Skip to main content

နိုင်ငံ့စီးပွားမြှင့်တင်ရေး ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးရန် တွန်းအားပေး

ဒေါက်တာတင်မာမာဦး

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်ရာ စိုက်ပျိုးရေးထွက်ကုန်အမျိုးမျိုးဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သော စိုက်ပျိုးထုတ်လုပ်မှုတိုးတက်‌ရေးကို ဦးတည်လျက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေး၊ တစ်ဧကအထွက်နှုန်း မြင့်မားစွာရရှိစေရေး၊ မျိုးကောင်းမျိုးသန့် ဝါမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် နိုင်ငံတော်၏အဓိကလိုအပ်နေသော အဝတ်အထည်နှင့် လူမှုအသုံးအဆောင်များအတွက် ကုန်ကြမ်းဖြစ်သောဝါဂွမ်းများ ပြည်တွင်းတွင် ဖူလုံစွာထွက်ရှိနိုင်​ရေးအပြင် ကုန်ချောများကို ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။

အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထား

ဝါသည် မြန်မာမင်းများလက်ထက်ကပင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ပြီးပြည်ပသို့ တင်ပို့နိုင်ခဲ့သော ပို့ကုန်သီးနှံတစ်မျိုးဖြစ်ခဲ့သည်။ ဝါချည်မျှင်ဖြင့် ရက်လုပ်သော အထည်အလိပ်များသည် နွေရာသီတွင်အေးကာ ဆောင်းရာသီတွင်နွေးပြီး ချည်ထည်တို့မှာ ကြာရှည်ခိုင်ခံ့ခြင်း၊ ဝတ်ဆင်ရာ၌ သက်သောင့်သက်သာရှိခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး ငွေကြေးသင့်တင့်သောကြောင့် လူတန်းစားအလွှာမရွေး လက်လှမ်းမီသော အထည်အလိပ်ဖြစ်၍ လူသုံးများလျက်ရှိသည်။ ဝါသီးနှံကို အရေးကြီးကုန်စည်အဖြစ် အစိုးရက သတ်မှတ်ထားခြင်းကို ကြည့်ခြင်းအားဖြင့်လည်း ဝါသီးနှံ၏ အရေးပါမှုကို သိရှိနိုင်သည်။

သို့ဖြစ်ရာ သဘာဝချည်မျှင်လုပ်ငန်းအခြေခံ MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါဆုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင် ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ဆောင်ရွက်၍ ပြည်တွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည် အထိကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝယ်လိုအားရှိသည့် ချည်မျှင်ရှည်ဝါ များ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ ပြည်တွင်း ရှိ ချည်မျှင်နှင့် အထည်စက်ရုံများအတွက် လိုအပ် သည့် အရည်အသွေးကောင်းဝါများ ထုတ်လုပ်ပြီး ပြည်ပမှ တင်သွင်းနေရသည့် ဝါနှင့်ချည်များ တင်သွင်းမှုကို လျှော့ချနိုင်ရန်နှင့် ဝါသီးနှံတန်ဖိုး ကွင်းဆက်ဖွံ့ဖြိုးတိုးတက်ပြီး ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များ ကုန်ထုတ်လုပ်မှုမြင့်မားလာ စေရန် ရည်ရွယ်ချက်များဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဝါသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသကြီးများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းတို့တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

ဝါဂွမ်းသည် လူသုံးပစ္စည်းအမြောက်အမြား ပြုလုပ်ရန် အသုံးဝင်ရုံသာမက ဝါစေ့များကိုလည်း ဆီကြိတ်၍ဝါစေ့ဆီထုတ်ယူနိုင်သည်။ ဆီကြိတ်၍ ကျန်ရှိသောဝါစေ့ဖတ်နှင့် ဝါစေ့ခွံတို့သည်လည်း လူသုံးပစ္စည်းအဖြစ် အသုံးပြုကြသည်။ အရည်အသွေးကောင်း ဝါပိဿာ ၁၀၀ အား စွမ်းအားပြည့် ဝါကြိတ်စက်၊ ဝါစေ့ဆီသန့်စက်တို့ဖြင့် ကြိတ်ခွဲထုတ်လုပ်ခြင်းဖြင့် ဝါဂွမ်း ၃၆ ပိဿာ၊ လင်တာဂွမ်း လေးပိဿာ၊ ဝါစေ့ဆီသန့် ၅ ဒသမ ၂၅ ပိဿာ၊ ဝါစေ့ဆီချေး ၁ ဒသမ ၇၅ ပိဿာနှင့် ဝါစေ့ကြိတ်ဖတ် ၅၃ ပိဿာတို့ကို ရရှိမည်ဖြစ်ပါသည်။ ထွက်ရှိလာသည့် အဆိုပါထုတ်ကုန်များအားလုံး သည် ဈေးကွက်ဝယ်လိုအားရှိသော ကုန်စည်များ ဖြစ်သည်။

ကုန်ကြမ်းအတိုင်း တင်ပို့နေရ

မြန်မာနိုင်ငံတွင် အစဉ်အဆက်ဝါစိုက်ပျိုး ထုတ်လုပ်ခဲ့သော်လည်း ဝါဂွမ်းကို ခေတ်မီနည်းစနစ်တကျ ထုတ်လုပ်နိုင်ခြင်းမရှိသေးသဖြင့် ပြည်ပသို့တင်ပို့ရာတွင် ကုန်ကြမ်းအတိုင်း တင်ပို့နေရပြီး ပြည်ပမှ ဝါထွက်ပစ္စည်းများနှင့် ချည်ထည်များကို နှစ်စဉ်တင်သွင်းနေရသည်။

