Skip to main content

စာပေအသက် ဘဝတစ်သက်

မောင်အောင်

“ကိုအောင်ရေ... ပြီးခဲ့တဲ့ ဧပြီလ ၁ဝ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စာအုပ်စာစောင်တွေနဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကတော့ တိုင်းပြည်အတွက် အကျိုးအရှိဆုံးနဲ့ အကောင်းဆုံးလုပ်ဆောင်ချက်လို့ ငါတော့ခံစားမိတယ်ကွာ။ ငါ့တစ်သက်နဲ့တစ်ကိုယ် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ဦးစီးပြီး ဒီလိုဆောင်ရွက်တာမျိုး တစ်ခါမျှမတွေ့ဖူး၊ မကြုံဖူးဘူး။ အဲနောက်ပြီး နိုင်ငံတော်ထဲမှာရှိတဲ့ ဒို့နိုင်ငံသားတွေ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အားနည်းနေတယ်ဆိုတာကို ထောက်ပြတာကလည်း အတော်လေးမှတ်သားစရာကောင်းတယ်ကွာ”

ကျွန်တော်ရုံးကအပြန် အဝတ်အစားလဲပြီး ဧည့်ခန်းထဲဝင်၍ ထိုင်ချိန်တွင် ကျွန်တော့်အစ်ကိုကြီးက စကားစ၍ ပြောလိုက်ခြင်းဖြစ်သည်။ အစ်ကိုကြီးက အသက် ၈ဝ ပြည့်ပြီးဖြစ်သော်လည်း သတင်းစာဖတ်သည်၊ မြန်မာ့ရုပ်မြင်သံကြားသတင်းကြည့်သည်၊ ၁ဝ တန်း မအောင်ခဲ့သော်လည်း ၁ဝ တန်းအထိ နေခဲ့ဖူးသည်။ သို့ဖြစ်၍ နိုင်ငံ့အရေး၊ ပြည်သူ့အရေး စိတ်ဝင်စားသည်။ စာပေဝါသနာပါသူမို့ စာပေနှင့်ပတ်သက်လျှင်လည်း ဆွေးနွေးတတ်သည်။

ကျောင်းလုံးဝမတက်ဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိ

“ဟုတ်ပါတယ် အစ်ကိုကြီး၊ ကျွန်တော်တို့လည်း ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေလို့ ထဲထဲဝင်ဝင် မလေ့လာဖြစ်ဘူး။ အခု နိုင်ငံတော်ဝန်ကြီးချုပ်ပြောမှ ကျွန်တော်တို့နိုင်ငံမှာ ၂ဝ၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ငါးနှစ်အထက်လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး အဲဒီလူဦးရေမှာ ကျောင်းလုံးဝမတက်ဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိကာ အသက် ၂၅ နှစ်နဲ့အထက် ၂၅ ဒသမ ၁၆၉ သန်းမှာ အတန်းပညာလုံးဝမရှိသူ ၃ ဒသမ ၈ ရာခိုင်နှုန်း (ကိုးသိန်းကျော်) ရှိတယ်ဆိုတာ သိရပါတယ်”

“ဒါတင် ဘယ်ကမလဲကွ။ မူလတန်းနဲ့ မူကြိုအဆင့်ရှိသူ ၄၉ ဒသမ ၄၇ ရာခိုင်နှုန်း (၁၂ ဒသမ ၈၃ သန်း) ရှိတဲ့အကြောင်းနဲ့ အလယ် တန်းအဆင့်ရှိသူ ၂၁ ဒသမ ၇၂ ရာခိုင်နှုန်း (၅ ဒသမ ၄၆) သန်း၊ အထက် တန်းအဆင့်ပြီးမြောက်သူ ၁၃ ဒသမ ၃ ရာခိုင်နှုန်း၊ ဘွဲ့ရသူ ၁၁ ဒသမ ၄ ရာခိုင်နှုန်း (၂ ဒသမ ၆၈ သန်း)သာရှိတဲ့အကြောင်း၊ ကျောင်းသား အများစုက မူလတန်းပြီးဆုံးချိန်မှာ ကျောင်းထွက်သွားကြတဲ့အတွက် နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်စရာဖြစ်တဲ့အကြောင်း ပြောသွားသေးတယ်လေကွာ”

