Skip to main content

အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး

နွေကံ့ကော်(မြို့လှ)

အချိန်ကား ၂၀၁၀ ပြည့်နှစ်ကဖြစ်ပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျွန်တော် ပညာသင်ကြားစဉ်ကဖြစ်၏။ တစ်နေ့သောအချိန်တွင်                

မင်းတို့မြန်မာနိုင်ငံက အမေတွေရော ဘာလုပ်ကြလဲ ဟူသော အမေစကားဖြင့် မြန်မာ နိုင်ငံမှ မိခင်များအကြောင်း မေးမြန်းလာသူကား ကျွန်တော်တို့၏ အတန်းပိုင်ဆရာမ အာရှီမာ့ဘနာ အားလ်မာပင်ဖြစ်သည်။ ကျောင်းသားများက အားလ်မာဟုသာ‌ခေါ်ကြသည်။ ရုတ်တရက် ကျွန်တော်တို့ကြောင်သွားကြသည်။ အမေတွေ ဘာလုပ်ကြသလဲဆိုတော့ အမေကအမေအလုပ် လုပ်သည်ပေါ့။                             

အမေအများစုကတော့ အိမ်မှုကိစ္စတွေပဲ လုပ်ကြရတာပါ၊ အနည်းစုကတော့ နိုင်ငံ့ဝန်ထမ်း တွေပေါ့

ထမင်းချက်၊ ဟင်းချက်၊ ကလေးထိန်းကျောင်း၊ လျှော်လိုက်ဖွပ်လိုက်နှင့် မိသားစုတစ်စုလုံးစာ ဒိုင်ခံလုပ်ရသော မိခင်များ၏ဘဝကို ဆရာမက ကြည်ဖြူနှစ်သက်ပုံမရပေ။ငါတို့နိုင်ငံမှာဆို မင်းတို့မြင်တဲ့အတိုင်းပဲ ကိုယ်စီအလုပ်လုပ်နေကြရတယ်။ ငါဆိုအသက်၅၀ ရှိပြီ။ ငါ့ယောကျ်ားလည်း အလုပ်လုပ်တယ်၊ ငါ့သားကလည်း ဒီကျောင်းမှာပဲ၊ သူတို့အတွက်လည်း ငါ့မှာလုပ်ကိုင်ပေးရတယ်၊ ငါလည်း အလုပ်မပျက်ပါဘူး   

ဆရာမဆိုလိုချင်သည်ကို ကျွန်တော်တို့သဘောပေါက်ပါသည်။ မိခင်သို့တည်းမဟုတ် အမျိုး သမီးအားလုံးကို မီးဖိုချောင်ထဲမှာပဲ ဘဝတစ်သက် တာမနစ်မြုပ်စေလိုခြင်းပါ။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာလည်း ဆရာမလို အမျိုးသမီးဝန်ထမ်းများ မရှိမဟုတ်၊ ရှိကြပါသည်။ အနည်းစုသာဖြစ်ကြသည်။ ကလေးတစ်ဖက်၊ အိမ်ထောင့်တာဝန် တစ်ဖက်ကြောင့် လုပ်ငန်းခွင်တွင် ရေရှည်အဆင် မပြေသောကြောင့် ဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့ကြခြင်းသာဖြစ်ပါသည်။

နယ်ပယ်စုံတွင် ထူးချွန်ထက်မြက်ခဲ့သည့် အမျိုးသမီးများစွာ ပေါ်ထွက်ခဲ့

နိုင်ငံတကာအထူးသဖြင့် အနောက်နိုင်ငံများတွင် အမျိုးသမီးများသည် အမျိုးသားများနည်းတူ ဒိုးတူပေါင်ဖက် အောက်ခြေသိမ်းမှစ၍ အထက်တန်းလွှာထိ လုပ်ငန်းတာဝန်အမျိုးမျိုးကိုထမ်းဆောင်နေကြသော်လည်း အာရှနိုင်ငံများတွင်မူ အနည်းစုဖြစ်သည်။ သို့သော်မြန်မာနိုင်ငံတွင်လည်း နယ်ပယ်စုံတွင် ထူးချွန်ထက်မြက်ခဲ့သည့် အမျိုးသမီးများစွာ ပေါ်ထွက်ခဲ့သည်။ ယနေ့တိုင်ပေါ်ထွက်နေဆဲလည်းဖြစ်သည်။ ဆရာမကမသိ၍ ထိုသို့မေးမြန်းချိန်တွင် ကျွန်တော်တို့ကလည်း ငယ်သေးပြီး ဗဟုသုတနည်းပါး ခဲ့သည့်အတွက် ဆရာမစိတ်ကျေနပ်လောက်သည့် အဖြေမျိုးကိုမပေးနိုင်ခဲ့။ ယနေ့မှာတော့ ထိုစဉ်ကထက် အသိအမြင်ပွင့်ခဲ့ပြီဖြစ်သည့်အတွက် အမျိုးသမီးကဏ္ဍနှင့်ပတ်သက်၍ ဆရာမက မေးမြန်းခဲ့မည်ဆို လျှင် ပို၍ပြည့်စုံစွာဖြေဆိုနိုင်မည်ဟု ယုံကြည်မိပါ သည်။          

