Skip to main content

ဗုဒ္ဓအခါတော်နေ့ ကဆုန်လပြည့်

မောင်အင်ယာ (မြန်မာစာ)

မြန်မာတို့၏ ဆယ့်နှစ်လပြက္ခဒိန်တွင် ဒုတိယမြောက်လသည် ကဆုန်လဖြစ်သည်။ နွေရာသီကာလ၏ အလယ်ဗဟိုဖြစ်သောကြောင့် အပူရှိန်ပြင်းထန် လွန်ကဲလှပါသည်။ ကဆုန်လ၏ရာသီအမည်မှာ ပြိဿရာသီဖြစ်သည်။ ဤလတွင် ဝိသာခါနက္ခတ်သည် လမင်းနှင့်အတူ ကောင်းကင်တွင် ယှဉ်ပြိုင်ထွန်း၏။ ရာသီ၏သင်္ကေတမှာ နွားလားဥဿဘဖြစ်၏။ ရာသီပန်းမှာ စကားပန်းဖြစ်၏။ ရာသီပွဲတော်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်သည်။

“ကဆုန်” ဝေါဟာရ

ယခုခေတ် “ကဆုန်” ဝေါဟာရကို ပုဂံခေတ်ထိုးကျောက်စာတို့၌ “ကုဆုန်” ဟု အရေးများသည်။ “ကုဆုန်” သည် မူလရေးထုံးဖြစ်၏။ ထိုမှ “ကဆုန်”သို့ ရွေ့လျောပြောင်းလဲလာသည်။ “ကု၊ က” အနက်မှာ ရေဖြစ်သည်။ “ဆုန်”၏အနက်မှာ သွန်းလောင်းသည်ဖြစ်၏။ ထို့ကြောင့် ကဆုန်လကို ရေသွန်းလောင်းသောလဟု ဆိုရပါမည်။ မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာရောက်ရှိချိန်မှစ၍ ညောင်ရေသွန်းလောင်းပွဲ အလေ့အထလည်း တစ်ပြိုင်နက်ဖြစ်ပေါ်လာသည်ဟု ပညာရှင်များက ယူဆကြပါသည်။

မြန်မာနိုင်ငံသို့ ဗုဒ္ဓဝါဒရောက်ပြီး မကြာခင်ပင်ညောင်ရေသွန်းပွဲတော် ကျင်းပကြသည်ဟု ပညာရှင်များက ယူဆကြသည်။ ကဆုန်လပြည့်နေ့သည် “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဟု မြန်မာတို့ ဆိုရိုးစကားမှတ်သားထားကြ၏။ ကဆုန်လပြည့်နေ့သည် (၁)ဒီပင်္ကရာဘုရားထံ ဘုရားဆုပန် ဗျာဒိတ်ခံယူသောနေ့၊ လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ကဆုန်လပြည့်နေ့၊ (၂) ဂေါတမဘုရားလောင်း ဖွားမြင်သောနေ့၊ မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့၊ (၃) ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့၊ မဟာ သက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ (၄) ပရိနိဗ္ဗာန်စံဝင် တော်မူသောနေ့၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့။

ဤသို့သော နေ့ထူးနေ့မြတ်များဖြင့် ပြည့်စုံသော ဗုဒ္ဓဝင်သမိုင်း မော်ကွန်းများ ရေးထိုးရသောနေ့ဖြစ်ပါသည်။ ဘုရားပွင့်ရာ မဟာဗောဓိပင်ကို ပရိဘောဂစေတီထိုက်၍လည်း ပူပြင်းသော နွေကာလ၌ ရေစင်သွန်းလောင်းခြင်းဖြင့် ကုသိုလ်ယူကြသောပွဲလည်း ဖြစ်ပါသည်။

