မူပိုင်ခွင့်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးခရီးလမ်း
မူပိုင်ခွင့်ဦးစီးဌာန အိုင်တီဌာနခွဲ
နိုင်ငံတစ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှု တိုးတက်မြင့်မားရေး၊ နည်းပညာများ လွှဲပြောင်းရယူနိုင်ရေး၊ နည်းပညာဆိုင်ရာအသိပညာများကို ထုတ်လုပ်သူများနှင့် အသုံးပြုသူများအကြား အပြန်အလှန်အကျိုးပြုနိုင်စေရေး၊ လူမှုစီးပွားဘဝ သက်သာချောင်ချိရေးနှင့် ညီညွတ်မျှတမှုရှိစေရေးတို့အတွက် မူပိုင်ခွင့်ဥပဒေများပြဋ္ဌာန်းခြင်းနှင့် အကာအကွယ်ပေးခြင်းတို့သည် အဓိကကျသော အချက်တစ်ခုအဖြစ် ပါဝင်နေပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း အတည်ပြုပြဋ္ဌာန်းပြီးသော မူပိုင်ခွင့်ဥပဒေများဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့ကို အဆင့်လိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စနစ်များကိုအသုံးပြု၍ မြန်ဆန်ထိရောက်စွာ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
မူပိုင်ခွင့်စနစ်အသုံးပြုသူများနှင့် မူပိုင်ခွင့်အခွင့်အရေး ရယူလိုသူများအတွက် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို မြန်ဆန်ထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ခြင်းနှင့် နိုင်ငံတော်အခွန်ဘဏ္ဍာငွေများ တိကျမှန်ကန်မြန်ဆန်စွာရရှိစေခြင်းတို့သည် ဒစ်ဂျစ်တယ်နည်းပညာများကို အကျိုးရှိရှိအသုံးချပြီး Digital Government အဖြစ် ကျင့်သုံးဖော်ဆောင်နိုင်မှုပေါ်တွင် များစွာမူတည်လျက်ရှိသည်။ ဝန်ကြီးဌာနတွင်လည်း Digital Transformation ဟု ခေါ်ဝေါ်သော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းသည့် လုပ်ငန်းစဉ်များကို ဦးစားပေးပြီးအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ဒစ်ဂျစ်တယ်လုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီများတွင် လိုက်ပါဆောင်ရွက်လျက်ရှိပါသည်။
မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်မှတ်ပုံတင်လုပ်ငန်းများကို ဒစ်ဂျစ်တယ်စနစ်များအသုံးပြု၍ ထိရောက်စွာဆောင်ရွက်နိုင်ရန် အခြေခံအကျဆုံးဖြစ်သည့် ICT အခြေခံအဆောက်အအုံများ တည် ဆောက်ခြင်း၊ Website တည်ဆောက်၍ သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်း၊ မှတ်ပုံတင်လုပ်ငန်းသုံးစနစ်များရေးဆွဲ၍ ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ခြင်းနှင့် စနစ်အသုံးပြုသူများကို နည်းပညာဆိုင်ရာများ လေ့ကျင့်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy) ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်းများပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဉ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရန်အတွက် ပြည်သူများက အမှန်တကယ်သိရှိလိုသော သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများဖြန့်ဖြူးပေးခြင်းသည် အခြေခံအကျဆုံးဖြစ်ရာ မူပိုင်ခွင့်ဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးမှုများ၊ မူပိုင်ခွင့်ဆိုင်ရာထုတ်ပြန်ကြေညာချက်များ၊ ဒစ်ဂျစ်တယ်မှတ်ပုံတင် ဝန်ဆောင်မှုစနစ်များနှင့်စပ်လျဉ်းသော သတင်းအချက်အလက်များကို မူပိုင်ခွင့်ဦးစီးဌာန၏ တရားဝင် website (www.ipd.gov.mm) တွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှစတင်၍ လွှင့်တင်ထားရှိပါသည်။
မှတ်ပုံတင်လျှောက်ထားနိုင်သည့်နည်းလမ်းများ
