ဒွါရာဝတီ ငပလီကမ်းခြေဒေသမှ MSME ငါးနီတူပြုတ်ခြောက်လုပ်ငန်းကို လေ့လာခြင်း
ကိုငါးကြီး(ငါးလုပ်ငန်းဦးစီးဌာန)
(ဇွန် ၃ ရက်မှအဆက်)
ငပလီကမ်းခြေဒေသမှ
ရေထွက်ပစ္စည်းအခြေပြု MSME လုပ်ငန်းများ
ဒေသတွင်း၌ ရေထွက်ပစ္စည်းအခြေပြု (MSME)အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအဖြစ် ပုစွန်အချိုခြောက်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ငါးနီတူပြုတ်ခြောက်လုပ်ငန်း၊ ငါးမုန့်(ခေါ်)ပါပရာလုပ်ငန်း၊ ငါးခြောက်လုပ်ငန်း၊ ငါးဆားနယ်လုပ်ငန်း၊ ငါးကျပ်တိုက်လုပ်ငန်း၊ ကင်းမွန်ခြောက်လုပ်ငန်း၊ ကြက်စာလုပ်ငန်းနှင့် မျှင်ငါးပိလုပ်ငန်းတို့ ရှိကြပါသည်။ ဤလုပ်ငန်းများအားလုံးသည် ငါး၊ ပုစွန်များကို ဈေးကွက်ရှိရာသို့ ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချခြင်းမဟုတ်ဘဲ ငါး၊ ပုစွန်ကုန်ကြမ်းများကို တစ်နည်းမဟုတ် တစ်နည်းပြုပြင်ထုတ်လုပ်၊ ထုပ်ပိုးပြုပြင်ကာ ဈေးကွက်သို့တင်ပို့ရောင်းချခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝင်ငွေပိုမိုရရှိစေနိုင်သော လုပ်ငန်းရပ်များ ဖြစ်ပါသည်။ ထို့အပြင် ၎င်းလုပ်ငန်းများသည်လည်း MSME လုပ်ငန်းများပင်ဖြစ်ပါသည်။ ၎င်းလုပ်ငန်းစုများသည် ရေထွက်ပစ္စည်းမျိုးစုံပေါင်းစုနေသည့် ငပလီမြို့ဂျိတ္တောရပ်ကွက်တွင် အခြေတည်လျက်ရှိနေကြပါသည်။
ငပလီကမ်းခြေဒေသမှ MSME ငါးနီတူပြုတ်ခြောက်လုပ်ငန်း
ငပလီကမ်းခြေ ဂျိတ္တောဒေသတွင် ၁၉၇၈ ခုနှစ်ခန့်တွင် ကျော့ပိုက်(ဝိုင်းချုပ်) ငါးဖမ်းနည်းကို အသုံးပြုပြီး ငါးနီတူငါးကိုစတင်ဖမ်းဆီးခဲ့ကြပြီး ရရှိငါးနီတူများကို သမားရိုးကျနည်းလမ်းများဖြင့်သာ အခြောက်လှန်းပြီး ခေါင်းပါကုန်ကြမ်းများအဖြစ် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းနှင့် နောက်ပိုင်းကာလများတွင် မောင်တောနယ်စပ်မှ တစ်ဆင့်တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းများရှိခဲ့ပြီး ခေါင်းမဲ့ငါးနီတူသန့်များကိုမူကား ဧည့်သည်များအတွက် ၅၀ ကျပ်သားခန့် အထုပ်ကလေးများဖြင့် ပလတ်စတစ်ပါကင်ထုပ်ပိုးပြီး ဆိုင်တင်ရောင်းချခြင်းများ ရှိခဲ့ကြပါသည်။ သို့ရာတွင် ၂၀၁၆ ခုနှစ်တွင် သမားရိုးကျငါးနီတူအား တန်ဖိုးမြှင့်ထုတ်ကုန် (Value Added)အဖြစ် နည်းပညာတစ်ဆင့်တိုးကာ ငါးနီတူပြုတ်ခြောက်လုပ်ငန်းအဖြစ် စတင်လုပ်ကိုင်လာကြပါသည်။