ဗုဒ္ဓဘုရားပွင့်တော်မူသော ကဆုန်လပြည့်နေ့ နေမဝင်မီ၌ ဒေဝပုတ္တမာရ် (ဝသဝတ္တီမာရ်နတ်) ကို ဘုရားအလောင်းတော်မြတ် အောင်မြင်တော်မူ၏။ ညဉ့်ဦးယံတွင် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် (ရှေးကဖြစ်ခဲ့သော ခန္ဓာအစဉ်ကို သတိနှင့်ယှဉ်၍ သိသောဉာဏ်)၊ သန်းခေါင်ယံတွင် ဒိဗ္ဗစက္ခုဉာဏ် (မြင်လိုရာကို မြင်နိုင်သောဉာဏ်)၊ မိုးသောက်ယံတွင် အာသဝက္ခယဉာဏ် (စိတ်၌ ညစ်နွမ်းစေသော အာသဝေါတရားလေးပါးကို ပယ်နိုင်စွမ်းသောဉာဏ်) ဤဉာဏ်သုံးပါးကို ရတော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။

ညောင်ရေသွန်းလောင်းခြင်းသည် ဗုဒ္ဓမြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ရပြီး ဘုရားဖြစ်တော်မူသော ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် မှတ်ယူကြ၍ ရေသွန်းလောင်းပွဲတော် ကျင်းပကြခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ မြင့်မြတ်ခြင်းတို့ စုဝေးရာ ထို ကဆုန်လပြည့်နေ့ကို ဗုဒ္ဓအခါတော်နေ့ဟု အမွန်အမြတ်ထားကြသောနေ့ ဖြစ်လာခဲ့ပါသည်။ ဗောဓိညောင်ပင်သည် ဗုဒ္ဓမြတ်စွာဘုရားသည် သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်တော်မူရာ သစ်ပင်ထူး၊ သစ်ပင်မြတ်ဖြစ်၏။ ပါဠိစာပေ၌ ဗောဓိပင်သည် အရိယာမဂ်၊ သဗ္ဗညုတ ဉာဏ်နှင့် ဗောဓိပင်ဟူသော အဓိပ္ပာယ်သုံးမျိုးရှိ၏။ အရိယာမဂ်သည် သစ္စာလေးပါးတရားမြတ်ကို သိမြင်ခဲ့သောကြောင့် ဗောဓိမည်၏။ သိသင့်သိထိုက်သော တရားမှန်သမျှကို သိမြင်တော်မူသောကြောင့် သဗ္ဗညုတရွှေဉာဏ်တော်ခေါ်၏။

ဗုဒ္ဓဘုရားရှင်သည် ဘုရားဖြစ်ရန်အတွက် ပါရမီ ဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါး၊ စရိယတရား သုံးပါးတို့ကို ဖြည့်ကျင့်ခဲ့သည်။ နိဗ္ဗာန်ကူးနိုင်ပါသော်လည်း သတ္တဝါနေယျတို့အပေါ် ကြီးမားလှသော မဟာကရုဏာတော်၊ မဟာမေတ္တာတော်၊ အနန္တထားရှိသည့်အတိုင်း ပြုနိုင်ကျင့်နိုင်ခဲ့ လှသော အမှုကိစ္စတို့ကိုပြု၍ စွန့်နိုင်ခဲလှသော အရာတို့ကို စွန့်လွှတ်နိုင်ခဲ့ပါသည်။ ပေးလှူနိုင်ခဲသော အရာတို့ကိုလည်း ပေးလှူခဲ့၏။  သည်းခံရန်ခက်ခဲလှသော အရာတို့ကိုလည်း သည်းခံနိုင်ခဲ့၏။ လူသာမန်တို့အဖို့ ခက်ခဲလှသော ကိုယ်တော်၏ပင်ပန်းခြင်း၊ စိတ်တော်၏ပင်ပန်းခြင်းတို့ကို ပြုနိုင်တော်မူခဲ့ပါသည်။ ပါရမီဆယ်ပါး အပြားသုံးဆယ်ကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့ရပါသည်။

