Skip to main content

ကြည်နူးဖွယ်ရာ လယ်ဝေးမှာ …

မောင်အောင်

သည်တစ်ပတ် ရာသီဥတုက သိသိသာသာ ပူလာသည်။ လေအေးပေးစက် ဖွင့်မထားလျှင် ရုံးခန်းအတွင်းတွင်ပင် ၃၈ ဒီဂရီစင်တီဂရိတ်ခန့် ရှိနေသည်။ လေအေးပေးစက်မကြိုက်သည့် ဘကြီးအောင်ပင်လျှင် လေအေးပေးစက်မပိတ်ဖြစ်တော့။ သည်ကြားထဲဘဏ္ဍာရေးနှစ်ကုန်အပြီး ဘဏ္ဍာရေးနှစ်စမို့ အစည်းအဝေးတွေက များသည်။ တစ်နေ့လျှင် အနည်းဆုံးတစ်ခုက ပုံမှန်ရှိနေတတ်သည်။ ဘကြီးအောင်ပင်လျှင် ကိုယ်တာဝန်ယူထားရသည့်ကိစ္စရပ်များအတွက် ပြီးပြတ်ရန် အစည်းအဝေးခေါ်ရသည်။ ဆွေးနွေးရသည်။ ဆုံးဖြတ်ရသည်။ သောကြာနေ့သည် ရုံးဝန်ထမ်းများ ရက်သတ္တတစ်ပတ်အတွင်း နောက်ဆုံးရက် ဖြစ်သဖြင့် အလုပ်တွေကို ဖြတ်ရသည်။ ရုံးမှအိမ်သို့ ပြန်သည့်အချိန်တွင် လက်မှနာရီကို ကြည့်လိုက်သည့်အခါ ည ၇ နာရီ ခွဲပြီးနေပြီ။

ဒီနေ့တစ်နေကုန်လည်း ရုံးမှာပင်ပန်းတော့ မနက်ဖြန်ခရီးစဉ် ဖျက်လိုက်ရမလားခင်ဗျာ။ နောက်ပြီးနေကလည်း အတော်ပူတယ်လေ။ ဆေးရုံကဆင်းတာမကြာသေးတော့

ဘကြီးအောင်၏တပည့်က ပင်ပန်းနွမ်းနယ်နေပုံရသည့် ဘကြီးအောင်ကိုကြည့်၍ ပြောလိုက်ခြင်းဖြစ်သည်။

ရပါတယ်ကွာ။ မနက်ဖြန်ဝေးဝေးမသွားဘဲ လယ်ဝေးလောက်တော့ သွားတာပေါ့

ဘကြီးအောင် ပြန်ဖြေလိုက်သည်။ တပည့် ဘာမှထပ်မပြောတော့။ နောက်တစ်နေ့ နံနက် ဘကြီးအောင်တို့အိမ်မှ နံနက် ၇ နာရီသာသာ ထွက်ခဲ့သည်။ အိမ်မှမထွက်ခင် ရေချိုးခဲ့သော်လည်း ချွေးတွေပြန်ပြီးထွက်လာသည်။ ရာသီဥတုက မိုးလင်းခါစမှာပင် အပူကစလာပြီ။

ဘကြီးအောင်တို့အဖွဲ့ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ရောက်တော့ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့က အသင့်စောင့်ကြိုနေသည်။

ကျွန်တော့်ရုံးခန်းထဲ ခဏနားပါဦးခင်ဗျာ

ကောင်စီဥက္ကဋ္ဌက သူ့ရုံးခန်းတွင် ဘကြီးအောင်တို့အဖွဲ့အား ကောက်ညှင်းပေါင်း၊ အကြော်နှင့်ရေနွေးကြမ်းတို့ဖြင့် ဧည့်ခံသည်။

ဘာတုန်း၊ ခင်ဗျားအဖွဲ့တွေ လူမစုံသေးလို့လား

မဟုတ်ပါဘူးခင်ဗျာ၊ လူစုံပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ မွေးမြူရေးလုပ်နေ ကြတဲ့လူတွေရော၊ ကျန်တဲ့မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားကြတဲ့ လူလေးငါးဆယ်လောက် တက်ကြပါတယ်။ အဘလာတော့ သူတို့ကလည်း တွေ့ချင်နေကြတာ