အစ်ကိုကြီးက ကျွန်တော်ပြောနေသည်ကို အားမရ၍ ကြားဖြတ်ဝင်၍ ပြောလိုက်ခြင်းဖြစ်သည်။

“အေး... ပြီး‌တော့ ဒို့နိုင်ငံမှာ လူများစု ၇ဝ ရာခိုင်နှုန်းက ကျေးလက်ဒေသတွေမှာနေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်ဝါးလုပ်ငန်း၊ ရေလုပ်ငန်းတွေပဲ လုပ်ကိုင်နေကြတယ်။ ဒီတော့ ပညာအခြေခံကနည်း၊ တစ်ဖက်ကလည်း ပညာရပ်ဆိုင်ရာ စာအုပ်၊ စာတမ်းတွေက ဒို့ကျေးလက်နေလူတန်းစားတွေ ဖတ်ရှုဖို့က လက်လှမ်းမမီ။ ဒီကြားထဲ စာအုပ်စာတမ်းတွေက ဈေးကြီးတော့ ဒို့ကျေးလက်နေလူတန်းစားတွေ၊ ဒို့တောင်သူတွေရဲ့ဘဝ ဘယ်လိုလုပ်တိုးတက်မှာလဲ၊ ဘယ်လိုလုပ် ကြီးပွားချမ်းသာမှာလဲ။ မင်းပဲပြောဖူးတယ်လေ။ ပညာတတ်တဲ့လူ စိုက်ပျိုး၊ မွေးမြူရေးလုပ်တာနဲ့ ပညာမတတ်တဲ့လူ စိုက်ပျိုး၊ မွေးမြူရေးလုပ်တာ အများကြီးကွာတယ်လို့လေ”

တောင်သူတွေ၊ နိုင်ငံသားတွေ စာတတ်မြောက်ကြဖို့ မဖြစ်မနေလိုနေ

“ဟုတ်ပါတယ် အစ်ကိုကြီး။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်ဆင်ဖြူကျွန်းရောက်တော့ နေကြာစိုက်ကြတဲ့အထဲမှာ စလင်းစိုက်ပျိုးမွေးမြူရေးသိပ္ပံကျောင်းကဆင်းတဲ့ တောင်သူစိုက်ထားတာ အကောင်းဆုံးပဲ။ ကျန်တဲ့တောင်သူတွေကလည်း လက်ခံတယ်လေ။ သူက စိုက်ပျိုးမွေးမြူရေးသိပ္ပံကျောင်းဆင်းဆိုတော့ နည်းပညာသာတယ်ဆိုတာလေ။ အဲဒီတော့ တောင်သူတွေအပါအဝင် ကျွန်တော်တို့နိုင်ငံသားတွေ စာတတ်မြောက်ကြဖို့ကို မဖြစ်မနေလုပ်ကြဖို့တော့လိုနေပြီ အစ်ကိုကြီးရ”

ကျွန်တော်က စာတတ်မြောက်ရေး “အ” သုံးလုံးကျေလုပ်ငန်းတွေ လုပ်ဖို့လိုကြောင်း စကားစလိုက်ခြင်းဖြစ်သည်။

