Skip to main content

ကလေးများကျောင်းတက်တာဟာ အနာဂတ်နိုင်ငံတော် ထွန်းတောက်စေဖို့ပါ

ဒေါက်တာ မောင်သင်း

“နိုင်ငံတိုင်း၏ ဖွံ့ဖြိုးမှုအခြေခံအုတ်မြစ်သည် ယနေ့ လူငယ်များ၏ ပညာရေးမြင့်မားမှုပင် ဖြစ်သည်”

ဒိုင်အိုဂျင်းနစ်(Diogenes)

ဂရိတွေးခေါ်ရှင်

ဘာကြောင့် ကျောင်းတွေရှိနေရတာလဲ

မြန်မာတို့၏ “ကျောင်း” ဆိုသည့် အဓိပ္ပာယ်က ထိန်းကျောင်းကလာသည်ဟု ဆိုပါသည်။ ကလေးများကို ယနေ့မှစ၍ ဘဝအဆုံးသတ်သည့်အချိန်ထိ ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာ ထိန်းကျောင်းတတ်အောင် လေ့ကျင့်ပေးသည့်နေရာပါ၊ အများမြင်သလို “စာချည်း သက်သက်သင်” ပေးသည့်နေရာမဟုတ်ပါ။ စာကိုအခြေပြု၍ လူ့စွမ်းရည် အစွမ်းကုန်ဖွံ့ဖြိုးအောင် လေ့ကျင့်သည့်နေရာပါ။

လူသားတိုင်း မွေးကတည်းက ထက်မြက်ပြီးတန်ဖိုးမဖြတ်နိုင်သည့် စွမ်းရည်ပါလာပါသည်။ အဆိုပါတန်ဖိုးမြင့် စွမ်းရည်ကို ကလေး၏ အသက်အရွယ်နှင့်အညီ ထက်လာ၊ မြက်လာ၊ တန်ဖိုးတက် လာအောင် လေ့ကျင့်ပေးရပါသည်။ ထိုကဲ့သို့ လူသား၏မွေးရာပါဗီဇကို ထက်သည်ထက်ထက်လာ၊ မြက်သည်ထက် ပိုမြက်လာအောင် စနစ်ကျနစွာ ဆောင်ရွက်သည့်လုပ်ငန်းကို ကမ္ဘာတစ်လွှားမှာ ပညာရေးဟု သုံးနှုန်းကြပါသည်။

ပညာရေးကို ရှေ့တန်းမှအကောင်အထည်ဖော်သည့် နေရာသည် “ကျောင်း” များပင် ဖြစ်ပါသည်။ ကျောင်းဖြင့် ပညာရေးကို အကောင်အထည်ဖော်ခြင်းဖြစ်၍ “ကျောင်းသင်ပညာရေး” ဟုလည်း သုံးနှုန်းကြသည်။ ကျောင်းသင်ပညာရေးက သင့်သားသင့်သမီးကို လူကောင်း၊ လူတော်ဖြစ်အောင်၊ ထက်မြက်သူဖြစ်အောင်၊ အောင်မြင်သည့် ခေါင်းဆောင်ဖြစ်လာအောင် လေ့ကျင့်ပေးမှာ သေချာသည်။

ဤသည်ကို ကဗျာစာဆိုဆရာကြီးတင်မိုးက-

လူဖြစ်ပါလျက်

စာမတတ်သူ၊ မောင်မင်းမူက

လူမပီသ၊ ဂုဏ်နိမ့်ကျ၏။

လူလိုသိ၍၊ လူ၏ဂုဏ်ရောင်

ထွန်းလင်းပြောင်ဖို့

အမှောင်ကိုခွာ၊

ကျောင်းတော်သာတွင်

ပညာသင်ကြ၊ စာဖတ်ကြ။ ။

ဟူ၍ သူ၏ “တို့စာ” ကဗျာတွင် ထည့်သွင်းစပ်ဆိုခဲ့ပါသည်။ ဆရာကြီး၏ ကဗျာကို ထောက်ခံလျက် ဒဿနအမြင်ဖြင့် ဆွေးနွေးတင်ပြပါရစေ။ လူနှင့်တိရစ္ဆာန်တို့၏ အဓိကခြားနားချက်မှာ တိရစ္ဆာန်တွင်