အေး အဲဒါဆိုကောင်းတာပေါ့။ စလိုက် ကြရအောင်။ တွေ့ဆုံပွဲပြီးတော့လည်း ခြံတွေကို လိုက်ကြည့်ချင်သေးတယ်။ သိပ်နောက်ကျရင် နေအတော်ပူနေမယ်

ဘကြီးအောင်တို့ တွေ့ဆုံပွဲလုပ်သည့် အခန်းဘက်သို့ ကူးခဲ့ကြသည်။ မွေးမြူရေးသမားများ နှင့် ဌာနဆိုင်ရာအချို့ စုစုပေါင်း ၅၀ ခန့် တက်ရောက်သည်။

ကျွန်တော်တို့နိုင်ငံကို လက်ရှိတာဝန်ယူနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ အဓိကရည်မှန်းချက်ဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စားရေရိက္ခာဖူလုံရေးပဲဖြစ်ပါတယ်။ နိုင်ငံ့စီးပွားရေး နဲ့ပတ်သက်ရင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိက ထားပါတယ်။ ဒီအတွက်ကြောင့် နိုင်ငံတော်အစိုးရရဲ့ ဦးတည်ချက် (၉) ရပ်အနက် စီးပွားရေးဦးတည်ချက်ရဲ့ ပထမအချက်မှာ “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေး နှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များနှင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဆိုတဲ့ အချက်ပါရှိတာပဲဖြစ်ပါ တယ်

ဒါ့ကြောင့် ခေတ်အဆက်ဆက် ဘယ်အစိုးရ လက်ထက်မှာမှ မပေးဘူးတဲ့ မွေးမြူရေးချေးငွေ၊ ထောက်ပံ့ငွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အနေနဲ့ ပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကို မွေးမြူရေးကဏ္ဍအနေနဲ့ နိုင်ငံတော်က ၃၂ ဘီလီယံထုတ်ပေးထားရှိပါတယ်။ အထူးသဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျပ်သန်းပေါင်း ၃၁၇၀ ထုတ်ချေးပေးထားတယ်

နေပြည်တော်ကောင်စီနယ်မြေမှာ လူဦးရေ ၁၀ သိန်းကျော်နေထိုင်ပါတယ်။ ဒါပေမဲ့ကြက်ဥထုတ်လုပ်မှုဟာ တစ်နေ့တစ်သိန်းကျော်သာရှိပါတယ်။ အလားတူပဲ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ ငါး၊ နွားနို့ထုတ်လုပ်မှုဟာလည်း ဒေသတွင်းထုတ်လုပ် နိုင်တာ မလုံလောက်သေးလို့ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကနေ ဝယ်ယူရောင်းချရတာရှိပါတယ်။ ဒါကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ဖို့နဲ့ လက်ရှိမွေးမြူနေတဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ တွေ့ကြုံနေရတဲ့အခက်အခဲရှိရင် ဖြေရှင်းပေးဖို့ ကျွန်တော်တို့အဖွဲ့ လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် တက်ရောက်လာကြတဲ့ မွေးမြူရေး လုပ်ငန်းရှင်တွေ တွေ့ကြုံနေရတဲ့အခက်အခဲရှိရင် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း တင်ပြကြပါလို့ ပြောကြားချင်ပါတယ်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ရန် စီစဉ်ဆောင်ရွက်

