ရေအရင်းအမြစ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ကြပါစို့
မိုး/ဇလ
(ယမန်နေ့မှအဆက်)
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံမှသည် တိုးတက်ဖွံ့ဖြိုးသော စက်မှုနိုင်ငံတော်သို့ ဦးတည်ဆောင်ရွက်လျက်ရှိရာ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေလှောင်ကန်များရှိရေများကို ထာဝစဉ် သန့်ရှင်းနေရန် လိုအပ်ပါသည်။ စိုက်ပျိုးရေးအတွက် အသုံးပြုနေသည့် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများသည် မြစ်ချောင်းများအတွင်းသို့ တဖြည်းဖြည်း စိမ့််ဝင်လျက်ရှိသကဲ့သို့ စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်သော ညစ်ညမ်းသောရေများသည် ရေညစ်ညမ်းမှုပမာဏကို တိုးတက်စေပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများသည် အထူးသဖြင့် ဧရာဝတီမြစ်နှင့် မြစ်လက်တက်များရှိရာ အထက်ပိုင်းတွင်တည်ရှိပါက အလွန်အရေးကြီးပြီး မြစ်အောက်ပိုင်းတွင် နေထိုင်သူများအပေါ် သက်ရောက်နိုင်မှုများ ရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပေသည်။ ထိုသို့ သက်ရောက်စေမှုများတွင် ရေရရှိနိုင်မှုနှင့် ရေအရည်အသွေးတို့ အပေါ်သာ သက်ရောက်သည်မဟုတ်ဘဲ ရေထုထည် စီးဆင်းမှုနှုန်းများ၊ သဲနုန်းပို့ချမှုဖြစ်စဉ်များအပေါ်တွင်ပါ သက်ရောက်စေပါသည်။
ယခုအခါ မြို့နှင့်ကျေးလက်တောရွာ ရေပေးရေးစီမံချက်များဆောင်ရွက်ရာတွင် မိုးရေ၊ မြေပေါ်ရေများသာမက မြေအောက်ရေများကို ထုတ်ယူအသုံးပြုလျက်ရှိသည့်အပြင် စိုက်ပျိုးရေးအတွက်ရေရရှိရေးများ ဆောင်ရွက်ရာတွင် ဆည်ရေ၊ ကန် ရေ၊ မြစ်ရေများ ထုတ်ယူသုံးစွဲခြင်းသာမက မြေအောက်ရေများကို ထုတ်ယူသုံးစွဲလျက်ရှိကြသည်။ မြေအောက်ရေများကို မမြင်ရသည့်အလျောက် ထုတ်ယူသုံးစွဲရာတွင် စနစ်တကျ တွက်ချက်ခန့်မှန်းပြီးမှ ထုတ်ယူသုံးစွဲသင့်ပါသည်။ မြေအောက်ရေပမာဏကို ထုတ်ယူသုံးစွဲသင့်သည်ထက် လွန်ကဲစွာပိုမိုထုတ်ယူသုံးစွဲမိပါက သဘာဝပတ်ဝန်းကျင်နှင့် နောင်အနာဂတ် လူသားများအတွက် မကောင်းသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါသည်။ ဥပမာပြောရပါလျှင် မြေအောက်ရေကို လွန်ကဲစွာထုတ်ယူသုံးစွဲသည့်အတွက် အညာဒေသတို့တွင် ရေတွင်း၊ ရေကန်များခန်းခြောက်နိုင်ခြင်း ဖြစ်စေနိုင်သလို ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ဝကျွန်း ပေါ်ဒေသများတွင်လည်း ဆားငန်ရေများ စိမ့်ဝင်လာနိုင်ပါသည်။ ထို့အပြင် မြေများနိမ့်ကျပြိုဆင်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ အလေးဂရုပြုရမည့်အကြောင်း တစ်ချက်မှာလည်း မြေအောက်ရေများရှိရာ ကျောက်လွှာများအတွင်းသို့ ညစ်ညမ်းစေတတ် သော အညစ်အကြေးများ၊ အန္တရာယ်ဖြစ်စေတတ်သော အညစ်အကြေးများ၊ အန္တရာယ်ဖြစ်စေတတ်သော သတ္တုအရာဝတ္ထုများ စိမ့်ဖောက်မဝင်နိုင်ရန် ကြိုတင်တားဆီးဆောင်ရွက်ရန်လိုအပ်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် နောင်အနာဂတ် လူသားများ ကောင်းကျိုးအတွက် ရေအရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျဖြစ်နိုင်ရန် စည်းကမ်းဥပဒေပြဋ္ဌာန်းချက်များကို ပြည်သူများက လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
ရေဆိုင်ရာ စီမံခန့်ခွဲမှု
ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်နှင့်ရေဆိုင်ရာ အခက်အခဲပြဿနာများကို ဖြေရှင်းနိုင် ရန် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေး ဗဟိုကော်မတီ၊ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ရေအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့တို့ကို စနစ်တကျဖွဲ့စည်းထားရှိပြီး မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ၊ ဥပဒေပိုင်းဆိုင်ရာ ရေးဆွဲဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင်ပညာပေးရေးနှင့် အသိပညာ ပြန့်ပွားရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်နှင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်ဆေးကြပ်မတ်မှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ သက်ဆိုင်ရာဌာနများက ရေအရင်းအမြစ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေးလုပ်ငန်းများ၊ ရေနှင့်ဆိုင်သည့် သတင်းအချက်အလက်များ၊ ဗဟုသုတနှင့် အသိအမြင်များ၊ နည်းပညာဖလှယ်ခြင်းများ၊ တိုင်းသူပြည်သားများအား အသိပညာပေးခြင်းလုပ်ငန်းများ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို တက်ညီလက်ညီ အတူပူးပေါင်းဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ပေသည်။
ထို့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်များ ပြောင်းလဲမှုကို ပိုမိုမြင့်မားလာ စေသည့်အတွက် အနာဂတ်ကာလတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိအောင် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပေ သည်။ အဆိုပါ မဟာဗျူဟာများတွင် ရေလိုအပ်မှုအပေါ် မူတည်၍ စီမံခန့်ခွဲခြင်းများကို ပိုမိုကောင်းမွန် အောင်ဆောင်ရွက်ခြင်း၊ လိုက်လျောညီထွေရှိသည့် စိုက်ပျိုးရေးနည်းပညာများ၊ စိုက်ပျိုးပင်နှင့်စိုက်ပျိုးနည်းစနစ်များ ပုံစံပြောင်းလဲခြင်း၊ ရေအရင်းအမြစ်နှင့်ဆိုင်သော အဆောက်အအုံများတည်ဆောက်ရန် စီမံကိန်းရေးဆွဲခြင်းစသည်တို့လည်း ဆောင်ရွက်ရန်အတွက် လိုအပ်မည်ဖြစ်ပေသည်။
ရေအရင်းအမြစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ကြ
ရေအရင်းအမြစ် ဖြစ်တည်မှုသည် ရာသီအချိန်အခါနှင့် နေရာဒေသတို့ကိုလိုက်၍ ပြောင်းလဲနိုင်ပြီး မြန်မာနိုင်ငံတစ်ဝန်း၌ မိုးရွာသွန်းမှုသည် တစ်နေရာနှင့် တစ်နေရာမတူညီသောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်းများတွင် ရေရှားပါးလေ့ရှိကာ အခြားသောနေရာ ဒေသများတွင် မိုးတွင်းကာလ၌ ရေရရှိမှုလုံလောက်သော်လည်း နွေရာသီကာလတွင် ရေရှားပါးမှုကို အနည်းနှင့်အများ ကြုံတွေ့ရလေ့ရှိသည်ကို တွေ့ရှိကြရမည်ဖြစ်ပေသည်။ မုတ်သုံကာလတွင် ရရှိသော ရေအရင်းအမြစ်များကို မိုးနည်းကာလများတွင် အသုံးပြုနိုင်ရန်ရေတို၊ ရေရှည်စီမံချက်များ၊ မဟာဗျူဟာများချမှတ်၍ ဘက်ပေါင်းစုံစီမံခြင်း၊ ပြည်သူများက ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် ရေရှားပါးမှုဘေးအန္တရာယ်မှ ကျော်လွှားနိုင်ကြမည်ဖြစ်ပေသည်။
ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်း အစွန်းရောက်သော မိုးလေဝသဖြစ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့ပါးစေရန်အောက်ဖော်ပြပါ အစီအမံများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများကလည်း မိမိတတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါသည်-
- ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်း ကဲ့သို့သော ရေနှင့်ဆက်နွှယ်သည့် ဘေးအန္တရာယ်များ မကျရောက်အောင်ရေလှောင်ဆည်၊ ရေလွှဲဆည်၊ ရေကာတာ အစရှိသော ရေဆိုင်ရာအဆောက်အအုံများ ဆောက်လုပ်၍ ကာကွယ်တားဆီးခြင်း ဖြင့်လည်းကောင်း၊ မြေမျက်နှာပြင် အနေအထားသေချာစွာ ကြိုတင်အကွက်ချ စီစဉ်ခြင်းနည်းဖြင့်လည်းကောင်း ရေဘေးဒုက္ခကင်းဝေးစေရန် အဘက်ဘက်မှ ကြိုးပမ်းအားထုတ်ခြင်း၊