မြန်မာနိုင်ငံတွင် ပုဂံခေတ်မှစ၍ မြန်မာအမျိုး သမီးများသည် ဓလေ့ထုံးတမ်းဥပဒေနှင့် မြန်မာ ဓမ္မသတ်များအရ ယောကျ်ားများနှင့် တန်းတူရည်တူလွတ်လပ်မှုနှင့် အခွင့်အရေးများကို ရရှိခဲ့ကြပြီးဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် အမျိုးသမီးများသည် လူဦးရေအများစုဖြစ်သည်ကို တွေ့ရှိရသည့် အတွက် ပိုမိုတိုးတက်ကောင်းမွန်သော ကမ္ဘာကြီး တည်ဆောက်ရာတွင်လည်း အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ မြင့်တက်လာခဲ့ရသည်။ နိုင်ငံဖွံ့ဖြိုးမှုမဟာဗျူဟာတွင် အရေးပါလာသူများလည်းဖြစ်လာ ကြသည်။ မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၈၃ သန်းပိုများသည်ကို တွေ့ရှိခဲ့ရသည်။ အမျိုးသမီးဦးရေက ၅၁ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ပြီး အမျိုးသားဦးရေက ၄၈ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ယခုနှစ်အတွင်း ကောက်ယူမည့် သန်းခေါင်စာရင်းအရ ပြောင်းလဲမှုများရှိနိုင်သည့်တိုင် အမျိုးသမီးဦးရေက ပိုမိုများပြားနေဦးမည်သာ ဖြစ်ပါသည်။

တိုက်ပွဲ၌ ရှမ်းအမျိုးသမီးသုံးဦးပါဝင်

ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ နှစ်ပေါင်းထောင်ချီ ရှည်လျားခဲ့ပြီဖြစ်သည့် သမိုင်းစဉ်တစ်လျှောက်တွင် မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူရည်တူ အခွင့်အရေးမျှမျှတတ ရရှိခဲ့ကြသည် သာမကမိမိတို့မိသားစုအကျိုးမှသည် နိုင်ငံတော်၏ လူမှုစီးပွားအကျိုးအတွက်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ပေသည်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ တွင်သာမကနိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်း မှုတွင်လည်း သူရသတ္တိပြည့်ဝစွာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသည့် သာဓကများရှိခဲ့ပါသည်။ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲအတွင်း ဖြစ်ပွားခဲ့သည့် ဝက်ထီးကန်တိုက်ပွဲတွင် ရှမ်း-မြန်မာတပ်ဖွဲ့ဖြင့် နယ်ချဲ့တို့အား တိုက်ထုတ်ခဲ့ကြပါသည်။ အဆိုပါတိုက်ပွဲ၌ ရှမ်းအမျိုးသမီးသုံးဦးပါဝင်ခဲ့ပြီး တစ်ဦးကျဆုံးခဲ့သည်။ အဆိုပါ ရှမ်းအမျိုးသမီးသုံးဦး၏ စွမ်းဆောင်ချက်များနှင့်ပတ်သက်ပြီး ဗြိတိသျှမေဂျာ စနော့ဒ် ဂရတ်စ်က‌ အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့၏-