ဘကြီးအောင်က မိမိတို့အဖွဲ့၏လာရင်း ရည်ရွယ်ချက်ကို ရှင်းပြလိုက်ခြင်းဖြစ်သည်။ ပြီးနောက် နေပြည်တော်ကောင်စီနယ်မြေ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှူးက နေပြည်တော်ကောင်စီ ခြောက်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းရှင် ၆၆ ဦးကို အသားတိုးဝက် ၆၇ ယူနစ်အတွက် ငွေကျပ် ၂၃၄၅ သန်း၊ ဥစားဘဲ လေးယူနစ်အတွက် ငွေကျပ်သန်း ၆၀၊ အသားစားကြက် ၅၁ ယူနစ်အတွက် ငွေကျပ် ၇၆၅ သန်းဖြစ်၍ စုစုပေါင်းငွေကျပ် ၃၁၇၀ သန်း ချေးထားပေးပြီး ဖြစ်ကြောင်း၊ ဆက်လက်၍ နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်နှင့် သိုး/ ဆိတ်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြ ပါသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က နေပြည်တော်ကောင်စီ နယ်မြေအတွင်း အသားကဏ္ဍထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေးအတွက်တိုးချဲ့မွေးမြူစေလိုကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်နည်းပညာနှင့် ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို ကူညီ‌ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မည်ဆိုလျှင် နည်းပညာ၊ တိရစ္ဆာန်မျိုးနှင့် အစာကို ဝယ်ယူလိုသည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နိုင်ငံတော်အကြီးအကဲကိုယ်တိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်သည့်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အတူ မိမိတို့စိုက်ပျိုးရေးနှင့် မွေးမြူရေးညွှန်ကြားရေး မှူးချုပ်တို့ကိုပါ ရင်းရင်းနှီးနှီး ခေါ်ယူတွေ့ဆုံပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ ၎င်းအစည်းအဝေး တွင် မွေးမြူရေး ဒုတိယဝန်ကြီးက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နှစ်ချင်းချေးငွေအပြင် နှစ်လတ်၊ နှစ်ရှည်ချေးငွေများပေး၍ နို့စားနွား၊ အသားစားနွား၊ သိုး/ ဆိတ်နှင့် ဥစားကြက်မွေးမြူရေးများပါ တိုးတက်အောင်ဆောင်ရွက်လိုကြောင်း တင်ပြခဲ့ရာ နိုင်ငံတော်အကြီးအကဲက ချက်ချင်းပင် ခွင့်ပြုပေးခဲ့ကြောင်း၊ သို့ဖြစ်၍ လိုအပ်သည့်လုပ်ထုံး လုပ်နည်းများရေးဆွဲပြီး နို့စားနွား၊ အသားစားနွား၊ သိုး/ဆိတ်နှင့် ဥစားကြက်မွေးမြူရေးအတွက် ထောက်ပံ့ငွေပေးအပ်ရေး မိမိတို့စီစဉ်လျက်ရှိကြောင်း၊ တိုးချဲ့မွေးမြူလိုသူများ တင်ပြစေလိုကြောင်း ပြောကြားသည်။

 ငါးမွေးမြူရေးတိုးချဲ့ဆောင်ရွက်

ယင်းနောက် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ငါးမွေးမြူရေးတိုးချဲ့ ဆောင်ရွက်ကြရန်၊ ငါးသားပေါက်နှင့် လိုအပ်သည့် နည်းပညာကို ရေဆင်းငါးလုပ်ငန်းစခန်းမှ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးသည် စီးပွားဖြစ်ထွန်းလွယ်သည့် လုပ်ငန်းဖြစ်သဖြင့် တစ်ပိုင် တစ်နိုင်မှသည် စီးပွားဖြစ်မွေးမြူစေလိုကြောင်း၊ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။

ကဲ... ကျွန်တော်တို့အဖွဲ့တွေကချည်း ပြောနေကြတယ်။ ခင်ဗျားတို့ မွေးမြူရေးလုပ်ငန်းရှင်တွေက လည်း တစ်ဦးချင်း နာမည်ပြော၊ မိတ်ဆက်ပြီး လက်ရှိကိုယ်ဘာတိရစ္ဆာန်မွေးထားတယ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက ထောက်ပံ့ကြေး ဘယ်လောက်ယူထားတယ်၊ လက်ရှိအခက်အခဲ ဘာရှိတယ်ဆိုတာ ပြောကြပါဦး

ဘကြီးအောင်က မွေးမြူရေးသမားများကို အလှည့်ပေး၍ မေးလိုက်သည်။

ကျွန်တော့်နာမည် ဦးမျိုးသူရပါ။ ရသေ့တောင်ကပါ။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက အသားစားကြက် လေးယူနစ်နဲ့ ဝက် တစ်ယူနစ် ထောက်ပံ့ငွေယူထားပါတယ်။ လက်ရှိအသားစားကြက် ၁၃၀၀၀ နဲ့ ဝက်ကောင်ရေ ၁၂၀ မွေးထား ပါတယ်။ လောလောဆယ်တော့ ကြက်ဈေးလေး ကလည်းကောင်းတော့ အခက်အခဲမရှိပါဘူး။တစ်ခု တင်ပြချင်တာက ကျွန်တော့်ကြက်ခြံနဲ့ ဝက်ခြံကယာမြေဖြစ်နေတာကြောင့် အခြားနည်းသုံးစွဲခွင့်လေးရချင်ပါတယ်