စကားတွေ ရွှန်းရွှန်းဝေအောင် ပြောတတ်လာ

“မင်းကလိုတယ်လို့ ပြောတဲ့အချိန်မှာပဲ ဒို့အစိုးရက “အ” သုံးလုံး ကျေသင်တန်းတွေစနေပြီ မဟုတ်လား။ ငါသတင်းစာထဲ၊ တီဗွီထဲမှာ တွေ့လိုက်ပါတယ်။ အဲနောက်ပြီး မင်းတက္ကသိုလ်ကျောင်းသားဘဝကလည်း “အ” သုံးလုံးလုပ်အားပေးသွားခဲ့သေးတယ် မဟုတ်လား။ “အ”သုံးလုံးလုပ်အားပေးမသွားခင်တုန်းက စကားကို လေးလုံးကွဲအောင် မပြောတတ်တဲ့ ငါ့ညီ၊ “အ” သုံးလုံးလုပ်အားပေးကပြန်လာတော့ စကားတွေ ရွှန်းရွှန်းဝေအောင် ပြောတတ်လာတဲ့အပြင် သွားပုံ၊ လာပုံ၊ နေပုံ၊ ထိုင်ပုံကလည်း လူကြီးဆန်လာတယ်။ မင်း “အ” သုံးလုံးလုပ်အားပေး သွားတဲ့အကြောင်း ပြောစမ်းပါဦး”

အစ်ကိုကြီးက ကျွန်တော့်အကြောင်း အတွင်းသိအစဉ်းသိဖြစ်နေ၍ လက်ရှိ စာမတတ်သူပပျောက်ရေး၊ “အ” သုံးလုံးကျေလုပ်ငန်းအပြင် ဟိုတုန်းက ကျွန်တော်လုပ်အားပေးခဲ့သည့် “အ” သုံးလုံးကျေလုပ်အားပေးသင်တန်းအကြောင်း မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်ပါတယ် အစ်ကိုကြီး ၁၉၆၉ ခုနှစ်မှာ ကျွန်တော်တက္ကသိုလ် ပထမနှစ်စတက်ပြီး ၁၉၇ဝ ပြည့်နှစ် နွေရာသီကျောင်းပိတ်ရက်မှာ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာအုပ်စု သားကျင်ရွာမှာ “အ” သုံးလုံး ကျေ လုပ်အားပေးခဲ့ပါတယ်။ တောင်သူအများစုက နေ့ခင်းမှာတောင်ယာထဲ သွားကြတာကြောင့် ညဘက်မှာမီးခွက်နဲ့ မှန်အိမ်နဲ့ စာသင်ပေးခဲ့ရတယ်။ နောက်တစ်နှစ် ၁၉၇၁ ခုနှစ် နွေရာသီမှာတော့ ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်မြို့နယ်ခွဲ အိုင်လျားတောင်ကျေးရွာမှာ လုပ်အားပေးရပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ၊ ကိုယ့်တောင်သူတွေ၊ ကိုယ့်နိုင်ငံသားတွေ စာတတ်ဖို့ မီးရထားခကိုပထမနှစ်မှာ ကိုယ့်ဘာသာဝယ်စီးရပါတယ်။ နောက်နှစ်မှာ နိုင်ငံတော်က တစ်ဝက်ကျခံခဲ့ပါတယ်။ ရွာတွေမှာ အစားအသောက် ရှားပါတယ်။ သားကျင်မှာဆိုရင် ဆန်အစား လူးတို့၊ ဆတ်တို့တောင် ကျွန်တော်တို့စားရပါတယ်။ ငရုတ်သီးထောင်းနဲ့၊ မြေပဲဆန်လောက်နဲ့ ထမင်းစားရပေမယ့် ကျွန်တော်တို့ပျော်ပါတယ်။ ကျောက်ပန်းတောင်းမြို့နယ် အိုင်လျားတောင်ကျေးရွာမှာတော့ ထန်းတက်တဲ့ တောင်သူများပါတယ်။ ကျွန်တော်တို့ လုပ်အားပေး တက္ကသိုလ်ကျောင်းသားတွေ မြူအိုးကောက်တာ၊ ထန်းရည်ကျိုတာ ဝိုင်းလုပ်ပြီး တောသူ တောင်သား တွေနဲ့တစ်သားတည်းနေခဲ့ကြလို့ ရွာသားတွေလည်း ကျွန်တော်တို့အပေါ် သံယောဇဉ်ရှိကြပါတယ်”

ညဘက်ကျမှ ရွာပြန်ပြီး စာသင်ကြ

“၁၉၇၂ ခုနှစ် နွေမှာတော့ ကျွန်တော်တက္ကသိုလ်လူရည်ချွန် အရွေးခံရလို့ လုပ်အားပေးမသွားဖြစ်ပါဘူး။ ၁၉၇၃ ခုနှစ် နွေမှာတော့ ကျိုက်လတ်မှာ သန်းခေါင်စာရင်းကောက်ရပြီး ၁၉၇၄ ခုနှစ် နွေမှာတော့ ဟဲဟိုးမြို့နယ်ခွဲ မြောက်မြေခြားရွာမှာ လုပ်အားပေးတာဝန်ကျပါတယ်။ ပအိုဝ်းတိုင်းရင်းသားတွေနေတဲ့ တောင်ပေါ်ရွာပါ။ အဲဒီမှာ ဆန်နီနီကြီးစားရပါတယ်။ ရွာကတောင်ပေါ်မှာရှိပြီး ရေချိုးရင် ၄၅ မိနစ်လောက် တောင်အောက်ဆင်းရပါတယ်။ ပြန်တက်ရင် တစ်နာရီခွဲ လောက်တက်ရတာကြောင့် အဲဒီကလူတွေ ငါးရက်/တစ်ပတ်မှ တစ်ခါပဲ ရေချိုးကြပါတယ်။ ကျွန်တော်တို့ မျက်နှာသစ်ဖို့ရေကို ဝါးကျည် တောက်နဲ့သယ်ပေးပါတယ်။ ကျွန်‌တော်တို့ မျက်နှာသစ်၊ ခြေ၊ လက် ဆေးရင် နွားစားကျင်းထဲကို ဆေးချပြီး အဲဒီရေကို နွားကိုပြန်တိုက်ရပါတယ်။ ကျွန်တော်တို့လည်း နောက်ပိုင်း ငါးရက်တစ်ဈေး ဟဲဟိုးဆင်း ဈေးဝယ်ရင်း ရေကန်မှာရေချိုးဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ တစ်သားတည်းဖြစ်ခဲ့ကြပါတယ်။ နေ့ခင်းဘက် သူတို့တောင်ယာသွားရင် ကလေးငယ်တွေနဲ့ အလုပ်မလုပ်နိုင်တဲ့ အဘိုးကြီး၊ အဘွားကြီးတွေပဲ အိမ်မှာကျန်ပါတယ်။ ကျွန်တော်တို့လည်း သူတို့နဲ့ တောင်ယာထဲလိုက်ပြီး တောင်ယာအလုပ်လုပ်ပြီး ညဘက်ကျမှ ရွာပြန်ပြီး စာသင်ကြပါတယ်”

“ကျွန်တော့်ကိုယ်တွေ့ကတော့ “အ” သုံးလုံးကျေလုပ်အားပေးတာက စာမတတ်တဲ့ ကိုယ့်နိုင်ငံသား၊ တိုင်းရင်းသူ တိုင်းရင်းသားတွေကို စာတတ်စေပါတယ်။ ဒါ့အပြင် လူငယ်တွေကို တောသူ တောင်သားတွေရဲ့ဘဝ၊ တိုင်းရင်းသားတွေရဲ့ဘဝကို စာနာနားလည်စေပြီး တိုင်းရင်းသား ရိုးရာဓလေ့ထုံးစံတွေကိုလည်း ချစ်မြတ်နိုးစေပါတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ ပြောင်းလဲသွားတာ အစ်ကိုကြီးအမြင်ပါပဲ”

“အေး...ထားပါတော့ကွာ။ ဒါက မင်းတို့တုန်းက “အ” သုံးလုံး လုပ်အားပေးအကြောင်း၊ အခု “အ” သုံးလုံးလုပ်တဲ့ အခြေအနေကိုလည်း မင်းသိသလောက်ပြောပြစမ်းပါဦး။ နောက်ပြီး “အ” သုံးလုံး လုပ်အား ပေးမလုပ်တာကြာပြီ။ အခုမှ ဘာ့ကြောင့်လုပ်တယ်ဆိုတာ မင်းသိထား သလောက်ရှင်းပြပါဦး”

အစ်ကိုကြီးက သူသိချင်တာကို လိမ္မာပါးနပ်စွာ မေးလာခြင်းဖြစ်သည်။

“ဒါကတော့ အစ်ကိုကြီးရယ် စောစောက ကျွန်တော်တို့ပြောခဲ့ သလိုပါပဲ။ လူတွေက စာမတတ်တော့ ဗဟုသုတမရှိဘူး။ အတွေးအမြင်မမှန်ဘူး။ အပြောကောင်းရင် အပြောကောင်းတဲ့လူနောက်ကို ပါသွားတတ်သလို စဉ်းစားဝေဖန်၊ ဆင်ခြင်သုံးသပ်ကြတာမရှိဘူး။ အဲဒီတော့ တလွဲတွေလုပ်တတ်ကြတယ်။ အမှားအမှန် မခွဲခြားတတ်ဘူး။ ကိုယ့်တိုင်းပြည်သမိုင်းကြောင်းကို မသိဘူး။ လွတ်လပ်ရေးကို တန်ဖိုးမထားတတ်ဘူး။ အဲ...ပြီးတော့ အခြေခံစီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို ပညာမတတ်တော့ နည်းပညာမလေ့လာဘူး။ နည်းပညာမပါတော့ အကျိုးအမြတ်မရှိဘူး။ ဒီတော့ ငွေရလွယ်တဲ့အလုပ်တွေကို လုပ်လာကြတယ်။ ကောင်းရောင်း၊ ကောင်းဝယ်မလုပ်ကြတော့ဘူး”

“အ”သုံးလုံးကျေသင်တန်းတွေ ဖွင့်လှစ်ဖို့လမ်းညွှန်ခဲ့

“ဒါကို တွေးမြင်မိတဲ့ နိုင်ငံတော်အကြီးအကဲက ကိုယ့်နိုင်ငံသားတွေ၊ ကိုယ့်တိုင်းရင်းသားတွေ အဓိကအခြေခံဖြစ်တဲ့ စာတတ်မြောက်ဖို့ လုပ်အားပေးဖို့လိုတယ်ဆိုတာကို တွေးမိတယ်။ ဒါ့ကြောင့် စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ရေး၊ စာအုပ်နဲ့ အလှူငွေပေးအပ်ပွဲအခမ်းအနားမှာ နိုင်ငံတော်ဝန်ကြီးချုပ်က အသက်အရွယ်အလိုက် စာမတတ်တဲ့သူ စာရင်းတွေထောက်ပြတယ်။ ပြီးတော့ စာတတ်မြောက်ဖို့ ပညာရေးဝန်ကြီးဌာနကို “အ” သုံးလုံးကျေသင်တန်းတွေ ဖွင့်လှစ်ဖို့လမ်းညွှန်ခဲ့ တာပဲ။ ဒါ့ကြောင့် ဒီနှစ်နွေမှာ “အ” သုံးလုံးသင်တန်းတွေ စပြီးဖွင့်လှစ်ခဲ့ တာပါပဲ”

 “ဒို့တစ်နိုင်ငံလုံးမှာရော ဖွင့်နိုင်လို့လား၊ သင်တန်းကာလက ဘယ်လောက်လဲ၊ သင်တန်းသားရော ဘယ်လောက်ရှိလဲ”

အစ်ကိုကြီး၏ မေးခွန်းများက အသေးစိတ်လှသည်။

“တစ်နိုင်ငံလုံးမှာ ဖွင့်လှစ်ဖို့လျာထားပေမယ့် လုံခြုံရေးတာဝန်မခံနိုင်တဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာတော့ သင်တန်းမဖွင့်နိုင်ဘူး။