ငပလီကမ်းခြေ ဂျိတ္တောဒေသအခြေပြု ငါးနီတူပြုတ်ခြောက်လုပ်ငန်းတွင် အဓိကမရှိမဖြစ် လိုအပ်သော ပစ္စည်းကိရိယာများအဖြစ် အိုးတစ်လုံးကို ကျပ်သိန်း ၅၀ ခန့်တန်ဖိုးရှိပြီး စတီးဖြင့်ပြုလုပ်ထားသည့် ငါးနီတူပြုတ်အိုး၊ ပြုတ်ပြီးငါးနီတူများအား နေခြောက်လှန်းရန်အတွက် သုံးပေပတ်လည်ရှိပြီး သစ်သားအနားကွပ်ထားကာ အလယ်တွင် ကွင်ကျဉ်းကော်ပိုက်ဖြင့် ပြုလုပ်ထားသည့်တစ်ခုကို ကျပ် ၃၀၀၀ ခန့်တန်ဖိုးရှိသည့် ငါးလှန်းဗန်းများ၊ အခြောက်ခံနေလှန်းပြီး ငါးနီတူပြုတ်ခြောက်များအား ခေတ္တသိမ်းဆည်းထားမည့် သိန်း ၁၀၀ ခန့် တန်ဖိုးရှိသောအအေးခန်း Box နှင့် ပြုတ်ပြီးငါးနီတူများအား အခြောက်ခံနေလှန်းမည့် သင့်တင့်သော အကျယ်အဝန်းရှိသည့် မြေနေရာကိုယ်ပိုင်(သို့)ငှားရမ်း၍ လုပ်ကိုင်ကြရပါမည်။
ငါးနီတူပြုတ်ခြောက် ပြုလုပ်ရန်အတွက် လုပ်ငန်းပိုင်ရှင်များသည် ပထမဆုံး ငါးနီတူကုန်ကြမ်း ရရှိနိုင်ရန်အတွက် အဝယ်တော်ဝန်ထမ်းများကို ခန့်ထားကြရပြီး လုပ်ငန်းအကြီးအသေးပေါ်မူတည်၍ တစ်ဦး သို့မဟုတ် နှစ်ဦးခန့်ထားလေ့ရှိကြပါသည်။ အမျိုးသမီးလည်းရှိသလို အမျိုးသားအဝယ်တော်များလည်း ရှိကြပါသည်။ အဝယ်တော်များသည် ရုပ်ဖြောင့်ရန်မလိုဘဲ ငါး၏လတ်ဆတ်မှုနှင့် အရိုး၊ အသားပါဝင်မှု ခွဲခြားတတ်ရန်လိုအပ်ပြီး ငါးဖမ်းလှေများနှင့် သင့်တင့်သော ဆက်ဆံရေးပြေပြစ်ရန်၊ ဝယ်ယူမည့်ငါးကုန်ကြမ်းအပေါ် ဈေးနှုန်းဆုံးဖြတ်ချက်မှန်ကန်ရန် လိုအပ်ပါသည်။ ငါးအဝယ်တော်များ၏ လစာသည် ကျပ် သုံးသိန်းနှင့်ထမင်းဖိုး ကျပ် ၆၀၀၀၀ လည်း ရရှိကြပါသည်။
ငပလီဂျိတ္တောကမ်းခြေရှိ နံနက်မိုးလင်းရောင်နီနှင့်အတူ ဝင်ရောက်လာသော ငါးနီတူ- ကျော့ပိုက်များရှိ ဖမ်းမိငါးနီတူများကို ကမ်းခြေသဲသောင်ပြင်၌ ငါးဈေးပွဲတော်ကျင်းပသည့်အလား ငပလီဂျိတ္တောကမ်းခြေရှိ နံနက်မိုးလင်းရောင်နီနှင့်အတူ ဝင်ရောက်လာသော ငါးနီတူ- ကျော့ပိုက်များရှိ ဖမ်းမိငါးနီတူများကို ကမ်းခြေသဲသောင်ပြင်၌ ငါးဈေးပွဲတော် ကျင်းပသည့်အလား ဈေးငါးရောင်းရန်၊ ပြုပြင်မွမ်းမံစက်ရုံတွင် အေးခဲပြုပြင်ရန်၊ ဟိုတယ်စားသောက်ဆိုင်များတွင် အသုံးပြုရန်၊ အခြောက်လှန်းရန်နှင့် ငါးနီတူပြုတ်ခြောက်လုပ်ပြီး ရန်ကုန်မှတစ်ဆင့် ပြည်ပတင်ပို့ရန် အစရှိသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် ဝယ်ယူကြသည်များအနက် ငါးနီတူပြုတ်ခြောက်လုပ်ရန်အတွက် ဝယ်ယူမည့်အဝယ်တော်များသည် လတ်ဆတ်မှုနှင့် အရိုးအသား ပါဝင်မှုအပေါ်မူတည်ပြီး လုပ်ငန်းရှင်ကိုယ်စား ကိုယ်တိုင်ဆုံးဖြတ်ဝယ်ယူခွင့်ရှိကြပါသည်။ အဝယ်တော်မှ ချီတုံချတုံတွေဝေနေ၍ အချိန်ကြာမြင့်နေပါက ငါးနီတူငါး၏ အရည်အသွေးကျဆင်းသွား နိုင်သောကြောင့် အဝယ်တော်မှ မြန်မြန်ဆုံးဖြတ်၊ မြန်မြန်ဝယ်ယူပြီး ငါးနီတူပြုတ်ခြောက်လုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်ကြပါသည်။
ကမ်းခြေ၌ ငါးနီတူကုန်ကြမ်းများဝယ်ယူရာတွင် ပလတ်စတစ်ခြင်းတစ်ခြင်းလျှင် ပိဿာ ၃၀ ဆံ့သောခြင်းများဖြင့် ဝယ်ယူပြီး ပြုတ်ခြောက်လုပ်ငန်းခွင်သို့ သင့်ရာနည်းဖြင့် ချက်ချင်းသယ်ယူပို့ဆောင်ကာ လုပ်ငန်းခွင်မှ အမျိုးသမီးဝန်ထမ်းများက ဆေးကြောအုတ်ကန်ငယ်၌ ဆေးကြောသန့်စင်ကြခြင်းဖြင့် ငါးတွင်ပါသောအကြေးခွံနှင့်အဆီများကို ဖယ်ရှားရှင်းလင်းကြပါသည်။ ပိဿာ ၃၀ ပါ ငါးနီတူတစ်ခြင်း၏ လက်ရှိကမ်းခြေပေါက်ဈေးမှာ ကျပ် (၃၅၀၀၀-၄၀၀၀၀)ခန့် ဖြစ်ပါသည်။ ငါးဖမ်းစက် လှေပိုင်ရှင်များမှ အခြောက်လှန်းကာ ဈေးကွက်ရှိရာ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြသည်များရှိသလို ရရှိကုန်ကြမ်း၏ တစ်ဝက်ခန့်ကို ဝယ်/ရောင်းလုပ်ငန်းများသို့ ရောင်းချကြပါသည်။
ကမ်းခြေမှ ရောက်လာသော ကုန်ကြမ်းငါးကို ရေချိုဖြင့်ဆေးကြောသန့်စင်ရပြီး (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ)လများတွင် ငါးတွင် အဆီနှင့်ဥမပါသေးသဖြင့် အခြောက်လှန်းရာတွင် အဖြူရောင်သန်းပြီး အရောင်လှပါသည်။ (ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ)လများတွင် အဆီနှင့် ဥ ပါဝင်မှုရှိသောကြောင့် အဝါရောင်သန်းသည့်အတွက် ရောင်းပန်းမလှ ဖြစ်တတ်ပါသည်။ ဆေးကြောသန့်စင်ပြီး အကြေးခွံမပါသောငါးများကို သုံးပေပတ်လည်ရှိ ငါးလှန်းဗန်းတွင် စီထည့်ကာ ပြုတ်အိုးတွင်ထည့်၍ ပြုတ်ရန်အတွက် တစ်ခါပြုတ် လျှင် ၁၈ ဗန်းစီ ထပ်ဆင့်ပြီး ထည့်ပြုတ်ရပါသည်။ ငါးပြုတ်ရန်အတွက် ပြုတ်အိုးတွင်ရေကိုထည့်ကာ ဆူပွက်နေစေရပါမည်။ ထင်းနှင့်မီးသွေးကို ယခင်က အသုံးပြုခဲ့ကြသော်လည်း ယခုအချိန်တွင် သစ်တောပြုန်တီးမှုကို ကာကွယ်ရန်အတွက်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးအတွက် လည်းကောင်း လျှပ်စစ်မီးအချိန်ပြည့်နီးပါး ရရှိနေသော ငပလီကမ်းခြေဒေသတွင် လျှပ်စစ်ဓာတ်အားဖြင့်သာ ငါးနီတူပြုတ်ခြင်း ဆောင်ရွက်ကြပါသည်။ ငါးနီတူကိုပြုတ်သည်ဟု ဆိုရာတွင်လည်း အမှန်တကယ်တွင် ပြုတ်အိုး၌ အချိန်အကြာကြီး ထည့်ပြုတ်ခြင်းကား မဟုတ်မူဘဲရေဆူမှတ် ထိရောက်နေသောအိုးထဲ၌ အရွယ်ကြီးငါးနီတူ ဆိုပါက လေးမိနစ်ခန့်နှင့် အရွယ်လတ်နှင့် အရွယ်ငယ် ဆိုပါက (၂ - ၃)မိနစ်ခန့်သာ ထည့်ပြုတ်ရခြင်း ဖြစ်ပါသည်။ ၁၈ ဗန်းတစ်ခေါက် ထည့်ပြုတ်လျှင် အိမ်သုံးဆား ငါးပိဿာခန့် ထည့်ပေးရပါသည်။
ငါးနီတူပြုတ်ခြောက်လှန်းသည့် သုံးပေပတ်လည် သစ်သားနှင့်ကွပ်ထားပြီး အလယ်မှာ ပိုက်ချည် သားဖြင့်ပြုလုပ်ထားသည့် ငါးနီတူပြုတ်ခြောက်လှန်းသည့် ဗန်းသည် လတစ်လ၏ ငါးဖမ်းရက် (ဒေသ အခေါ်-တစ်မှောင်)တွင် ရာသီဥတုကောင်း၍ ၂၅ ရက်ခန့် ငါးလှန်းရပါက ငါးလှန်းဗန်းသည် မပျက်မစီးဘဲ တစ်လခန့်အသုံးပြုနိုင်ပြီး တစ်လတွင် (၁၅-၂၀)ခန့်သာ ငါးလှန်းရပါက နှစ်လခန့် အသုံးပြုနိုင်ပါသည်။ ငါးနီတူပြုတ်ခြောက်လုပ်ငန်းသည် ရက်တစ်ရက်တွင် နံနက်ပိုင်းမှသည် ညနေပိုင်းအထိ တစ်နေ့တည်းနှင့် အပြီးလုပ်ရသော လုပ်ငန်းဖြစ်ပါသည်။ နံနက် ၇ နာရီခန့်တွင် ငါးဖမ်းစက်လှေ ဝင်ရောက်ပြီးကမ်းခြေ၌ ကုန်ကြမ်းဝယ်ယူပြီးပါက လုပ်ငန်းခွင်၌ ဆေးကြောခြင်းပြုလုပ်ရာတွင် အကြေးခွံများပါ တစ်ပါတည်း ချွတ်ပြီးသား ဖြစ်သွားပါသည်။ ဆေးပြီးအကြေးခွံချွတ်ပြီးသား ငါးနီတူအား(၂-၃)မိနစ်မှသည် အများဆုံးလေးမိနစ် ခန့်ပြုတ်ပြီး ခဏရေစစ်ကာ နေရောင်ခြည်ကောင်းမွန် စွာရရှိသည့် ကွင်းပြင်၌ သုံးပေခန့်အမြင့်ရှိသော စင်မြင့် ၌ စတင်လှန်းရပါသည်။ ၎င်းကဲ့သို့ နေလှန်းရာ၌လည်း နေရောင်ခြည်ပူပြင်းစွာရရှိသည့် နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီအတွင်းဆိုပါလျှင် ငါး၏ တစ်ဖက်ခြမ်းကို နှစ်နာရီခန့် ဆက်တိုက်လှန်းပြီး အခြားတစ်ဖက်ခြမ်းကို ပြောင်းပြန်လှန်ကာ နှစ်နာရီခန့် ဆက်တိုက်လှန်းပါက ကောင်းမွန်စွာ ခြောက်သွေ့ သွားနိုင်ပြီးနေ့လယ်အချိန်မှ ရောက်ရှိလာသော ငါးနီတူကုန်ကြမ်းများကိုမူကား မွန်းလွဲ ၁ နာရီ ကျော်မှ စတင်နေခြောက်လှန်းခြင်းကိုမူကား ငါး၏ တစ်ဖက်ခြမ်းစီကို သုံးနာရီခန့်စီ နေခြောက်လှန်း ပြီးမှသာ လက်ခံနိုင်သောအဆင့်သို့ ရောက်ရှိနိုင် ပါသည်။