(၁) သားသမီး(သို့) နောက်မျိုးဆက်ကို စုပေါင်း လေ့ကျင့်သင်ကြားပေးသည့် အလေ့အထမရှိပါ။ လူသားကဲ့သို့ ကျောင်းမရှိပါ။ မိဘက သူ့ဘဝတစ်သက်စာ အတွေ့အကြုံလောက်ကိုသာ သူ့သားသမီးကို သင်ပေးနိုင်သည်။ ဥပမာ - အစာရှာခြင်း၊ အန္တရာယ်ကို ရှောင်ကွင်းခြင်းနှင့် သားသမီးကို ပြုစုခြင်း၊ ကာကွယ်ခြင်းတို့ ဖြစ်ပါသည်။ ထိုထက်မပိုပေ။

(၂) စာပေမရှိ၍ စာမဖတ်တတ်သဖြင့် တိရစ္ဆာန်မျိုးဆက်တို့သည် ရှေးဘိုးဘေးဘီဘင်တို့၏ နောက်မျိုးဆက်အတွက် ဆောင်ရန်ရှောင်ရန်၊ လုပ်သင့်၊ လုပ်ထိုက်တာတို့ကို မှတ်တမ်းထားနိုင်ခြင်း လည်းမရှိ၊ မှတ်တမ်းကိုဖတ်နိုင်သူ စာတတ်သူလည်းမရှိပေ၊ သို့အတွက် တိရစ္ဆာန်လောက မတိုးတက်ခဲ့ပေ။

သို့ဖြစ်၍ တိရစ္ဆာန်တွင် စာပေလည်း မရှိသလို စာဖတ်တတ်သူလည်းမရှိပါ။ ဆရာကြီး၏ “လူဖြစ် ပါလျက်၊ စာမတတ်သူ၊ မောင်မင်းမူက၊ လူမပီသ၊ ဂုဏ်နိမ့်ကျ၏” ဆိုခြင်းမှာ စာမဖတ်တတ်ပါက တိရစ္ဆာန်ဘဝနှင့် မခြားသည့် လူသားသာ ဖြစ်ပေလိမ့်မည်ဟု ဆိုဟန်တူပေသည်။ ထို့အတူ လူဖြစ်ပြီး ကျောင်းမသွားခဲ့လျှင် မိဘ၏ အသိ၊ အပြုအမူ၊ အလေ့အကျင့်လောက်သာ သင်ယူနိုင်မှာပါ။ မိဘ၏ တစ်ဘဝစာ အတွေ့အကြုံလောက် သိတာ၊ တတ်တာ ကျွမ်းကျင်ရုံမျှဖြင့် လူသားဟု မခေါ်ဆိုနိုင်ပေ။ ဤသည်မှာ တိရစ္ဆာန်တို့၏ ဓလေ့စရိုက် အမူအကျင့်မျှလောက်သာဖြစ်ပေသည်။

ဆရာကြီးက “လူလိုသိ၍၊ လူ၏ ဂုဏ်ရောင်၊ ထွန်းလင်းပြောင်ဖို့၊ အမှောင်ကိုခွာ၊ ကျောင်းတော် သာတွင်၊ ပညာသင်ကြ၊ စာဖတ်ကြ” ဟု ရေးဖွဲ့ခဲ့ခြင်းသည် တိရစ္ဆာန်အဆင့်ထက် အဆင့်မြင့်သည့် လူသားအဆင့်၊ လူအသိရှိကြသော ဘဝရပ်တည်နိုင်စေရန်အတွက် တိရစ္ဆာန်လောကမှာမရှိဘဲ လူ့အဖွဲ့အစည်းမှာသာ ဘိုးဘွားဘီဘင်ရှေးမျိုးဆက်တို့၏ အတွေ့အကြုံကို လက်ဆင့်ကမ်း သင်ကြား ပေးသော “ကျောင်း” ဆိုသည့် အရပ်ကိုသွားကြပါဟု တိုက်တွန်းထား၏။ စာသင်ကြ၊ စာဖတ်နိုင်ကြမှသာ လူသည်လူသားပီသ၏။ တိရစ္ဆာန်ထက်သာ၏။ အဆင့်မြင့်၏။ ကျောင်းမတက်ရန် စံလွဲအမှောင့် ပေတံအမျိုးမျိုးကြောင့် ဖြစ်ပေါ်နေသော အမှောင်ကိုခွင်း၍ အလင်းသို့ရောက်စေရန်၊ ကျောင်းသို့သွားကြပါဟု တိုက်တွန်းထားသည့် ကဗျာဖြစ်ပါ၍ ကျောင်းသို့သွားဖြစ်အောင် သွားကြနိုင်ရန် ရည်ရွယ်၍ အဆိုကဗျာလေးကို ညွှန်းလိုက်ရပါသည်။

