ဝါသီးနှံ အထွက်တိုးရေး သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေး
စစ်လွမ်းနောင်(မန်းမြေသား)
လူသားတို့ အသက်ရှင်နေထိုင်ရပ်တည်မှုတွင် စားရေး၊ ဝတ်ရေး၊ နေရေးဟူသည့် အရေးသုံးပါးရှိသည့်အနက် ဝတ်ရေးအတွက် “ဝါ” သည် အစဉ်အမြဲလိုအပ်သော ကုန်ပစ္စည်းဖြစ်သည့် အားလျော်စွာ ဝါသီးနှံကိုစိုက်ပျိုး၍ ချည်ထည်ကုန်ချောများ ထုတ်လုပ်သည့်လုပ်ငန်းကို နိုင်ငံတိုင်းက ဦးစားပေးလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ကမ္ဘာ့လူဦးရေ၏ လေးပုံသုံးပုံခန့်သည် ဝါဂွမ်းမှထုတ်လုပ်သော ဝါချည်မျှင်ဖြင့် ရက်လုပ်သည့် ချည်ထည်အဝတ်အစားတို့ကို ဝတ်ဆင်ကြကြောင်း ကမ္ဘာ့မှတ်တမ်းများအရ လေ့လာတွေ့ရှိရပါသည်။ ချည်ထည်များသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ငွေကြေးအနည်းငယ်မျှနှင့် ဝယ်ယူနိုင်၍ လူအများစု လက်လှမ်းမီသော အထည်အလိပ်မျိုးဖြစ်ခြင်းတို့ကြောင့် ယခုတိုင် လူသုံးများလျက်ရှိပေသည်။
မြန်မာနိုင်ငံတွင် ဝါသီးနှံကို အဓိကဦးစားပေးသီးနှံအဖြစ် အစဉ်အဆက် စိုက်ပျိုးခဲ့ကြသည်။ အများဆုံးစိုက်ပျိုးသည့် ဝါသီးနှံအမျိုးအစားများမှာ ဝါကြီး၊ ဝါကလေးနှင့် ချည်မျှင်ရှည်ဝါများ ဖြစ်ကြသည်။ ဝါကြီးမျိုးကို မိုးအတော်အတန်များသည့် ပြည်နှင့် သရက်ခရိုင်များတွင်လည်းကောင်း၊ ဝါကလေးမျိုးကို မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပခုက္ကူ၊ မင်းဘူး အစရှိသည့် မြန်မာနိုင်ငံ မိုးပါးရေရှားဒေသများတွင်လည်းကောင်း စိုက်ပျိုးကြပါသည်။ ချည်မျှင်ရှည်ဝါမျိုးကို ၁၉၅၈ ခုနှစ်မှစ၍ ရုရှားနှင့် အမေရိကန်နိုင်ငံများမှ ဝါမျိုးများမှာယူ၍ စမ်းသပ်စိုက်ပျိုးခဲ့သည့်အနက်မှ အကောင်းဆုံးကိုရွေးချယ်ပြီး ရေသွင်းစိုက်ပျိုးနိုင်သော ရွှေဘို၊ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်းနှင့် မင်းဘူးခရိုင်တို့တွင်စိုက်ပျိုးခဲ့ကြပြီး ကောင်းစွာအောင်မြင်ကြောင်း လေ့လာသိရှိရ ပါသည်။
ဝါသီးနှံ၏ နောက်ခံသမိုင်းအကျဉ်း
ဝါပင်၏ ဝါသီးမှရရှိသော နုနုဖပ်ဖပ် အမွေးအမှင်ထွေးကို အစေ့မထုတ်မီ ဝါ သို့မဟုတ် ဝါပေါက် ဟုခေါ်ပြီး အစေ့ထုတ်ပြီးလျှင် ဂွမ်း သို့မဟုတ် ဝါဂွမ်း ဟုခေါ်သည်။ ၁၉၂၀ ပြည့်နှစ်ခန့်က ရှေးဟောင်းမြို့ကြီးများမှ တူးဖော်တွေ့ရှိချက်များအရ အိန္ဒိယနိုင်ငံတွင် ဘီစီ ၃၀၀၀ ခန့်ကပင် ချည်မျှင်ကို အထည်အလိပ်နှင့် ကြိုးအမျိုးမျိုးပြုလုပ်ရာတွင် အသုံးပြုခဲ့ကြောင်း၊ ဘီစီ ၁၅၀၀ ခန့်တွင် အိန္ဒိယနိုင်ငံသည် ချည်ထည်လုပ်ငန်း၏အချက်အချာနိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှတစ်ဆင့် ဝါပင်စိုက်ပျိုးခြင်း၊ ဝါချည်မျှင်ဖြင့် အထည်အလိပ်များ ရက်လုပ်ခြင်းအတတ်ပညာသည် ပါရှား (ယခု အီရန်)၊ တရုတ်နှင့် ဂျပန်နိုင်ငံများသို့ ရောက်ရှိသွားခဲ့ကြောင်း၊ ခရစ်နှစ် ၇၁၂ ခုနှစ်တွင် ဆာရဆင်နှင့် မူးဝါးလူမျိုးတို့သည် အာဖရိကမြောက်ပိုင်းမှ ဥရောပတိုက်သို့ ဝါဂွမ်းကို ယူဆောင်လာခဲ့ရာမှ ဥရောပနိုင်ငံများတွင် ပျံ့နှံ့ခဲ့ကြောင်း၊ အင်္ဂလန်နိုင်ငံတွင် ခရစ်နှစ် ၁၂၉၈ ခုနှစ်ခန့်ကပင် တတိယအက်ဒွပ် ဘုရင်သည် မန်ချက်စတာမြို့၌ ရက်ကန်းအလုပ်သမားများကို အခြေချနေထိုင်စေခဲ့ပြီး ရက်ကန်းလုပ်ငန်းအား အင်္ဂလန်နိုင်ငံ၏ အဓိကလုပ်ငန်းကြီးဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ရက်ကန်းရက်လုပ်သော စက်ကိရိယာများကိုလည်း