Skip to main content

တောင်သူလယ်သမားများအတွက် လူငယ်စွန့်ဦးပညာရှင်များ

စိုးမိုးဝင်း (စိုက်ပျိုးရေး)

မြေယာမတိုးချဲ့နိုင်မှုနှင့် အလုပ်သမားရှားပါးမှုကဲ့သို့သော အရင်းအမြစ်အတားအဆီးဖြစ်နေသည့် အခြေအနေမျိုးတွင် စိုက်ပျိုးထုတ်လုပ်မှု လျင်မြန်စွာ တိုးတက်မြင့်မားရေးသည် နည်းပညာဆိုင်ရာ သွင်းအားစုများနှင့် လူသားအရင်းအနှီးတိုးတက်မှုတို့အပေါ် များစွာမှီခိုနေပါသည်။ ၁၉၅၀ ပြည့်နှစ်များ နောက်ပိုင်းတွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ စိုက်ပျိုးရေးနည်းပညာ အထောက်အပံ့ပေးမှုများသည် သမားရိုးကျစိုက်ခင်းများကို ခေတ်မီအောင် ဆောင်ရွက်ခြင်းနှင့် စိုက်ပျိုးထုတ်လုပ်မှုလျင်မြန်စွာ တိုးတက်စေခြင်းတို့ကို မတတ်နိုင်ခဲ့ပါ။ ထို့ကြောင့် စိုက်ပျိုးရေးသုတေသနစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့တန်းမှဦးစားပေးဆောင် ရွက်ခဲ့ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ သုတေသနစွမ်းရည်များကို မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံခဲ့ကြပါသည်။

စိုက်ပျိုးရေးအသုံးချသုတေသန

သုတေသနဟုဆိုရာတွင် အခြေခံသုတေသန (Basic Research)နှင့် အသုံးချသုတေသန(Applied Research)ဟူ၍ အဓိကပြောဆိုကြပါသည်။ အခြေခံသုတေသနတွင် သိပ္ပံနည်းကျမေးခွန်းများ မေးမြန်းခြင်းမှာ သိပ္ပံပညာရှင်တို့၏ စူးစမ်းလိုစိတ်နှင့် စိတ်ဝင်စားမှုတို့မှ ပေါက်ဖွားလာပြီး အဓိက တွန်းအားမှာ လူသားတို့၏ အသိဉာဏ်ကို တိုးချဲ့ရန်ဖြစ်သည်။ အသုံးချသုတေသနသည် အသိပညာ ရှာမှီးရန်ထက် လက်တွေ့ပြဿနာများကို ဖြေရှင်းရန်ရည်ရွယ်ပြီး လူသားတို့၏ လက်တွေ့အခြေအနေများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေးသည် အဓိကပန်းတိုင်ဖြစ်ပါသည်။

စိုက်ပျိုးရေးကဏ္ဍတွင် အသုံးချသုတေသနကို ဆောင်ရွက်ခြင်းသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်စေရန်၊ ပိုးမွှားရောဂါများကို ကာကွယ်နိုင်ရန်၊ ရေသွင်းမှုစနစ်များကို မြှင့်တင်နိုင်ရန် စသည်ဖြင့် ရည်ရွယ်ချက်များထား၍ သုတေသနပြုလုပ်နိုင်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စိုက်ရေးပျိုးရေးလုပ်ငန်းခွင်အတွင်း တောင်သူလယ်သမားများ တွေ့ကြုံနေရသော ပြဿနာများကို ဖြေရှင်းနိုင်ရန် အသုံးချသုတေသနများသည် အလွန်အရေးကြီးသည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအလိုက် တောင်သူလယ်သမားများ၏ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ပြဿနာများကို သိရှိပြီးသင့်တော်သော သုတေသနများပြုလုပ်၍ ဖြေရှင်းပေးနိုင်ရန် လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ကို ဖွဲ့စည်းပြီးဆောင်ရွက်လျက် ရှိပါသည်။

လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ ပေါ်ပေါက်လာပုံ

လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (Young Scientists Initiative - YSI)အဖွဲ့ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ညွှန်ကြားချက်ဖြင့် ဌာန၏ စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်စေရန် ရုံးချုပ်ဌာနခွဲများမှ စိုက်ပျိုးရေးပညာရှင် နှစ်ဦး - သုံးဦးစီဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးပညာရှင် ၇၁၆ ဦး ပါဝင်ခဲ့ပြီး ရုံးချုပ်ဌာနခွဲများမှ ၁၄၁ ဦးနှင့် စုစုပေါင်း ၈၅၇ ဦး အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ လူငယ် စွန့်ဦးပညာ ရှင်များအဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၁၉၁၁ ဦး ရှိပြီဖြစ်သည်။