သင့်သားသမီးရဲ့ အနာဂတ်ကောင်းအတွက် အသင့်ပြင်ဆင်ပေးသည့် နေရာ

အမှန်တကယ်တွင် ပညာရေးသည် လူပြင်သော အလုပ်ဖြစ်ပါသည်။ “လူပြင်” သည် ဆိုရာဝယ် ပျက်နေသည့်အရာကို ပြင်ဆင်ခြင်းမဟုတ်ပါ။ အသင့်အနေအထားဖြစ်စေရန် “ကြိုတင်ပြင်ဆင် ထားခြင်း” ပါ။ စွမ်းရည်ပြည့်ပြည့်ဖြင့် အသင့်အနေအထားဖြစ်အောင် ပြင်ဆင်ထားခြင်းကြောင့် “လူပြင်သည့်နေရာမှာ ကျောင်းပါ” တဲ့။ သင့်သားသမီးအနာဂတ်မှာ ကောင်းသလောက်တော်သည့် သားကောင်း သမီးမွန်အဖြစ် ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်သော ထူးချွန်လူသားဖြစ်အောင် လေ့ကျင့်ပေးတာပါ။ တစ်ယောက်တည်းမဟုတ်ပါ။ လေ့ကျင့်ပေးတာကလည်း စုဝေးအကောင်အထည်ဖော်တာမို့ သင့်သားသမီး လူတွေနှင့် ပေါင်းတတ်၊ သင်းတတ် နေထိုင်တတ်လာမည်။ လူဖြစ်လာလျှင် လူတို့ပထမဆုံးတတ်ရမည့် အရည်အချင်းက “မိတ္တဗလ” ဖြစ်ပါသည်။

“လူများနှင့် ပေါင်းသင်းဆက်ဆံတတ်ခြင်း” ပါပဲ။ တစ်သက်လုံး သင့်သားသင့်သမီး လူများနှင့် မပေါင်းဘဲ တစ်ယောက်တည်း နေသွားနိုင်မည်မဟုတ်ပါ၊ မိသားစုနှင့် အိမ်နီးနားချင်းလောက်သာ ပေါင်းတတ်ရုံဖြင့်လည်း မလုံလောက်သေးပါ။ သူ့ဘဝမှာ လူပေါင်းသိန်းသန်းချီသည့် လူစိမ်းသူစိမ်းများနှင့် ကြုံရဆုံရပါလိမ့်မည်။ ထိုသူများနှင့် သဟဇာတဖြစ်အောင် နေထိုင်ဆက်ဆံ ပြောဆိုနိုင်ရပါမည်။ ထိုသို့ လူမှုဆက်ဆံရေးချောမွေ့ရန် ကျောင်းတွေက လေ့ကျင့်ပေးတာပါ။

ပြီးတော့ မိဘများ။ သင်သည် နောင်အနှစ် ၂၀ မှာ ဖြစ်ပေါ်လာမည့် လူ့အဖွဲ့အစည်းက ဘယ်လိုပုံစံ ဆိုတာ မှန်းဆကြည့်ပါ။ ကျောင်းက သင့်သား သင့်သမီး အနည်းဆုံး နောင်လာမည့် နှစ် ၂၀ တွင် ကြုံရဆုံရမည့် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များအတွက် အသင့်အနေအထားဖြစ်အောင် ကြိုတင်ပြင်ဆင်ပေးနေခြင်းပါ။ “ကျောင်း”နှင့် “စာသင်ခန်း” သည် နောင်အနာဂတ်မှာ ပေါ်ထွန်းလာမည့် “အစောဆုံး လူ့အဖွဲ့အစည်း” တစ်နည်းအားဖြင့် “အနာဂတ် လူ့အဖွဲ့အစည်းရဲ့ အစပြုပျိုးခင်း” ပင် ဖြစ်ပါသည်။ သင်သည် နောင်နှစ်ပေါင်း ၂၀ မှာ ဖြစ်လာမည့် လူ့အဖွဲ့အစည်း၏ အနေအထားကို သိချင်မြင်ချင်လျှင် ယနေ့ပညာရေးကို အကောင်အထည်ဖော်နေသည့် ကျောင်းနှင့် စာသင်ခန်းကို သွားကြည့်ပါ။

