ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကို မြှင့်တင်ပေး
ဒေါက်တာချော (အမျိုးသားအကျိုးစီးပွားသုတေသနအဖွဲ့)
ကျွန်ုပ်တို့ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ရေသည်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ကမ္ဘာကြီး၏ မြေမျက်နှာပြင် ၇၁ ရာခိုင်နှုန်းခန့်သည် ရေများဖြင့်ဖုံးလွှမ်းနေပြီး ကမ္ဘာ့ရေအားလုံး၏ ၉၆ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို သမုဒ္ဒရာများမှ ပိုင်ဆိုင်ထားသည်။ လူသားတို့ အသက်ရှင်သန်ရေးအတွက် လိုအပ်သည့် ရေချိုမှာမူ ကမ္ဘာ့ရေအားလုံး၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး ၎င်းတို့အနက် ၆၀ ရာခိုင်နှုန်းသည် နယ်နိမိတ်ဖြတ်ကျော်ရေများ ဖြစ်ကြပါသည်။
ကမ္ဘာတစ်ဝန်းရှိ မြစ်များအနက် မြစ်ပေါင်း ၂၇၆ စင်းသည် နိုင်ငံနှစ်ခု သို့မဟုတ် ထို့ထက်ပိုသော နိုင်ငံများ၏ နယ်မြေများကို ဖြတ်သန်းစီးဆင်းနေပြီး ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၃ ဘီလီယံကျော်သည် အဆိုပါ နိုင်ငံနယ်နိမိတ်ဖြတ်ကျော်ရေများကို မှီခိုနေကြရသည်။ အလားတူပင် ကမ္ဘာ့အကြီးဆုံး အဏ္ဏဝါဂေဟစနစ် ၆၆ ခုကိုလည်း နိုင်ငံတစ်ခုထက်ပို၍ မျှဝေခံစားနေကြသည်။ ထိုသို့ ရေနှင့် ရေသယံဇာတများ အိမ်နီးချင်းနိုင်ငံများနှင့် မြစ်၊ ချောင်း၊ အင်းအိုင်များ၊ ရေနေသတ္တဝါများကို မျှဝေသုံးစွဲနေကြသော်လည်း နိုင်ငံပေါင်း ၂၄ နိုင်ငံကသာ ၎င်းတို့၏ မျှဝေသုံးစွဲသည့် ရေနှင့် ရေသယံဇာတများအတွက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ရရှိထားကြသည်။ ထို့ကြောင့် ရေရှားပါးချိန် သို့မဟုတ် ရေညစ်ညမ်းနေချိန် သို့မဟုတ် မျှမျှတတသုံးစွဲခွင့်မရသည့် အချိန်အခါမျိုး ကြုံကြိုက်ရချိန်တွင် လူမှုအသိုင်းအဝိုင်းများနှင့် အိမ်နီးချင်းနိုင်ငံများကြား ရေကြောင့် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်။ ရေသည် ငြိမ်းချမ်းရေး သို့မဟုတ် ပဋိပက္ခကို အချိန်မရွေးဖန်တီးနိုင်သည်။ ထို့ကြောင့် ယခုနှစ် ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်ကို “ ငြိမ်းချမ်းရေးအတွက်ရေ” (Water for Peace ) ဟု သတ်မှတ်ထားခြင်း ဖြစ်ပါသည်။
အဓိကရည်ရွယ်ချက်
ကမ္ဘာ့ရေနေ့ (World Water Day) သည် ကုလသမဂ္ဂအထိမ်းအမှတ်နေ့တစ်နေ့ဖြစ်ပြီး ကမ္ဘာ့ရေနေ့ ကျင်းပရသည့် အဓိကရည်ရွယ်ချက်မှာ ကုလသမဂ္ဂ၏ ထောင်စုနှစ် ပန်းတိုင် (၁၇) ချက်အနက် အချက်နံပါတ် (၆) ဖြစ်သော လူသားတိုင်းသောက်သုံးရေနှင့် မိလ္လာစနစ်ရရှိစေရေး (SDG 6- Ensure access to water and sanitation for all) ကတိကဝတ်အရ ကမ္ဘာ့လူသားအားလုံးအတွက် ရေနှင့်သန့်ရှင်းရေးကို ပံ့ပိုးကူညီရန် ဖြစ်ပါသည်။ ကမ္ဘာ့ရေနေ့ကို ၁၉၉၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် မတ်လ ၂၂ ရက်နေ့တိုင်းတွင် UN-Water အဖွဲ့ဝင်များ ဦးဆောင်ကာ ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပခဲ့ကြသည်။ ကမ္ဘာ့ရေနေ့ကျင်းပခြင်းကြောင့် ကမ္ဘာသူ ကမ္ဘာသားများအနေဖြင့် ရေနှင့် ပတ်သက်သော အဓိကပြဿနာတစ်ရပ်ရပ်ကို သတိပြုမိပြီး ရေသယံဇာတထိန်းသိမ်းရေး၊ ရေအခက်အခဲ မရှိစေရေး၊ ရေကို စနစ်တကျသုံးစွဲကြစေရေး၊ သန့်ရှင်းသည့် သောက်သုံးရေနှင့် စနစ်ကျသည့် မိလ္လာစနစ်မရရှိသူများအတွက် အလေးထားဖြေရှင်းပေးရေးနှင့် ရေ၏ အရေးပါမှုကို ဂရုပြုမိလာကြသည့် အကျိုးကျေးဇူးများ ရရှိသည်။