လူငယ်စွန့်ဦးပညာရှင်များအဖွဲ့သည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လယ်ယာလုပ်ငန်းများတွင် စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးတို့အတွက် အောက်ပါရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

၁။      စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် လူငယ်ထုမှ ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်

၂။       ဒေသအလိုက် တောင်သူလိုအပ်ချက်များ သိရှိနိုင်ရန်နှင့် လိုအပ်ချက်နှင့်ကိုက်ညီသော သုတေသနလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်

၃။      ဝန်ထမ်းများအချင်းချင်း ထိရောက် ကောင်းမွန်သော ဆက်သွယ်မှုကွန်ရက် တစ်ခုထူထောင်၍ လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်လာနိုင်ရန်

၄။      လူငယ်/လူလတ်ပိုင်း မျိုးဆက်သစ်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်၍ ၎င်းတို့၏ စွန့်ဦးတီထွင်လိုစိတ်ကို အရင်းခံကာ ဝါသနာနှင့်ကျွမ်းကျင်မှုကို ဖော်ထုတ်အသုံးချခွင့် ရရှိနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်လာစေရန်

၅။      နိုင်ငံတကာအဆင့်မီ အရည်အချင်းပြည့်ဝသည့် စိုက်ပျိုးရေးပညာရှင်များအဖြစ် လုပ်ကိုင်ဆောင်ရွက်တတ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးရန်

သုတေသနစာတမ်းဖတ်ပွဲများ

လူငယ်စွန့်ဦးပညာရှင်များအဖွဲ့သည် တောင်သူလယ်သမားများ၏ လယ်ယာကဏ္ဍ လုပ်ငန်းလိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး တွေ့ရှိလာသော ရလဒ်များကို တောင်သူလယ်သမားများအား ပညာပေးလျက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း ထူးခြားသော ခေါင်းစဉ်များ၊ ရည်ရွယ်ချက်များဖြင့် သုတေသန စာတမ်းဖတ်ပွဲများကို ကျင်းပပေးသည်။

၂၀၁၉ ခုနှစ်တွင် သုတေသနနှင့် ပညာပေးလုပ်ငန်း တိုးတက်ဆောင်ရွက်ရေး စာတမ်းဖတ်ပွဲ၊ ၂၀၂၀ ပြည့်နှစ်တွင် သုတေသနနှင့် ပညာပေးလုပ်ငန်းမြှင့်တင်ရေးစာတမ်းဖတ်ပွဲ၊ ၂၀၂၁ ခုနှစ်တွင် တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသနဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲ၊ ၂၀၂၂ ခုနှစ်တွင် သီးနှံ ကဏ္ဍဖွံ့ဖြိုးဖို့ စိုက်ပျိုးပညာဖြန့်ဝေစို့ စာတမ်းဖတ်ပွဲနှင့် ၂၀၂၃ ခုနှစ်တွင် အသုံးချသုတေသနများမှသည် ဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေးကဏ္ဍဆီသို့ စာတမ်းဖတ်ပွဲ၊ ယခုနှစ် မတ်လ ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆဋ္ဌမအကြိမ်မြောက် စာတမ်းဖတ်ပွဲကို နိုင်ငံ့စီးပွားမြှင့်တင်ဖို့ စိုက်ပျိုးပညာဖြန့်ဝေစို့ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။

စာတမ်းဖတ်ပွဲကို ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်ပြီး စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ်ဌာနခွဲများမှ စာတမ်း ၂၉ စောင်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ၃၁ စောင်၊ စုစုပေါင်း စာတမ်းအစောင်ရေ ၆၀ ကို ဖတ်ကြားခဲ့ကြသည်။ စာတမ်းအမျိုးအစားများမှာ စိုက်ပျိုးရေး နည်းစနစ်ဆိုင်ရာ စာတမ်းများ၊ သီးနှံမျိုးကွဲဖွံ့ဖြိုးရေး ဆိုင်ရာစာတမ်းများ၊ အပင်ဇီဝနည်းပညာဆိုင်ရာ စာတမ်းများ၊ မြေဆီလွှာနှင့်အပင်အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ စာတမ်းများ၊ စိုက်ပျိုးစီးပွားဆိုင်ရာ စာတမ်းများ၊ သီးနှံကာကွယ်ရေးဆိုင်ရာ စာတမ်းများနှင့် မွေးမြူရေးဆိုင်ရာ စာတမ်းတို့ဖြစ်သည်။

