Skip to main content

မြန်မာနိုင်ငံ မြန်မာပြည်သူတို့သမိုင်းနှင့် ထက်ကြပ်ပါလာသော မြန်မာ့တပ်မတော်

တက္ကသိုလ်မြတ်သူ

ယနေ့ နိုင်ငံတော်အခြေအနေအရပ်ရပ်ကိုကြည့်လျှင် မဲလိမ်၊ မဲခိုးပြီး အဓမ္မနှင့် နိုင်ငံတော်အာဏာကိုယူတော့မည့် နယ်ချဲ့အကျိုးပြု၊ နယ်ချဲ့လက်ဝေခံ၊ နယ်ချဲ့ရုပ်သေးရုပ်အုပ်စုက ယနေ့မင်းသားကြီး (မင်းသမီးကြီး) မလုပ်ရ၍ ပတ်မကြီးထိုးဖောက်နေကြသည်။ အာဏာမရသည့်အတူ ပြည်ထောင်စုကိုဖြိုခွဲဖျက်ဆီးမည်၊ နိုင်ငံတော်ကြီး နယ်ချဲ့လက်ပြန်ရောက်စေမည်၊ ပြည်ထောင်စုသားများ ကျွန်ပြန်ဖြစ်စေရမည်ဟူသော မသမာစိတ်ထားဖြင့် အကြမ်းဖက်မှု၊ ဆူပူမှု၊ ရဟန်းသံဃာများ၊ ပြည်သူများ၊ ဝန်ထမ်းများအပါအဝင် မြန်မာများကို ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုများ ကျူးလွန်လာကြသည်။ ပြည်ထောင်စုမှခွဲထွက်ရန် ပုန်ကန်သောင်းကျန်းမှုက ပြည်ပနယ်ချဲ့၊ ဘာသာချဲ့၊ လူမျိုးချဲ့အုပ်စုများနှင့်ပေါင်းပြီး အရှိန်မြှင့်တင်လာနေကြပေသည်။

တပ်မတော်က နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားများအားလုံး စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုးလာအောင် နိုင်ငံ့စီးပွားရေးအခြေခံအဆောက်အအုံများ ဇယ်စက်နေသလို နေ့မီး ညမီးထွန်း၍ တည်ဆောက်ပေးနေသည်။

သူပုန်အဖွဲ့ကြီး ရှစ်ဖွဲ့၏ တစ်နိုင်ငံလုံးမှ မြို့များအားလုံးကို သိမ်းပိုက်ထားသည့်အချိန် ရန်ကုန်ခြောက်မိုင်အစိုးရဟု သရော်ခံရသောကာလမှာပင် စစ်ရည်စစ်ရေးနှင့် စည်းကမ်းပြည့်ဝထက်မြက်သော တပ်မတော်က သောင်းကျန်းသူတို့လက်မှ အင်အားတောင့်တင်းပြီး လက်နက်စုံကိုင်ထားနိုင်သော ပြည်သူ့ရန်သူများကို ရန်ပုံခွင်းကာ၊ မြို့ရွာအားလုံးပြန်သိမ်းကာ အာဏာရဖဆပလအစိုးရကို အာဏာသက်ဆက်ပေးနိုင်ခဲ့သည်။ ပြည်ပစစ်သင်္ဘောအုပ်စုပင်ပါလာသော မင်းမဲ့ဝါဒီများ၏ တိုင်းဆူပြည်ဖျက် ရှစ်လေးလုံး အရေးအခင်းကိုလည်း တပ်မတော်က ရပ်တန့်စေခဲ့သည်။

တပ်မတော်နှင့် ပြည်သူများအတူလက်တွဲ

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ကြိုးပမ်းမှုဆောင်ရွက်မှုတိုင်း တပ်မတော်နှင့်အတူ ပြည်သူများအတူလက်တွဲပါဝင်ခဲ့သည် ချည်းဖြစ်သည်။