ဤစစ်သည်တော်များကို ကွပ်ကဲလာသူတို့တွင် စော်ဘွားများ၊ မင်းသားများသာမက အမျိုး သမီး သုံးဦးလည်းပါဝင်လေသည်။ အမျိုးသမီးသုံးဦးစလုံးမှာ သေနတ်ပြီးသူများဖြစ်ကြသည်ဟု ဆိုသည်။ အမျိုးသမီးလူစွမ်းကောင်းများသည် စစ်ဝတ်တန်ဆာများကိုဆင်ကာ မြင်းများကို ရဲရဲ ဝံ့ဝံ့စီးနင်းရင်း စစ်သည်တော်များအား အားပေးစကားများပြောကြသည် ဟူ၍ဖြစ်၏။ မြန်မာ အမျိုးသမီးများ၏စွမ်းရည်များနှင့် လူ့ဘောင်လောက အကျိုးစီးပွား ဆောင်ရွက်ခဲ့မှုများကို ဖော်ထုတ်ရလျှင် မြန်မာ့သမိုင်းမှ တစ်ဦးတည်းသောဘုရင်မကြီးဖြစ်သည့် ရှင်စောပုကို ချန်လှပ်ခဲ့၍ မရပါချေ။

အာဇာနည်အမျိုးသမီးကောင်းတစ်ဦးအဖြစ် သမိုင်းမှတ်တမ်း အထင်အရှားရှိခဲ့သော ဘုရင်မကြီး ရှင်စောပုသည် နောင်လာနောက်သားများအတွက် သင်ခန်းစာများပေးခဲ့သည်။ ပထမသင်ခန်းစာအနေဖြင့် နိုင်ငံကိုခေါင်းဆောင်မည့်သူသည် သတိ၊ ဉာဏ်အမြော်အမြင်ကြီးမားရမည်၊ ရဲဝံ့သတ္တိရှိရမည်။ ဒုတိယသင်ခန်းစာမှာ မိမိမရှိတော့သည့်နောက်ပိုင်းတွင် နိုင်ငံကိုခေါင်းဆောင်နိုင်ရန် လူတော်လူကောင်း ကိုရွေးချယ်တတ်ရမည်။ တတိယသင်ခန်းစာမှာ ခေါင်းဆောင်သည် မိမိအတ္တအကျိုးကို ရှေ့တန်းမတင်ဘဲနိုင်ငံနှင့် လူမျိုးအကျိုးကိုသာ ဦးစားပေးရမည်။ စတုတ္ထသင်ခန်းစာမှာ ဘဝနေဝင်ချိန်တွင် စည်းစိမ်ရာထူးထက် ဗုဒ္ဓအဆုံးအမတရားကိုသာ မွေ့လျော်ရမည်ဟူ၍ သမိုင်းသင်ခန်းစာကောင်း များ ချန်ရစ်ပြသသွားခဲ့သည့် ဘုရင်မကြီးပင်ဖြစ်ပါ သည်။         

ထူးချွန်ထက်မြက်သည့်အမျိုးသမီးများ

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်လည်း ထူးချွန်ထက်မြက်သည့် အမျိုးသမီးပေါင်းများစွာ ပေါ်ထွက်ခဲ့ပေသည်။ ကိုယ်ကျိုးစွန့်လွှတ်ကာ အမျိုး သမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့် မာသာထရီဆာကဲ့သို့ အမျိုးသမီး သူရဲကောင်းအပြင် မဒမ်ကျူရီကဲ့သို့သော အမျိုးသမီး သိပ္ပံပညာရှင်လည်း ပေါ်ထွက်ခဲ့သည်။ ၁၉၀၃ ခုနှစ် တွင် ရေဒီယိုသတ္တုကြွခြင်းသီအိုရီ (Theory of Radioactivity) ကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ပထမဆုံးသော နိုဘယ်ဆုရ ရူပဗေဒပညာရှင်အဖြစ် ရပ်တည်ခဲ့ပါသည်။ ဆေးသိပ္ပံနယ်ပယ်မှ ပေါ်ထွက်ခဲ့သော အမျိုးသမီးသူရဲကောင်းပင်ဖြစ်ပါ၏။

ထိုမှတစ်ဖန် အာကာသသိပ္ပံနယ်ပယ်တွင် ဆိုဗီယက်ပြည်ထောင်စုမှ ဗယ်လင်တီနာ တီရက်ရှ် ကိုဗာသည် ပထမဆုံးအမျိုးသမီး အာကာသယာဉ် မှူးဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်လုံးရှိ အမျိုးသမီးထုကြီးအတွက် အံ့အားသင့်စရာများကိုဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံရေးနယ်ပယ်တွင်လည်း ထင်ရှားသည့်အမျိုးသမီး ခေါင်းဆောင်များ ပေါ်ထွက်ခဲ့သည်ကို သမိုင်းခေတ် ကာလအသီးသီးက သက်သေပြုခဲ့ပါသည်။ ဘုရင်မ ကြီးများ၊ ဝန်ကြီးချုပ်များအဖြစ် တိုင်းပြည်၏ တာဝန် အရပ်ရပ်အား ထမ်းဆောင်ခဲ့ကြသည့်အပြင် မျက်မှောက်ကာလအထိ အမျိုးသမီးသမ္မတများနှင့် ဝန်ကြီးချုပ်များကို မြင်တွေ့ရလျက်ရှိပါသည်။ဤသည်ကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးများသည်အမျိုးသားများကဲ့သို့ အခွင့်အရေးများ ပြည့်ဝစွာရရှိလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပြီး နိုင်ငံများအလိုက်မတူညီသည့် ယဉ်ကျေးမှုပြဋ္ဌာန်းချက်များအရသာ ကွာဟမှုရှိနိုင်ကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