ဖတ်ကြားသည့် စာတမ်းများကို စိုက်ပျိုးရေးဒီပလိုမာဘွဲ့နှင့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရပညာရှင်များ ပါဝင်သည့် တက်သစ်စလူငယ်ပညာရှင်များ ဖတ်ကြားသော စာတမ်းများ၊ မဟာသိပ္ပံနှင့် ပါရဂူဘွဲ့ရပညာရှင်များပါဝင်သော အတွေ့အကြုံကောင်းရှိသည့် ပညာရှင်များ ဖတ်ကြားသော စာတမ်းများဟူ၍ အုပ်စုနှစ်ခု ခွဲခြားထားသည်။ စာတမ်းများကို စိစစ်အကဲဖြတ်ရာတွင် ဒုတိယတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများဖြင့် ဖွဲ့စည်းထားသော အကဲဖြတ်အဖွဲ့က စိစစ်ရွေးချယ်ပြီး ထူးချွန်ဆုများ ချီးမြှင့်ပေးခဲ့သည်။

တောင်သူအကျိုးပြုသုတေသနမှသည် လယ်ယာကဏ္ဍတိုးတက်ရေးဆီ

မြန်မာနိုင်ငံသည် ရှေးယခင်ခေတ်အဆက်ဆက်ကတည်းက လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် နိုင်ငံဖြစ်သောကြောင့် နိုင်ငံ၏စီးပွားရေးထုတ်ကုန် အများစုသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ထွက်ပေါ်လာကြပါသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်လာစေရန် ထုတ်လုပ်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရမည်။

ထိုသို့ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စိုက်ပျိုးရေးသုတေသနများမှ နည်းပညာသစ်များကို ဆန်းသစ်တီထွင် ဖန်တီးဖော်ထုတ်ရန်လိုအပ်ပြီး ထိုနည်းပညာသစ်များကို တောင်သူလယ်သမားများ၏ လက်ဝယ်အရောက် လက်တွေ့သုံးစွဲနိုင်ရေး နည်းပညာဖြန့်ဖြူးခြင်း၊ ပညာပေးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်းတို့သည် အလွန်အရေးကြီးပါသည်။ ထို့ပြင် တောင်သူ လယ်သမားများ၏ စိုက်ရေးပျိုးရေးလုပ်ငန်းခွင်အတွင်း တွေ့ကြုံနေရသော ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် အသုံးချသုတေသနများ ပြုလုပ်ခြင်းသည်လည်း အလွန်အရေးကြီးသည့် အလုပ်တစ်ခု ဖြစ်သည်။

နည်းပညာသစ်များကို တောင်သူလယ်သမားများ စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေးဆိုသည်မှာ အနည်းငယ်ခက်ခဲပါသည်။ ဂျပန်နှင့်အမေရိကန်နိုင်ငံများမှာ စိုက်ပျိုးရေးကို ခေတ်မီအောင် ဆောင်ရွက်ခြင်းနည်းလမ်းတစ်ခုအဖြစ် စိုက်ပျိုးရေးသုတေသနများကို တမင်တကာ အသုံးချခဲ့ကြသည်။ ထို့ပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းလုပ်ငန်းစဉ်များမှာ သုတေသနဌာနများ တည်ထောင်ခြင်း၊ ပတ်ဝန်းကျင်နှင့် ကိုက်ညီသော ဆန်းသစ်တီထွင်ဖန်တီးမှုများ ပြုလုပ်နိုင်သည့် စွမ်းရည်များတိုးတက်အောင်ဆောင် ရွက်ခြင်းတို့လည်း ပါဝင်ကြောင်း လေ့လာသိရှိရ ပါသည်။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို မြှင့်တင်ရန်ဆောင်ရွက်ခြင်းမှာ လူငယ်စွန့်ဦးပညာရှင်များ၏ အသုံးချသုတေသနများသည် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်းမှ ပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ဖြစ်ပေါ်လာစေရန် များစွာအထောက် အကူပြုနိုင်ပါသည်။ ထို့ပြင် လူငယ်စွန့်ဦးပညာရှင်များက ၎င်းတို့တာဝန်ကျရာ ဒေသအသီးသီးတွင် စူးစမ်းလေ့လာ၍ လက်တွေ့အသုံးချ စိုက်ပျိုးရေးနည်းပညာများအဖြစ် ဖော်ထုတ်ပြုစုထားသည့် စာတမ်းများကို လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အထောက်အကူပြုစေနိုင်ရေးနှင့် တောင်သူနည်းပညာပြန့်ပွားရေးလုပ်ငန်းများတွင် ထည့်သွင်းအသုံးပြုကြောင်း သိရှိရပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးအသုံးချသုတေသနများသည် တောင်သူအကျိုးပြု သုတေသနများဖြစ်သဖြင့် တောင်သူတစ်ဦးချင်း၏ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး တိုးတက်လာလျှင် လယ်ယာကဏ္ဍသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။ ။