာသမားတစ်ဖြစ်လဲ ပညာရှိအမတ်ကြီး ဝန်ဇင်းမင်းရာဇာသည်လည်း စာဖတ်ခြင်း၏ စံနမူနာပြဖြစ်ခဲ့သည်။
“မည်သည့် ဖြေဖျော်မှုမျှ စာဖတ်ခြင်းလောက်၊ ဈေးပေါပြီး ပျော်ရွှင်နှစ်သိမ့်မှုတွင်လည်း တာရှည်ခံသောအရာမရှိချေ”ဟု မွန်တက်က ဆိုသည်။ အလွန် မှန်သောစကားဖြစ်သည်။ အလိမ္မာစာမှာရှိသည် ဟူသည်မှာ မိမိတို့နားမှာ နားရည်ဝနေသဖြင့် ရိုးအီနေကြသည်။ ယင်းစကားပုံ၏ ရည်ရွယ်ချက်မှာ လောကတွင် လိမ္မာယဉ်ကျေးစွာ လူ့အသိုင်းအဝိုင်း အတွင်း၌ နေထိုင်ပြောဆို လုပ်ကိုင်တတ်စေရန်အတွက် စာပေကိုလေ့လာဖတ်ရှုရန်၊ စာပေလေ့လာဖတ်ရှုရာမှရရှိသော အသိတရားများကို ကောင်းစွာကျင့်သုံးတတ်ရန်ဖြစ်ပေသည်။ ဤစကားသည် ရှေးလူကြီးများက သူတို့ကိုယ်တိုင် ဘဝနှင့်ရင်း၍ ရရှိခဲ့သောသင်ခန်းစာများ၊ သာဓကများ၏ အဆီအနှစ်မှ ချန်ထားရစ်သည့် စကားများဖြစ်သည်။
စာဖတ်ခြင်းသည် အသိဉာဏ်ပညာကို တိုးပွားစေသည်။ “ကျန်းမာမှုကား ရုပ်ခန္ဓာအတွက်ဖြစ်၍ အသိဉာဏ်ပညာသည် နာမ်ခန္ဓာ (ခ) စိတ်အတွက်ဖြစ်သည်”ဟု အတွေးအခေါ်ပညာရှင် ရိုဖော် ကော်လ်ကဆိုသည်။ စာတစ်အုပ်ဖတ်လိုက်ခြင်း သည် အသိဉာဏ်ပညာ အလင်းတိုင်များစွာတို့ကို တန်းစီထွန်းညှိလိုက်ခြင်းဖြစ်သည်။ ယင်းသို့ ဆိုရခြင်းမှာ စာအုပ်တစ်အုပ်ကို မဆိုထားနှင့် စာတစ်ပုဒ်၊ စာတစ်ပိုဒ်၊ စာကြောင်းတစ်ကြောင်းသည်ပင် မိမိ၏အသိဉာဏ်ပညာကို တိုးပွားစေသည်။ ထိုမှ ဆင့်ကဲအလင်းတိုင်များအဖြစ် တိုးပွားလာနိုင်သည်။
လူငယ်တို့ အသိဉာဏ်ပညာတိုးပွားစေရေးအတွက် ပညာပေး “ရဲမြန်မာ” ဝတ္ထုများကို ရေးသားခဲ့သူအမျိုးသားပညာဝန် ဦးဖိုးကျား (၁၈၉၀-၁၉၄၂)က စာဖတ်ရာတွင် နယ်ပယ်ချဲ့ထွင်ရန် လိုအပ်ပုံကို “ယခုခေတ်၌ မြန်မာနိုင်ငံတွင် သာမညဖတ်စာကိုသာ လိုအပ်သည်မဟုတ်၊ လူငယ်လူရွယ်တို့၏ စိတ်နေသဘောထား အကျင့်စာရိတ္တမှစ၍ ပြုပြင်အားပေးသော ဖတ်စာမျိုးကိုလည်း အထူးလိုအပ်ပေသည်။ ရဲရင့်မြင့်မြတ်စိတ်၊ တည်ကြည်သော စိတ်၊ တိုးတက်ကြီးပွားလိုသောစိတ်၊ မကောင်းမှုကိုပယ်၍ ကောင်းရာဘက်ကို ပြုပြင်လိုသောစိတ် စသောစိတ်ကောင်းစိတ်မြတ်များကိုဖြစ်စေလျက် သတ္တိ၊ သဘောသကာယ၊ အကျင့်စာရိတ္တတိုးတက် ကောင်းမွန်ရေးတို့ကို ပြုပြင်သောဖတ်စာမျိုးကို လိုလေသည်”ဟု သူခေတ်သူ့အခါ ကိုလိုနီကာလကပင်ဆိုခဲ့သည်။
တစ်မျိုးသားလုံးအတွက် စာကြည့်တိုက်
စာအုပ်စာပေများသည် လူသားတို့အတွက် ပညာဗဟုသုတအမျိုးမျိုးကို သီးပွင့်ထားသည့် ပဒေသာပင်ဖြစ်သည်။ အဆိုပါ ပဒေသာပင်မှ မိမိတို့ ကြိုက်နှစ်သက်ရာ၊ လိုရာတို့ကို ခူးဆွတ်ယူငင်ပြီး အဆင်သင့်သုံးစွဲနိုင်ကြသည်။ စာဖတ်ခြင်းအားဖြင့် ပညာဗဟုသုတ ကြွယ်ဝသည်နှင့်အမျှ လူတစ်ယောက်သည် အမှားအမှန်၊ အကောင်းအဆိုး ခွဲခြားတတ်လာမည်။ အမှားကိုရှောင်၍ အမှန်ကို ဆောင်တတ်လာမည်။ အကောင်းကိုယူ၍ အဆိုးကို ပယ်လိမ့်မည်။ မိမိလျှောက်သည့်လမ်းသည် အောက်သို့ဦးတည်နေသလား..။ အပေါ်သို့ တက်လှမ်းနေသလား။ မှန်ကန်စွာ ရွေးချယ်လာနိုင်မည်။ သုံးသပ်လာနိုင်မည်ဖြစ်သည်။ ဤသို့ဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာမည်။ ယဉ်ကျေးသူများဖြစ်လာမည်။ အမှောင်ဘဝ၊ အဆိုးဘဝမှ ရုန်းထွက်လာနိုင်မည်။ မေတ္တာလွှမ်းသော လောကကြီးကို ဖန်ဆင်းသူဖြစ်လာပေမည်။
