Skip to main content

ဝါတစ်ခေတ်ဆန်းသစ်စေခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်စေမည်

ကေတာ

ဝါသီးနှံသည် အဝတ်အထည်ထုတ်လုပ်မှု အတွက်သာမက ပြည်တွင်းဆီဖူလုံရေးအတွက် စားသုံးဆီနှင့် စက်မှုလုပ်ငန်းသုံးဆီကို ဝါအစေ့မှထုတ်ယူနိုင်ပြီး ဝါစေ့ကြိတ်ဖတ်များကို အသား ထုတ်လုပ်မှုတိုးတက်ရေးအတွက် တိရစ္ဆာန်အစာအဖြစ်ပါအသုံးပြုနိုင်၍ စီးပွားရေးအရ အရေးပါသော သီးနှံတစ်ခု ဖြစ်သည်။

ဝါစိုက်ပျိုးဧက ငါးသိန်းခန့်ရှိ

မြန်မာနိုင်ငံ၌ ဝါစိုက်ပျိုးဧက ငါးသိန်းခန့်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ကာလကို ဝါသီးနှံစိုက်ပျိုးရေး စီမံကိန်းကာလအဖြစ် သတ်မှတ်ကာ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး တိုင်းဒေသကြီးတို့နှင့် ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေတို့တွင် ဝါစိုက်ပျိုးရေးဇုန်များ သတ်မှတ်အကောင်အထည်ဖော်လျက်ရှိသည်။

ဝါမှ အဝတ်အထည်အသုံးအဆောင်များ ထုတ်လုပ်ရန် လိုအပ်ချက်မှာ လူဦးရေ ၅၄ သန်းအတွက် ဝါပိဿာသန်းပေါင်း ၃၅၀ ကျော် လိုအပ်မည်ဖြစ်ရာ နိုင်ငံအတွင်း ဝတ်ရေးဖူလုံစေရေးအတွက် ဝါသီးနှံ စိုက်ဧက ခုနစ်သိန်း တိုးတက်စိုက်ပျိုးရမည်ဖြစ်သည်။

သို့မို့ကြောင့် ယခုနှစ် ဝါစိုက်ရာသီတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခု၌ ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု ဖော်ဆောင်ပြီး ဝါ ၆၁၂၇၁၂ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိသည်။

 စိုက်ပျိုးရေးဦးစီးဌာနသည် ဝါစိုက်ပျိုးမှုကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၇-၂၀၂၈ ခုနှစ်တွင် နိုင်ငံအတွင်းမှ ဝါသီးနှံဧက ခုနစ်သိန်းခွဲဝန်းကျင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တစ်ဧက အထွက်နှုန်း ပိဿာ ၇၀၀ ရရှိရေး ရည်မှန်းဆောင်ရွက်လျက်ရှိသည်။

“နိုင်ငံတော်ကအားပေးတဲ့ စက်မှုကုန်ကြမ်း သီးနှံဖြစ်တဲ့အတွက် အခွင့်အလမ်း အများကြီးရှိမယ်လို့ ထင်ပါတယ်။ လက်ရှိမှာ စက်မှုဝန်ကြီးဌာနအောက်က ဝါကြိတ်စက်ရုံတွေမှာ အသုံးပြုနိုင်ဖို့ ကုန်ကြမ်းပြည်တွင်းချည်မျှင်ရှည်ဝါတွေကို ဝယ်ယူမယ့် အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ပြီးတော့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဝါစိုက်နိုင်ဖို့နဲ့ အထွက်တိုးနိုင်ဖို့ လိုအပ်တာတွေ ကူညီပေးနေပါတယ်။ ပြည်ပဈေးကွက်အခွင့်အလမ်းပါ ပိုပွင့်သွားရင် အတိုင်းထက်အလွန်ပေါ့”ဟု ကျောက်ဆည်မြို့နယ်မှ ဝါစိုက်တောင်သူတစ်ဦးက ပြောသည်။

ပြည်တွင်းမှ ထွက်ရှိသော ဝါများကို ဝါကြိတ်စက်ရုံများတွင် ကြိတ်ခွဲခြင်း၊ ချည်မျှင်စက်ရုံများ၌ အဆင့်မီချည်ထုတ်လုပ်ခြင်း၊ အထည်အလိပ်စက်ရုံများ၌ ပိတ်များထုတ်လုပ်ခြင်း၊ အထည်ချုပ်စက်ရုံ များ၌ အဝတ်အထည်များ ထုတ်လုပ်ခြင်းတို့ဖြင့် ဝါလုပ်ငန်းကဏ္ဍ တိုးတက်ရေး ဆောင်ရွက်ကြရမည် ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း” လမ်းညွှန်ပြောကြားထားသည်။

ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံများတွင် စနစ်တကျ ဆောင်ရွက်

ထို့ပြင် ဝါစိုက်တောင်သူများအတွက် ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များ နှစ်စဉ်ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဝါမျိုးများ စုဆောင်းထိန်းသိမ်းခြင်းနှင့် ဝါမျိုးများ မွေးမြူရွေးချယ်ခြင်းလုပ်ငန်းများ၊ ဝါမျိုးကောင်းမျိုးသန့်များကို မျိုးသန့်အဆင့်အလိုက် မျိုးသန့်ပွားများ ခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန၏ ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံများတွင် စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

“နိုင်ငံတော် ရည်မှန်းချက်နဲ့ ဝါစိုက်တောင်သူ အကျိုးစီးပွားတစ်ထပ်တည်းကျဖို့ တောင်သူတွေ အတွက် ဝါစျေးကွက်တည်ငြိမ်ရေးက အဓိကပါပဲ။ ဂွမ်းစျေးကွက်‌တည်ငြိမ်ဖို့ လိုအပ်တဲ့အချိန်အခါ မျိုးမှာ နိုင်ငံတော်အနေနဲ့ အရန်ဝါဂွမ်းတွေ ဝယ်ယူပေးစေချင်ပါတယ်။ ဝါစေ့ဆီကြိတ်လုပ်ငန်းတွေကိုလည်း ဥပေက္ခာပြုထားလို့မရပါဘူး။ တောင်သူ့စီးပွားကနေ နိုင်ငံ့စီးပွားတိုးတက်မှုရဖို့ ရည်မှန်းထားတာဖြစ်တဲ့အတွက် အားလုံးပါဝင်ရမယ်။ ပြီးတော့ ဝါစိုက်ပျိုးထုတ်လုပ်မှုကနေ ပြည်ပပို့ကုန် ကုန်ချောတင်ပို့နိုင်ဖို့ ကြိုးစားသွားရမှာပါ” ဟု ဝါလုပ်ငန်းရှင်များအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဦးက ပြောသည်။

ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်ရာတွင် ဝါကြိတ်စက်များ၊ ချည်မျှင်နှင့် အထည်စက် များ ဖွံ့ဖြိုးမှု၊ အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးမှုတို့နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ရာ အဆိုပါလုပ်ငန်းများ ဒေသအလိုက် ထူထောင်နိုင်ရေးနှင့် ရေရှည်ရှင်သန်နိုင်ရေး၊ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအတွက် နိုင်ငံတော်၏ပံ့ပိုးကူညီပေးရန် ဝါစိုက်တောင်သူများနှင့် ဝါကြိတ်စက်လုပ်ငန်းရှင်များက လိုလားလျက်ရှိသည်။

နိုင်ငံပိုင်ဝါကြိတ်စက်ရုံ ၁၃ ရုံ တည်ရှိ

နိုင်ငံအတွင်း နိုင်ငံပိုင်ဝါကြိတ်စက်ရုံ ၁၃ ရုံတည်ရှိပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင်ဝါကြိတ် စက်ရုံ ၁၉၀ ရှိသည်။ ပုဂ္ဂလိကပိုင် ဝါကြိတ်စက်ရုံ များသည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၄ ရုံ၊ ပဲခူးတိုင်းဒေသကြီးတွင် လေးရုံ၊ မကွေးတိုင်းဒေသကြီးတွင် ၅၄ ရုံ၊ မန္တလေးတိုင်းဒေသကြီးတွင် ၉၆ ရုံ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် နှစ်ရုံတည်ရှိသည်။

ယခင်က ဝါကြိတ်စက်ကို ဝါစေ့နှင့်အမျှင်များကို ခွဲထုတ်ရန် အသုံးပြုခဲ့ကြသော်လည်း ယခုအခါ ခူးဆွတ်ထားသောဝါများကို ရောင်းအားကောင်းသည့် ထုတ်ကုန်အဖြစ် ပြောင်းလဲရန် အသုံးပြုလာ ကြသည်။

