Skip to main content

သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်

စိန်ဌေးလှိုင် (ဟိုပုံးမြေ)

နိုင်ငံတစ်နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံသား လူတစ်ဦးချင်းစီ၏ အသက်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယောက်ျား၊ မိန်းမအလုပ်အကိုင် စသည့်အချက်အလက်များနှင့် ပတ်သက်၍ အပြည့်အစုံမှတ်တမ်းတင်ထားသောစာရင်းကို “သန်းခေါင်စာရင်း”ဟု ခေါ်ဆိုသည်။ သန်းခေါင်စာရင်းကို အင်္ဂလိပ်ဘာသာစကားဖြင့် Census ဟုခေါ်ဆိုပြီး လက်တင်ဘာသာစကား Censere မှ ဆင်းသက်လာ၏။ ကုလသမဂ္ဂက သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ “၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူရန်၊ လူတစ်ဦးချင်းစီကို ကောက်ယူရန်၊ နယ်နိမိတ်တစ်ခုအတွင်းရှိ နေထိုင်သူအားလုံးကို ကောက်ယူရန်၊ သတ်မှတ်ထားသောအချိန်ကာလအတွင်း တစ်ပြိုင်တည်းကောက်ယူရန်၊ နိုင်ငံတကာကျင့်သုံးမှုများနှင့် ကိုက်ညီရန်”စသည်ဖြင့် အကြံပြုထားသည်။ ယနေ့ခေတ်တွင် သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေအရေအတွက်ကိုသာမကဘဲ တစ်ဦးချင်းစီ၏ ဝိသေသအသေးစိတ်အချက်အလက်များကိုပါ ကောက်ယူလျက်ရှိရာ “လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း” ဟု ခေါ်ဆိုသည်။

အိမ်ထောင်စုပေါင်း ၁၂ သန်းကျော်အတွက် စာရင်းရယူနိုင်ခဲ့

မြန်မာနိုင်ငံတွင် ရှေးမြန်မာမင်းများလက်ထက် ကတည်းကပင် သန်းခေါင်စာရင်းကောက်ယူမှုရှိခဲ့သည်။ မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ် သာလွန်မင်း တရားကြီးလက်ထက်တွင် လူဦးရေ၊ အိမ်ခြေ၊ မြေအကျယ်အဝန်း၊ သီးနှံအထွက်နှုန်း၊ စီးပွားရေးအခြေ အနေနှင့် ပေးဆောင်ရသည့် အခွန်နှုန်းတို့ကို စစ်တမ်းအဖြစ် ကောက်ယူခဲ့သည်။ ၁၈၇၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ ညသန်းခေါင်အချိန်တွင် အင်္ဂလိပ်တို့က အောက်မြန်မာပြည်၌ လူဦးရေစာရင်း ကောက်ယူခဲ့ရာမှ ယခုထက်တိုင် သန်းခေါင်စာရင်းဟု အမည်တွင်လာခဲ့သည်။ ၁၀ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူခြင်းကို ၁၈၉၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ဆောင်ရွက်နိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီးကာလတွင် မြန်မာနိုင်ငံတော်အစိုးရသည် သန်းခေါင်စာရင်းကောက်ယူခြင်းကို ၁၉၅၃ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ အဆင့်သုံးဆင့်ဖြင့် ကောက်ယူခဲ့သည်။ ပထမအဆင့်အနေဖြင့် ၁၉၅၃ ခုနှစ်တွင် မြို့ပေါင်း ၂၅၂ မြို့ကိုလည်းကောင်း၊ ဒုတိယအဆင့် အနေဖြင့် ၁၉၅၄ ခုနှစ်တွင် ကျေးရွာအုပ်စုပေါင်း ၂၁၄၃ အုပ်စုကိုလည်းကောင်း ကောက်ယူခဲ့သည်။ ထိုသို့ကောက်ယူရာတွင် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကိုသာ ကောက်ယူနိုင်ခဲ့ပြီး ကျန် ၇၀ ရာခိုင်နှုန်း ကို ၁၉၆၁ ခုနှစ်တွင် ကောက်ယူရန်သတ်မှတ်ခဲ့သော်လည်း မဆောင်ရွက်နိုင်ခဲ့ပေ။ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် တစ်ကြိမ်စီကောက်ယူခဲ့ရာ ယင်းကာလ နောက်ပိုင်းတွင် ပြည်လုံးကျွတ်အဆင့် မကောက်ခံနိုင်ခဲ့ပေ။ ၁၉၉၁ ခုနှစ်မှစတင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် နမူနာကောက်ကွက်များ ရွေးချယ်ကာ ငါးနှစ်လျှင်တစ်ကြိမ်လူဦးရေစစ်တမ်း ကောက်ယူခဲ့သည်။ ထိုစစ်တမ်းမှရရှိသည့်မွေးနှုန်းနှင့် သေနှုန်းတို့ကို အခြေခံ၍ လူဦးရေပညာဖြင့် တွက်ချက်ကာ နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့ တွင် လူဦးရေစာရင်းထုတ်ပြန်ခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund)၏ ပံ့ပိုးကူညီမှုဖြင့် “ပြည်လုံး ကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း” ကောက်ယူခြင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုပေါင်း ၁၂ သန်းကျော်အတွက် စာရင်းရယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ပြည်ထောင်စုလူဦးရေမှာ ၅၁၄၈၆၂၅၃ ဦးရှိ သည်။ ထို့နောက် ၂၀၁၉ ခုနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခု၊ ခရိုင် ၇၁ ခုတို့တွင် ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူခဲ့ရာ သမားရိုးကျ အိမ်ထောင်စုလူဦးရေပျမ်းမျှ ၅၁၁၄၄၆၀၇ ဦးရှိကြောင်း အညွှန်းကိန်းများအရ သိရှိရသည်။