သူ့ဒေသနှင့်သူ ကွဲပြားမှုများရှိနိုင်

မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံအရ ထေရဝါဒဗုဒ္ဓဘာသာအဆုံးအမပေါ်မူတည်သည့် လူမျိုးများ ပီပီ မြန်မာအမျိုးသမီးများသည် ခင်ပွန်းသည်အပေါ် အလေးအမြတ်ဂါရဝတရားထားကြသည်။ ဤနေရာ တွင် လူ့အခွင့်အရေးနှင့် ဂါရဝတရားကို သီးခြားစီ ခွဲခြားနားလည်တတ်ကြဖို့လိုပါသည်။ အနောက်နိုင်ငံများ၏ ဒီမိုကရေစီနှင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီတို့သည် သူ့ဒေသနှင့်သူ ကွဲပြားမှုများရှိနိုင်၏။ မြန်မာ့ယဉ်ကျေးမှုထုံးစံအရ “သားကိုသခင်၊ လင်ကိုဘုရား အဖြစ် အမျိုးသမီးများက ခံယူကျင့်သုံးကြ သည်။ သားနှင့်လင်ကို ဦးစားပေးခြင်းသည် လူ့အခွင့် အရေး ဆုံးရှုံးခြင်းမဟုတ်။ မိမိလူမျိုးဘာသာ၏ ကျိုးနွံနှိမ့်ချမှုပင်ဖြစ်၏။ အမျိုးသမီးများက ထိုသို့ ခံယူကျင့်သုံးကြသကဲ့သို့ အမျိုးသားများကလည်း အမျိုးသမီးများအပေါ် စာနာစိတ်ဖြင့် စောင့်ရှောက် ဖေးမသူများဖြစ်ကြသည်။ ဘာသိဘာသာမနေတတ်ကြ။ လူတစ်ဦးအခက်အခဲဖြစ်လျှင် ကျား/မ မခွဲ ကူညီမှုပြုလိုသည်မှာ မြန်မာတို့၏ အစဉ်အလာပင် ဖြစ်သည်။

အမျိုးသမီးငယ်များ၊ သက်ကြီးရွယ်အိုများဆို လျှင် ပို၍အလေးပေးစောင့်ရှောက်ကြသော လူမျိုး ပင်ဖြစ်ပါသည်။ ရုရှားအမျိုးသမီးကြီးတစ်ယောက် ဈေးပစ္စည်းများနှင့် မနိုင်မနင်းဖြစ်နေသောကြောင့် ကူသယ်ပေးပါမည်ဟု ရိုးသားဖော်ရွေစွာ အပြုံးမျက်နှာဖြင့် ပြောသည်ကိုပင် မလိုလားကြောင်း တုံ့ပြန်ပြောဆိုခဲ့သည့် ဖြစ်စဉ်တစ်ခုနှင့် ရုရှားတွင် ကြုံတွေ့ခဲ့ရပါသည်။ နောက်မှသိရသည်မှာ သူတို့သည် တစ်ဖက်သားအကူအညီ သိပ်မယူတတ်ကြ ခြင်းပင်ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင်မည်သည့် ကျောင်းဆရာ တက္ကသိုလ်ဆရာကိုမဆို နာမည်တပ်မခေါ်ကြ။ “ဆရာ ဆရာမ ဟုသာ နွေးထွေးစွာ သုံးကြသည်။ သူတို့ဆီမှာက အမည်တပ်ခေါ်မှ ယဉ်ကျေးသည်ဟုဆိုသည်။ ဆိုလိုချင်သည်မှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားတတ်သော ယဉ်ကျေးမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တင်ပြလိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိအမျိုးသမီးတို့သည် အိမ်ထောင်မှုတစ်ခုအတွင်း လှောင်ပိတ်နေ သည်၊ ယဉ်ကျေးမှု အဆုံးအမအောက်တွင် လူ့အခွင့် အရေးများ ဆုံးရှုံးနေသည်ဟု အနောက်တိုင်းပေတံ ဖြင့် လှေနံဓားထစ်မှတ်ယူ၍ မရပါချေ။

မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာစောင့်ထိန်းမှုသည် လူ့အခွင့်အရေးအောက်တွင်မရှိဘဲ လူ့အခွင့်အရေးနှင့်အတူရှိသည့် ဂုဏ်သိက္ခာ ကျင့်ဝတ်များပင်ဖြစ်ပါသည်။ အမျိုးသမီးများ၏ အရှိန်အဟုန်မြှင့်တင်ရေးကို နိုင်ငံတစ်ခု၊ အဖွဲ့ အစည်းတစ်ခု၏ စံနှုန်းဖြင့်တိုင်းတာလျက် တောင်းခံ ခြင်းသည် ကျိုးကြောင်းမဆီလျော်ပါချေ။ အမျိုးသမီး အခွင့်အရေးဟုဆိုကာ အစဉ်အလာကောင်းများနှင့် ယဉ်ကျေးမှုများကို ဆန့်ကျင်တွန်းလှန်စေရန် လှုံ့ဆော် မှုပြုခြင်းသည် နိုင်ငံတစ်ခု၏ လူငယ်များကို လမ်းမှားသို့ပို့ဆောင်ပေးနေခြင်းပင်ဖြစ်၏။ မြန်မာ အမျိုးသမီးများသည် ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များကိုသင်ကြားခဲ့ရသူများပီပီ ကိုယ်ကျင့်တရားအလှ ကောင်းမွန်ကြသူများ ဖြစ်သည်။ မိန်းမကောင်းတို့၏ အလေ့အကျင့်စရိုက်များကို v စာမျက်နှာ ၆ မှ

မျိုးဆက်သစ် မိန်းမပျိုလေးများဆီ စီးကူးနိုင်ရေး အစဉ်အဆက် လက်ဆင့်ကမ်းပေးခဲ့ကြသည်။ ယနေ့ ထက်တိုင် ပြောစမှတ်တွင်နေဆဲဖြစ်သည့် အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဘူလ တို့သည် မြန်မာတွင်သာမက ကမ္ဘာအထိစံနမူနာပြုဖွယ် အမျိုးသမီးကောင်းများအဖြစ် ကမ္ပည်းတင်နေဆဲဖြစ်သည်။ သူတို့၏မှတ်တမ်း များအား ကျမ်းဂန်အတ္ထုပ္ပတ္တိများဖြင့် စာဆိုကျော် များကပြုစုခဲ့ကြသည်။ ကမ္ဘာမှာတွေ့ရခဲသော မြန်မာအမျိုးသမီးလေးဦး၏ ကိုယ်ကျင့်သီလဆိုင်ရာ စွမ်းရည်များပင်ဖြစ်ခဲ့ပါသည်။

မြန်မာအမျိုးသမီး ကုမ္မာရီအသင်းကို စတင်ဖွဲ့စည်း

မြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်တွင် မြန်မာအမျိုးသမီးများသည် ပညာရေး၊ လူမှုရေး၊ စီးပွားရေးတို့တွင်သာမက အုပ်ချုပ်ရေးနယ်ပယ် အထိပါဝင်ခဲ့ကြပြီး ဂုဏ်ပြုချီးမြှောက်ခံရခြင်းများ လည်းရှိခဲ့၏။ သို့သော် နယ်ချဲ့ဖက်ဆစ်လက်အောက်သို့ မိမိတို့တိုင်းပြည်ကျရောက်ခဲ့ချိန်မှစကာ အမျိုးသမီးများ၏ အခန်းကဏ္ဍလည်း မှေးမှိန်ခဲ့ရလေသည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် ကာလတစ်လျှောက် ဝက်ထီးကန်တိုက်ပွဲမှရှမ်းအမျိုး သမီးသုံးဦးအပြင် ပုဂံဗိုလ်ချို၏ဇနီး၊ ချင်းပြည်နယ် ထုတ်လိုက်ရွာတိုက်ပွဲတွင် ချင်းတော်လှန်းရေးသမား များနှင့်အတူ ချင်းအမျိုးသမီး ရှစ်ဦးကလည်း အသက်ပေးလှူတိုက်ပွဲဝင်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင်လည်း အမျိုးသားများနှင့်အတူ ဆက်လက်ပါဝင်ကာ နိုင်ငံရေးတိုက်ပွဲများ ဆင်နွှဲခဲ့ကြပြန်သည်။ အမျိုးသမီးများ၏ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ရန် ၁၉၁၉ ခုနှစ်တွင် “မြန်မာအမျိုးသမီး ကုမ္မာရီအသင်း ကို စတင်ဖွဲ့စည်းခဲ့သည်။