ပဲခူးရိုးမတစ်ဝိုက်၊ မြစ်ဝကျွန်းပေါ်တစ်ဝိုက် ပြည်ပအထောက်အပံ့ဖြင့် တိုက်ခိုက်သောင်းကျန်းနေသော ဗကပကွန်မြူနစ်သူပုန်များ၊ တိုင်းရင်းသားလက်နက်ကိုင်သူပုန်မျိုးစုံကို တပ်မတော်က ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြင့် ဖြေရှင်းခဲ့သည်။ အချို့နေရာများတွင် ပြည်သူနှင့်တိုင်းရင်းသားပြည်သူများ ပူးပေါင်းလက်တွဲ တိုက်ခိုက်ဖြေရှင်းနိုင်ခဲ့သည်။

ကျွန်တော်မှတ်မိသမျှ သတင်းသမားဘဝဖြင့် မြစ်ဝကျွန်းပေါ် ဖျာပုံဒေသထော်ပိုင်သို့ ပြည်ပြေးများခိုးဝင်လာ၍ ဗိုလ်ချုပ်သန်းတင်နှင့် တပ်ကစစ်ဆင်ဖြိုခွင်းခဲ့ပြီးနောက် လက်နက်ချသော ပြည်ပြေးညိုဝင်းအဖွဲ့ကို တွေ့ဆုံမေးမြန်းရန် ဖိတ်ကြားခံရဖူးသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းသို့ တောခိုလွယ်မော်အဖွဲ့၏ ဘိန်းလုပ်ငန်းလေ့လာရန်လည်း ဖိတ်ကြားခံရဖူးသည်။ ဗိုလ်ချုပ်သန်းတင်၏ ဖြတ်လေးဖြတ် မည်မျှအောင်မြင်သည်ကို ပြောရလျှင် တောထဲမှ ဗကပခေါင်းဆောင်တစ်ယောက်ရိက္ခာပြတ်၍ ငတ်မွတ်ကာ အလင်းဝင်ရန်အလာ တောစပ်မှာပင် အားပြတ်လဲကျသွားသဖြင့် တပ်က ထမ်းစင်နှင့် သွားခေါ်ယူခဲ့ရသည်အထိဖြစ်သည်။

မြစ်ဝကျွန်းပေါ်မှ သိလ္လာခွင်စစ်ဆင်ရေးတွင်လည်း ဒေသခံတိုင်းရင်းသားရွာသားများ၊ လယ်သမားများက ရန်သူဗကပများကို ဝါးထရံစည်းရိုးနှစ်ထပ်ခတ်၊ လင့်စင်များ မနီးမဝေးတစ်စင်ထိုး၊ ကင်းစောင့်၊ လက်ထဲတွင် ရရာလက်နက် တုတ်၊ ဓား၊ ဝါးချွန်၊ လှံ၊ ဒူးလေး စသည်များကိုင်ကာ တပ်မတော်နှင့်အတူ ရန်သူဗကပများ၊ မဒတများကို ဝိုင်းပတ်ပိတ်ဆို့ ဖမ်းဆီးနှိမ်နင်းခဲ့သော သိလ္လာခွင်စစ်ဆင်ရေးသည် ကျော်ကြားလာသည်။

ထို့နောက် ကျုံပျော်၊ ပန်းတနော်၊ ကျောင်းကုန်း၊ အိမ်မဲ လေးမြို့နယ် စုပေါင်း ကရင်-ဗမာ လယ်သမားများ၊ ရွာသားများနှင့် တပ်မတော် လက်တွဲကာ သောင်းကျန်းသူသန်းရှိန်နှင့်အဖွဲ့ကို ဖြိုခွင်းသည့် စစ်ဆင်ရေးကို သတင်းသမားများအား ဖိတ်ခေါ်ပြသရာတွင် (၁၉၆၉ ခုနှစ် နိုဝင်ဘာလ) က ကျွန်တော် (ကြေးမုံ) လိုက်ပါလေ့လာခဲ့သည်။