ကိုမျိုးသူရက သူ့အခက်အခဲကို တင်ပြလာသည်။ ဘကြီးအောင်ကမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌကို လှမ်းပြီးကြည့်လိုက်သည်။

ကိုမျိုးသူရ လျှောက်လွှာတင်လိုက်လေ။ ကျွန်တော် မြို့နယ်ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာန ကို ဆင်းကြည့်ပြီး တင်ခိုင်းပေးပါ့မယ်

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်၍ ရသေ့တောင်မှ မွေးမြူရေးတောင်သူ ကိုမျိုးသူရ ကျေနပ်သွားသည်။

လိုက်ကြည့်မယ်ဆိုရင် ကျွန်တော့်ခြံကြက်တွေထုတ်နေတဲ့အချိန်ပေမယ့် ပြချင်ပါတယ်ဟု ကိုမျိုးသူရက ဖိတ်ခေါ်လိုက်သည်။

ဒီပွဲပြီးရင် တစ်ခါတည်းလိုက်ခဲ့မယ်၊ ခင်ဗျား တို့နဲ့တွေ့ဖို့၊ ခင်ဗျားတို့မွေးထားတာတွေ ကြည့်ချင်လို့လာတာပဲဗျာ။ မကြည့်ဘဲဘယ်နေပါ့မလဲ

ဘကြီးအောင်က ပြုံးပြုံးရွှင်ရွှင် ပြန်ဖြေလိုက် သည်။

ကျွန်တော့်နာမည် ဟိန်းထက်ကျော်ပါ။ ရှားချောင်းကပါ။ ဝက် နှစ်ယူနစ် မွေးထားပါတယ်။ ကျွန်တော်တို့ ဝက်စမွေးဖို့၊ ဝက်သား‌ပေါက်တွေ သယ်တဲ့အခါမှာရော၊ ဝက်ရောင်းဖို့ အသားတိုးဝက် တွေသယ်တဲ့အခါမှာပါ လမ်းမှာစစ်တာ ဆေးတာ တွေရှိသလို၊ ဂိတ်ကြေးလေး၊ ဘာလေးပေးရတဲ့ အခါရှိပါတယ်။ သိပ်ပြီးမများပေမယ့် အချိန် ကြန့်ကြာတော့၊ ဝက်တွေ လမ်းမှာ ဒုက္ခရောက်ပါ တယ်။ အဲဒီကိစ္စလေးဖြေရှင်းပေးစေချင်ပါတယ်

ကိုဟိန်းထက်ကျော်၏တင်ပြချက်က ဝက်နှင့် နွားမွေးမြူသူအများစု ကြုံတွေ့နေရသည့် အခက် အခဲဖြစ်ကြောင်း ဘကြီးအောင် သဘောပေါက်သည်။ သို့ဖြစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်ကို ဘကြီးအောင် မေးဆတ်၍ ဖြေရှင်းခိုင်း လိုက်သည်။

တိရစ္ဆာန်တွေ အထူးသဖြင့်နွားနဲ့ဝက် တစ်မြို့နယ်ကနေ တစ်မြို့နယ်ကို သယ်ချင်တယ်ဆိုရင် တိရစ္ဆာန်ကူးစက်ရောဂါကင်းရှင်းကြောင်းနဲ့ ကျန်းမာကြောင်းလက်မှတ်၊ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ယူရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်ကောင်စီနယ်မြေကို ခွာနာလျှာနာကင်းရှင်းရေးဇုန်အဖြစ် ကျွန်တော်တို့မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဆောင်ရွက်နေပါတယ်။ ဒါကလည်း တရုတ်နိုင်ငံနဲ့ ကျွဲ၊ နွားကုန်သွယ်မှု လုပ်တဲ့အခါမှာ ခွာနာလျှာနာကင်းဖို့လိုလို့ပါ။ အဲဒါကြောင့် ဂိတ်တွေမှာ တိရစ္ဆာန်တွေ စစ်ဆေးတာပါ။ သယ်ချင်တယ်ဆိုရင် တစ်ရက်ကြိုပြီး အကြောင်း ကြားရင် ကျွန်တော်တို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဝန်ထမ်းတွေလာပြီး စစ်ဆေးပေးလို့ရပါတယ်။ အဲဒါဆို အချိန်မကုန်ပါဘူး

