စာမျိုးစုံလင် ဖတ်စေချင်
စာဖတ်ပရိသတ်တစ်ဦး
(၃၅) ကြိမ်မြောက် မွန်ဂိုလီးယားအမျိုးသားစာအုပ်ပွဲတော်ကို “စာများများဖတ်ကြစို့- Let’s Read More” ဟူသော ဆောင်ပုဒ်ဖြင့် မေလ ၁၈ ရက်နေ့က ကျင်းပခဲ့ကြောင်း နိုင်ငံတကာသတင်းတစ်ပုဒ်ကို ဖတ်ရှုရပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးရက်တာကျင်းပသည့် အဆိုပါ စာအုပ်ပွဲတော်ကို ကလေးသူငယ်များနှင့် လူငယ်များအား စာများများဖတ်ရန်နှင့် စာပေဖတ်ရှုလေ့လာခြင်းကို ဝါသနာပါလာအောင် လှုံ့ဆော်ပေးရန်ရည်ရွယ်သည်ဟု ဆိုသည်။ သတင်းနှင့်အတူ သတင်းဓာတ်ပုံတွင်လည်း ရောင်စုံပုံလေးများခြယ်သထားသော စာအုပ်လေးများကို ကလေးငယ်နှစ်ဦးစိတ်ပါဝင်စားစွာ ဖတ်ရှုနေဟန်ဖော်ပြထားသည်။
အတိတ်တစ်ခွင်ဆီသို့
စိတ်အလျဉ်သည် အတိတ်တစ်ခွင်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ မူလတန်းကျောင်းသား အရွယ်ကလေးငယ်တစ်ဦးသည် ဖခင်အလုပ်က အပြန်လမ်းကို ခေါင်းတမော့မော့နှင့် မျှော်ကြည့်နေသည်။ သည်နေ့ကား သောကြာနေ့။ အပတ်စဉ်ထုတ် ရွှေသွေးဂျာနယ် ထွက်ရက်ဖြစ်သည်။
“အဖေပြန်လာပြီ။ ရွှေသွေးဂျာနယ်ပါလား”
“အေး, ပါတယ်ကွ”
ကလေးငယ်မှာ သူမှာသည့် ရွှေသွေးဂျာနယ် ပါလာသည့်အတွက် အတော်ပျော်မြူးသွားသည်။ ရွှေသွေးဂျာနယ်ကို အငမ်းမရထိုင်ဖတ်နေသော သားဖြစ်သူအား အဖေကပီတိဖြာသော အပြုံးဖြင့် ကြည့်နေသည်။
အဖေ့၏ ဇာတ်ကြီးဆယ်ဘွဲ့၊ မိုးကုတ်ဆရာတော်ကြီး၏ သစ္စာလေးပါး၊ ပဋိစ္စသမုပ္ပါဒ်စသော ဓမ္မစာပေများ၊ Reader’s Digest ၊ National Geo-graphic ၊ Newsweek ၊ TIME မဂ္ဂဇင်းများကို ကျွန်တော် ပြန်လည်အမှတ်ရလာသည်။ National Geographic မဂ္ဂဇင်းမှ ဇီဝမျိုးကွဲတိရစ္ဆာန်များ၊ ကမ္ဘာ့ပထဝီဝင်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများကို ကျွန်တော်ငယ်စဉ်က မကြာခဏလှန်လှော ကြည့်နေ၍များလားမသိ၊ အဖေက ထို့နောက်ပိုင်းတွင် ကျွန်တော်ဖတ်ရှုရန် ရွှေသွေး၊ တေဇဂျာနယ်များကို အပတ်စဉ်ဝယ်ပေးခဲ့ပါသည်။
သို့ဖြင့် ဆရာဂယက်နီ၊ ဆရာမြေရိုင်းတို့၏ ကလေးလူစွမ်းကောင်းဇာတ်လမ်းများ၊ ပန်းချီ ဦးဘကြည်၊ ပန်းချီသန်းကြွယ်၊ ပန်းချီဦးစိန်စသော ပန်းချီပညာရှင်ဆရာကြီးများ၏ လက်ရာများပါဝင်သော ရွှေသွေးဂျာနယ်ကို ကျွန်တော်အစွဲလမ်းကြီး စွဲလမ်းသွားခဲ့သည်။ တစ်ခါတစ်ရံ အဖေအလုပ်မအား၍ မဝယ်ဖြစ်ခဲ့ပါက နေမထိထိုင်မသာ ဟာတာတာဖြစ်ရပါသည်။