သင့်သား၊ သင့်သမီး နောင်နှစ် (၂၀) အကြာတွင် မည်သည့်လူမှုအဖွဲ့အစည်းမှာနေမည်။ ဘယ်လောက်တော်၍ ကောင်းနေမည်ဆိုတာကို သိလာပါလိမ့်မည်။ အင်္ဂလန်ဝန်ကြီးချုပ် ဘင်ဂျမင် ဒစ္စရေးလီက လွန်ခဲ့သည့် နှစ် ၁၅၀ ကျော်ကပင် “ကလေးများ၏ ယနေ့ပညာရေးအခြေအနေကို သိလျှင် ထိုနိုင်ငံ၏ အနာဂတ် ကောင်း မကောင်း ကျွန်တော်ဟောကိန်းထုတ်နိုင်ပါမည်” ဟု ရဲဝံ့စွာ ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ နောင်အနှစ် ၂၀ ကျော် အကြာတွင် ပေါ်ထွန်းလာမည့် လူ့အဖွဲ့အစည်းတွင် သင့်သား သင့်သမီး တော်သလောက် ကောင်းသူ ဖြစ်လာစေရန် ယနေ့ကျောင်းအပ်ရာသီတွင် စာသင်ကျောင်းသို့ပို့ပြီး လေ့ကျင့်ခံကြပါဟု တိုက်တွန်းပါရစေ။

ကျောင်းများ၏ အာမခံချက်ကတော့ သင့်အိမ်မှာထက် သင့်ကလေး၊ ပိုတော်၊ ပိုတတ်၊ ပိုလိမ္မာပြီး ကိုယ်ကျင့်တရား ပိုကောင်းစေရမည်၊ လူမှုဆက်ဆံရေး ပိုမိုချောမွေ့လာစေရမည်ဆိုတာပါပဲ။ နိုင်ငံသား ကလေးတစ်ဦးချင်း၏ “ဖွံ့ဖြိုးရေး အနာဂတ်အစ ပညာသင်ကျောင်းတွေက” ဖြစ်ပါသည်။ နိုင်ငံတော်၏ အနာဂတ်သည် ယနေ့ကလေးများ တော်သလောက် ကောင်းသည့်အပေါ်တွင် တည်မှီနေခြင်းကြောင့် လူကောင်းလူတော်ဖြစ်အောင် လေ့ကျင့်ပေးသည့် ကျောင်းသို့သွားဖြစ်အောင် သွားကြပါ။ မိဘများကလည်း ပို့ဖြစ်အောင် ပို့ပေးကြပါ။

လူ့တန်ဖိုးတွေ တက်အောင် လေ့ကျင့်ပေးတဲ့နေရာဟာ ကျောင်းပါ

ပညာရေး အကောင်အထည်ဖော်မှုဆိုတာ နိုင်ငံတိုင်းမှာရှိပါသည်။ ပညာရေးမရှိသည့် လူ့အဖွဲ့အစည်း ယနေ့တိုင် မရှိသေးပါ။ ပညာရေးကောင်းမွန်အောင်သာ ကြိုးပမ်းနေကြသည်။ ဖျက်ဆီးမှုမရှိကြပါ။ ပညာရေးကိုရှေ့တန်းက အကောင်အထည်ဖော်နေသည့်နေရာများက ကျောင်းတွေပါဟု ထပ်ပြောပါရစေ။ ကျောင်းဟာ လူအစည်ကားဆုံးရှိနေရမည့် မင်္ဂလာရပ်ဝန်းပါ၊ မသွားအပ်သည့် အမင်္ဂလာနေရာ မဟုတ်ပါဆိုတာ အမြင်ရှင်းရှင်းဖြင့် ကြည့်တတ်ရန် လိုပါသည်။ ကျောင်းများက သင့်သားသင့်သမီးကို အရည်အသွေးမြင့်လာအောင် တန်ဖိုးမြင့် လူသားတစ်ယောက်အဖြစ် ပေါ်ထွန်းလာအောင် လေ့ကျင့်ပေးနေတာပါ။ လူ့တန်ဖိုး၊ ကောင်းမြတ်သည့် လူ့စွမ်းရည်ဆိုသည်မှာ