ရေရရှိရေးသည် လူ့အခွင့်အရေးဖြစ်သည်။ ကမ္ဘာ့လူသားများ သောက်သုံးရေအလုံအလောက် ရရှိနိုင်မှုကို သေချာစေရန်နှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို သက်ရောက်စေရန်အတွက် ရေသည် အရေးကြီးပါသည်။ ထို့ပြင် ကျန်းမာရေးနှင့် လူမှုစီးပွားတိုးတက်ရေး၊ မိသားစုဘဝသာယာဝပြောရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်စနစ်များ၊ စီးပွားရေးကုန်ထုတ်စွမ်းအားနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့သည် လူ့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ရေစီမံခန့်ခွဲမှုပေါ်တွင် မှီခိုနေပါသည်။ ရေသည် သုခချမ်းသာကို ဆောင်ကြဉ်းပေးနိုင်သလို ရေကြောင့်လည်း ဒုက္ခဆင်းရဲကို ခံစားစေနိုင်သည်။ ရေရှားပါးမှု၏ နောက်ဆက်တွဲကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ သစ်ပင်များနှင့် တိရစ္ဆာန်များ သေကျေပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်နိုင်သလို ရေကြောင့် ငြိမ်းချမ်းရေးပျက်ကာ အငြင်းပွား၊ အချင်းများနိုင်သည်အထိ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် နိုင်ငံအစိုးရများသည် ရေနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုများ လုပ်ဆောင်သောအခါ၊ နိုင်ငံဖြတ်ကျော် ရေအရင်းအမြစ်များနှင့် ပတ်သက်ပြီး ဒေသတွင်း နိုင်ငံများအချင်းချင်း စည်းလုံးညီညွတ်မှုကိုမြှင့်တင်ရန်၊ အပြုသဘောဆောင်သော သက်ရောက်မှုများကို ဖန်တီးနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရမည် ဖြစ်ပါသည်။
ယနေ့ ကမ္ဘာကြီးတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် သက်ရောက်မှုများ များပြားလာသည်။ တစ်ဖက်တွင်လည်း ကမ္ဘာ့လူဦးရေတိုးပွားလာသည့်အတွက် ကျွန်ုပ်တို့၏ အဖိုးတန်သယံဇာတများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ပူးပေါင်းဆောင်ရွက်ကြရမည့် အချိန်အခါလည်းဖြစ်သည်။ ရေ၏အရေးပါမှု၊ ရေဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုနှင့် ရေကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။
ရေချိုအရင်းအမြစ်များစွာ ထိခိုက်ပျက်စီး
ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်ကြီးလေးသွယ်သည် မြောက်မှတောင်သို့ စီးဆင်းနေပြီး အခြားမြစ်များနှင့် မြစ်လက်တက်၊ ချောင်းမြောင်းများမှ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ယှက်နွှယ်စီးဆင်းလျက်ရှိသည်။ သို့သော်လည်း အခြားကမ္ဘာ့နိုင်ငံများ နည်းတူပင် နည်းမျိုးစုံဖြင့် ရေချိုအရင်းအမြစ် များစွာထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေသည်။ မိုးရွာသွန်းမှု ကွဲပြားခြားနားမှု၊ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးမြို့ငယ်များတွင် လူဦးရေတိုးပွားမှု၊ လူနေထူထပ်မှု၊ စက်မှုဇုန်နှင့် စီးပွားရေးဇုန်များ တိုးတက်များပြားလာမှု စသည်ဖြင့် လူနေမှုစနစ် ပြောင်းလဲလာမှုတို့ကြောင့် ရေလိုအပ်မှုသည် ပိုမိုများပြားလာပြီး လူတိုင်းအတွက် ရေဖူလုံစွာရရှိနိုင်ရေးမှာ စိန်ခေါ်မှုဖြစ်လာသည်။ အခြေခံလိုအပ်ချက်များဖြစ်သည့် ဘေးကင်းသော သောက်သုံးရေရရှိနိုင်မှု၊ မိလ္လာနှင့် ရေဆိုးစွန့်ပစ်မှုအတွက် ရေလိုအပ်မှုများလည်း နေရာအများစုတွင် ပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်သည်။ မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်လိုက်သည့် ရေဆိုးများနှင့် ဓာတုပစ္စည်းများကြောင့်လည်း ရေထုညစ်ညမ်းမှု ပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့သော အခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် ရေကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲရေး ကို စနစ်တကျ ဆောင်ရွက်သွားရန် အထူးလိုအပ်ပါသည်။
နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေးနှင့် ရေချိုငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် အားထားနေရသည်ဖြစ်ရာ ရေအရင်းအမြစ်များ မပျက်စီးမဆုံးရှုံးစေရေး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေများကို အလဟဿလေလွင့်ပြုန်းတီးမှု မဖြစ်စေရေးနှင့် စနစ်တကျသုံးစွဲရေး၊ ရေသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲရေးတို့တွင် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြရမည်ဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်အတွင်းရှိ ‘ရွှေကို မလို၊ ငွေကိုမလို၊ ရေကိုသာလိုသည် ရေသာလျှင်အဓိက’ဟု သူတို့၏ ခံစားချက်ကို ဖွင့်ဟဖော်ပြထားသည့် မြို့ရွာများသည် နွေရာသီရောက်လာသည်နှင့် ပူပြင်းခြောက်သွေ့ပြီး မြစ်ချောင်းအင်းအိုင်၊ ရေတွင်းရေကန်များတွင် ရေခန်းခြောက်လာကာ ရေချိုရှားပါးခြင်းပြဿနာကို ခံစားရလေ့ရှိသည်။ သုံးရေအတွက် သိုလှောင်ထားသည့် ကန်များမှာလည်း မိုးတွင်းကာလမှာ မိုးရေများနှင့်အတူ စီးမျောကျလာသည့်နှုန်းများ၊ ကန်ရေမျက်နှာပြင်မှာ ပေါက်နေသည့် ဒိုက်၊ ဗေဒါများ နှစ်ကာလများစွာ စုစည်းအနည်ထိုင်လာသည့်အတွက် ကန်များကောလာကာ ရေခန်းခြောက်ခြင်းမျိုး ကြုံတွေ့ရလေ့ရှိသည်။ ထိုသို့ ကြုံတွေ့ရချိန်တိုင်းတွင် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအလှူရှင်များ၊ နိုင်ငံတကာလူမှုအဖွဲ့အစည်းများက အဆိုပါဒေသများသို့ သွားရောက်ကာ စက်ရေတွင်းများ တူးပေး၍ တစ်မျိုး၊ ပရဟိတရေလှူအဖွဲ့များက ရေချိုသယ်ယူ ဝေမျှပေး၍ တစ်ဖုံ၊ စည်ပင်သာယာအဖွဲ့များနှင့် မြို့နေလူထုပူးပေါင်းကာ ကန်များကို တူးဖော်ခြင်း၊ သန့်ရှင်းခြင်းလုပ်၍ တစ်နည်းပူးပေါင်းဆောင်ရွက်ကြပါသည်။
မြန်မာနိုင်ငံသည် လျှပ်စစ်စွမ်းအားရရှိရေးအတွက် ရေအားလျှပ်စစ်ကို အသုံးချလျက်ရှိသည်။ တိုးပွားလာသော လူဦးရေ၊ ပုံစံမျိုးစုံဖြင့် လျှပ်စစ်အသုံးပြုမှုများလာခြင်းကြောင့် ရေအားလျှပ်စစ်ဖြင့် မလုံလောက်သဖြင့် ဒီဇယ်၊ သဘာဝဓာတ်ငွေ့ စသည့်နည်းလမ်းများဖြင့် ငွေကုန်ကြေးကျခံကာ လျှပ်စစ်ရရှိရေး ဆောင်ရွက်နေရသည်။ ယခုအချိန်အထိ နိုင်ငံအတွင်းရှိ ရေအရင်းအမြစ်များအားလုံး၏ တစ်စိတ်တစ်ဒေသကိုသာ အသုံးပြုနိုင်သေးသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝအဆင့်မြင့်မားရေးအတွက် ရေအရင်းအမြစ်များကို စနစ်တကျ စူးစမ်းလေ့လာ၍ အကျိုးရှိစွာ အသုံးချကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်များ စီမံခန့်ခွဲမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရေစီးနှုန်းအတိုင်းအတာနှင့် ရေလမ်းကြောင်း အခြေအနေအပါအဝင် ရေအရင်းအမြစ်ပမာဏကို စူးစမ်းလေ့လာရေး ဆောင်ရွက်နိုင်ရန်အတွက် ရေအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ကို နိုင်ငံတော်က ဖွဲ့စည်းပေးခဲ့သည်။ နိုင်ငံအတွင်းရှိ အဓိကကျသော မြစ်ကြီးများနှင့် ဆက်နွှယ်နေသည့် မြစ်ဝှမ်းဒေသများရှိ ရေအရင်းအမြစ်များကို စူးစမ်းလေ့လာ၍ ပမာဏကို တိုင်းတာတွက်ချက်ပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် ရေကြောင်း သွားလာမှု လုံခြုံချောမွေ့စေရေး၊ ရေလမ်းကောင်းမွန်ရေး၊ ကမ်းပြိုကမ်းစားမှုကာကွယ်ရေး၊ ရေကြောင်းတိုင်းတာရေး၊ ရေအရည်အသွေးနှင့် သဲနုန်းလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
မြေအောက်ရေအရင်းအမြစ်အပေါ် သက်ရောက်မှုများကို လေ့လာ
ထို့ပြင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဏုမြူစွမ်းအင်ဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီနှင့် ပူးပေါင်း၍ Isotope Hydrology နည်းပညာကို အသုံးချခြင်းနှင့် အန္တရာယ်ရှိ ဓာတုညစ်ညမ်းပစ္စည်းများ ပါဝင်နိုင်သည့် အရပ်ဒေသများနှင့် မိုးခေါင်ရေရှားဒေသများမှ မြေပေါ်-မြေအောက် ရေနမူနာများအား နျူကလီးယား အိုင်ဆိုတုပ်နည်းပညာကို အသုံးပြု၍ တိုင်းတာခြင်း၊ တိုင်းတာရေးဆိုင်ရာ စက်ပစ္စည်းများဖြစ်သည့် Liquid Water Isotope Analyzer, Radon Detector Rad7 များသုံး၍ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ခန့်မှန်းတွက်ချက်ခြင်း၊ မိုးရေနမူနာများ ကောက်ယူခြင်းနှင့် မိုးရွာကျခြင်းမှ ဒေသတွင်း Local meteoric water line (LMWL)ရေးဆွဲခြင်း၊ မြေအောက်ရေ အရင်းအမြစ်များရှာဖွေခြင်း၊ မြေပေါ်-မြေအောက်ရေဆက်စပ်မှုများ၊ မြေအောက်ရေပြန်လည် ဖြည့်တင်းမှုနှင့် မြေအောက်ရေသက်တမ်း ခန့်မှန်းတွက်ချက်ခြင်း၊ စက်မှုလုပ်ငန်းများ၊ ဓာတုလုပ်ငန်းစဉ်များနှင့် သဘာဝပတ်ဝန်းကျင် ရာသီဥတုပြောင်းလဲမှုများကြောင့် မြေအောက်ရေညစ်ညမ်းမှုများ၊ မြေအောက်ရေအရင်းအမြစ်အပေါ် သက်ရောက်မှုများကို လေ့လာဆောင်ရွက်လျက်ရှိပါသည်။
နိဂုံးချုပ်အနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာလူမှုအဖွဲ့အစည်းများနှင့် လူမှုကူညီရေးအဖွဲ့များ ပူးပေါင်းကာ ဘက်ပေါင်းစုံ၊ အလွှာပေါင်းစုံမှ တက်ကြွစွာ ပါဝင်လှုပ်ရှားရန် လိုအပ်ပါသည်။ ရေပေးဝေမှုနှင့် စနစ်ကျသော မိလ္လာစနစ်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ရေသွင်းစိုက်ပျိုးမှု၊ ရေအားလျှပ်စစ်ထုတ်ယူသုံးစွဲမှု၊ သဘာဝအခြေပြု ခရီးသွားလာမှု၊ သယ်ယူပို့ဆောင်မှု စသည့်ကဏ္ဍမျိုးစုံတွင် တိုးတက်မှုရှိလာစေရန်အတွက် ပြည်သူတစ်ဦးချင်းကလည်း အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အသိပညာဖြန့်ဝေရန် အလဟဿရေဖြုန်းတီးခြင်းကို မလုပ်ကြရန်နှင့် ရေချိုရှားပါးသောဒေသများကို ရေဝေမျှသည့် အစီအစဉ်များကို လက်လှမ်းမီသလောက် ပါဝင်ကြရန်နှင့် ကမ္ဘာ့ရေနေ့သတင်းအချက်အလက်များကို မျှဝေပြီး “ငြိမ်းချမ်းသာယာ ဝပြောရေး ရေကဏ္ဍကို မြှင့်တင်ပေး” ဟူသော ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။