စိတ်အာဟာရဆာသူ
ဆရာကြီး သခင်အောင်ဖေက “စာဖတ်ဝါသနာ ထုံသောသူသည် စာမဖတ်ရလျှင် မပြောတတ်သောဝေဒနာတစ်မျိုးခံစားရ၏။ ရေဆာနေသောသူ၊ ထမင်းဆာနေသောသူများနှင့် တူသယောင်ယောင်ကားရှိ၏။ ပုံသေကားချပ်တူခြင်း မဟုတ်ပေ။ ရေဆာသူ၊ ထမင်းဆာသူများမှာ ရုပ်အာဟာရဆာသူ များဖြစ်ပြီး စာဖတ်ချင်လျက် စာမဖတ်ရသည်မှာ စိတ်အာဟာရဆာသူဖြစ်ရာ ရုပ်အာဟာရဆာသူ ထက်စိတ်အာဟာရဆာသူက ခံစားမှုဝေဒနာ ပိုကြီးသည်ဟုယူဆသည်” ဟု ဆိုသည်။
တစ်ဆက်တည်းမှာပင် “ကျွန်တော့်အဖို့ စာဖတ် ရတာလောက် အခြားဘယ်အရာကိစ္စမှ ရွှင်လန်းပျော်မွေ့ခြင်းမရှိပေ။ စာဖတ်ရခြင်းသည် တစ်နည်းမဟုတ်တစ်နည်း ဗဟုသုတရသည်။ ကျွန်တော့်အိပ်ရာဘေးရှိ စားပွဲပေါ်၌ စာအုပ်မျိုးစုံရှိနေတတ်သည်။ နိုင်ငံရေးသမားတုန်းက နိုင်ငံရေးစာအုပ်မျိုးစုံရှိပြီး အားအားရှိ နိုင်ငံရေးစာအုပ်ကို ဖတ်သည်။ နိုင်ငံရေးတာဝန်မရှိသောအခါ ဘာသာရေးကျမ်းများနှင့် ရာဇဝင်ကျမ်းများ အတ္ထုပ္ပတ္တိများကို အလှည့်သင့်ရာဖတ်သည်။ စာမှပေးသော အသိဉာဏ်အလင်းရောင်သည် စင်ကြယ်လှသည်။ မွန်မြတ်လှသည်။ ကြည်လင်ပြတ်သားလှသည်။ ဒါကြောင့်ပင် စာပေပညာရှင်များကို ဦးခိုက်မိသည်။ ကြည်ညိုမိသည်။ မြတ်နိုးမိသည်” ဟူ၍ ဆရာကြီးက “သခင်အောင်ဖေ၏ သခင်အောင်ဖေ” ကိုယ်ရေး အတ္ထုပ္ပတ္တိတွင် ရေးသားခဲ့ပါသည်။
ကလေးသူငယ်များ စာပေဖတ်ရှုလေ့လာခြင်းကို ဝါသနာပါအောင်လှုံ့ဆော်ပေးရာ၌ လက်ဦးဆရာမည်သော ပုပ္ဗစရိယမိနှင့်ဖတို့အပြင် ကလေးနှင့် လျော်သော ဗဟုသုတအတွေးအခေါ်များကို ဖတ်ချင်စဖွယ်ဖြစ်အောင် ဖန်တီးပုံဖော်ပေးသည့် ကလေးစာပေပညာရှင်များ၏ အခန်းကဏ္ဍမှာ များစွာအရေးပါလှသည်ဟု ဆိုရပေမည်။
ကျွန်တော်သည်လည်း အဖေ့၏ လှုံ့ဆော်လမ်းပြပေးမှုကြောင့်ပင် စာပေဖတ်ရှုလေ့လာခြင်းကို ဝါသနာထုံလာသည်။ ရွှေသွေး၊ တေဇဂျာနယ်များအပြင် စာမျိုးစုံလင် ဖတ်ချင်လာသည်။ နောက်ပိုင်းတွင် အဖေ့၏ဇာတ်ကြီးဆယ်ဘွဲ့၊ မိုးကုတ်ဆရာတော်ကြီး၏ သစ္စာလေးပါး၊ ပဋိစ္စသမုပ္ပါဒ်စသည့် ဓမ္မစာပေများပါမကျန် စာမြင်လျှင်မဖတ်ရမနေနိုင်အောင် လက်လှမ်းမီသမျှစာအုပ်မျိုးစုံကို ဖတ်ရှုတတ်လာသည်။
သိစရာမှတ်စရာတွေ
ဆရာကြီး လူထုဦးလှက “အပျင်းဖြေဖတ်၊ အပျော်ဖတ်စာများ၌ပင် လူမှုရေး၊ လောကရေး ဆင်ခြင်စရာ၊ နှိုင်းစာစရာ၊ သိစရာမှတ်စရာတွေ အများကြီးပါတတ်သည်။ နှစ်ပေါင်းလပေါင်းများစွာ လူအပေါင်းတို့ တွေ့ကြုံခံစားခဲ့ရသည်များ၊ ရှာဖွေတွေ့ရှိ ရခြင်းများကို စုစုဆောင်းဆောင်း စုပေါင်းရိုက်နှိပ်ထားသည့် စာအုပ်များမှာကား အဖိုးဖြတ်၍ မရနိုင်သော ပတ္တမြားထုပ်များပင် ဖြစ်လေသည်။ မိမိအလိုရှိသလို ပညာနှင့်နီးစပ်သော စာများကို ရွေးဖတ်ပါက အချိန်ကုန်သက်သာ၍ အကျိုးပိုများသည်” ဟူ၍ “စာဖတ်ပါ” ဆောင်းပါးတွင် ညွှန်းဆို ပြခဲ့ပါသည်။
ဆရာကြီးဇေယျကလည်း “လောက၌စာမှန်လျှင် ကောင်းသည်ချည်းဖြစ်သည်။ မကြိုက်သောစာ၊ သဘောမပေါက်နိုင်သော စာများသာ ရှိနိုင်ပေသည်။ မကောင်းသော စာဟူ၍ မရှိနိုင်ပေ။ ဖတ်သူအပေါ် အသုံးချသူအပေါ်၌သာ တည်လေသည်။ သုံးတတ်ဖတ်တတ်လျှင် ကောင်းသည်ချည်းသာဖြစ်သည်”ဟု “စာကောင်းပေကောင်း” ဆောင်းပါးတွင် ဖွင့်ဆိုရှင်းပြခဲ့ပါသည်။
ထို့အတူ လူငယ်များ စာများများဖတ်ရှုလေ့လာကြရန် ဆရာမောင်မြင့်ကြွယ်က “ကမ္ဘာပေါ်၌ စာအုပ်များ ပျောက်ကွယ်သွားသောနေ့သည် အသိပညာများ ခန်းခြောက်ပျောက်ကွယ်သွားသောနေ့ဖြစ်ပါလိမ့်မည်။ စာများများဖတ်သူသည် အစစအရာရာ၌ အများတကာထက်သာလွန်သူဖြစ်မည်မှာ သေချာပါသည်။ ထို့ကြောင့် လူငယ်များကို စာများများဖတ်အောင် ဝိုင်းဝန်းလှုံ့ဆော်ကြစေလိုပါသည်။ တွန်းအားပေးကြစေလိုပါသည်” ဟု တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။
ဆရာစိုးသိဏ်းကလည်း “ကမ္ဘာပေါ်တွင် အဆင့်မြင့်နည်းပညာသုံး ပစ္စည်းအသစ်အဆန်းတွေ ဘယ်လောက်ပဲ တိုးပွားလာပါစေ၊ အသိဉာဏ်ဖွံ့ဖြိုး စာရိတ္တမြင့်မားရေးအတွက် လူတွေအမြဲတမ်း စာများများဖတ်ဖို့လိုပါတယ်”ဟု ဆိုပါသည်။
စာရေးဆရာကြီး Oilver Goldsmith ကလည်း “စာအုပ်စာပေ လူ့မိတ်ဆွေ” ဟူသော ဆောင်ပုဒ်အတိုင်းပင် “ကျွန်ုပ်အဖို့ စာအုပ်ကောင်းတစ်အုပ်ကို ပထမအကြိမ်ဖတ်ရသောအခါ မိတ်ဆွေတစ်ဦး တိုးလာသကဲ့သို့ မှတ်ယူ၏။ နောက်တစ်ကြိမ်ဖတ်ရသောအခါ မိတ်ဆွေဟောင်းနှင့် ပြန်တွေ့ရသကဲ့သို့ ယူဆ၏”ဟု တင်စားပြောဆိုခဲ့ပါသည်။