နေပြည်တော်အပါအဝင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှာ သင်တန်းတွေ ဖွင့်နေပါတယ်။ သင်တန်းကာလက ၂ဝ၂၄ ခုနှစ် ဧပြီ ၆ ရက်ကနေ မေ ၁၅ ရက် အထိ ရက်ပေါင်း ၄ဝ ဖြစ်ပြီး တစ်ရက်ကို စာသင်ကြားချိန် သုံးနာရီ သတ်မှတ်ထားပါတယ်”

“အေး ဟုတ်ပါပြီ။ မင်းတို့ အစိုးရပိုင်း၊ ဌာနဆိုင်ရာပိုင်းက ဖွင့်လှစ်ပေးတာတော့ဟုတ်ပါပြီ။ ပြည်သူတွေအပိုင်းကရော စိတ်ဝင်စားရဲ့လား၊ သင်တန်းတက်တဲ့သူရော ရှိရဲ့လား”

အစ်ကိုကြီး၏ အမေးက အဓိပ္ပာယ်များစွာ ကျယ်ဝန်းလှသည်။

“ရှိတာပေါ့ အစ်ကိုကြီးရ။ အစ်ကိုကြီးလည်း သတင်းစာတွေ၊ ရုပ်မြင်သံကြားသတင်းတွေမှာ တွေ့နေရတာပဲလေ။ ပညာရေးဝန်ကြီး ဌာနကို ၂၉-၃-၂ဝ၂၄ ရက်နေ့အထိ တင်ပြလာတဲ့စာရင်းက ၆၇၅၅၃ ဦးရှိတယ်။ အခုလက်ရှိစာသင်သားဦးရေက ၇ဝ၄၉၈ ဦးရှိတယ်။ မူလက စာရင်းပေးတာထက်တောင် ပိုပြီးများလာတယ်”

“အေး ကောင်းတာပေါ့ကွာ။ စာသင်သားတွေက ကိုယ့်စာအုပ် ကိုယ်ဝယ်ရလား၊ သင်တန်းတက်ရင် ပိုက်ဆံဘယ်လောက်ကုန်မှာလဲ”။

“မကုန်ပါဘူး အစ်ကိုကြီးရယ်၊ ပညာရေးဝန်ကြီးဌာနက စာသင် သားတွေအတွက် သင်ကြားစာအုပ် နှစ်အုပ်၊ ဗလာစာအုပ်နဲ့ ခဲတံ၊ ပေတံတွေကို အခမဲ့ပေးပါတယ်။ စာသင်ခန်းတွေအတွက်လည်း ကျောက်သင်ပုန်းတို့၊ မြေဖြူတို့၊ ဘောဖျက်တို့ပါ တစ်ပါတည်း စီစဉ်ပေးပါတယ်”

“အေးကွာ အဲဒီလိုဆိုတော့လည်း ဒို့အစိုးရက ဒို့ပြည်သူတွေအတွက် လိုလေသေးမရှိအောင် စီစဉ်ပေးထားတော့လည်း ဝမ်းသာကြည်နူးစရာပါ။ ဒါနဲ့ ငါတစ်ခုသွားပြီးတွေးမိတယ်။ မင်းတို့ ငါတို့ငယ်ငယ်တုန်းက ကျောင်းဖွင့်ချိန်နီးရင် မိဘတွေအတော်လေး ဒုက္ခရောက်ကြတယ်။ ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ စာအုပ်ဖိုး၊ ကျောင်းဝတ်စုံဖိုးနဲ့ အတော်လေး ဦးနှောက်ခြောက်ရတယ်။ အခုခေတ်မှာတော့ ကျောင်းဝင်ကြေးတွေ၊ ကျောင်းလခတွေ နိုင်ငံတော်ကကျခံပေးတော့ ကျောင်းသားမိဘတွေ ဘာမှပူစရာမလိုတော့ဘူး။ စိတ်မဆင်းရဲရတော့ ဘူးပေါ့ကွာ”