သန်းခေါင်စာရင်းသည် ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး စသည့်အကြောင်းအရာအားလုံးနှင့် သက်ဆိုင်နေသည်။ နိုင်ငံတစ်နိုင်ငံတွင် အစိုးရ၏ မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ သန်းခေါင်စာရင်းကိုအခြေခံရမြဲဖြစ်သည်။ အစိုးရအဖွဲ့သည် တိုင်းပြည်တစ်ခုလုံး၏ လူဦးရေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူဦးရေပျံ့နှံ့နေထိုင်မှု၊ အသက်အပိုင်းအခြားအလိုက် ယောက်ျား၊ မိန်းမဦးရေ၊ ပညာသင်ကြားလျက်ရှိသူ၊ ပညာတတ်မြောက်သူ၊ လုပ်ငန်းအမျိုးမျိုးတွင် လုပ်ကိုင်သူ၊ ကလေးမွေးဖွားမှုနှုန်း စသည်တို့ပါဝင်သော အကြောင်းအချက်စာရင်းများကို သိရှိထားရပေမည်။ ထိုအကြောင်း အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ မှန်ကန်စွာသိရှိနိုင်ရန် သန်းခေါင်စာရင်းကို ကောက်ယူကြရသည်။ တိုင်းရင်းသားပြည်သူအားလုံး၏ စီးပွားရေးကို စီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရာတွင် သန်းခေါင်စာရင်းသည် အရေးပါလှသည်။ ထို့ကြောင့် သန်းခေါင်စာရင်းသည် ပြည်သူတစ်ဦးချင်းအတွက် လည်းကောင်း၊ တိုင်းပြည်အတွက် လည်းကောင်းများစွာ အရေးကြီးပေသည်။

လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာပြောင်းလဲမှုများ

သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံသူနိုင်ငံသားများ၏ အခွင့်အရေးနှင့် ပြည်သူလုထု အကျိုးဖြစ်သည်ဟု ဆိုရပေမည်။ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံရွေးကောက်ပွဲများ ကျင်းပရာတွင် ဆန္ဒမဲပေးသူစာရင်းမှာ တိကျမှန်ကန်မှုရှိရန် အထူးလိုအပ်လှသည်။ ထိုစာရင်းကို သန်းခေါင်စာရင်းမှ ရယူပါသည်။ ထို့ကြောင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့ပြီးဖြစ်ရာ ၂၀၂၄ ခုနှစ်၌ အချိန်ကျရောက်ပြီဖြစ်သည်။

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တို ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းရည်ညွှန်းချိန် မှာ စက်တင်ဘာလ ၃၀ ရက်နေ့ ဖြစ်သည်။ ရည်ရွယ်ချက်များမှာ “တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်စာရင်းများ အချိန်နှင့်တစ်ပြေးညီရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ ပြောင်းလဲမှုများကို သုတေသနပြုပြီး လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒ၊ စီမံကိန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများ ရေးဆွဲနိုင်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို ဖော်ဆောင်ရာတွင် လိုအပ်သော အညွှန်းကိန်းများပေးနိုင်ရန်၊ မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး အမျိုးသားအဆင့် မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်ရန်နှင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေးကို အထောက်အကူဖြစ်စေရန်” စသည်တို့ဖြစ်ကြသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့်သာ ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သန်းခေါင်စာရင်း ကောက်ယူရာတွင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို စာရင်းကောက်ယူပါမည်။ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ဂေဟာ၊ ဘုန်းတော်ကြီး ကျောင်း၊ အကျဉ်းထောင်၊ ဘော်ဒါဆောင်၊ ဆေးရုံ၊ အိမ်ခြေရာမဲ့သူများအပါအဝင် လူအားလုံးကိုလည်း ကောက်ယူပါမည်။ ရှေ့ပြေးအစီရင်ခံစာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အစီရင်ခံစာများကို ၂၀၂၅ ခုနှစ်တွင်လည်းကောင်း ထုတ်ပြန်နိုင်ရေး လျာထားပါသည်။၊ စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ဆရာ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများကို ခန့်အပ်ပါမည်။ နိုင်ငံတကာတွင် အသုံးပြုနေသည့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (Computer Assisted Personal Interviews၊ C.A.P.I)ကို အသုံးပြုကာ ပရိုဂရမ်ထည့်သွင်းထားသော Mobile Tablet များ ဖြင့် အိမ်တိုင်ရာရောက် ကောက်ယူသွားမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် “သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ”ကို ဖွဲ့စည်းထားရှိသည်။ နိုင်ငံပိုင်မီဒီယာများ၊ ဝက်ဘ်ဆိုက်များ၊ အွန်လိုင်းမီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိသည်။ ထို့ပြင်ပိုစတာစိုက်ထူခြင်း၊ တိုင်းရင်းသား ဘာသာစာပေများဖြင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။

အချုပ်အားဖြင့်ဆိုရသော် “၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း” သည် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးရေးလျာထားချက်များနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်များကို အထောက်အကူပြုလျက်ရှိသည်။ ၂၀၂၄ ခုနှစ်စာရင်းမှ ရရှိသောအချက်အလက်များသည် လွတ်လပ်၍တရားမျှတသော ပါတီစုံရွေးကောက်ပွဲကြီးကို အဓိကအထောက်အကူပြုမည် ဖြစ်ပေသည်။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲရေးကိစ္စရပ်များတွင် အကျိုးရှိရှိ လုပ်ဆောင်နိုင်မည်ဖြစ်ရာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် ယခုဆောင်ရွက်မည့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြရန် နှိုးဆော်တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။

ကိုးကား-

 ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အနှစ်ချုပ်အစီရင်ခံစာ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ဝေသောစာစောင်များ။