(က) ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးမှု၊

(ခ) အခြေခံကျန်းမာရေးအသိရှိမှု၊

(ဂ) လူမှုဆက်ဆံရေးကောင်းမွန်မှု၊ စိတ်ခံစားမှုကို ထိန်းသိမ်းစွမ်းရည်မြင့်မားမှု၊

(ဃ) ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် ယင်းကိုလေးစားတန်ဖိုးထားမှု၊

(င) တစ်ဖက်သားကို စာနာတတ်မှု၊

(စ) လိမ္မာယဉ်ကျေးစွာ ပြုမူပြောဆိုမှုနှင့် စိတ်ထားနူးညံ့မှု၊

(ဆ) အနုပညာခံစားလိုစိတ်ဖွံ့ဖြိုးမှု ၊

(ဇ) ကျိုးကြောင်းညီညွှတ်စွာ အခက်အခဲကို ချဉ်းကပ်ကျော်လွှားနိုင်မှု၊

(ဈ) လူ့အဖွဲ့အစည်းရဲ့စည်းကမ်းနှင့် ဥပဒေများကို တန်ဖိုးထားလေးစားလိုက်နာမှု၊

(ည) မတူကွဲပြားမှုများကို နားလည်လက်ခံပူးပေါင်းဆောင်ရွက်နိုင်ခြင်း . . . တို့ ဖြစ်ပါသည်။

အထက်ပါ အရည်အသွေးများသည် ကျောင်းသွားသည့် သင့်သား၊ သင့်သမီးတွင် မဖြစ်မနေ ပေါ်ထွန်းလာမည့် အရည်အသွေးများပါ။ ပန်းတနော်မြို့မှာ ဦးသန့်အမျိုးသားကျောင်းအုပ်ကြီး လုပ်ခဲ့စဉ်က “ကျုပ်ကျောင်းက ထွက်သွားတဲ့သူ တစ်ယောက်မှ လူဆိုး၊ သူခိုး မဖြစ်စေရဘူး၊ ကျုပ်အာမခံတယ်” တဲ့၊ ဦးသန့်၏ အာမခံချက်ကို ယနေ့မြန်မာ့ပညာသင် ကျောင်းများကလည်း ဆက်လက်အာမခံဆဲပါ။ အဆိုပါအာမခံချက်နှင့်အတူ မြန်မာတို့၏ ဗလငါးတန်စုံလင်အောင် ဖော်ဆောင်ပေးသည့် နေရာသည်ကျောင်းပါပဲ။ ကျောင်းမရောက်လျှင် ဗလငါးတန်နှင့် အလှမ်းဝေးနေဦးမှာပါ။ ဗလငါးတန် ကင်းလျှင် လူဗာလတို့ရွာသို့ ရောက်သွားတတ်ကြသည်မို့ လူမွေးလူတောင်မပြောင်သည့်အရပ်သို့ မသွားဖြစ်အောင်ဟန့်တားသည့် နေရာဖြစ်သော ကျောင်းသို့ပို့ကြပါ။

သင့်သား သင့်သမီး ပြည့်ဝဒီမိုကရေစီ စိတ်ထားပိုင်ရှင်ဖြစ်စေလိုရင် ကျောင်းကိုပို့ပါ

ဒီမိုကရေစီသည် ကိုယ်တိုင်ကျင့်မှ သူများရော ကိုယ်ပါရသည့် အလုပ်ဖြစ်ပါသည်၊ ကိုယ်မကျင့်ဘဲ မလိုချင်ပါနှင့်၊ ဤသည်ကို ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် (ငြိမ်း) ဦးသန့်က “ဒီမိုကရေစီ အောင်မြင်ရန် ပြည်သူ ပြည်သားတို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက်အောင်ရှိရမည်၊ အသိဉာဏ်ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်” ဟု ဆိုထားပါသည်။ ကျောင်းများတွင် “ကျောင်းကောင်စီ” ကို ဖွဲ့စည်းထားပါသည်။ အိမ်မှာမရှိပါ။ ကျောင်းကောင်စီ၏ ကတိဆောင်ပုဒ်မှာ

“မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်”

“မိမိအတန်းကိုကောင်းအောင်ကြိုးစားမည်”

“မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်”

“မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစား မည်” ဟူ၍ ဖြစ်ပါသည်။

ကျောင်းကောင်စီ ဖွဲ့စည်းရခြင်းမှာ “ကျောင်းသားတစ်ဦးချင်း လူကောင်းလူတော်ဖြစ်အောင် လေ့ကျင့်ပေးခြင်းပါ၊ သူကိုယ်တိုင်ကလည်း မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်ဟု ခံယူချက်ရှိလာရမည်၊ မိမိတစ်ကိုယ်ရေ ကောင်းရုံတင် မဟုတ်သေးပါ။ မိမိ၏ ပတ်ဝန်းကျင်ဖြစ်သည့် အတန်းထဲမှ သူငယ်ချင်းများ၏ ကောင်းကျိုးသယ်ပိုးရန်လည်း တာဝန်ရှိပါသည်ဟူသည့် တာဝန်သိစိတ်ပါ ပိုင်ဆိုင်သွားစေပါသည်။ ထိုမှတစ်ဆင့် မိမိ၏ကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နောက်ဆုံးတွင် မိမိတိုင်းပြည်ကိုကောင်းအောင် ကြိုးစားမည်ဟူသည့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် တာဝန်ကျေလိုစိတ်ကိုပါ အထုံပါရမီအဖြစ် ခံယူသွားသည်အထိ လေ့ကျင့်ပေးနေပါသည်။

အတန်းကောင်းစားရေးအတွက် ရွယ်တူသူငယ်ချင်းများဖြင့်၊ ကျောင်းတိုးတက်ရေးအတွက် အတန်းခွဲများ မိမိအောက်ဆင့်အတန်းငယ်များမှ ညီငယ်ညီမငယ်များ၊ မိမိအထက်ဆင့်မှ အစ်မ၊ အစ်ကိုများနှင့် စုပေါင်းညီညွတ်စွာ ကျောင်းဖွံ့ဖြိုးဖို့ ကျောင်းကောင်းဖြစ်ဖို့ဟူသည့် ဘုံရည်မှန်းချက်ကို စုပေါင်းအကောင်အထည်ဖော်တတ်သည့် အရည်အသွေးများ ဖြစ်ထွန်းလာအောင် လေ့ကျင့်ပေး တာပါ၊ မိမိနှင့် မိမိပတ်ဝန်းကျင် ကောင်းကျိုးသယ်ပိုးလိုသည့် တာဝန်သိစိတ်နှင့် ဘုံရည်မှန်းချက်ကို ညီညွတ်စွာ အကောင်အထည်ဖော်တတ်ခြင်းသည် နိုင်ငံသားတစ်ဦးပိုင်ဆိုင်ရမည့် “ဒီမိုကရေစီ စိတ်ထား” ပင် ဖြစ်ပါသည်။ သင့်အိမ်မှာ မရနိုင်သည့် “မိသားစုလွန်နိုင်ငံသား အရည်အသွေးများ” ဖြစ်ပါသည်။

ထို့ပြင် အိမ်မှာက ဘဝနောက်ခံ၊ ကိုးကွယ်ရာ အတူတူဆိုတော့ မတူကွဲပြားမှု၏ တန်ဖိုးကို မသိနိုင်၊ နားမလည်နိုင်ပါ၊ ကျောင်းမှအတန်းဖော်များတွင် ဓနဥစ္စာ၊ ဆင်းရဲချမ်းသာကွာဟမှု၊ ရာထူးဂုဏ် သိမ်အနိမ့်အမြင့် မျိုးစုံ၏၊ ကွဲပြားခြားနားနိမ့်ကျသည့် ဘဝများကို စာနာတတ်လာမည်။ စာသင်ခန်းတွင် ဆူကြုံနိမ့်မြင့်မရှိ၊ အဆင့်အတန်း ခွဲခြားမှုကင်း၏။ တန်းတူကြိုးစားခွင့် အောင်မြင်ခွင့်ရှိ၏။ ကျောင်းသို့ရောက်မလာသည့် ကလေးများအဖို့ အဆိုပါ ဒီမိုကရေစီအခွင့်အရေးရမှုနှင့် မတူကွဲပြားမှုကို နားလည်ရန် အခွင့်အလမ်း အလွန်နည်း၏။ အကယ်၍ ကျောင်းသို့ ကျွန်တော်တို့ သားသမီးကို မလွှတ်မိလျှင် ကျွန်တော်တို့မိဘများအနေဖြင့် မိမိတို့သားသမီးကို ဒီမိုကရေစီစိတ်ထားနှင့် အရသာခံစားခွင့်ကို ပိတ်ပင်သူ၊ ဆန့်ကျင်သူဘဝ ရောက်သွားပါလိမ်မည်။