အမျိုးမျိုးတီထွင် လုပ်ကိုင်လာခဲ့ကြရာ ၁၈ ရာစုနောက်ပိုင်းတွင် အထည်အလိပ် ရက်လုပ်သောလုပ်ငန်းမှာ လုပ်ငန်းတွင်ကျယ်လာပြီး စက်ရုံ၊ အလုပ်ရုံများ၌ ဝါဂွမ်း လိုအပ်ချက်များ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ဝါဂွမ်းသည် ကုန်သွယ်စီးပွားရေးလောက၌ အရေးပါလှသော ကုန်ပစ္စည်းတစ်မျိုး ဖြစ်လာကြောင်း၊ ကမ္ဘာအရပ်ရပ်၌ လူတို့သည် ဝါဂွမ်းရရှိရန်အလို့ငှာ ဝါပင်ကို စိုက်ပျိုးခဲ့ကြကြောင်း၊ ဝါပင်သည် မော်လဗေစီအီးမျိုးရင်း၊ ဂေါ့ဆီပီယမ်မျိုးခွဲ၌ပါဝင်ပြီး ချဉ်ပေါင်၊ ရုံးပတီတို့နှင့် မျိုးရင်းတူကြောင်း၊ မျိုးစိတ်အများအပြားရှိရာ မျိုးစိတ်ကိုလိုက်၍ အပင်အနေအထား၊ အနိမ့်အမြင့်၊ အကိုင်းအခက်၊ အရွက်အပွင့်၊ အသီးအရွယ်အစား၊ ပုံသဏ္ဌာန်၊ ဝါပေါက်ချိန်၊ ဂွမ်းအဆင့်အတန်း စသည်တို့၌ ကွာခြားကြကြောင်း၊ ဝါပင်သည် ရက်ပေါင်း ကြာရှည်စွာ စိုက်ပျိုးရသည့် သီးနှံမျိုးဖြစ်သည့်အတွက် မြောက်လတ္တီတွဒ် ၄၀ ဒီဂရီနှင့် တောင်လတ္တီတွဒ် ၃၀ ဒီဂရီအကြားရှိ ကမ္ဘာ့ဒေသများတွင် စိုက်ပျိုးကြကြောင်း သုတေသီပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်။
မြန်မာနိုင်ငံ၏ ဝါသီးနှံ စိုက်ပျိုးရေးစီမံကိန်း
မြန်မာနိုင်ငံတွင် ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကာလကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ သတ်မှတ်ထားပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေဒေသများကို စီမံကိန်းဒေသများအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခု ၂၀၂၄-၂၀၂၅ ခုနှစ် မိုးကြိုကာလ၊ မိုးကာလနှင့် မိုးနှောင်းကာလ ဝါစိုက်ပျိုးရာသီများတွင် စီမံကိန်းဒေသများဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုရှိ ဝါသီးနှံစိုက်ပျိုးရေးဇုန် ၁၉ ခုတွင် ဝါစိုက်ဧက ၆၁၂၇၁၂ ဧက စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဝါသီးနှံကို နှစ်စဉ် တိုးမြှင့်စိုက်ပျိုးလျက်ရှိပြီး စီမံကိန်းကာလ ပြည့်မြောက်ပြီးနောက် ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးဧရိယာကို ဧက ၇၄၇၀၀၀ အထိ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တစ်ဧကဝါအထွက်နှုန်း ပိဿာချိန် ၇၀၀ ထွက်ရှိရေးအတွက် ဝါသီးနှံစိုက်ပျိုးရေးဇုန်အလိုက် တာဝန်ခံများ ခန့်ထားတာဝန် ပေးအပ်ပြီး အထွက်တိုးရေး ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
ဝါအထွက်နှုန်းတိုးတက်ရေးနှင့် အဆင့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရေး လမ်းညွှန်ချက်
မြန်မာနိုင်ငံတွင် လက်ရှိဝါစိုက်ပျိုးမှုမှာ စုစုပေါင်းဧကငါးသိန်းဖြစ်ရာ နှစ်အလိုက်တိုးမြှင့် စိုက်ပျိုးနိုင်ရေးအတွက် ဝါစိုက်တောင်သူများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကိုမြှင့်တင်ပြီး ပြည်ပပို့ကုန် ပိုမိုတင်ပို့နိုင်ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးတို့ကိုလည်း နိုင်ငံတော်ကအားပေးဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့က နေပြည်တော်၌ကျင်းပပြုလုပ်သည့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝါအထွက်နှုန်းများ တိုးတက်စေရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးပြောကြားရာတွင် “မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့ပြင် “ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာအရည်အသွေးကောင်းသော (A) အဆင့်ရှိဝါများ ပြောင်းလဲစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့် ထွက်ရှိလာသည့် ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး စက်ကိရိယာများလိုအပ်ကြောင်း၊ ချည်ချောများ ထုတ်လုပ်နိုင်ရေး၊ ပိတ်အဖြစ်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများအလိုက် ဦးတည်ချက်များချမှတ်၍ တစ်ဆင့်ချင်းအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း” တို့ကိုလည်း ဖြည့်စွက်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့ပါသည်။
စီမံကိန်းအောင်မြင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ
ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဝါသီးနှံအထွက်တိုးရေးကို ဦးစားပေး လုပ်ကိုင်ကြပြီး အရည်အသွေးမြင့်မား၍ အဆင့်မီသည့် ချည်ထည်များကို ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားရှိသည့် ချည်မျှင်ရှည်ဝါ များ တိုးတက်ထုတ်လုပ်စိုက်ပျိုးနိုင်ရန်၊ ပြည်တွင်းရှိ ချည်မျှင်နှင့် အထည်စက်ရုံများအတွက် လိုအပ်သည့် အရည်အသွေးကောင်းမွန်သော ဝါ၊ ဝါဂွမ်းများ ထုတ်လုပ်ပြီး ပြည်ပမှ ဝါနှင့်ချည်များ တင်သွင်းမှုကိုလျှော့ချနိုင်ရန်၊ ဝါသီးနှံတန်ဖိုးနှင့် ဝါသီးနှံတန်ဖိုး ကွင်းဆက်ဖွံ့ဖြိုးတိုးတက်ပြီး ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များ ကုန်ထုတ်လုပ်မှုမြင့်မားလာစေရန်၊ ချည်မျှင်ကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါဆုံး စက်မှုကုန်ကြမ်းဖြစ်သည့် ဝါသီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ရန်နှင့် ပြည်တွင်းသုံးစွဲမှု ဖူလုံရုံသာမက ပြည်ပသို့တင်ပို့နိုင်သည်အထိ ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
ဝါသီးနှံ အထွက်တိုးရေး သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ
ဝါသီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးအတွက် အဓိကကျသည့် မျိုး၊ မြေ၊ ရေ၊ နည်းတို့နှင့်ပတ်သက်ပြီး တွေ့ကြုံရနိုင်သည့် အခက်အခဲများ၊ အဟန့်အတားများအတွက် သမဝါယမ စနစ်ကိုအခြေခံ၍ သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များ၊ ဝါစိုက်တောင်သူများ အတူတကွပူးပေါင်း ဆောင်ရွက်မှုစွမ်းအားဖြင့် အောင်မြင်စွာကျော်လွှားနိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ခုနှစ် ဝါစိုက်ပျိုးရေးစီမံကိန်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူး၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ သမဝါယမအသင်း ၂၀၉ သင်းမှ ဝါစိုက်အသင်းသား တောင်သူ ၁၁၅၉၂ ဦးတို့က မိုးကြိုကာလတွင် ဝါစိုက်ပျိုးဧရိယာ ၁၇၉၆ ဧက၊ မိုးကာလတွင် ဝါစိုက်ပျိုးဧရိယာ ၁၂၆၄၂ ဧက၊ မိုးနှောင်းကာလတွင် ဝါစိုက်ပျိုးဧရိယာ ၈၁၅၆၂ ဧက စုစုပေါင်း ဝါစိုက်ပျိုး ဧရိယာ ဧက ၉၆၀၀၀ ကို စိုက်ပျိုးရန်လျာထားပြီး နိုင်ငံတော်၏ ဝါစိုက်ပျိုးရေးစီမံကိန်း အောင်မြင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ သမဝါယမအသင်းသား ဝါစိုက်တောင်သူများ စိုက်ပျိုးရန်လျာထားသည့် ဝါစိုက်ပျိုး ဧရိယာ ဧက ၉၆၀၀၀ အနက် မိုးကြိုကာလတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ မလှိုင်၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်များမှ သမဝါယမအသင်းသား ဝါစိုက်တောင်သူများက စိုက်ပျိုးရန် လျာထားချက်ထက်ပိုမိုပြီး ဝါစိုက်ပျိုး ဧရိယာ ၁၇၉၉ ဧကကို သမဝါယမအသင်း အချင်းချင်း ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော် စိုက်ပျိုးထားပြီးဖြစ်ပါသည်။