- မိုးခေါင်ရေရှားခြင်း၏ ဆိုးကျိုးကိုတွန်းလှန်နိုင်ရန် ဒေသ၏ ရေခံ၊ မြေခံမြေဆီလွှာ အမျိုးအစားနှင့် အခြားအချက်အလက်များကို အခြေခံ၍ စိုက်ပျိုးရေးဆိုင်ရာ နည်းဗျူဟာ အမျိုးမျိုးကိုဖော်ထုတ်ပြီး မြေယာ၊ မြေဆီလွှာ၊ စွမ်းအင်နှင့်ရေတို့ကို အကျိုးအရှိဆုံး အသုံးချနိုင် ရေးဆောင်ရွက်ခြင်း၊
- ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးသည်းထန်မှုပိုမိုများပြားလာနိုင်ပြီး ယင်း၏အကျိုးဆက်အဖြစ် မြေဆီလွှာတိုက်စားခံရခြင်း ပိုမိုတိုးမြင့်လာစေနိုင်သောကြောင့် ရေလမ်းထိန်း၊ ရေလမ်းလွှဲလုပ်ငန်းများကို စီမံဆောင်ရွက်ခြင်း၊
- ရေလွှမ်းမိုးနိုင်မှု ကြိုတင်ခန့်မှန်းချက်၊ မိုးလေဝသဆိုင်ရာ ရက်ရှည်ကြိုတင် ခန့်မှန်းချက်များသည် ကြိုတင်ပြင်ဆင်မှုအတွက် လွန်စွာအရေးပါသဖြင့် ခန့်မှန်းချက်များနှင့် ကြိုတင်သတိပေးချက်များကို အလေးထားလိုက်နာဆောင်ရွက်ခြင်း၊
- ဆည်ကျိုးခြင်း၊ တာပေါက်ခြင်းစသည့် ရုတ်တရက်မမျှော်လင့်ဘဲ ဖြစ်ပေါ်တတ်သော ရေလွှမ်းမိုးမှု အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် အရေးပေါ်လုပ်ငန်းအစီအစဉ်များနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုအစီအစဉ်များ ရေးဆွဲထားရှိမှုများကို ပြည်သူများ သိရှိပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊
- မိုးတွင်းကာလတွင် ရေများစုဆောင်းသည့်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် စီမံဆောင်ရွက်ခြင်းနှင့် ပြည်သူများက ပူးပေါင်းဆောင်ရွက်ခြင်း၊
- ရေအိုင်၊ ရေကန်၊ ရေလှောင်ကန် အကြီးအသေးများ တည်ဆောက်ရေး စီမံဆောင်ရွက်ခြင်း၊
- စိုက်ပျိုးရေးနည်းပညာများ ပြုပြင် ပြောင်းလဲခြင်း၊
- ဒီရေတားတမံများ တည်ဆောက်နိုင်ရန် စီမံဆောင်ရွက်ခြင်း၊
- ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဖြစ်ပေါ်နိုင်သောဒေသရှိ ပြည်သူများ ရေလွှမ်းမိုးမှုနှင့် ပင်လယ်ရေကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး စီမံဆောင်ရွက်ခြင်း၊
- ရေရရှိနိုင်မှု ခန့်မှန်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ပြီး လိုက်လျော ညီထွေရှိစေရေး စီမံဆောင်ရွက်ခြင်း၊
- မြေအောက်ရေအသုံးပြုမှု စီမံခန့်ခွဲခြင်းနှင့် အသိပညာပေးခြင်း၊
- ရေငွေ့ပျံမှုကြောင့် ရေဆုံးရှုံးမှုနည်းပါး အောင် စီမံဆောင်ရွက်ခြင်း၊
- ရေဆိုး ရေသန့်စင်စက်ရုံများကို ပိုမို စီမံ ဆောင်ရွက်ခြင်း၊
- ဆည်မြောင်းရေပေးဝေမှုစနစ် အလေ အလွင့် မရှိစေရေး အသိပညာပေး ဆောင်ရွက်ခြင်း၊
- ရေအရည်အသွေးများ ထိခိုက်မှု မရှိစေရေး စီမံဆောင်ရွက်ခြင်း။
အချုပ်အားဖြင့်ဆိုရပါလျှင် ရာသီဥတု ပြောင်းလဲ ခြင်းဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာရည်မှန်းချက် များကို သက်ဆိုင်ရာ ကဏ္ဍအသီးသီး၏ ဖွံ့ဖြိုးမှု အစီအမံများတွင် ပေါင်းစပ်အကောင်အထည်ဖော် ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေ ရှိစေရန် ရေအရင်းအမြစ်များကို စနစ်တကျ ဖော်ထုတ်အသုံးချခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းစဉ်များကို လိုက်နာလျက် ရေ အခြေပြု စီးပွားရေးလုပ်ငန်းများကို တိုးတက်မြင့်မား လာစေရေးအတွက် ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှုစနစ်များကို အကောင်အထည်ဖော်ခြင်းတို့ဖြင့် တာဝန်ကိုယ်စီ လက်တွဲညီညီဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။ ။