ပြုတ်ပြီးငါးနီတူများကို တစ်နေ့တာ (၄ - ၆)နာရီအတွင်း နေခြောက်လှန်းနိုင်လျှင် လုံလောက်ပြီး ဖြစ်ပါသည်။ ထို့နောက် ငါးနီတူခြောက်များအား အလုပ်ရုံအတွင်း ခေါင်းခြွေစက်ဖြင့် ခေါင်းခြွေကာ ခြွေပြီးသား ငါးနီတူခေါင်းများကို ဒေသတွင်းတွင် တစ်ပိဿာ ကျပ် ၁၂၀၀ အဖြစ် ကြက်စာပြုလုပ်ရန် ရောင်းချရခြင်းမှလည်း လုပ်ငန်းရှင်အတွက် အပိုဝင်ငွေတစ်ခု ရရှိနိုင်ပါသည်။ ပြုတ်ခြောက်မှရသော ငါးနီတူခေါင်းသည် ပြုတ်သည့်အခါ ဆားထည့် ပြုတ်ရသောကြောင့် ငန်သည့်အတွက် ဈေးရရှိမှု နည်းပါးသော်လည်း ပြုတ်ခြောက်မဟုတ်သော ငါးနီတူခေါင်းဆိုလျှင် တစ်ပိဿာ ကျပ် ၁၅၀၀ ခန့် ဈေးရရှိပါသည်။
နေခြောက်လှန်း ခေါင်းခြွေပြီးသော ငါးနီတူပြုတ်များကို ဈေးကွက်သို့မတင်ပို့မီ သတ်မှတ် ကုန်ချိန်ပြည့်မီရန်အတွက် လုပ်ငန်းခွင်ရှိ အအေးခန်း Box ထဲတွင် ခေတ္တသိမ်းဆည်းထားရပါသည်။ ငါးနီတူကုန်ကြမ်းမှသည် ပြုတ်ခြောက်ခေါင်းခြွေပြီး အအေးခန်း Box ထဲ ခေတ္တသိမ်းဆည်း သိုမှီးသည် အထိ ရာသီဥတုကောင်းမွန်ပါက တစ်နေ့တည်းဖြင့် အပြီးဆောင်ရွက်ကြပါသည်။ ခေါင်းခြွေပြီး ပြုတ်ခြောက်များကို ပလတ်စတစ်အကြည်သားဖြင့် ထည့်ကာ (13 kg) ဝင်ဆံ့သော စက္ကူဘူးထဲတွင်ထည့်၍ အအေးခန်း Box ထဲတွင်ထည့်ပြီး သိမ်းဆည်းထားပါသည်။ စုဆောင်းထားသော ပြုတ်ခြောက် ကုန်ချိန် ၁၀ တန်ပြည့်မီပါက ဈေးကွက်သို့တင်ပို့ရန် သံတွဲ - ရန်ကုန် မော်တော်ကားလမ်းအတိုင်း ၁၀ တန်ဆံ့အအေးခန်းကားဖြင့်တင်ပို့ကြပါသည်။
ငါးနီတူပြုတ်ခြောက် ကုန်ချောများကို ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့သည်ဟု လေ့လာသိရှိရပြီး ၎င်းသို့ရောက်ရှိပါက ဆားပြန်ထုတ်ပြီး (မာလာအရသာ၊ ချဉ်စပ်အရသာ၊ အကင် အရသာ) စသည်ဖြင့် ခွဲခြားပြုပြင်စီမံကာ အမှတ်တံဆိပ်များဖြင့် Packing ထုပ်ပိုးပြီး ဈေးကွက်များ သို့ ပြန်လည်ဖြန့်ချိကြပါသည်။ ဈေးကွက်တွင် တွေ့ရသော အထုပ်ကလေးတစ်ထုပ်တွင် ပြုပြင် စီမံပြီး စားသုံးရန်အသင့်ပါ ငါးနီတူ (၄ - ၈)ကောင် ခန့် ပါဝင်သည်ကို တွေ့ရှိရပြီး တစ်ထုပ်လျှင် ကျပ် ၈၀၀ ခန့် ကျသင့်သည့်အတွက် ပြုပြင်စီမံပြီး ငါးနီတူတစ်ကောင်လျှင် ကျပ် ၁၅၀-၂၀၀ ခန့် ကျသင့်ကြောင်း သိရှိရပါသည်။ ထို့အပြင် အခြားနည်းလမ်းများဖြင့်လည်း ပြုပြင်စီမံကာ စားသုံးကြသည်များလည်း ရှိနိုင်ပါသည်။
ဤကဲ့သို့ ရာသီချိန်တွင် ပေါများစွာ ဖမ်းဆီးရမိသော ငါးနီတူကို သမားရိုးကျအခြောက်လှန်းကာ ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းများသည် ရှေးယခင်ကပင်ရှိနှင့်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ပြီး ဒေသခံများအတွက် အကျိုးတစ်စုံတစ်ရာ ရှိနေသည်ဆိုသော်ငြားလည်း ယခုအချိန်တွင် တစ်ဆင့်မြှင့်ကာ ပြုတ်ခြောက်ပြုလုပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်သို့ တက်လှမ်းလာပြီလည်းဖြစ်ပါသည်။
သို့ရာတွင် ၎င်းပြုတ်ခြောက်ကို စားသုံးသူလက်ထဲ အသင့်စားသုံးနိုင်သည်အထိ ဆက်လက်ပြုပြင် စီမံထုပ်ပိုးပြီး ဆောင်ရွက်သွားမည်ဆိုပါက ဖမ်းဆီးခြင်းမှသည် စားသုံးသူလက်ထဲရောက်သည်အထိ (Farm to Table) အဆင့်တိုင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာကာ ဝင်ငွေများ တိုးမြှင့်ရရှိခြင်းနှင့်အတူ ဒေသ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး(Socio-economic) အတွက် အရေးပါအရာရောက်သည့် အခန်းကဏ္ဍမှ ပါဝင်လာပြီးနိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်နေသော (One Region, One Product) “ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု” အဖြစ်ရပ်တည်နိုင်ရန် ရေထွက်ပစ္စည်းအခြေပြု MSME လုပ်ငန်းအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ကုန်ထုတ်လုပ်တင်ပို့နိုင် ကြမည်ဖြစ်သည့်အတွက် ဒေသ၏ထုတ်ကုန်၊ ပို့ကုန်လုပ်ငန်းများ အစဉ်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
