၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၃၇) လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း
နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်း ဆောင်ရွက်သည်ဟုဆိုထားရာ ဥပဒေဆိုင်ရာ အကြောင်း အရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် စာရေးသူ မောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏အာဘော်သာဖြစ်ပါသည်။ (စာတည်းအဖွဲ့)
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက အတည်ပြုထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် မိမိတို့ ရွေးကောက်တင်မြှောက်ခံမည့် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများ၌ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ကြရပါတော့မည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရေးညွှန်ကြားချက်ကို ၆-၉-၂၀၂၀ ရက်စွဲပါ၊ ကြေညာချက်အမှတ် ၁၇၃/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ မဲဆွယ်စည်းရုံးရေး ဆိုင်ရာ ညွှန်ကြားချက်များ မည်သို့ရှိသနည်း။ အနှစ်ချုပ် မျှဝေပါရစေ။
မဲဆွယ်စည်းရုံးရေးညွှန်ကြားချက်ထုတ်ပြန်ခြင်း
လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်တစ်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးက သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စိစစ်အတည်ပြု ကြေညာထားသည့် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိစေရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြား ချက်အမှတ် ( ၁ / ၂၀၁၄ ) ကို ၁ - ၇ - ၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ပြင်ဆင်ချက်များထုတ်ပြန်ခြင်း
အဆိုပါ ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) အား ပြင်ဆင်သည့် ညွှန်ကြားချက်များဖြစ်သည့် မဲဆွယ်စည်းရုံး ရေးကာလအဖြစ် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် မတိုင်မီ တစ်ရက်အလိုအထိ ရက်ပေါင်း ၆၀ စည်းရုံးခွင့်ရှိ ကြောင်း ၂၅ - ၆ - ၂၀၁၅ ရက်စွဲပါ စာအမှတ် ၄ / ရကပ/ ကမရ ဖြင့် လည်းကောင်း၊ စုဝေးဟောပြောခွင့် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် လောင်းကဖြစ်စေ၊ ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် လောင်းကဖြစ်စေ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ လျှောက်ထားသည်နှင့် တစ်ပြိုင်တည်း မဲဆွယ် စည်းရုံးခြင်းကို ဆောင်ရွက်နိုင်ကြောင်း ၄ - ၉ - ၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၅ / နငရ - ကြီးကြပ် (၈)/ ကမရ ဖြင့် လည်းကောင်း ပြင်ဆင်ထုတ်ပြန်ထားပြီးဖြစ်သည်။
ဘာသာရေးအဆောက်အအုံများတွင် ခွင့်မပြုခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၆ - ၅ - ၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၄ / နငရ - ကြီးကြပ် (၂၂) / ကမရ ဖြင့် နိုင်ငံရေးပါတီများက ဘာသာရေးအဆောက် အအုံများတွင် အစည်းအဝေးကျင်းပပြုလုပ်ခြင်းကို ခွင့် မပြုကြောင်းနှင့် တည်ဆဲနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လည်း ထုတ်ပြန်ထားပြီးဖြစ်သည်။
ကျင့်ဝတ်ထုတ်ပြန်ခြင်း
ထို့အပြင် နိုင်ငံရေးပါတီများ၏သဘောတူညီချက်ဖြင့် ရေးဆွဲထားသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ် လောင်းများအတွက် ရွေးကောက်ပွဲ ဆိုင်ရာကျင့်ဝတ် (Code of Conduct for Political Parties and Candidates ) ကိုလည်း ပြင်ဆင်ပြုစု၍ ၂၆-၆-၂၀၂၀ ရက် နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
မဲဆွယ်စည်းရုံးရေးကာလသတ်မှတ်ခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၆၀ ( ၈ - ၉ - ၂၀၂၀ ရက်နေ့ နံနက် ၀၆: ၀၀ နာရီမှ ၆ - ၁၁ - ၂၀၂၀ ရက်နေ့ ည ၁၂ : ၀၀ နာရီအထိ) ခွင့်ပြုကြောင်း ၆-၉-၂၀၂၀ ရက်စွဲပါ ကြေညာချက်အမှတ် ၁၇၃/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်ချက်ကို လိုက်နာရန်လိုအပ်ခြင်း
ယခုကာလ၌ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေ အနေအရ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ထုတ်ပြန်မည့် ကျန်းမာရေးစံလုပ်ငန်း လမ်းညွှန် ( Standard Operating Procedure – SOP ) နှင့် သက်ဆိုင်ရာက အချိန်ကာလ/ နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အထူးအလေးထားပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှအမိန့်ထုတ်ပြန်ခြင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ နေရာအနေအထား၊ အကျယ်အဝန်းပေါ် မူတည်၍ တစ်ကြိမ်လျှင် လူ ၅၀ ဦးထက်မပိုသော ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ အမိန့်အမှတ် ၁၀၁/၂၀၂၀ ကို ၆-၉-၂၀၂၀ ရက်စွဲဖြင့် အောက်ပါအတိုင်းထုတ်ပြန်ခဲ့သည်-