ထိုအသင်းကြီးသည် ဂျီစီဘီအေ၏ညွှန်ကြား ချက်နှင့်အညီ လိုက်နာဆောင်ရွက်ခဲ့လေသည်။ မြန်မာအမျိုးသမီးများ လူမျိုးခြားဘာသာခြားနှင့် လက်ထပ်လျှင် ဘာသာကိုထိခိုက်ရုံမျှမက အမွေ ဆက်ခံခွင့်မရှိသဖြင့်လည်း နစ်နာကြောင်း၊ ဗုဒ္ဓဘာသာဝင် အချင်းချင်းလက်ထပ်သင့်ကြောင်းတို့ ဖြင့် ဟောပြောခဲ့ကြသည်။ ကုမ္မာရီအသင်း၏ တောင်းဆိုမှုဖြင့် မီးရထားစီးရာတွင် အမျိုးသမီး သီးသန့်နေရာရရှိခဲ့သည်။ ရန်ကုန်မြို့အနှံ့အပြား ကုမ္မာရီအမျိုးသမီးအသင်းများ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြကာ ဆရာတော်ဦးဥတ္တမ၏ညွှန်ကြားချက်အရ ရွှေတိဂုံဘုရားအင်္ဂါထောင့်ရှိ အင်္ဂလိပ်စစ်သင်္ချိုင်းကို အမျိုးသမီးများကိုယ်တိုင်ဖျက်ရန် ကြံစည်ခဲ့သည်အထိ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွခဲ့ကြသည်။ ၁၉၂၉ ခုနှစ်ကျောင်းသားသပိတ်တွင်လည်း နယ်ချဲ့တို့၏ ပညာရေးစနစ်ကို တွန်းလှန်သည့် အထဲတွင် စိန်မေရီကျောင်း၊ ကြည့်မြင်တိုင် အေဘီအမ်မိန်းကလေးကျောင်းတို့မှ ကျောင်းသူများက လည်း ရဲရဲတောက်ပါဝင်ဆန့်ကျင်ခဲ့ကြသည်။ အမျိုးသမီးအခွင့်အရေးကို ရှေ့တန်းတင်လျက် ဒီမိုကရေစီကိုအကြောင်းပြကာ ဟီရိဩတ္တပ္ပကို ချိုးဖောက်ခဲ့ခြင်းမျိုးမရှိခဲ့ပါချေ။ အထူးသတိပြုရ မည့်အချက်ဖြစ်ပါသည်။

နိုင်ငံတော်ကာကွယ်ရေးအတွက် မြန်မာ့တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများကိုပါ ထမ်းဆောင်စေခဲ့သည်။ ယနေ့အချိန်တွင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းကိုပါ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီဖြစ်၏။ နိုင်ငံတော်နှင့်တပ်မတော်၏သမိုင်းတွင် ရဲစွမ်းသတ္တိဆိုင်ရာ သူရဘွဲ့ကို အမျိုးသမီးထဲမှ ထူးထူးခြားခြားတစ်ဦးသာ ရရှိခဲ့ပါသေးသည်။ ထိုအမျိုးသမီးသည်ကား “ မချစ်ပို ပင်ဖြစ်၏။ “သူရမချစ်ပိုတည်းဟူသော အာဇာနည် ရဲမေသည် သတ္တိအရာတွင်စံတင်ခဲ့ကာ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာစောင့်သိခဲ့သည့် အမျိုးကောင်းသမီးတစ်ဦးအဖြစ် ယနေ့ထက်တိုင် လူသေသော်လည်း နာမည်မသေခဲ့သူဖြစ်ပါသည်။         