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ရှင်းပြအပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌကို ဘကြီးအောင်လှမ်းပြီးကြည့်လိုက် သည်။

ဂိတ်တွေမှာ ပေးရတဲ့ကိစ္စမဖြစ်အောင် ကျွန်တော်တို့ကြပ်မတ်ပါ့မယ်

ကဲ... ကျေနပ်ပြီလား ဟူသောအကြည့်ဖြင့် ဘကြီးအောင်က ဟိန်းထက်ကျော်ကို ကြည့်လိုက် သည်။

ကျွန်တော့်ကိစ္စ အရေးကြီးပါတယ်။ ကျွန်တော့်နာမည် လှမျိုးဝင်းပါ၊ အေလာကပါ။ ကျွန်တော် ဝက်တစ်ယူနစ်ယူပါတယ်။ မွေးပါတယ်။ ပြီးခဲ့တဲ့လက နေသိပ်ပြီးပူချိန်မှာ ရောဂါဝင်ပြီး ဝက်ကောင်ရေ တစ်ဝက်လောက် ဆုံးရှုံးသွားပါ တယ်။ အဲဒါကြောင့် ငွေပြန်ဆပ်ရမယ့်အချိန်မှာ ပြန်ဆပ်ဖို့ခက်ပါတယ်။ အဲဒါဆပ်ရမယ့်ရက် တိုးပေး ဖို့ တောင်းဆိုချင်ပါတယ်

ဘကြီးအောင်က လှမျိုးဝင်းကို လှမ်းပြီးကြည့် လိုက်သည်။ အမှန်တကယ် အခက်အခဲရှိပုံရသည်။

အဲဒီကိစ္စကတော့ နိုင်ငံ့စီးပွားမြှင့်တင်ရေး မြို့နယ်ကြီးကြပ်ရေးအဖွဲ့ကို တင်ပြဖို့လိုပါမယ်။ အဲဒီကြီးကြပ်ရေးအဖွဲ့က လိုအပ်သလို စဉ်းစားပြီး ဆောင်ရွက်ပေးပါလိမ့်မယ်။ မွေးမြူရေးလုပ်ငန်း ဟာ သက်ရှိသတ္တဝါမွေးတာဖြစ်တဲ့အတွက် ဂရုစိုက် ဖို့လိုတယ်။ မပြတ်ကြပ်မတ်ဖို့လိုပါတယ်။ ဒီကြားထဲ အစာဈေးကြီးတာ၊ ရောင်းတဲ့အခါ ရောင်းမထွက်တာ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် မွေးမြူရေးလုပ်တဲ့ သူဟာ ချင့်ချိန်စဉ်းစားဆောင်ရွက်ရင် အကျိုးအမြတ် ရမှာဖြစ်ပါတယ်။ ကဲ နေသိပ်ပြီး ပူမလာခင်ခြံတွေကို လိုက်ပြီးကြည့်ပါဦးမယ်။ တက်ရောက်ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်

ဘကြီးအောင်နှင့်အဖွဲ့ မွေးမြူရေးလုပ်ငန်းရှင် များအား ရင်းနှီးစွာနှုတ်ဆက်၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ရုံးမှ ထွက်ခဲ့သည်။ ပြောင်ခေါင်းကြီး မွေးမြူရေးဇုန်သို့ သွားသည့်လမ်း သာယာစုကျေးရွာ အုပ်စု ကန်စွန်းခင်းရွာရှိ ဦးမြင့်ထူး ကြက်မွေးမြူ ရေးခြံသို့ လာခဲ့ကြသည်။ ဦးမြင့်ထူးက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေ နှစ်ယူနစ်ယူထားသည်။ လက်ရှိအသားတိုးကြက် ၇၀၀၀ ခန့် မွေးထားပါသည်။ လူက ဝဝဖိုင့်ဖိုင့်၊ ချွေးသံ တလုံးလုံးဖြင့် ရှင်းပြနေသည်။

ခင်ဗျား နှစ်ယူနစ်ယူထားတာ ကြက် ၆ဝဝဝ မွေးရင်ရရဲ့သားနဲ့ ဘာဖြစ်လို့ ၇၀၀၀ မွေးထားတာ လဲ