မြန်မာနိုင်ငံ၏ မူပိုင်ခွင့်စနစ်အကောင်အထည်ဖော်ရာတွင် ကမ္ဘာတစ်ဝန်း၌အသုံးပြုလျက်ရှိသော ခေတ်မီဒစ်ဂျစ်တယ်ရေစီးကြောင်းများကို မှန်ကန်အကျိုးရှိစွာ အသုံးပြုနိုင်စေရန်မျှော်မှန်း၍ ပထမခြေလှမ်းအဖြစ် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ ကနဦးမှတ်ပုံတင်လျှောက်ထားခြင်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် (WIPO File) ဖြင့် ကနဦးစတင်လက်ခံဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် အွန်လိုင်းငွေပေးချေမှုစနစ်များနှင့်ချိတ်ဆက်၍ တရားဝင်လက်ခံ ဆောင်ရွက်ခဲ့ပါသည်။
WIPO File စနစ်ဆိုတာဘာလဲ၊ ဘယ်သူတွေမှတ်ပုံတင်လျှောက် ထားနိုင်လဲ၊ ဘယ်လိုမှတ်ပုံတင်အမျိုးအစားတွေကို လျှောက်ထားနိုင်လဲ၊ အွန်လိုင်းကနေ အခကြေးငွေပေးသွင်းလို့ရလား၊ စနစ်အသုံး ပြုမှုလွယ်ကူမှုရှိလား၊ WIPO File User Account က မည်သူမဆို အခမဲ့ဖွင့်လှစ်ခွင့်ရှိလား စသည့်အချက်တွေကို ကြိုတင်သိရှိနိုင်စေရန် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းနှင့် စနစ်မိတ်ဆက်ခြင်း အခမ်းအနားများကို ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ၂၀၁၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင်မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ် သင်တန်းများကို ၂၀၂၂ ခုနှစ်မှစတင်၍ အပတ်စဉ်ဖွင့်လှစ်ပြီး WIPO File စနစ်နှင့်စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများက စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးလျက်ရှိပါသည်။
အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် (WIPO File) ဆိုသည်မှာ မူပိုင်ခွင့်ဦးစီးဌာနတွင် စာရင်း (Account) ဖွင့်လှစ်၍ efiling.ipd.gov.mm မှတစ်ဆင့် မူပိုင်ခွင့်မှတ်ပုံတင်လျှောက်လွှာများကို လျှောက်ထား နိုင်သော စနစ်တစ်ခုဖြစ်ပြီး မှတ်ပုံတင်ခြင်းဆိုင်ရာ အခကြေးငွေများကိုလည်း အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ပေးသွင်းနိုင်စေရန် အွန်လိုင်း ငွေပေးချေမှုစနစ်များနှင့် ချိတ်ဆက်ထားပါသည်။ WIPO File စနစ်ကို ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization- WIPO) က နည်းပညာအထောက်အပံ့ပေးထားပြီး ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းအပြင် စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့် တီထွင်မှုမူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားခြင်းတို့ကိုပါ ဆောင်ရွက်နိုင်ပါသည်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းကို အွန်လိုင်းမှလျှောက်ထားနိုင်သည့်အပြင် မူပိုင်ခွင့်ရုံးခွဲများတွင်လည်း လာရောက်လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းမှ လျှောက်ထားလိုလျှင် WIPO File Account ရှိရန် လိုအပ်ပါသည်။ Account လျှောက်ထားခွင့်ရရှိရန်အတွက်လည်း မူပိုင်ခွင့်ဦးစီးဌာနက အခါအားလျော်စွာဖွင့်လှစ်သည့် မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်သင်တန်းများတွင် တက်ရောက်အောင်မြင်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိရပါမည်။ Account လျှောက်ထားခွင့်တောင်းခံလွှာ (User Account Registration Form) ကို efiling.ipd.gov.mm တွင် အခမဲ့ရယူကာ မူပိုင်ခွင့်ဦးစီးဌာန အီးမေးလ် admin@ipd.gov.mm သို့ ပေးပို့လျှောက်ထားရမည်။ ၎င်းလျှောက်ထားခွင့်တောင်းခံလွှာတွင် လျှောက်လွှာပုံစံနှင့်အတူ လျှောက်ထားပုံ အဆင့်ဆင့်ကိုလည်း ဖော်ပြထားပါသည်။ အခကြေးငွေပေးသွင်းရာတွင် WIPO File စနစ်မှ တစ်ဆင့် AYA ဘဏ်နှင့် CB ဘဏ်တို့၏ အွန်လိုင်းငွေပေးချေမှုစနစ်များဖြင့် ပေးသွင်းပြီးမှသာ မှတ်ပုံတင်လျှောက်ထားရမည် ဖြစ်ပါသည်။
စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းအတွက်ရော မူပိုင်ခွင့်ဦးစီးဌာနတွင် လျှောက်ထားခွင့်ရပြီလား၊ ဘယ်လိုလျှောက်ထားရမလဲ၊ မိမိကိုယ်တိုင်လျှောက်ထားလို့ရသလား၊ အွန်လိုင်းကနေ လျှောက်ထားရင် ကိုယ်စားလှယ်သင်တန်းတက်ဖို့လိုသလား စသည့်အချက်တွေကိုလည်း ကြိုတင်သိရှိထားဖို့လိုအပ်ပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် မည်သူမဆို အွန်လိုင်းမှလျှောက်ထားနိုင်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းကောင်းပေးချင်ပါသည်။
ဒစ်ဂျစ်တယ်စနစ်ကိုအသုံးပြု၍ လူပုဂ္ဂိုလ်အနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်လည်းကောင်း လျှောက်ထားနိုင်ပြီး ကိုယ်စားလှယ်ထားရှိ၍လည်း လျှောက်ထားနိုင်ပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့် ဆိုင်ရာကိုယ်စားလှယ်ဖြစ်လိုပါက မူပိုင်ခွင့်ဦးစီးဌာနကဖွင့်လှစ်မည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်သင်တန်းကို တက်ရောက်အောင်မြင်ရမည်။ ယင်းစာပေနှင့် အနုပညာမူပိုင်ခွင့် မှတ်ပုံတင်စနစ်တွင် လျှောက်ထားမည့်သူသည် User Account ကို အွန်လိုင်းမှ ကိုယ်တိုင်ဖွင့်လှစ်နိုင်ပြီး ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်နံပါတ်နှင့် သင်တန်းဆင်းလက်မှတ်ကိုပါ ပူးတွဲထည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။ သင်တန်းဆင်းလက်မှတ်ရရှိထားသည့် ကိုယ်စားလှယ်၏ အချက်အလက်များနှင့် ကိုက်ညီမှုမရှိပါက ကိုယ်စားလှယ်အနေဖြင့် User Account ရရှိမည်မဟုတ်ဘဲ လျှောက်ထားသူအနေဖြင့်သာ Account ရရှိမည်ဖြစ်သည်။ ၎င်းစနစ် သည်လည်း အွန်လိုင်းငွေပေးချေမှုစနစ်များနှင့်လည်း ချိတ်ဆက်ထားရှိ၍ အချိန်ကုန်သက်သာ၍ လျင်မြန်လွယ်ကူစွာဖြင့် လျှောက်ထားနိုင်သော စနစ်တစ်ခုဖြစ်ပါသည်။
ထို့ပြင် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းကို နေပြည်တော်၊ ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ရှိ မူပိုင်ခွင့်ရုံးခွဲများသို့ လာရောက်လျှောက်ထားနိုင်ပြီး လျှောက်လွှာပုံစံများကိုလည်း ipd.gov.mm တွင် သက်ဆိုင်ရာ မူပိုင်ခွင့်အမျိုးအစားအလိုက် အခမဲ့ဒေါင်းလုတ် ရယူနိုင်သည်။ လျှောက်ထားလိုသည့် နေ့ရက်ကိုလည်း www.ipd.gov.mm/appointment-form တွင် ကြိုတင်ရက်ချိန်းရယူနိုင်သည်ဖြစ်ရာ မှတ်ပုံတင်လုပ်ငန်းစဉ်အတွက် အချိန်ကုန်သက်သာ၍ ပိုမိုထိရောက် သော ဝန်ဆောင်မှုကို ရရှိစေမည်ဖြစ်သည်။
ဒစ်ဂျစ်တယ်စီးပွားရေး ဂေဟစနစ်အဖြစ် ဖန်တီးဖော်ဆောင်
သို့ဖြစ်၍ မြန်မာနိုင်ငံ၏ မူပိုင်ခွင့်စနစ်ဖော်ဆောင်မှုတွင် သမားရိုးကျနည်းလမ်းများဖြင့် စတင်ခြင်းမဟုတ်ဘဲ ဒစ်ဂျစ်တယ်နည်း ပညာများကိုအသုံးပြု၍ ပိုမိုကောင်းမွန်သည့် ဒစ်ဂျစ်တယ်စီးပွားရေး ဂေဟစနစ်အဖြစ် ဖန်တီးဖော်ဆောင်သွားမည်ဖြစ်သည်။ ထို့ကြောင့် မူပိုင်ခွင့်ဦးစီးဌာနသည် မူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်လျှောက်လွှာများ လက်ခံဆောင်ရွက်ခြင်း၊ စစ်ဆေးခြင်း၊ အသိပေးအကြောင်းကြား စာပေးပို့ခြင်း၊ စစ်ဆေးရေးရလဒ်များထုတ်ပြန်ခြင်းနှင့် နိုင်ငံတကာမူပိုင်ခွင့်ရုံးများနှင့် မှတ်ပုံတင်စစ်ဆေးရေးရလဒ်များဖလှယ်ခြင်းစသည့် လုပ်ငန်းများကို မူပိုင်ခွင့်မှတ်ပုံတင်လုပ်ငန်းများ စီမံခန့်ခွဲသည့် ဒစ်ဂျစ်တယ်စနစ်များကိုအသုံးပြု၍ စီးပွားရေးဖွံ့ဖြိုးမှုအရွေ့ကိုပုံဖော် ကာမူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။