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကိုထုတ်ပြန် လိုက်သည်။
၁။ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလမ်းညွှန် ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၁၂-၈-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၈၈/၂၀၂၀ အရ လူ ၃၀ ဦးဖြစ်စေ၊ လူ ၃၀ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းပြုနိုင် သည့် ကိစ္စရပ်များတွင် “ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (Standard Operating Procedures – SOP ) နှင့်အညီ နေရာအနေ အထား၊ အကျယ်အဝန်းပေါ် မူတည်၍ တစ်ကြိမ်လျှင် လူ ၅၀ ဦးထက်မပိုသော ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်း၊ မဲဆွယ် စည်းရုံးခြင်း ” ကိစ္စ ရပ်ကို ထပ်မံဖြည့်စွက်လိုက်သည်။
၃။ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းကိစ္စရပ်များအတွက် စုဝေးခြင်းပြုနိုင်သည့် နေရာနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ရမည်-
(က) လူတစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဝဲ၊ ယာ အနည်း ဆုံး ၆ ပေစီကွာလျက် နေရာချထားစီမံဆောင် ရွက်ရန်၊
(ခ) နေရာအနေအထား၊ အကျယ်အဝန်းအား တွက် ချက်ရာတွင် အခြေခံအားဖြင့် လူတစ်ဦးအတွက် ၃၆ စတုရန်းပေနှုန်းဖြင့် တွက်ချက်စီမံ ဆောင်ရွက်ရန်၊
(ဂ) လေဝင်လေထွက်ကောင်းသောနေရာများတွင်သာ စီမံဆောင်ရွက်ရန်၊
(ဃ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန်။
အေးချမ်းတည်ငြိမ်သည့်ရွေးကောက်ပွဲများဖြစ်စေရေး
သို့ဖြစ်ပါ၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများသည် လွတ်လပ်၍တရားမျှတပြီး အေးချမ်းတည်ငြိမ်သည့် ရွေးကောက်ပွဲများ ဖြစ်စေရေး အတွက်လည်းကောင်း၊ ကိုဗစ် - ၁၉ ရောဂါ ပြန့်ပွားမှုမရှိ စေရေးအတွက်လည်းကောင်း အောက်ဖော်ပြပါ ညွှန်ကြား ချက်၊ ကျင့်ဝတ် လမ်းညွှန်ချက်များကို အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရပါမည် -
(က) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်အမှတ် (၁ / ၂၀၁၄ )နှင့် အဆိုပါ ညွှန်ကြားချက်ကို ပြင်ဆင်သည့် ညွှန်ကြားချက် များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၂၆-၅-၂၀၂၀ ရက်စွဲပါ ညွှန်ကြားချက်၊
(ခ) နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်း များအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်၊
(ဂ) အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်( SOP)
(ဃ) သက်ဆိုင်ရာက အချိန်ကာလ/ နေရာဒေသ အလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ အမိန့်များ၊ လမ်းညွှန်ချက်များ။
စံပြုထိုက်သူများဖြစ်ကြပါစေ
ပြည်သူ့အတွက် ပြည်သူများနှင့်အတူ ပြည်သူကို ကိုယ်စားပြုရွေးချယ်ခံကြမည့် ပြည်သူတို့၏ ကိုယ်စား လှယ်လောင်းများသည် ဘက်စုံ အရည်အချင်း ပြည့်ဝကြ သူများဖြစ်ကြသည်။ ဥပဒေနှင့်ကျင့်ဝတ်စည်းကမ်းများကို လေးစားလိုက်နာရာတွင်လည်း ပြည်သူတို့အတွက် စံပြုသူများ ဖြစ်ကြသည်။ မျက်မှောက်ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်ကို အထူးသတိပြုနေ ထိုင်ကြရသည့်ကာလတွင် ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ကြ မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိအပါအဝင် မဲဆန္ဒရှင်ပြည်သူများ၏ ကျန်းမာရေးကို အထူးအလေး ထားလိုက်နာဆောင်ရွက်ကြရပါမည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်း အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးပါဝင် ဦးတည် ကြိုးပမ်းကြလျက်ရှိသည်။ ပန်းတိုင်သို့ရောက်လုနီးပါပြီ။ ရက်ပေါင်း ၆၀ အတွင်း ရွက်ကုန်ဖွင့်၊ တက်စုံလှော်ခတ်ကြရာတွင် ခြေကုန် လက်ပန်းမကျကြဖို့ လိုပါသည်။ မိမိတို့၏ မဲဆန္ဒရှင်ပြည်သူများ၏ ကောင်းကျိုး လိုရာဆန္ဒများကို အသိ၊ သတိ၊ ဉာဏ်ပညာ အမြော်အမြင် များဖြင့် စွမ်းဆောင်အောင်နိုင်ကြစေကြောင်းပါဗျာ။
- ဥပဒေ၊ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စည်းရုံး ဆောင်ရွက်နိုင်ကြပါစေ၊
-ကျန်းမာရေးသတိ၊ ကျန်းမာရေးအသိဖြင့် ညွှန်ကြားချက်များနှင့်အညီ အထူး အလေးထား ဆောင်ရွက်နိုင်ကြပါစေ၊
- ပြည်သူအများ ဘေးအန္တရာယ်ကင်းစွာ ရွေးချယ် ဆန္ဒမဲပေးနိုင်ရေး အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ကြပါစေ။ ။
မောင်စာဂ