စာကြည့်တိုက်သည် စာအုပ်စာပေတို့တည်ရာ၊ ဘဏ်တိုက်ဖြစ်ပေရာ စာပေမြတ်နိုးသူတို့၏ အသည်းနှလုံးနှယ်လည်းဖြစ်၏။ ပြည်သူတို့၏ အမှောင်ဘဝကိုအလင်းသို့ ပို့ဆောင်ပေးမည့်နေရာ ဖြစ်ပေသည်။ ကျောင်းနေစ လူငယ်လူရွယ်တို့၏ ဗလငါးတန်ကို ဖြည့်ဆည်းပေးမည့် အဆောက်အအုံဖြစ်၏။
ယခုအခါ နိုင်ငံတော်အစိုးရက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကို အားပေးရုံမျှမက ကိုယ်တိုင်ကိုယ်ကျ စာကြည့်တိုက်အဆောက်အအုံ အလှူရှင်များကို ဖိတ်ခေါ်နေသည်။ ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်း Rural Library Foundation ဖွဲ့စည်းတည်ထောင်ခြင်းကို ၁၅-၅-၂၀၁၀ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ စာတတ်ပြီး စာမဖတ်သူများကို စာဖတ်လာအောင် တိုက်တွန်းရုံဖြင့်မရ၊ ထိုစာဖတ်သူများအတွက် စာကြည့်တိုက်လို၏။ တိုင်းပြည်နှင့် လူမျိုးတိုးတက်ရေးအတွက် မြန်မာ့စာကြည့်တိုက်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် မဖြစ်မနေလိုအပ်ပါသည်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွင် စာကြည့်တိုက်ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံစာကြည့်တိုက်အသင်းကို ထူထောင်ခဲ့ပြီးလည်းဖြစ်သည်။
လက်ရှိကာလတွင် နိုင်ငံတော်ကကြီးမှူးကာ စာဖတ်ရှိန်မြှင့်တင်ရေးများကို လူကြီးလူငယ်မကျန် တက်ရောက်ပါဝင်ဆင်နွှဲကာ စာဖတ်ခြင်းအလေ့ အကျင့်ကောင်းရရှိစေရန်၊ စာဖတ်ခြင်းယဉ်ကျေးမှု ထွန်းကားစေရန်ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းကြရပေမည်။ စာဖတ်ခြင်းဖြင့် ပြည်သူ့သားကောင်း၊ နိုင်ငံ့သားကောင်း ပီပြင်လာစေသည့် “ပြည်သူ့နီတိ” အလေ့အကျင့်ယဉ်ပါးကျွမ်းဝင်လာ စေပါသည်။
မြန်မာလူမျိုးတစ်မျိုးသားလုံး ကျေးလက်ပြည်သူများပါမကျန် ပညာဉာဏ်ပွင့်လင်းရေးအတွက် သုတရသပညာရပ်မျိုးစုံ ဖြန့်ဝေပေးနိုင်ရန် ကျေးရွာစာကြည့်တိုက် ဖောင်ဒေးရှင်းကိုလည်း စနစ်တကျဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ပညာအခြေပြု လူမှုအဖွဲ့အစည်းများ ဖြစ်လာစေရန် စာကြည့်တိုက် ‘လောကအလင်းပြတင်းတံခါးများ’ ဖွံ့ဖြိုးတိုးတက်ရေး အင်တိုက်အားတိုက် အားထုတ်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ရပါသည်။ ။
ကိုးကား
- စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး။