ဗုဒ္ဓအကြောင်းသိကောင်းစရာမှတ်တမ်း
ဆရာကြည်
(၅-၇-၂၀၂၄ ရက်နေ့မှအဆက်)
ထိုသို့ဖြင့် သုံးရက်မျှကြာသောအခါ ဥတ္တရာသည် သူ့ခင်ပွန်းနန္ဒအား ခယ၍ “အရှင်သား ကျွန်မသည် မိမိအိမ်၌နေစဉ်က ဥပုသ်နေ့တိုင်းရှစ်ပါးသီလစောင့်သည်။ ဘုရားရှင်ကိုလည်းဖူးမြော်၍ တရားတော်ကိုနာကြားသည်။ ဤသို့ပြုသည့်အတိုင်း ကျွန်မအား ခွင့်ပြုရန်တောင်းခံပါသည်။” ခင်ပွန်းနန္ဒသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကြည်ညိုသူမဟုတ်သောကြောင့် ခွင့်မပြုပါချေ။
ဥတ္တရာသည် အကြိမ်ကြိမ်တောင်းခံသော် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို မကြည်ညို သူတို့၏သဘောအတိုင်း နန္ဒသူဌေးသားသည် သင်တို့ဂေါတမကို ခယညွတ်တွားခြင်းဖြင့် အဘယ်အကျိုးကို ခံစားနိုင်သနည်း။ လှူဒါန်းခြင်းဖြင့် ပစ္စည်းဥစ္စာသာ ကုန်ရုံသာဖြစ်မည်မဟုတ်လော။ ဥပုသ်ဆောက်တည်ခြင်းသည် ကာမဂုဏ်ချမ်းသာကို မခံစားရုံသာဖြစ်မည် မဟုတ်လောဟုဆို၍ ဆိတ်ဆိတ်နေသည်။
ဤသို့ဖြင့် သူ့အဖေ၏လုပ်ဆောင်ချက်ကြောင့် ဥတ္တရာသည် ဘုရား၏တရားကိုလည်း မနာရ၊ ဥပုသ်သီလလည်း မဆောက်တည်ရဘဲ မိစ္ဆာတို့အိမ်တွင် နေရသည်။ ယင်းအတွက် ဒါနလည်းမလုပ်ရ၊ သီလလည်း မဆောက်တည်ရသည်မှာ နှစ်လခွဲပင်ရှိပြီ။ သူ့အားလှောင်အိမ်ထဲသို့ထည့်ထားပြီး ဆင်းရဲခံနေရကြောင်း မိဘများထံသို့ တမန်ဖြင့်အကြောင်း ကြားလေသည်။
ထို့ပြင် ယနေ့တိုင် ဘုရားရှင်နှင့် သံဃာတော်များအား လှူဒါန်းလုပ်ကျွေးခွင့်မရရုံသာမက ဖူးမြော်ခွင့်ပင်မရကြောင်း အကြောင်းကြားလိုက်လေသည်။
ယင်းသို့အဖြစ်ကိုသိရသော ပုဏ္ဏားသူဌေးသည် ငါအမှားကြီး မှားချေပြီ။ ငါ့သမီး စိတ်ဆင်းရဲနေရှာ ပြီဟု စိတ်မှာ ခံစားနေရသည်။ ထို့နောက် ပုဏ္ဏား သူဌေးသည် အကြံစဉ်းစားမိ၍ သမီးထံသို့ တမန်လွှတ်၍ ငွေတစ်သောင်းငါးထောင်ပေးပြီး ချစ်သမီးဤရာဇာဂြိုဟ်ပြည်၌ ဆရာဇီဝက၏ နှမဖြစ်သူ သီရိမာသည် ပြည့်တန်ဆာအလုပ်ကို လုပ်သည်။ ၎င်းအား တစ်နေ့လျှင် ငွေတစ်ထောင်ကျပေး၍ ငှားပြီး သင့်ခင်ပွန်းအား အလုပ်အကျွေးပြုစေရန် စီစဉ်စေပြီး သင်ဒါနသီလပြုလုပ်ပါဟု သမီးထံသို့ မှာကြားလိုက်လေသည်။