ဧရာဝတီမြစ်တွင်းရေကြောင်းမှ နှစ်ထပ်သင်္ဘောကြီးသုံးစင်းဖြင့် ပန်းတနော်၊ ကျုံပျော်၊ အိမ်မဲ၊ ကျောင်းကုန်းမြို့နယ်မှ တပ်နှင့်ပြည်သူ ပူးပေါင်းစစ်ဆင်ရေး လေ့လာခဲ့ရသည်။ ထိုမြို့နယ်များသို့ လှည့်လည် ကာ နှစ်ထပ်စည်းရိုးများကာ၊ လင့်စင်များဆောက်၊ ဓား၊ လှံ၊ လေး၊ မြား၊ ဒူးလေး၊ တုတ်များ ကိုင်ဆောင်ပြီး လင့်စင်များပေါ်တွင် ကင်းစောင့်သူ၊ မြေပြင်တွင် ကင်းလှည့်သူ၊ ရန်သူတွေ့လျှင် ဝိုင်းတိုက်ကြပုံ၊ အရှင် ဖမ်းဆီးကြပုံ၊ တပ်မတော်မှ အရာရှိ၊ အကြပ်၊ တပ်သားများလည်း အရပ်ဝတ် (ရွာသားဝတ်စုံ)များ၊ ဝါးခမောက်များ ဆောင်းထားကြသည်။ မြို့နယ်ကာကွယ်ရေးစခန်းတစ်ခုရောက်တိုင်း သတင်းသမားများက အလှည့်ကျဟောပြောကြသည်။ ရွာသူ ရွာသားများကလည်း သူတို့ လုပ်ရပ်၊ သူတို့အတွေ့အကြုံ၊ သူတို့အောင်ပွဲများအကြောင်းပါ ပြောကြ သည်။ ထိုဒေသတွင် သောင်းကျန်းသူအဖွဲ့ဝင် ဗကပခေါင်းဆောင် သန်းရှိန်ကို ရေကန်တွင်း၌ ကြာဖက်အောက်ပုန်းခိုနေစဉ် လှံနှင့် ထိုးဖမ်းသော ရွာသားများက အသေးစိတ် ရှင်းပြကြသည်။

ပြည်သူနှင့် ကရင်-ဗမာ လယ်သမား ရွာသားများ၏ အောင်ပွဲများဖြစ်၍ ကျွန်တော် ကဗျာနှစ်ပုဒ်ရေးဖြစ်သည်။ မြဝတီမဂ္ဂဇင်းတွင် ၁၉၆၉ ခုနှစ် ဒီဇင်ဘာလထုတ်တွင် ထိုကဗျာများ ဖော်ပြခဲ့သည်။ ပထမတစ်ပုဒ်မှာ “ညီညွတ်သော မြစ်ဝကျွန်းပေါ်”၊ နောက်ကဗျာတစ်ပုဒ်မှာ “မြစ်ဝကျွန်းပေါ် လမ်းကြောင်းအတိုင်းလိုက်ကြ” ကဗျာများဖြစ်သည်။ သတင်းစာ စာမျက်နှာကို ငဲ့ကွက်လိုသော်လည်း တပ်မတော်နှင့် ကရင်လယ်သမား၊ ဗမာလယ်သမား၊ ရွာသားတို့ နိုင်ငံအဖျက်ရန် ကာကွယ်အောင်မြင်မှု မှတ်တမ်းကဗျာများဖြစ်၍ အောက်တွင် ထိုကဗျာနှစ်ပုဒ်ကို ဖော်ပြရင်း ကျွန်တော်၏ ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါသည်။