အစ်ကိုကြီး၏ မျက်နှာက ဝမ်းသာကြည်နူးမှုဖြင့် အပြုံးရိပ်လွှမ်းနေသည်။

“ဒါနဲ့နေပါဦးကွ ကိုအောင်ရ။ အခု လူတွေ “အ” သုံးလုံးကျေသင်တန်းတွေပေးတာတော့ ဟုတ်ပါပြီ၊ ရက် ၄ဝ ပြည့်လို့ စာတတ်ပြီ ဆိုပါစို့ကွာ။ စာဆိုတာက သင်ရင်တော့ တတ်တာပေါ့ကွာ။ ဒါပေမယ့် အဲဒီတတ်ထားတဲ့စာက ပြန်မဖတ်ရင်၊ ကြာရင် မေ့သွားမယ်လေကွာ။ အဲဒီအတွက်ရော‌ ဒို့အစိုးရက ဘယ်လိုစီစဉ်ထားသလဲ”

စာပေအသိပညာတွေက တိုင်းပြည်အတွက် အများကြီးအကျိုးရှိ

“အော် အစ်ကိုကြီးကလည်း စပြီးပြောတာကိုက တစ်နိုင်ငံလုံးမှာရှိတဲ့ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ စာအုပ်နဲ့ အလှူငွေပေးအပ်ပွဲအခမ်းအနားလုပ်တာလေ။ ဒီအခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်ပြီး လှူဒါန်းခဲ့တာ၊ စည်းရုံးခဲ့တာ၊ ဧပြီ ၃ ရက်နဲ့ ၁ဝ ရက်မှာလုပ်ခဲ့တာ။ ၁ဝ ရက်နေ့ကလုပ်ခဲ့တဲ့ အခမ်းအနားမှာ နိုင်ငံတော်ဝန်ကြီးချုပ်က ကျွန်တော်တို့နိုင်ငံမှာ မြို့နယ် ၃၃ဝ၊ မြို့ပေါင်း ၄၇၁ မြို့၊ ရပ်ကွက် ၃၄၈၅ ခု၊ ကျေးရွာအုပ်စု ၂၃၉၁ဝ နဲ့ ကျေးရွာ ပေါင်း ၆၃၂၁ဝ ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဖွင့်တဲ့ ခရိုင်နဲ့မြို့နယ်အဆင့် စာကြည့်တိုက် ၄၁ဝ ရှိပြီး လူပုဂ္ဂိုလ်နဲ့ ရပ်ရွာပြည်သူလူထုရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက် ၃၅ဝဝ ကျော်သာ ရှိသေးတာမို့ စာကြည့်တိုက်တွေ တိုးတက်ဖွင့်လှစ်ဖို့အတွက် အခုလို စာအုပ်နဲ့ အလှူငွေတွေ ပေးအပ်လှူဒါန်းတဲ့ စာပေအသိပညာလှူဒါန်းပွဲတွေက တိုင်းပြည်အတွက် အများကြီးအကျိုးရှိတယ်လို့ ပြောသွားတယ်လေ အစ်ကိုကြီးရဲ့”

“အေးဟုတ်ပါပြီကွာ။ မင်းပြောတဲ့ လှူဒါန်းပွဲမှာရော အဲဒီနေ့က တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ လှူဒါန်းပွဲတွေမှာ လှူတာအပါအဝင် အဲဒီနေ့ တစ်နေ့တည်းမှာကို စုစုပေါင်းအလှူငွေကျပ် ၉၈၅၃၆၅၄၅ဝ နဲ့ သုတ၊ ရသစာစောင် ၇၉၂၁၁ အုပ် ရရှိခဲ့တယ်လို့ စာရင်းမှတ်တမ်းတွေအရ သိရတယ်ကွာ။ တကယ့်ကို ဝမ်းသာကြည်နူးအားရစရာပဲ။ အဲဒီနေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားခဲ့တဲ့စကားတွေထဲမှာ ဒို့တစ်တွေ အလေးအနက် ထားရမှာကတော့...

“ရေအသက် တစ်မနက်”

“ထမင်းအသက် ခုနစ်ရက်”

“စာပေအသက် ဘဝတစ်သက်” ပါ ဆိုတာပါပဲကွာ။ ။