တကယ်တော့ ယနေ့ကလေးများကို ဘဝနောက်ခံ မတူညီသူအချင်းချင်း ပျော်ရွှင်ငြိမ်းချမ်းစွာ ပညာသင်တတ်ရန်၊ နားလည်စာနာမှုအပြည့်ဖြင့် နေထိုင်တတ်ရန်၊ အတန်းအကျိုး၊ ကျောင်းအကျိုး စုပေါင်းသယ်ပိုးတတ်ရန်နှင့် နောက်ဆုံးတွင် ဒီမိုကရေစီအနှစ်သာရပြည့်ဝသည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်သည့် မြန်မာ့တိုင်းရင်း နိုင်ငံသား အမွန်အမြတ်များ” ဖြစ်ထွန်းလာစေရန် လေ့ကျင့်ပျိုးထောင်ပေးရမည့်တာဝန်က မိဘများနှင့် နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါသည်။

ကမ္ဘာတစ်လွှားမှာကဲ့သို့ “ဒီမိုကရေစီကျင့်စဉ် အစ၊ စာသင်ကျောင်းက” ဟူသည့် အမြင်ဖြင့် ဒီမိုကရေစီမြတ်နိုးသူ မိဘများအနေဖြင့် ဒီမိုကရေစီ လေ့ကျင့်ရေးကွင်းဖြစ်သည့် ကျောင်းသို့ ပို့ဖြစ်အောင် ပို့ပေးကြပါ။ ကျောင်းက သင့်သား၊ သင့်သမီးကို ပြည့်ဝမှန်ကန်သည့် အဆိုပါ “ပြည့်ဝဒီမိုကရေစီ စိတ်ထားပိုင်ရှင်” ဖြစ်အောင် လေ့ကျင့်ပေးနေတာမို့၊ အနာဂတ်မှာ ဦးသန့် ရည်ညွှန်းသည့် “အသိဉာဏ် ပညာနှင့် ဆင်ခြင်တုံတရားလုံလောက်စွာရှိသည့် နိုင်ငံသားများ” ကြွယ်ဝသည့် ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာပါလိမ့်မည်။

ဤကဲ့သို့ ပြည့်ဝနိုင်ငံသား ကြွယ်ဝမှုကို မြင်စေလိုလျှင် “သင့်သား၊ သင့်သမီးကို ကျောင်းပို့ပါ” ဟု ဆိုပါရစေ။ ဤသို့တိုက်တွန်းရခြင်းမှာ ကျွန်တော်တို့သားသမီး ကျောင်းမရောက်ခဲ့လျှင် “အသိဉာဏ် ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ် သုတ်ခသာ ဖြစ်စေလိမ့်မည်” ဟူသည့် ဦးသန့်၏ ဟောကိန်းက အဖြစ်မျိုး မကြုံတွေ့စေရန်အတွက် ဖြစ်ပါသည်။

ကျောင်းနေအရွယ်ကလေးတွေ ကျောင်းမရောက်ခဲ့ရင်

(၂၁) ရာစုမှာ ပညာရှင်များက ကမ္ဘာတစ်လွှားမှာ ကျောင်းတွေဖွင့်ပြီး သင်ကြား၊ သင်ယူမှုကို ဆောင်ရွက်ရခြင်းရဲ့ ရည်မှန်းချက်များက -