တကယ်ဆိုပါလျှင် MSME လုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အားပင် ဖြစ်ပါ သည်။ ၎င်းတို့လုပ်ငန်းများ ပိုမိုကြီးထွားရှင်သန်လာစေရေးအတွက် အဆင်ပြေ၍ လုပ်သာကိုင်သာ ရှိသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာစေရန် လိုင်စင်မှတ်ပုံတင်ခြင်းနှင့် လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းသတ်မှတ်ချက်ဆိုင်ရာများကိုဖြေလျှော့၍ ရနိုင်သလောက်ဖြေလျှော့ပေးပြီး လုပ်ငန်းပိုမို ကြီးထွားလာစေရန် လိုက်လျောညီထွေစွာ ဆွဲဆောင်ခေါ်တင်သွားရလိမ့်မည်ဖြစ်ပါသည်။ တိမ်မြုပ်နေသည့် MSME လုပ်ငန်းများကို ရှာဖွေဖော်ထုတ် မှတ်ပုံတင်ပြီး လျှပ်စစ်ဓာတ်အား ကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်သွယ်ဆောင်ရွက်ပေးကာ နိုင်ငံတော်မှ အတိုးနှုန်းနည်းပါးစွာနဲ့ ထိုက်သင့်သော ချေးငွေရရှိရေးအတွက် အယုတ်အလတ်၊ နေရာဒေသမရွေး ကူညီဆောင်ရွက်ပေးသင့်ပါသည်။
MSME ဆိုင်ရာ လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအား အခါအားလျော်စွာ နည်းပညာသင်တန်းများ၊ (Value Added) တန်ဖိုးမြှင့်ထုတ်ကုန်ဆိုင်ရာ သင်တန်းများ၊ စွန့်ဦးတီထွင်မှုဆိုင်ရာ သင်တန်းများ၊ ဈေးကွက်ထိုးဖောက်၊ ဈေးကွက်ရှာဖွေမှုဆိုင်ရာ သင်တန်းများကို ပြည်တွင်းတွင်လည်း ကောင်း၊ အခါအခွင့်သင့်က ပြည်ပသို့လည်းကောင်းစေလွှတ်၍ လေ့လာသင်ကြားပေးသင့်ပြီး MSME ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်အပြင် ပြည်ပသို့ ထိုးဖောက်နိုင်သည်အထိ နိုင်ငံတော်မှ အတိုင်းအတာတစ်ခုအထိ ပံ့ပိုးကူညီဆောင်ရွက်ပေးသင့်ပါသည်။ MSME ကဲ့သို့ တက်သစ်စ လုပ်ငန်းရှင်များနှင့် အောင်မြင်ပြီးသား စီးပွားရေး လုပ်ငန်းရှင်ကြီးများအား အခါအားလျော်စွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများလည်း ကျင်းပပေးသင့်ပါသည်။
သံတွဲမြို့နယ် ငပလီဒေသအခြေပြု ရေထွက်ပစ္စည်းဆိုင်ရာ MSME လုပ်ငန်းများကို ရှာဖွေဖော်ထုတ်မှတ်ပုံတင်ကာ ပံ့ပိုးကူညီနိုင်သည်များကို လက်တွေ့ကျကျ ပံ့ပိုးကူညီပေးနိုင်မည်ဆိုပါက ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာကာ ထုတ်ကုန်များမြှင့်တင်ထုတ်လုပ် တင်ပို့ခြင်းဖြင့် ဒေသတွင်းနေ ပြည်သူလူထုများအတွက် လူမှုစီးပွားဘဝ(Socio-economic)များ မြင့်မားလာပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခြင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးကိုပါ တစ်စုံတစ်ရာအထောက်အကူပြုလာနိုင်မည်သာ ဖြစ်ပါကြောင်း ရေးသားပြုစုတင်ပြအပ်ပါသည်။ ။