စာအုပ်စာပေ ဖတ်ရှုလေ့လာရာတွင်လည်း ပိုင်းခြားစိတ်ဖြာဝေဖန်သုံးသပ်မှု၊ စဉ်းစားဆင်ခြင်မှုများနှင့်အတူ ဖတ်ရှုလေ့လာနိုင်ရန် ကွန်ဖြူးရှပ်က “စာဖတ်ရုံဖတ်၍ စဉ်းစားဆင်ခြင်ခြင်းမရှိလျှင် အကျိုးမများပေ။ သို့သော် စဉ်းစားဆင်ခြင်မှုကို စာမဖတ်ဘဲပြုလုပ်ခြင်းသည် ကြောက်မက်ဖွယ် ဘေးအန္တရာယ်ဖြစ်ပေသည်”ဟု မိန့်ကြားခဲ့သည်။
လူလိမ်မခံချင်ရင် စာဖတ်
ဆရာလူထုစိန်ဝင်းကလည်း “လူလိမ်မခံချင်ရင် စာဖတ်ပါ။ စာအုပ်ဟာလူတိုင်းအတွက် အကောင်းဆုံး မိတ်ဆွေဖြစ်တယ်။ မကောင်းတဲ့ စာသာရှိတယ်။ မဖတ်သင့်တဲ့စာ ဆိုတာမရှိဘူး။ မကောင်းတဲ့စာ ဖတ်မိတော့လည်း ဘယ်လိုမကောင်းတာလဲ။ ဘာကြောင့် မကောင်းတာလဲဆိုတဲ့ ပညာရတယ်။ စာဖတ်ပြီးတိုင်း ပိုင်းခြားစိတ်ဖြာဝေဖန် သုံးသပ်မှုပြုရမယ်။ ဒါမှအကျိုးရှိမယ်။ ဝေဖန်သုံးသပ်မှုမပြုဘဲ ဖတ်နေလို့ကတော့ စာအုပ်တွေတစ်သောင်း နှစ်သောင်းဖတ်လည်း ဘာပညာမှရလိုက်မှာ မဟုတ်ဘူး”ဟုဆိုပါသည်။
တစ်ဆက်တည်းမှာပင် ဆရာလူထုစိန်ဝင်းက စာဖတ်သူနှင့် စာမဖတ်သူတို့ ကွာခြားမှုနှင့် ပတ်သက်၍ “စာဖတ်တဲ့လူဟာ စာမဖတ်တဲ့လူထက် ဘယ်နေရာရောက်ရောက် ဘာလုပ်လုပ်နှာတစ်ဖျား တော့သာပါတယ်”ဟု နှိုင်းယှဉ်ပြခဲ့ပါသည်။
ဆရာကြီးရွှေဥဒေါင်းကလည်း “ယေဘုယျအားဖြင့် ပြောရသော် ‘ဟောင်ဖွာ ဟောင်ဖွာ’ ပြောတတ်သူသည် စာမဖတ်သူများဖြစ်သည်ကို တွေ့ရ၏။ ဘာစာမှမဖတ်သော လူတစ်ယောက်သည် သေးငယ်သော အရေးအရာကို ဧရာမကိစ္စကြီးအနေဖြင့် မြင်တတ်၍ တအံ့တဩပြောခြင်းမျိုးကို ကြုံရဖူးသည်” ဟု “တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်တွင် ရေးသားခဲ့ပါသည်။
သို့ဖြင့် နိုင်ငံတော်အစိုးရက “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု” များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည့် မျက်မှောက်ကာလတွင် မိဘတိုင်းက မိမိတို့၏ ရင်သွေးငယ်များ ငယ်စဉ်ကတည်းက စာပေဖတ်ရှုလေ့လာခြင်းကို ဝါသနာပါလာစေရန် မြေတောင်မြှောက်ပြုစုပျိုးထောင်ပေးရန် အကြံပြုတိုက်တွန်းလိုပါသည်။ ထို့အတူ မြန်မာလူငယ်မောင်မယ်များအနေဖြင့်လည်း စာပေဗဟုသုတကြွယ်ဝစေရေးအတွက် စာမျိုးစုံလင်စာများများ ဖတ်စေချင်ပါသည်။ ။