(က) သိမြင်တတ်ဖို့ သင်ယူခြင်း၊

(ခ) လုပ်တတ်၊ ကိုင်တတ်၊ ဖြေရှင်းတတ်ဖို့ သင်ယူခြင်း၊

(ဂ) ဖွံ့ဖြိုးတိုးတက်ဖို့ သင်ယူခြင်း၊

(ဃ) အများနှင့်အတူ ငြိမ်းချမ်းစွာနေတတ်ဖို့ သင်ယူခြင်းတို့ဖြစ်ပါသည်။ ဤသည်မှာ နိုင်ငံဖွံ့ဖြိုးရေးကို ဖော်ဆောင်ကြမည့် နိုင်ငံသားတစ်ယောက်မှာ မဖြစ်မနေ ပိုင်ဆိုင်ရမည့် စွမ်းရည်များပါ။ နိုင်ငံတော်က နိုင်ငံသား တစ်ဦးချင်းစီအတွက် မျှော်မှန်းထားသည့် အရည်အသွေးများပါ။ ပြည့်ဝနိုင်ငံသား၏ အရည်သွေးများဟု ဆိုပါရစေ။ အိမ်မှာနေ၍ မရနိုင်ပါ။ ကျောင်းနေအရွယ်ကလေးများ စာသင်ခန်းသို့ မရောက်ခဲ့လျှင် သူတို့ကြီးပြင်းလာပါက ဉာဏ်ပညာဖြင့် မယှဉ်သည့် အသက်မွေးမှုအလုပ်ကိုသာ လုပ်ရမည်။ ဦးနှောက်မသုံးရဘဲ၊ တိရစ္ဆာန်ကဲ့သို့ ကြွက်သား၊ ကာယအားကိုသာ အသုံးချရပေမည်။ သူများထံ အခစားဖြစ်ဖို့ များပေလိမ့်မည်။ အသိဉာဏ်အားဖြင့်လည်း အမှားနှင့် အမှန်၊ အကောင်းနှင့် အဆိုး၊ အပြုနှင့် အဖျက်၊ လိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်းမသိသူ စာရိတ္တမဏ္ဍိုင် အားနည်းကြသူများ ဖြစ်လာကြပါလိမ့်မည်။ နောက်ဆက်တွဲအနေဖြင့် ဝေဖန်ပိုင်းခြားနိုင်မှု အားနည်းကာ ပြောသမျှယုံကာ အဖျက်အလုပ်ကို အဟုတ်ထင်ပြီး အရွယ်မတိုင်မီ ပြစ်မှုပြစ်ဒဏ်ခံရသူများဘဝ ရောက်သွားနိုင်သည်။

ထို့အပြင် မူးယစ်ဆေးဝါး သားကောင်ဘဝ၊ လူကုန်ကူးခံရသူအဖြစ်နှင့် လိင်မှုဆိုင်ရာ အသုံးချ ခံရသူများ၊ လမ်းပျော်၊ လေလွင့်သူများ ဘဝဆီကိုလည်း ရောက်ရှိသွားပေမည်။ ဤသည်မှာ ကမ္ဘာတစ်လွှား ကျောင်းသို့မရောက်သူများ၏ အနာဂတ် ဘဝအခြေအနေဆိုးများပင် ဖြစ်ပါသည်။ လမ်းပျော်၊ လေလွင့်၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသည့် ကလေးသူငယ်ပေါများသော နိုင်ငံသည်လည်း နိမ့်ကျသော ဘဝမှာသာ ရှိနေပေလိမ့်မည်။ ကျွန်တော်တို့နိုင်ငံကို အဆိုပါအခြေအနေမျိုး မရှိစေရန် နိုင်ငံအနှံ့ ကျောင်းတွေဖွင့်ထားပေးကာ အရည်အသွေးပြည့် နိုင်ငံသားဖြစ်အောင် လေ့ကျင့်ပေး နေပါသည်။

ဆောင်းပါးအစတွင် “ကလေးများ၏ ပညာရေးသည် နိုင်ငံဖွံ့ဖြိုးမှု၏ အုတ်မြစ်ဖြစ်ကြောင်း” ဂရိတွေးခေါ်ရှင် ဒိုင်အိုဂျင်းနစ် မီးမောင်းထိုးပြဆိုခဲ့သကဲ့သို့ မြန်မာ့ကလေးများ၏ ပညာရေး အခြေတင့်မှ နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးရေးလည်းမြင့်မားပြီး သင့်သားသင့်သမီးတစ်ဦးချင်း၏ ဘဝလှကြ၊ ပကြ၊ တင့်တယ်ကြမှာမို့ ကျောင်းနေအရွယ်ကလေးများကို အဖိုးတန် မြန်မာ့နိုင်ငံသားများအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ကြစေရန် မဖြစ်မနေ ကျောင်းသို့ပို့ကြပါဟု တိုက်တွန်းလိုက်ရပါသည်။ ။