ဥတ္တရာသည် သူမ၏ဖခင်ထံမှ သတင်းစကားကိုကြားရလျှင် သီရိမာထံသို့သွား၍ “အဆွေမ ငါသည် ဤဝါတွင်း၌ ဥပုသ်သီလဆောက်တည်လိုသောကြောင့် ဤငွေတစ်သောင်းငါးထောင်ကို သင်ယူပါ၊ ငါ၏ခင်ပွန်းအား အလုပ်အကျွေးပြုပေးပါ” ဟု သီရိမာအား ပြောကြားလေသည်။ ထိုအခါ သီရိမာကလည်း သဘောတူလက်ခံလေသည်။
ယင်းအတွက် ခင်ပွန်းသည် သူဌေးနန္ဒကို သီရိမာအား ခေါ်၍ပြလျက် ဤသူသည် ငါ၏မိတ်ဆွေ ဖြစ်သည်။ ဤတစ်လခွဲကာလ ငါဥပုသ်စောင့်နေ သည့်အချိန် သူ့အား သင်၏အလုပ်အကျွေးအဖြစ် လက်ခံပါဟု ပြောဆိုလေသည်။ ထိုအခါ ခင်ပွန်းဖြစ်သူ နန္ဒသူဌေးသားသည် သီရိမာက ချောလှသဖြင့် တပ်မက်လှစွာ လက်ခံခွင့်ပြုလိုက်လေသည်။
ဥတ္တရာသည် ခွင့်ပြုချက်ရသည်နှင့်တစ်ပြိုင်နက် ဘုရားထံသို့သွား၍ အရှင်ဘုရား ရဟန်းငါးရာနှင့်တကွ သူ့အိမ်သို့ နေ့စဉ်တစ်လခွဲကာလအထိ ကြွရောက်ဆွမ်းဘုဉ်းပေးရန်နှင့် တခြားအိမ်များ သို့မကြွဘဲ မိမိအိမ်သို့သာကြွပါဟု လျှောက်ထားလေသည်။ ဘုရားရှင်က လက်ခံလိုက်သောအခါ ဥတ္တရာသည် အိမ်သို့ပြန်လာပြီး သူ၏ကျွန်မများနှင့်အတူ ဆွမ်းကိစ္စ ဆောင်ရွက်လေသည်။ ဘုရားရှင်ကလည်း နေ့စဉ်ဥတ္တရာ၏အိမ်သို့ ဆွမ်းဘုဉ်းပေးရန် ကြွတော်မူလေသည်။ ဥတ္တရာသည် ဘုရားရှင်၏ တရားတော်များကိုနာကြားပြီး ပြာသာဒ်တစ်ခု၌ ဥပုသ်ဆောက်တည်နေလေသည်။ ဤသို့ဖြင့် ဥတ္တရာသည် ဝါကျွတ်၍ အဖိတ်နေ့ရောက်သောအခါ ကျွန်မများနှင့်အတူ ချွေးဒီးဒီးဖြင့် စားဖိုဆောင်ထဲဝင်၍ မမောမပန်းဘဲ အထူးထူးသောဘောဇဉ်တို့ကို လူးလားလှုပ်ရှားဆောင်ရွက်လေသည်။