ဈေးရလို့၊ ကိုက်လို့ပေါ့ခင်ဗျာ

ဘကြီးအောင်ရဲ့အမေးကို ဦးမြင့်ထူးက ပြုံးပြုံးကြီးပြန်ဖြေလိုက်သည်။ သူ့အဖြေကြောင့် ဘကြီးအောင်ပြုံးမိသည်။

ဦးမြင့်ထူး ကြက်ခြံက အမြင့်ဖြစ်၍ လှေကားမှ တက်လိုက်ကြသည်။ ကြက်များ ၂၅ ရက်သားရနေ ပြီ။ ကျန်းမာသန်စွမ်းကြသည်။

ရောဂါဘယ ဖြစ်တာရောရှိလား

မရှိပါဘူး။ အားလုံးကျန်းမာပါတယ်ဟု ဦးမြင့်ထူးက ပြန်ဖြေသည်။

အေးအရေးကြီးတာက လူစိမ်းမဝင်ဖို့ပဲ။ အထူးသဖြင့်တိရစ္ဆာန်ဆေးကုဆရာဝန်တွေ မဝင်စေနဲ့၊ သူတို့ကဟိုခြံဝင်၊ ဒီခြံဝင်နဲ့ သူတို့ကိုယ်မှာ ရောဂါပိုးတွေပါလာတတ်တယ်

ဘကြီးအောင်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်မှူး၊ မြို့နယ်မှူးများကိုကြည့်၍ ပြောလိုက်သည်။ တပည့်များက စိတ်မဆိုး။ ဇီဝ လုံခြုံမှုနားလည်ကြသူများဖြစ်၍ ခပ်ပြုံးပြုံးသာ။

ကန်စွန်းခင်းကပြီးတော့ ရသေ့တောင်က ကိုမျိုးသူရခြံသို့ သွားကြည့်ဖြစ်သည်။ အလုံပိတ်စနစ်ဖြင့် အသားတိုးကြက် ၆၀၀၀ မွေးထားသည်။ ကြက်သက် ၄၂ ရက်ဖြစ်ပြီး ဈေးထုတ်ချိန် ဖြစ်၍ ကြက်များက ကြီးထွားလှသည်။ တစ်ကောင်လျှင် ၁ ပိဿာ ၇ဝ၊ ၁ ပိဿာ ၈ဝ ကျပ်သားခန့် ရှိသည်။

ကဲ ကိုမျိုးသူရ အခုချိန်ဆိုရင် အကျိုးအမြတ်ဘယ်လိုရှိမလဲ

အခု ကျွန်တော့်ကြက် ၆၀၀၀ က အချိန် တစ်သောင်းလောက်တော့ရပါမယ်။ အခုရက်မှာခြံဖမ်းဈေး ၆၇၅၀ ဖြစ်တာကြောင့် ဒီတစ်သုတ်က ငွေကျပ်သိန်း ၁ဝဝ ကျော်ကျော်တော့ မြတ်နိုင်ပါတယ်

ကိုမျိုးသူရက ပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။ စောစောကလည်း ဦးမြင့်ထူးခြံသို့ဝင်၍ကြည့်စဉ် ဦးမြင့်ထူးလည်း ပြုံးနေပါသည်။

အပြင်နွေ၏အပူချိန်က ၃၈ ဒီဂရီစင်ဒီဂရိတ် ခန့်ဖြစ်နေ၍ပူလောင်လှပါသည်။ နေပူပူတွင်မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး သူတို့၏အခက်အခဲများကို ဖြေရှင်းပေးရ၍ ဘကြီးအောင်ရင်ထဲတွင် ကြည်နူးနှစ်သိမ့်နေမိပါသည်။ ယခုလည်း ဦးမြင့်ထူးနှင့် ကိုမျိုးသူရတို့၏ မွေးမြူရေးခြံများကို စစ်ဆေးကြည့်ရှုပြီးသည့်အခါ သူတို့၏အပြုံးများက ဘကြီးအောင်နှင့်အဖွဲ့၏ရင်ကို ကြည်နူးချမ်းမြေ့စေပါသည်။

သည်အတွက်ကြောင့်လည်း သည်တစ်ပတ်စနေသည် ဘကြီးအောင်နှင့်အဖွဲ့အတွက် “ကြည်နူး ဖွယ်ရာလယ်ဝေးမှာ ဖြစ်ပါတော့သည်။     ။