မြန်မာအမျိုးသမီးများသည် အားကစားကဏ္ဍဖြင့်လည်း တိုင်းပြည်၏ ဂုဏ်သိက္ခာကိုမြှင့်တင်ပေး ခဲ့ကြပါသေးသည်။ ကမ္ဘာတွင်ထင်ရှားသည့် ဖလောရင့်နိုက်တင်ဂေးလ်ဆုကိုလည်း မြန်မာနိုင်ငံမှ ဗိုလ်မှူး ဒေါ်ခင်အုန်းမြ (၁၉၆၄ ခုနှစ်) နှင့် ဒေါ်အမ်ယောနမ် (၁၉၉၃ ခုနှစ်) တို့က ရရှိခဲ့ကြသည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူစရာပင်ဖြစ်ပါသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှသည် ယနေ့ တိုင်အောင် အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းတွင် ဝန်ကြီးအဆင့် အမျိုးသမီးများလည်း ရှိခဲ့ရှိနေဆဲပင် ဖြစ်၏။ အနုပညာဆိုင်ရာတွင်လည်း ထူးချွန် ထက်မြက်သည့် စာပေပညာရှင်အမျိုးသမီးများစွာပေါ်ထွက်ခဲ့ပါသည်။ ဆရာမကြီး ဂျာနယ်ကျော် မမ လေး၊ စောမုံညင်း၊ မကြန်၊ ခင်ဆွေဦး၊ ခင်ဆွေယု၊ မိုးမိုး(အင်းလျား)၊ မစန္ဒာ စသည့် ဂန္ထဝင်မြောက် စာရေးဆရာမကြီးများပေါ်ထွက်ခဲ့ပြီး တိုင်းကျိုးပြည် ပြု စာပေများစွာဖန်တီးကာ ပြည်သူတို့ကို နား၊ မျက်စိများဖွင့်ပေးခဲ့ကြသည်။               

ရှေးအခါက ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းသော မြန်မာအမျိုးသမီးများ၏ ဂုဏ်သတင်းသည် ယနေ့ခေတ်တိုင် မွှေးရနံ့ထင်ကျန်ဆဲဖြစ်၏။ လေဘာတီမမြရင် အကဖျော်ဖြေရာတွင် ခြေသလုံး မြင်အောင်ကပါက ဆုတော်ငွေချီးမြှင့်မည်ဟု အမျိုးသားတစ်ဦးက တောင်းဆိုခဲ့ဖူးကြောင်း မှတ်သားရသည်။ တစ်နိုင်ငံလုံး၏ အချစ်တော် သဘင်အနုပညာ ရှင်လေဘာတီမမြရင်က ထိုကမ်းလှမ်းမှုကို ငြင်းဆိုကာမြန်မာမှုကိုထိန်းသိမ်းပြသသွားသည်မှာ လေးစားဖွယ်စိတ်ဓာတ်ပင်ဖြစ်ပါသည်။

အုပ်တစ်ချပ်သဲတစ်ပွင့်ပမာ ပါဝင်ခဲ့ကြ

မြန်မာတွင်သာမက ကမ္ဘာပေါ်ရှိအမျိုးသမီးတိုင်းသည် ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်တစ်ခု တည်ဆောက်ရာတွင် အုပ်တစ်ချပ်သဲတစ်ပွင့်ပမာ ပါဝင်ခဲ့ကြသူများဖြစ်သည်ကို သမိုင်းကအထောက် အထားအခိုင်အမာပြလျက်ရှိနေသည်။ ကမ္ဘာတွင် မာသာထရီဇာ ရှိသကဲ့သို့ မြန်မာတွင်လည်း ဘွားဦးဇွန်းရှိခဲ့သည်။ မြန်မာတွင် သူရမချစ်ပို ရှိသကဲ့သို့ ကမ္ဘာတွင်လည်း ပိုလန်နိုင်ငံသူ အိုင်ရင်းဂတ်၊ အိန္ဒိယမှနီဂျားဘာနော့စသည့် အမျိုးသမီးငယ်လေးများပေါ်ထွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့ ဖမ်းဆီးထားသည့်ဂျူးလူမျိုးများအား တောတွင်းစခန်းတစ်နေရာမှ လွတ်မြောက် ရေးကြိုးပမ်းခဲ့သူ အိုင်ရင်းဂတ်မှာ မိမိအသက်ကို ပဓာနမထားဘဲ ကူညီကယ်ဆယ်ပေးခဲ့သူဖြစ်သည်။ လူတစ်ဖက်သားအသက်ပေါင်းများစွာကို စွန့်စားကယ်တင်ခဲ့သည့် ၎င်း၏လုပ်ရပ်အတွက် ၁၉၈၂ ခုနှစ် တွင် အစ္စရေးနိုင်ငံက ထိုအမျိုးသမီးအား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခဲ့သည်။