သူ၏ခင်ပွန်းဖြစ်သူ နန္ဒသူဌေးသားသည် ပြာသာဒ်လေသာပြတင်းမှဖွင့်ကြည့်သော် ဥတ္တရာ၏ လှုပ်ရှားနေပုံကို မြင်လေသည်။ “ဤမိုက်မဲလှသော အမျိုးသမီး ကြီးစွာသောစည်းစိမ်ကို မခံစားဘဲ ဤစားဖိုအိမ်၌ ချွေးဒီးဒီးဖြင့် ရဟန်းဂေါတမကို အလုပ်အကျွေးပြုရန် ချက်ပြုတ်နေပါတကား”ဟု ကဲ့ရဲ့ရှုတ်ချ၍ လွန်စွာရယ်မောလျက်တိုက်တွင်းသို့ ဝင်လေသည်။ ဤသို့ရယ်မောသည်ကို သီရိမာမြင် သောအခါ ၎င်းသည် မိမိကိုယ်ကို ယာယီဇနီးမယားအဖြစ် မသိတော့ဘဲ ဥတ္တရာကို အထင်လွဲကာ “ငါ့ခင်ပွန်းသူဌေးကို ဖျောင်းဖျဖျက်ဆီးသည့်ဟန်ရှိသည်”ဟု မာန်တက်ကာ ဥတ္တရာကို ရန်ငြိုးဖွဲ့လေသည်။
သီရိမာသည် ယင်းသို့ရန်ငြိုးထားပြီး ထောပတ် ချက်ရာသို့သွားကာ ကျိုက်ကျိုက်ဆူပွက်နေသော ထောပတ်ရည်ကို မှုတ်ဖြင့်ယူ၍ ဥတ္တရာပေါ်သို့ လောင်းချမည်ဟု ကြံစည်ကာယူလာလေသည်။ ဥတ္တရာကလည်း သီရိမာယူလာသည်ကို မြင်သည်။ ငါ့အဆွေသီရိမာသည် “ငါ၏ကျေးဇူးရှင်ဖြစ်သည်။ ငါ၏ခင်ပွန်းကို သူလုပ်ကျွေးပြုစုပေး၍သာ ငါယခုလို ကုသိုလ်ပြုရသည်။ သူ့ကျေးဇူးကား အတိုင်းမသိ ကြီးမားလှပါဘိ။ ထို့ကြောင့် သီရိမာကို ငါအမျက် ဒေါသမထွက်သင့်။ ငါသည် သူ့အပေါ် အမျက်မထွက် မှန်မူပါက သူငါ့အပေါ်လောင်းချသည့် ထောပတ်ရည်သည် နံ့သာရည်ကဲ့သို့ အေးစေသတည်း” ဟု မနောအဓိဋ္ဌာန်ပြုလေသည်။ သီရိမာကလည်း ထောပတ်ရည်တို့ဖြင့် ဥတ္တရာဦးခေါင်းပေါ် လောင်းချသော် မေတ္တာအာနုဘော်ကြောင့် နံ့သာရည်ကဲ့သို့ အေးသွားလေသည်။
ဤသို့ ဥတ္တရာသည် ခံနိုင်ရည်ရှိသည်ကို သီရိမာမြင်လေသော် ဤထောပတ်ရည်သည် အပူနှေး၍ အေးဟန်ရှိသည်ဟု တစ်ဖန်ထောပတ်ရည်ကို ခပ်ယူလာသော် ဥတ္တရာ၏ ကျွန်မတို့ကထ၍ “ဟယ် မိန်းမယုတ်သင်ကား ယာယီဇနီးမယားသာဖြစ်သည်။ ငါတို့အရှင်မကို မနှိပ်စက်နှင့်” ဟူ၍ ဆံထုံးကိုဆွဲကာ မြေသို့လှဲစေပြီး ပုတ်ခတ်ကြလေသည်။ ဥတ္တရာသည် ဤအဖြစ်ကိုမြင်သော် “ငါ့မိတ်ဆွေကို မလုပ်ကြပါနှင့်” ဟု တားမြစ်၍ ပုတ်ခတ်လိုက်သော ဒဏ်ရာကိုခံရသူ သီရိမာကိုလည်း ဆီနံ့သာဖြင့် ကောင်းစွာလိမ်းပေးလေသည်။ ထိုအခါမှ သီရိမာသည် သူ့အပြစ်ကိုလည်း သူသိသည်။ သူသည် ယာယီအပျော်မယား ဖြစ်လေသည်။ ထိုအခါသီရိမာသည် ထိတ်လန့် သံဝေဂရပြီး ဥတ္တရာ၏ ခြေရင်းတွင်ဝပ်၍ “အရှင်မကျွန်ုပ်ပြုမိသော အပြစ်ကို ခွင့်လွှတ်ပါ၊ သည်းခံပါ” ဟု တောင်းပန်လေသည်။ ဥတ္တရာက သီရိမာအား “ငါ၏ကိုးကွယ်ရာဖြစ်သော ဘုရားက သည်းခံစေလိုလျှင် သင့်ကို ငါသည်းခံအံ့”ဟု ဆိုလေသည်။
နောက်တစ်နေ့ နံနက်၌ သီရိမာသည် အခြံအရံမိန်းမငါးရာနှင့်တကွ ဆွမ်းဘောဇဉ်တို့ကို စီစဉ်၍ ယူဆောင်လာလေသည်။ ယင်းယူဆောင်လာသော ဘောဇဉ်ဆွမ်းတို့ကို ဥတ္တရာအားအပ်၍ ကပ်လှူလုပ်ကျွေးစေလေသည်။ ဤသို့ဖြင့် ဘုရားရှင်အား ဆွမ်းကပ်လှူ၍ ဆွမ်းဘုဉ်းပေးပြီးသောအခါ သီရိမာသည် ဘုရားရှင်၏ခြေရင်း၌ဝပ်လျက် အကြောင်းစုံကို လျှောက်ထားပြီး သည်းခံပါအကြောင်း လျှောက်ထားလေသည်။
ဘုရားရှင်သည် ဥတ္တရာကိုခေါ်၍ “ချစ်သမီးဥတ္တရာ ဤကျိုက်ကျိုက်ဆူပွက်နေသော ထောပတ်ရည်ကို သင့်အပေါ်သို့ လောင်းချသောအခါ သင်မည်သို့သော နှလုံးသွင်းနေသနည်း”ဟု မေးတော်မူလေသည်။
ဥတ္တရာသည် ဘုရား၏ မေးမြန်းချက်တို့ကို အလုံးစုံလျှောက်ထားသော် ဘုရားရှင်က သာဓုသုံးကြိမ်ခေါ်တော်မူလေသည်။
ဘုရားရှင်က ဤသို့ဆက်၍ ဆုံးမဟောကြားတော်မူလေသည်။ “(၁) အမျက်ထွက်သူကို သူကဲ့သို့ တုံ့ပြန်အမျက်မထွက်ဘဲ မေတ္တာထားခြင်းဖြင့် အောင်နိုင်ရာ၏၊ (၂) စိတ်ယုတ်မာရှိသူကို စိတ်ကောင်း ထားခြင်းဖြင့် အောင်မြင်ရာ၏၊ (၃) နှမြောဝန်တိုသူကို ပေးကမ်းခြင်းဖြင့် အောင်နိုင်ရာ၏၊ (၄) လိမ်လည် လှည့်ပတ် ပြောဆိုတတ်သူကို အဟုတ်အမှန်အကန် ပြောခြင်းဖြင့် အောင်မြင်ရာ၏ ”ဟူ၍ တရားဟောကြားတော်မူသည်။
ထိုတရားတော်ကို နာကြားရသော သီရိမာသည် သောတာပန်ဖြစ်သွားလေသည်။
သီရိမာ ပြည့်တန်ဆာမအကြောင်း
သီရိမာသည် ဘုရားရှင်ဟောကြားသည့် တရားကိုနာကြား၍ သောတာပန်ဖြစ်ပြီးနောက် နောက်တစ်နေ့နံနက်အတွက် မိမိအိမ်သို့ကြွ၍ ဆွမ်းဘုဉ်းပေးရန် လျှောက်ထားသည်။ ထို့ပြင် ဘုရားရှင်အား သူ့အိမ်၌ နေ့စဉ်သံဃာရှစ်ပါးအား ဆွမ်းရပ်ပေးရန် လျှောက်ထားတောင်းခံလေသည်။ ဘုရားရှင်ကလည်း ခွင့်ပြု၍ သူ့အိမ်သို့ အလှည့်ကျဖြင့် ရဟန်းရှစ်ပါး ဆွမ်းရပ်စေသည်။ သီရိမာသည် တစ်နေ့ ၁၆ ကျပ်ဖြင့် ဆွမ်းဘောဇဉ်တို့ ချက်ပြုတ်လှူဒါန်းလေသည်။