ညီညွတ်သောမြစ်ဝကျွန်းပေါ်

-မိုးစက်မကြွေ၊ နှင်းမဝေသေး

-မြစ်ရေချောင်းစပ်၊ ရေငွေ့လျှပ်၍

လျှပ်ရစ်ရစ်ဝေ့၊ တမြေ့မြေ့နှင့်

ကမ်းကွေ့တစ်လျှောက် မြူခိုးဝေ။

-ပင်ခြေမခိုင်၊ ညွတ်ယိုင်ပြိုအိ

မြေထိထိုးစိုက်၊ အနှံငိုက်သည့်

တို့စိုက်စပါး၊ လယ်တစ်လွှားတွင်

ရွှေသားဖြန့်ခင်း၊ ထားယောင်တကား။

-ခါတန်ချိန်သင့်၊ လင့်မှလင့်ရော

လယ်တောမသွား လယ်သမားတို့

စပါးမရိတ်နိုင်ကြသေး။

-ညောင့်ထောင်ဆူးကပ်၊ စည်းရိုးခတ်ပြီး၊

မပြတ်ကင်းချ၊ တပ်မနှင့်တွဲ၊

တစ်သားတည်းလျှင်၊ ရွာထဲရွာပ၊

ရှာဖွေကြသည်၊ ဘယ်ကသောင်းကျန်းမှ မခံနိုင်။

“ငါ့အိမ်ဝိုင်းထား၊ စပါးကျီအောက်၊

မြေတွင်းဖောက်ပြီး၊ တစ်ယောက်ပုန်းနေတယ်ဟေ့”

“ဒီကိုလာကြ၊ ဒီတောစမှာ

လလသသ၊ ဥက္ကဋ္ဌကို

ရင်ဝထိုးသတ်၊ ဇရပ်မီးရှို့

ဒို့ရွာတစ်ဝှမ်း၊ ဆိုးယုတ်သွမ်းတဲ့။

သောင်းကျန်းသုံးကောင်တွဲကြီးဟေ့”

“ဒီအင်းထဲမှာ၊ ဝိုင်းလို့ရှာအုံး၊

ဗေဒါပင်အောက်၊ မျက်ဆန်ခြောက်နဲ့

တောင်းမှောက်ကျီးနှယ်၊ ကိုးဖွယ်မရ၊

ငုပ်ပုန်းကြတုန်း၊ လက်ကလှံနဲ့ထိုးဖမ်းလိုက်။”

-ရွာသားချင်းချင်း၊ သတင်းပေးကာ

ဝိုင်းဖမ်းကာနှင့် ရွာမှာဆိုးသွမ်း

ယုတ်ကြမ်းရမ်းသည့်၊ သောင်းကျန်းအန္ဓ

ပြိုကွဲရပြီ၊ မြစ်ဝကျွန်းပေါ် ဒို့အောင်ပွဲ။

-ကရင်ရွာသား၊ လယ်သမားပဲ

ဘာများကွဲပြားပါသနည်း။

ဗမာရွာသား၊ လယ်သမားပဲ

ဘာများကွဲပြားပါသနည်း။

-သောင်းကျန်းမှုဒဏ် အတူခံ၍

တွန်းလှန်အုံကြွ၊ လက်တွဲကြသည်၊

မြစ်ဝကျွန်းပေါ် ညီညွတ်ရေး။

-ရန်ပြိုရှင်း၍ လယ်ခင်းမှာညံ၊

ကြွေးကြော်သံဖြင့် အောင်လံလွှင့်ထား၊

ဒို့စပါးကို လက်စားလိုက်ကာ၊

ရိတ်သိမ်းလာပြီး ဝမ်းစာပိုသမျှ

စုရောင်းကြသည်…….

မြစ်ဝကျွန်းပေါ်သာပြီတကား”။

(၁၉၆၉၊ ဒီဇင်ဘာ)

မြစ်ဝကျွန်းပေါ်လမ်းကြောင်းအတိုင်းလိုက်ကြ

-နှစ်ပေါင်းနှစ်ဆယ်၊ ဒီနယ်ဇာတ်ကြောင်း

ဖြစ်ရပ်ဟောင်းကို၊ ပြန်ပြောင်းမပြောပါရစေနဲ့တော့။

-မိဘလည်းဆုံး၊ ရွာလည်းပြုန်းခဲ့

ပြာကုန်းပေါ်မှာ၊ ကျီးလန့်စာစား

ဘဝများကို၊ တို့ကားရင်နာမဆုံးပါ။

-သောင်းကျန်းသွမ်းမိုက်၊ အမှောင်မိုက်များ

မလိုက်မလျော၊ ရင်မောမောနဲ့

နေသောအခါ၊ ဒို့ရွာလွတ်လမ်း

မှောင်မှာစမ်းသို့၊ ကြက်ကန်းပမာအားပျက်ခဲ့။

-သိလ္လာတစ်ခွင်၊ စစ်ဆင်အောင်ကြောင်း

သတင်းကောင်းကြောင့်၊ အပေါင်းပါတို့

လျှံဖြိုးပြည့်နှက်၊ မျှော်လင့်ချက်ဖြင့်

တွဲလက်ဆင့်ကမ်း၊ တောကြမ်းခုတ်ရှင်း

ဒို့ကင်းဒို့စောင့်၊ ဆူးငြောင့်ပလပ်

စည်းရိုးခတ်ကြ၊ တောစပ်တစ်လျှောက်

လင့်စင်ဆောက်ပြီး၊ တစ်ယောက်စောင့်ကြ

ဝါးတွေချွန်မြ၊ လှံ-ဓားမလည်း

လက်ကမချ၊ ကိုင်စွဲကြဟေ့။

ရှေ့ကငုပ်လျှိုး၊ ကျောရိုးများလား

လွတ်မသွားအောင်၊ ကြိုးစားဖမ်းကြ

တောအစရွာ၊ တပ်ကဖြိုခွင်း

ရန်ကိုရှင်းပြီ၊ ဒို့ချင်းလက်တွဲ

တစ်သားတည်းကြောင့်၊ နယ်မြေအေးချမ်းပါပကော။

-နယ်မြေအေးပြီး၊ ရုံးညီမကွဲ

လက်တွဲမဖြုတ်၊ အားထုတ်စိုက်ကြ

ဝါယမဖြင့်၊ ရွာဝလမ်းပြင်။

-ရွာဝင်ကျောင်းနှင့်၊ ဆေးခန်းဖွင့်စို့

ရေမြင့်ကြာတင့် ဒို့ရွာသစ်။

-ကရင်ဗမာ ငါတို့ရွာ၌

နေရာထိုင်ရာ၊ စားရာသောက်ရာ

လုပ်ကိုင်ရာရော၊ စိုက်ရာပျိုးရာ၊ ရန်ဖြိုရာ

ဘယ်မှာမကွဲ၊ တစ်သားတည်းပေါ့

ညီလည်းညီညွတ်ကြပါပေ့။

-အိမ်မဲ-ပန်းတနော်

ကျုံပျော် ကျောင်းကုန်း

လေးနယ်လုံး၊ စုရုံးဆင်နွှဲ

ခြိမ့်ခြိမ့်သဲ(သည်း)မျှ

အောင်ပွဲနက်ရှိုင်း၊ သည်သမိုင်းကို

သမိုင်းကမ္ပည်းတင်ကြစို့။

-ပြည်သူညီသော်၊ ရန်မဖော်ဝံ့

ကြွေးကြော်မောင်းထုတ်

ခလုတ်ကန်သင်း၊ သည်နယ်တွင်းမှာ

ရန်ရှင်းပြိုကျ၊ အေးချမ်းရပြီ

မြစ်ဝကျွန်းပေါ် လမ်းကြောင်းအတိုင်းလိုက်ကြလော့။ ။