ဝါကြိတ်စက်သည် ငွေသားတန်ဖိုးရသည့် အမျှင်နှင့် ဝါစေ့ထုတ်ကုန်နှစ်ခုကို ထုတ်လုပ်သည်။ ဝါကြိတ်စက်များ၏ ဒီဇိုင်းနှင့် လည်ပတ်ထုတ်လုပ်မှုသည် အမျှင်ထုတ်လုပ်မှုကောင်းမွန်ရေးကို ဦးစားပေးသည်။ ဝါစေ့များကိုမူ ဝါစေ့ဆီစက်များသို့ ရောင်းချခြင်း သို့မဟုတ် စိုက်ပျိုးရန်အတွက် သိမ်းဆည်းခြင်းတို့ ဆောင်ရွက်လာကြသည်။

သို့သော် ဝါစိုက်ပျိုးမှုများသည့် ဒေသများတွင် ဝါသီးနှံမှထွက်ရှိသည့် ဝါဂွမ်းကို တစ်နိုင်တစ်ပိုင် ရိုးရာလက်ရက်ကန်းဖြင့် ဖျင်လုံချည်၊ ဖျင်စောင်၊ ဖျင်တဘက်၊ ဖျင်လက်သုတ်ပဝါများအဖြစ် ဒေသတွင်း ဝတ်ဆင်သုံးစွဲရန်အတွက် အနည်းငယ် လုပ်ကိုင်ဆောင်ရွက်သည့် အခြေအနေတွင်သာ ရှိနေသည်။ ထို့အတူ ဝါသီးနှံတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ဆီနှင့် ဆီကြိတ်ဖတ်များ ထုတ်လုပ်မှုရှိသော်လည်း ဖွံ့ဖြိုးမှုရရှိရန် လိုအပ်နေသေးသည်။

“ဝါအကြောင်းပြောရင် ဝါကြိတ်လုပ်ငန်းဆိုတာ လည်း မေ့ထားလို့မရပါဘူး။ ဝါကနေ ကုန်ချောအဖြစ် ထုတ်လုပ်ဖို့ အခြေခံဖြစ်တဲ့ ဝါကြိတ်လုပ်ငန်းကိုလည်း မြှင့်တင်ရမှာဖြစ်ပါတယ်။ ကုန်ကြမ်းချည်း ရောင်းနေတာထက် ကုန်ချောက နိုင်ငံအတွက်၊ ဒေသအတွက် ပိုကိုက်လို့ ရေရှည်လမ်းကြောင်းကို ကြည့်ရမှာပါ။ နိုင်ငံတော်က ဝါစိုက်ပျိုးဖို့ အားပေးတာကလည်း စိုက်တဲ့တောင်သူ အပါအဝင် ဝါလုပ်ငန်းစဉ်က လုပ်ငန်းရှင်တွေ အကျိုးအမြတ် အတွက်ပါပဲ။ ဒါကြောင့် ရေတိုနဲ့ ရေရှည် နှစ်ခုလုံး ကိုကြည့်ဖို့ လိုပါတယ်” ဟု ဝါကြိတ် လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

ကွင်းဆက်လုပ်ငန်းတစ်လျှောက်လုံး အောင်မြင်ရေး ကြိုးပမ်း

ထို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပန်းတိုင်ဝါစိုက်ဧကရောက်ရှိရေး၊ ပြည်တွင်းချည်သုံးစွဲမှု ဖူလုံရေး၊ ပိုလျှံဝါဂွမ်းများမှ ပို့ကုန်ဝင်ငွေရရှိရေး၊ ဝါစေ့ဆီသန့်များဖြင့် ပြည်ပစားအုန်းဆီတင်သွင်းမှု အစားထိုးလျှော့ချရေး စသည့်ကွင်းဆက်လုပ်ငန်း တစ်လျှောက်လုံးအောင်မြင်ရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။

စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် ချည်ထည်အဆင့်မီ ထုတ်လုပ်နိုင်မှု လုပ်ငန်းကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးမှုရရှိလာပါက ဒေသတွင်းပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာလည်း ပေါ်ပေါက်လာမည်ဖြစ်သည်။

ထို့ကြောင့် ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးပူးပေါင်းပါဝင်ကာ ဝါတစ်ခေတ် ဆန်းသစ်စေခြင်းဖြင့် ဒေသစီးပွား၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

war 1