ယင်းသို့လှူဒါန်းသော ဆွမ်းဘောဇဉ်သည် တစ်ပါးကို လှူဒါန်းသည့်ဆွမ်းမှာ သုံးလေးပါးဘုဉ်းပေးလို့လောက်ပေသည်။ တစ်နေ့သောအခါ သီရိမာအိမ်၌ ဆွမ်းခံကြွသော ရဟန်းတစ်ပါးသည် သုံးယူဇနာဝေးသော ကျောင်းသို့ ရောက်သွားသောအခါ သီရိမာသည် အလွန်လှပကြောင်း၊ သူလောင်းလှူသည့် ဆွမ်းသည်လည်း အလွန်ကောင်းကြောင်း ပြောပြလေသည်။ ထိုကျောင်းတွင်နေသော ရဟန်းတစ်ပါးကလည်း သီရိမာကိုမမြင်ရသေးဘဲ အလွန်စွဲလမ်းတပ်မက်သွားလေသည်။ သူသည် နောက်တစ်နေ့ ရဟန်းများနှင့်အတူ သီရိမာအိမ်သို့ ဆွမ်းခံကြွလေသည်။
သီရိမာသည် ရုတ်တရက် မနေ့က မကျန်းမာသောကြောင့် သူ့အလုပ်အကျွေးတို့ကို ရဟန်းတို့အား ဆွမ်းကပ်စေသည်။ သူ့ကိုပွေ့ချီပြီး သင့်တော်ရာနေရာတွင်ချ၍ ရဟန်းတော်များကို ကြည်ညိုစေပါသည်။ သီရိမာကလည်း မကျန်းမာတုန်တုန်ချည့်ချည့်ဖြင့် ရဟန်းတော်များအား ရှိခိုးလေသည်။ ယင်းသို့ရှိခိုးစဉ်တွင် သူ့အားစွဲမက်သော ရဟန်းတစ်ပါးသည် ဤအမျိုးသမီးကား ဤလောက် မကျန်းမာစဉ်ပင်လှပနေသေးလျှင် ကျန်းမာစဉ်က မည်မျှလှပမည်လဲဟူ၍ ကိလေသာများ ထကြွသောင်းကျန်းလျက် ကျောင်းသို့ ဆွမ်းကိုယူပြီး ဆွမ်းမစားဘဲအိပ်လေသည်။
ထိုနေ့ညမှာပင် သီရိမာသေလေသည်။ ထိုအကြောင်းကို ဗိမ္ဗိသာရမင်းကြီးက လျှောက်ထားလေသည်။ ဘုရားရှင်သည် သီရိမာအလောင်းအား သုသာန်တွင်ထား၍ ကျီးများမစားရအောင် သုံးရက်လုံးလုံးကိုယ်တုံးလုံးထားရန် မိန့်တော်မူလေသည်။ ဘုရားရှင်မိန့်တော်မူသည့်အတိုင်း မင်းကြီးက ပြုလုပ်ဆောင်ရွက်ထားလေသည်။ သုံးရက်လေးရက်မြောက်သောနေ့တွင် သီရိမာအလောင်းသည် ကိုယ်ဖူးရောင်ကာ ကွဲပျက်ပြီး ဒွါရကိုးပေါက်မှ ပိုးလောက်များ ထွက်ကြကုန်သည်။
(ဆက်လက်ဖော်ပြပါမည်)