ဆက်လက်၍ မိုးကာလနှင့် မိုးနှောင်းကာလများတွင် စိုက်ပျိုးရန်လျာထားသည့် ဝါစိုက်ပျိုး ဧရိယာ ၉၄၂၀၄ ဧကကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သမဝါယမအသင်းအချင်းချင်း ပံ့ပိုးချေးငွေတို့ဖြင့်လည်းကောင်း၊ သမဝါယမကန်ထရိုက် လယ်ယာစနစ်ဖြင့်လည်းကောင်း အကောင်အထည်ဖော် စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်လျက်ရှိပါသည်။ သမဝါယမအသင်းသား ဝါစိုက်တောင်သူများစိုက်ပျိုးပြီး မိုးကြိုဝါများ အောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်း တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးရန်လျာထားသည့် မိုးဝါ၊ မိုးနှောင်းဝါ စိုက်ပျိုးဧကများ အကောင်အထည်ဖော် စိုက်ပျိုးနိုင်ရေး၊ အရည်အသွေးကောင်းမွန်သည့် ဝါမျိုးများကို မျိုးစေ့ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပြီး အသုံးပြုနိုင်ရေး၊ အရည်အသွေးပြည့်မီသော သွင်းအားစုများဖြစ်သည့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အစရှိသည်တို့ကို အချိုးအစားမျှတစွာ အပြည့်အဝအသုံးပြုနိုင်ရေး၊ ဝါစိုက်ပျိုးရန်လိုအပ်သည့် ရေပမာဏကို လိုအပ်ချိန်တွင် လိုအပ်သလို အသုံးပြုနိုင်ရေး၊ ဝါသီးနှံများ အရည်အသွေး ကောင်းမွန်ပြီး အထွက်နှုန်းမြင့်မားစေမည့် နည်းပညာများအသုံးချဆောင်ရွက်နိုင်ရေး၊ သမဝါယမအသင်းသား ဝါစိုက်တောင်သူများ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် သွင်းအားစုကုမ္ပဏီများ၊ ဝါစက်လုပ်ငန်းရှင်များ၊ ဝါအဝယ်ဒိုင်များနှင့်ချိတ်ဆက်၍ သမဝါယမ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အတူတကွ ပူးပေါင်းလုပ်ကိုင်နိုင်ရေး၊ လိုအပ်သည့် မျိုး၊ သွင်းအားစုပစ္စည်းများနှင့် ဈေးကွက်ရရှိရေးတို့အတွက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် သမဝါယမအသင်းသား ဝါစိုက်တောင်သူများအတွက် ဝါစိုက်ပျိုးနည်းပညာနှင့် အခြားလိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝါစိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆက်စပ်သည့်ဌာနများနှင့်လည်း ချိတ်ဆက်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဝါစိုက်ပျိုးရေး စီမံကိန်းတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် သမဝါယမအသင်းသား ဝါစိုက်တောင်သူများကို ဝါသီးနှံအထွက်နှုန်းတိုးအောင် သမဝါယမ စနစ်ဖြင့် ပံ့ပိုးကူညီပေးခြင်းအားဖြင့် ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ရာရောက်သည့်အပြင် ပြည်တွင်းသုံးစွဲမှုဖူလုံရုံမျှမက ပြည်ပသို့ပါ တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းကွင်းဆက်တစ်လျှောက် အလုပ်အကိုင် အခွင့်အလမ်းများရှိနေပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ သို့အတွက်ကြောင့် ဝါစိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးက ဝါသီးနှံ အထွက်တိုးရေးအတွက် သမဝါယမစနစ်ဖြင့်ပံ့ပိုးကူညီပြီး တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားကြပါရန် တိုက်တွန်းရေးသား တင်ပြလိုက်ရပေသည်။ ။