အိန္ဒိယသူလေး နီဂျားဘာနော့၏ လုပ်ရပ်က လည်း တကယ့် စွန့်စားမှုတစ်ခုပင်။ သူသည် ၁၉၈၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ပါကစ္စတန်နိုင်ငံ ကရာချီလေဆိပ်အကြမ်းဖက်မှု တွင် အသက်စွန့်ခဲ့သူလေးဖြစ်သည်။ အကြမ်းဖက် သမားတို့ကို တတ်နိုင်သမျှလှည့်စားကာ ခရီးသည်များနှင့် လေယာဉ်မှူးများကို ဘေးကင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နောက်ဆုံးကလေးငယ်သုံးဦးကို အသက်ကယ်ပေါက်မှ ဆင်းသက်နိုင်ရေးကြိုးစားစဉ် သေနတ်မှန်ကာ သေဆုံးခဲ့ရခြင်းဖြစ်၏။ ကလေးများ၏အသက်ကိုကယ်ရင်း အကြမ်းဖက်သမားတို့၏ ကျည်များကို ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။ အံ့ဖွယ်အမျိုးသမီးအာဇာနည်များပင်ဖြစ်ပါ၏။

မြန်မာအမျိုးသမီးတို့၏ စွမ်းဆောင်ရည်သည် ကမ္ဘာနှင့်သော်လည်းကောင်း၊ ဒေသတွင်း၌သော်လည်းကောင်း နိမ့်ပါးခြင်းမရှိခဲ့ဘဲ ပခုံးချင်းယှဉ်နိုင်သည့် အနေအထားတွင်ရှိနေပါသည်။ သမိုင်း ကြောင်းအထောက်အထားများက အထင်ရှာဆုံး သက်သေများပင်ဖြစ်ပါ၏။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံအုပ်ချုပ်ရေးမှသည် အနုပညာ အားကစားနယ်ပယ်အသီးသီးအထိ ခြေဆန့်နိုင်ခဲ့ကြသည်။ သို့တိုင်အောင် ယနေ့အချိန်အခါတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်ခွင့်အား လူ့အခွင့် အရေး၏အခြေခံသဘောတရားများဖြင့် ချိန်ထိုးလာ ခဲ့ကြသည်ကို တွေ့ရှိရသည်။

အမျိုးသမီးများ၏အခန်းကဏ္ဍ မြှင့်တင်ဆောင်ရွက်

အများပြည်သူဆိုင်ရာဘဝနှင့် ဆုံးဖြတ်ချက်ချမှုတို့၌ ပါဝင်ဆောင်ရွက်ခွင့်သည် အမျိုးသမီးများ ၏ အခွင့်အရေးဖြစ်သည် ဟု အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘော တူစာချုပ်( Convention on the Elimination of All forms of Discrimination Against Women- CEDAW)၌ ပြဋ္ဌာန်းထားခဲ့ပါသည်။ ယင်းစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် မြန်မာအစိုးရက လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့အနေဖြင့်လည်း မိမိတို့နိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့် ယဉ်ကျေးမှုကို သွေဖည်ခြင်း မရှိဘဲ အမျိုးသမီးများ၏အခန်းကဏ္ဍ မြှင့်တင်ဆောင် ရွက်ပေးလျက်ရှိနေပါသည်။ ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် အီရန်နိုင်ငံသူ နာဂစ်မိုဟမ်မဒီက သတ်မှတ်ခံခဲ့ရပြီး စပိန်အမျိုးသမီး ဘောလုံးအသင်းမှ ဘွန်မာတီက ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအမျိုးသမီးအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

လောကကြီး တည်ငြိမ်အေးချမ်းရေးမှသည် ပျော်ရွှင်ရေးတို့အတွက် ဖျော်ဖြေမှုရသစုံ ဖန်တီး နိုင်စွမ်းရှိသည့် အမျိုးသမီးတို့ထံတွင် ပညာရေး၊ လူမှုရေး၊ စီးပွားရေးတို့သာမက နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍစုံကိုပါ ယခုထက်မက ပိုမိုမျိုးစေ့ချမြှုပ်နှံပေးကြမည်ဆိုပါလျှင် မဝေးတော့သော အနာဂတ်ကာလတစ်ခုတွင် ရှိပြီးသားအရှိန်အဟုန်ထက် ပိုမိုတိုးတက်ကောင်းမွန်သော လူ့ဘောင်သစ် တစ်ခုကို တည်ဆောက်နိုင်လိမ့်မည်မှာ မလွဲဧကန် ပင်ဖြစ်ပါသည်။ ။