မြန်မာနိုင်ငံ၏ ဝါစိုက်ပျိုးထုတ်လုပ်မှုအား ဆန်းစစ်ရာတွင် တစ်နှစ်ထက်တစ်နှစ် ဝါစိုက်ပျိုး ထုတ်လုပ်မှုလျော့နည်းလာသဖြင့် ပြည်တွင်းဝါနှင့်ဆက်စပ်သော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုလျော့ကျကာ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိမှု၊ ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆက်စပ်သောဝန်ဆောင်မှုလုပ်ငန်းများ လျော့နည်းခဲ့ရသည်။

မြန်မာနိုင်ငံ၏ ဝါစိုက်ပျိုးမှုလျော့နည်းလာ ရသည့်အကြောင်းရင်းများကို လေ့လာဆန်းစစ်ရာတွင် ပို့ကုန်အလားအလာကောင်း၍ ဈေးကောင်းရသော သီးနှံများကို ဆည်ရေသောက်ဧရိယာများတွင် အစားထိုးစိုက်ပျိုးလာခြင်း၊ တောင်သူစီးပွားရေးတွက်ခြေကိုက်မည့် အမည်စုံသီးနှံစိုက်ပျိုးစေသည့်စနစ်သို့ တဖြည်းဖြည်းပြောင်းလဲလာခြင်း၊ ပိုးမွှားကာကွယ်စရိတ်သက်သာပြီး သက်တမ်းတို၍ ငွေရလွယ်သည့်သီးနှံများ အစားထိုးစိုက်ပျိုးလာခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းကြောင့် ဝါအတွက်လုံလောက်သောရေရရန် အခက်အခဲရှိခြင်း၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်တည်ငြိမ်ခိုင်မာမှုမရှိခြင်း၊ ပြည်ပမှတင်သွင်းလာသော ဝါချည်ကုန်ကြမ်း များ၏ အရည်အသွေးနှင့် ဈေးနှုန်းကို ယှဉ်ပြိုင်နိုင်မှု ခက်ခဲခြင်း၊ ပြည်တွင်းအထည်အလိပ်လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းသက်သာသော ဓာတုဗေဒချည်များကို ပြည်ပမှတင်သွင်းအသုံးပြုလာခြင်း တို့ဖြစ်ကြောင်း သိရှိရသည်။

ဝါစိုက်ပျိုးထုတ်လုပ်မှု အလေးထားဆောင်ရွက်ရန်လိုအပ်

သို့ဖြစ်ရာ ဒေသတွင်းကျေးလက်ဒေသများ၏ လိုအပ်ချက်အရ ဒေသရေမြေနှင့်ကိုက်ညီသည့် ချည်မျှင်ရှည်နှင့် ချည်မျှင်တိုဝါစိုက်ဧရိယာ တိုးတက်ရေးအလေးထားဆောင်ရွက်ပြီး ပြည်တွင်း ဝါကြိတ်စက်ရုံနှင့် အလုပ်ရုံများမှ ကုန်ချောထုတ်၍ စိုက်ပျိုးရေးစက်မှုလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာပြီး တောင်သူဝင်ငွေမြင့်မားစေရေး၊ ဒေသတွင်းရှိစက်ရုံ၊ အလုပ်ရုံလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်း ပေါ်ထွန်းလာစေရေးအတွက် ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဝါသီးနှံအထွက်တိုးရေးကို ဦးစားပေး လုပ်ကိုင်လျက်ရှိပြီး အရည်အသွေးမြင့်မားသည့် ချည်ထည်များကို ထုတ်လုပ်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခု၏ ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု၌ ဝါ ၆၁၂၇၁၂ ဧက စိုက်ပျိုး ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်တိုးတက်စိုက်ပျိုးသွားမည်ဖြစ်ရာ ၂၀၂၇ - ၂၀၂၈ ခုနှစ်တွင် ဝါသီးနှံဧက ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ် နိုင်ရေးနှင့်တစ်ဧကအထွက်နှုန်း ဝါပိဿာ ၇၀၀ ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

နှစ်အလိုက် တိုးမြှင့်စိုက်ပျိုးကြရမည်

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပြီး ပြည်ပပို့ကုန် ပိုမိုတင်ပို့ရေး၊ သွင်းကုန်အစားထိုးထုတ်လုပ်ရေးတို့ကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိရာ ဝါသီးနှံတိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိစေရေးတို့အတွက် အရည်အသွေးကောင်းဝါမျိုးများ အသုံးပြုနိုင်ရေး၊မျိုးစေ့ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ ဝါသီးနှံ၏ ဈေးကွက်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍ အလိုက်ဌာနများမှ ပေါင်းစပ်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ချည်မျှင်ရှည်ဝါစိုက်ပျိုးသည့် ဧရိယာများအားနှစ်အလိုက်တိုးမြှင့် စိုက်ပျိုးကြရမည်ဖြစ်သည့်အလျောက် ဝါစိုက်ပျိုးသူတောင်သူများနှင့် ကဏ္ဍအလိုက်တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဝါစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ပြီး ဝါစိုက်ဧရိယာများတိုးချဲ့ကာ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဝါနှင့်ချည်မျှင်၊ ချည်ထည်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံအတွင်းအလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက်ကောင်းမွန်လာကာ ပြည်သူများ၏လူမှုစီးပွားဘဝများ တိုးတက်မြင့်မား၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။