ကုသိုလ်ပြုခဲ့သော အစဉ်အလာ

သို့ဖြစ်၍ ဗုဒ္ဓသာသနာတော်ပွင့်လင်းရာ ဗောဓိပင်များမှတစ်ဆင့် ပွားထားသော ဗောဓိညောင်ပင်များကို ဆက်လက်ရှင်သန်စေရန် ညောင်ရေသွန်းပွဲတော်ကို ကျင်းပလျက် ကုသိုလ်ပြုခဲ့သော အစဉ်အလာကို ယနေ့တိုင် ထိန်းသိမ်းလိုက်နာနေဆဲဖြစ်ပါသည်။ ထို့ကြောင့် ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ကို ဘုရားဖြစ်တော်မူ၊ ကျူးရင့်တော်မူခဲ့သော ဥဒါန်းဂါထာ၊ ပဋိစ္စသမုပ္ပါဒ် ပါဠိတော်များကို ရွတ်ဖတ်ပူဇော်ရင်း ဗုဒ္ဓအခါတော်နေ့၌ ရေစင်သွန်းလောင်းနေကြပါသည်။

“ပု-ဒိ-အာ” မည်သော ဤဉာဏ်တော်သုံးပါးကို ဗုဒ္ဓဖြစ်တော်မူသော ကဆုန်လပြည့် သန်းခေါင်ယံလွန်၌ ကောင်းစွာပြည့်စုံ၍ ဘုရားအဖြစ် ရတော်မူခဲ့ပါသည်။ မဂ်လေးတန်ဖြင့် ဖိုလ်လေးပါးကိုရပြီး ဝိသုဒ္ဓိ ခုနစ်ပါးနှင့် ပြည့်စုံသော ဘုရားရှင် “ဗုဒ္ဓ” (သစ္စာလေးပါးကို သိတော်မူသောပုဂ္ဂိုလ်) ဖြစ်ခဲ့လေသည်။

ဤ ဉာဏ်တော်သုံးပါးကို “မဇ္ဈိမနိကာယ”၊ “မဟာသစ္စက” သုတ္တန်၌ ပြန်လည်ဟောကြားခဲ့ပါသည်။ အတိတ်ဘဝကို မြင်နိုင်စွမ်းသော ဉာဏ်၊ ကံနှင့် ဘဝသံသရာဖြစ်စဉ်တို့ကို မြင်နိုင်စွမ်းသောဉာဏ်၊ သစ္စာ လေးပါးကို သိမြင်စွမ်းသောဉာဏ် သုံးပါးကို ရတော်မူပြီးသောအခါ “အနေကဇာတိ သံသာရံ” အစချီ၍ ငါသည် (ဗုဒ္ဓသည်) ကြီးစွာသော သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရလေပြီး နောက်ထပ်တစ်ဖန် မဖြစ်တော့ပြီတကားဟု ဥဒါန်းကျူးတော်မူခဲ့လေသည်။

ဗုဒ္ဓရှင်တော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူ၏။ နှစ်လပြည့်မြောက်သည်မှစ၍ တရားဒေသနာစက်ဝန်းကို တစ်ရံမလပ် လှည့်လည်ဟောကြားတော်မူခဲ့၏။ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် မလ္လာမင်းတို့၏ ကုသိန္နာရုံပြည် အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုသည်အထိ (၄၅)ဝါတိုင် (သက်တော် ၈၀ ပြည့်သည်) အထိ ဖြစ်ပါသည်။

လိုရာဆန္ဒပြည့်ဝကြပါစေ

ထို့ကြောင့် ယခုလာမည့် ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့၌ ကဆုန်ညောင်ရေသွန်းလောင်းရာတွင် ပရိဘောဂစေတီဖြစ်သော မဟာဗောဓိပင် လန်းဆန်းသက်ရှည် အခက်အလက်ဝေဖြာသကဲ့သို့ ကျွန်ုပ်တို့သည် လည်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝရပါစေ။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးနှင့်တကွ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေ။ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ ပဋိပက္ခများ ချုပ်ငြိမ်းပါစေ။ ဗုဒ္ဓဘုရားရှင်၏ သာသနာအဓွန့်တာရှည် တည်တံ့ပါစေ။ မေတ္တာပေးဝေဆုတောင်းရင်း ကဆုန်ညောင်ရေသွန်းလောင်းကြပါစေ။ သက်ရှည်ကျန်းမာ စိတ်ချမ်း သာ လိုရာဆန္ဒပြည့်ဝကြပါစေ ဆုတောင်းလျက်။ ။

စာညွှန်း

၁။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)

၂။ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များမှတ်စု

၃။ စာဘဏ္ဍာ၏မှတ်စုများ