ပြည်ပနေနိုင်ငံခြားသားများထံပေးချေငွေအပေါ် ပင်ရင်းမှအခွန်နုတ်ယူပေးသွင်းခြင်းအကြောင်း
အခွန်ဝန်ထမ်းတစ်ဦး
ပင်ရင်းမှအခွန်နုတ်ယူပေးသွင်းစေသည့်စနစ်သည် အခွန်ထမ်းပြည်သူများအတွက် မိမိပေးဆောင်ရမည့်အခွန်တာဝန်ကို အခွန်နုတ်ယူပေးသွင်းသူ (Tax Agent) က ကိုယ်စားဆောင်ရွက်ပေးခြင်းဖြစ်သဖြင့် အခွန်ပေးဆောင်ခြင်းလုပ်ငန်းစဉ်ကို လွယ်ကူစွာဆောင်ရွက်နိုင်ခြင်း၊ အချိန်နှင့် လုပ်အားကုန်ကျမှုသက်သာစေခြင်း၊ အခွန်ပေး ဆောင်မှုအတွက် လိုက်နာဆောင်ရွက်မှုစရိတ်သက်သာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။ အလားတူပင် အစိုးရတစ်ရပ် အနေဖြင့်လည်း အခွန်အခြေ (Tax Base) ကို ထိရောက်စွာချဲ့ထွင်နိုင်ခြင်း၊ အခွန်ထမ်းများ၏ အခွန်ဆိုင်ရာလိုက်နာဆောင်ရွက်မှုကို မြင့်မားစေခြင်း၊ အခွန်စီမံခန့်ခွဲမှုစရိတ်ကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။ ထိုကဲ့သို့ အခွန်ထမ်းနှင့် အစိုးရနှစ်ဦးနှစ်ဖက်လုံး အကျိုးရှိစေခြင်းကြောင့် ပင်ရင်းမှအခွန်နုတ်ယူ ပေးသွင်းစေသည့်စနစ်ကို နိုင်ငံတကာ၌ တွင်ကျယ်စွာအသုံးပြုလေ့ ရှိကြပြီး အလားတူပင် မြန်မာနိုင်ငံ၌လည်း အသုံးပြုလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ပင်ရင်းမှအခွန်နုတ်ယူပေးသွင်းသည့်စနစ် ကျင့်သုံးခြင်း
မြန်မာနိုင်ငံတွင် ပင်ရင်းမှအခွန်နုတ်ယူပေးသွင်းစေသည့်စနစ် ကို ၁၉၉၂-၁၉၉၃ ဘဏ္ဍာရေးနှစ်၌ စတင်မိတ်ဆက်ကျင့်သုံးခဲ့ပါသည်။ စတင်ကျင့်သုံးဆောင်ရွက်စဉ်က ၁၉၇၄ ခုနှစ်၊ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၆ အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၂၅ ထုတ်ပြန်၍ ကောက်ခံခဲ့ခြင်းဖြစ်ပြီး ပင်ရင်းမှအခွန်နုတ်ယူ ပေးသွင်းရမည့် ဝင်ငွေအမျိုးအစားသတ်မှတ်ချက်များ၊ အခွန်နှုန်းထားများကို ခေတ်ကာလနှင့်လျော်ညီအောင် အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ ပြင်ဆင်သတ်မှတ်ခဲ့ရပါသည်။ ပင်ရင်းမှနုတ်ယူပေးသွင်း သည့်အခွန်နှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် တည်ဆဲအမိန့်ကြော်ငြာစာများအနက် ဤဆောင်းပါးတွင် စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် အမိန့်ကြော်ငြာစာ အမှတ် ၄၇/၂၀၁၈ ပါ သတ်မှတ်ချက်များကိုသာ ဖော်ပြမည်ဖြစ်ပါသည်။
အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ ပါ သတ်မှတ်ချက်များ
တည်ဆဲအမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ ကို ၁၈-၆-၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့်ကြော်ငြာစာသည် ၁-၇-၂၀၁၈ ရက်နေ့တွင် စတင်အကျိုးသက်ရောက်ခဲ့ပါသည်။ ယင်းအမိန့်ကြော်ငြာစာတွင် အခွန်ဖြတ်တောက်နုတ်ယူခြင်းခံရမည့် ပုဂ္ဂိုလ်အမျိုးအစားများ၊ ပင်ရင်းမှအခွန်နုတ်ယူရန် သတ်မှတ်ထားသည့် ပေးချေငွေ (ဝင်ငွေ) အမျိုးအစားများ၊ အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ် ချုပ်ဆိုထားသည့်နိုင်ငံများမှ အခွန်နုတ်ယူခံရမည့် ပြည်ပနေနိုင်ငံခြားသားများနှင့်ပတ်သက်သည့် သတ်မှတ်ချက်များ၊ နုတ်ယူရမည့်အခွန်နှုန်းထားများ စသည်ဖြင့်အသေးစိတ်သတ်မှတ် ပြဋ္ဌာန်းထားပါသည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် အခွန်နုတ်ယူခံရမည့်ပုဂ္ဂိုလ်များအား ပြည်တွင်းနေနိုင်ငံသား၊ ပြည်တွင်းနေနိုင်ငံခြားသားနှင့် ပြည်ပနေနိုင်ငံခြားသားဟူ၍ အုပ်စု (၃) စု ခွဲခြားသတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံနှင့် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူ စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံတစ်ခုခု၏ ပြည်တွင်းနေဖြစ်ကြောင်း သက်ဆိုင်ရာနိုင်ငံ၏ သက်သေခံလက်မှတ်တင်ပြလာလျှင် နုတ်ယူပေးသွင်းရမည့်ငွေကို သက်ဆိုင်ရာ DTA စာချုပ်ပါ သတ်မှတ်ရာခိုင်နှုန်းအတိုင်း နုတ်ယူပေးသွင်းရန် သတ်မှတ်ထားပါသည်။ ပင်ရင်းမှ အခွန်နုတ်ယူရမည့်ပေးချေငွေ (ဝင်ငွေ) အမျိုးအစားများကိုလည်း (၃) မျိုး ခွဲခြားသတ်မှတ်ထားပြီး ၎င်းတို့မှာ-
(က) အတိုးပေးငွေအတွက် ပေးချေငွေ၊
(ခ) လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့်အတွက်ပေးချေငွေ၊
(ဂ) နိုင်ငံတော်အတွင်းပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက် ပေးစေခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးစေခြင်းတို့ အတွက် ပေးချေငွေဟူ၍ဖြစ်ပါသည်။
နုတ်ယူရမည့် အခွန်နှုန်းထားသတ်မှတ်ချက်များမှာ ပေးချေငွေအမျိုးအစား၊ အခွန်နုတ်ယူခံရမည့်ပုဂ္ဂိုလ်အမျိုးအစား၊ ငွေပေးချေမည့် ပုဂ္ဂိုလ်အမျိုးအစားများအပေါ်မူတည်၍ ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်ပါသည်။
အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ အရ အခွန်နှုန်းထားသတ်မှတ်ချက်များ
အတိုးပေးငွေအတွက် ပေးချေငွေဖြစ်ပါက ပြည်ပနေနိုင်ငံခြားသားထံ ပေးချေငွေအပေါ်တွင်သာ ၁၅ ရာခိုင်နှုန်းနုတ်ယူရန်သတ်မှတ်ပြီး ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားထံ ပေးချေခြင်းဖြစ်ပါက နုတ်ယူရန်မလိုအပ်ကြောင်း သတ်မှတ်ထားပါသည်။ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့်အတွက် ပေးချေငွေဖြစ်ပါက ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေ နိုင်ငံခြားသားထံ ပေးချေခြင်းဖြစ်လျှင် ပေးချေငွေအပေါ် ၁၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ ပြည်ပနေနိုင်ငံခြားသားထံ ပေးချေခြင်းဖြစ်လျှင် ပေးချေငွေအပေါ် ၁၅ ရာခိုင်နှုန်းကိုလည်းကောင်း နုတ်ယူရန် သတ်မှတ်ထားပါသည်။
နိုင်ငံတော်အတွင်းပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးစေခြင်းတို့အတွက် ပေးချေငွေအမျိုး အစားတွင်မူ အစိုးရဌာန/ အဖွဲ့အစည်းများမှ ငွေထုတ်ပေးသူဖြစ်ပါက ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားထံ ပေးချေခြင်းဖြစ်လျှင် ပေးချေငွေအပေါ် နှစ်ရာခိုင်နှုန်း၊ ပြည်ပနေနိုင်ငံခြားသားထံ ပေးချေခြင်းဖြစ်လျှင် ပေးချေငွေအပေါ် ၂ ဒသမ ၅ ရာခိုင်နှုန်းနုတ်ယူရန် သတ်မှတ်ထားပါသည်။ လုပ်ငန်းအပ်နှံသည့်စာချုပ်အရ ဆောင်ရွက်ရသည့်လုပ်ငန်းတွင် ပြည်ပမှပစ္စည်းတင်သွင်းဆောင်ရွက်ရသည့်ကိစ္စ ပါဝင်ခဲ့ပါက အကောက်ခွန်ဦးစီးဌာနတွင် ပေးဆောင်ခဲ့ရသည့် သွင်းကုန်အပေါ် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ခုနှိမ်ခွင့်ပြု၍ အခွန်နုတ်ယူပေးသွင်း စေခြင်းဖြစ်ပါသည်။
နိုင်ငံတော်နှင့်အကျိုးတူပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများအပါအဝင် အခြားပုဂ္ဂိုလ်စုများမှ ငွေထုတ်ပေးသူဖြစ်ခဲ့ပါက ပြည်ပနေနိုင်ငံခြားသားထံ ပေးချေခြင်းအတွက်ကိုသာ ပေးချေငွေအပေါ် ၂ ဒသမ ၅ ရာခိုင်နှုန်းနုတ်ယူရန် သတ်မှတ်ထားပါသည်။ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားထံ ပေးချေခြင်းအတွက် နုတ်ယူရန်မလိုကြောင်း သတ်မှတ်ထားပါသည်။ ဤပေးချေငွေအမျိုး အစားနှင့်ပတ်သက်၍ ပုဂ္ဂလိကလုပ်ငန်းများအား ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားများအပေါ်တွင်ပါ ပင်ရင်းမှနုတ်ယူ ပေးသွင်းသည့်အခွန်နုတ်ယူစေခဲ့ပါက ပစ္စည်းဝယ်ယူသူတိုင်း၊ ဝန်ဆောင်မှုရယူသူတိုင်းကို အခွန်နုတ်ယူရမည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအပေါ် အခွန်ဆိုင်ရာလုပ်ငန်းတာဝန်များ ဝန်ပိစေသည့်အပြင် နိုင်ငံ တကာတွင်လည်း ကျင့်သုံးမှုမရှိခြင်းကြောင့် ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားများထံ ပေးချေငွေအပေါ် အခွန်မနုတ်ယူရန် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
ဤပေးချေငွေအမျိုးအစားနှင့်ပတ်သက်၍ ပြည်ပနေနိုင်ငံခြားသားများထံ ပေးချေငွေအပေါ် အခွန်နုတ်ယူရာတွင်လည်း နိုင်ငံတော်အတွင်း ဖြစ်ထွန်းပေါ်ပေါက်သော ဝင်ငွေအပေါ်တွင်သာ အခွန်နုတ်ယူရမည်ဖြစ်ပါ သည်။ အဆိုပါဖော်ပြချက်အတွက် ပိုမိုရှင်းလင်းမှုရှိစေရန် ဒီဇိုင်းရေးဆွဲပေးရန် လုပ်ငန်းအပ်နှံသည့်ကိစ္စနှင့် ရုံးခန်းအသစ်တည်ဆောက်ပေးရန် လုပ်ငန်းအပ်နှံသည့်ကိစ္စတို့အား နမူနာထား၍ တင်ပြပါမည်။ ပြည်တွင်းကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံနှင့် DTA မချုပ်ဆိုထားသည့်နိုင်ငံမှ နိုင်ငံခြားကုမ္ပဏီတစ်ခုထံ မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံးခန်းအသစ် တည်ဆောက်ရေးအတွက် ဒီဇိုင်းရေးဆွဲပေးရန် လုပ်ငန်းအပ်နှံသည့် ကိစ္စမျိုးဖြစ်ပါက ပြည်တွင်း၌ဝန်ဆောင်မှုရယူခြင်းဖြစ်သည့်အတွက် စာချုပ်တန်ဖိုးအပေါ် အခွန် ၂ ဒသမ ၅ ရာခိုင်နှုန်းနုတ်ယူပေးသွင်းရမည် ဖြစ်ပါသည်။
အကယ်၍ မြန်မာနိုင်ငံနှင့် DTA မချုပ်ဆိုထားသည့်နိုင်ငံမှ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုထံ ရုံးခန်းအသစ်တည်ဆောက်ပေးရန် လုပ်ငန်းအပ်နှံသည့်ကိစ္စရပ်ဖြစ်ပါက တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူခြင်းသည် ပြည်ပ၌ဝယ်ယူခြင်းသာဖြစ်သည့်အတွက် တည်ဆဲ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ အရ ပြည်ပမှပစ္စည်းဝယ်ယူခြင်း အပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းသည့်ဝင်ငွေခွန်အား ဖြတ်တောက်နုတ်ယူရန် မလိုအပ်ပါသဖြင့် ဝန်ဆောင်မှုအတွက် ကျသင့်မည့်တန်ဖိုး အပေါ်တွင်သာ ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်ကို နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။ လုပ်ငန်းသဘောတူစာချုပ်တွင် ကုန်ပစ္စည်းတန်ဖိုးနှင့် ဝန်ဆောင်ခတန်ဖိုး ခွဲခြားဖော်ပြထားခြင်း မရှိခဲ့ပါက သက်ဆိုင်သည့်ကုမ္ပဏီကို ပမာဏခွဲခြားသတ်မှတ်စေပြီး ကုမ္ပဏီအနေဖြင့် ခွဲခြားသတ်မှတ်နိုင်ခြင်းမရှိခဲ့ပါက ဝန်ဆောင်ခတန်ဖိုးကို နိုင်ငံတကာအခွန်စနစ်များ၏ ကောင်းမွန်သောအလေ့အထများနှင့်အညီ စိစစ်သတ်မှတ်ကာ ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်ကို နုတ်ယူပေးသွင်းစေလျက်ရှိပါသည်။
အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်ဆိုသည်မှာ
တည်ဆဲအမိန့်ကြော်ငြာစာတွင် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်ချုပ်ဆိုထားသည့်နိုင်ငံမှ နိုင်ငံခြားသားများထံပေးချေငွေအပေါ် အခွန်နုတ်ယူပေးသွင်းခြင်း အကြောင်း ကို ထည့်သွင်းပြဋ္ဌာန်းထားသဖြင့် (Double Taxation Agreement – DTA) ဟု အများပြည်သူသိကြသည့် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်အကြောင်းကိုလည်း အများပြည်သူဗဟုသုတဖြစ်စေရန်အလို့ငှာ အနည်းငယ်တင်ပြလိုပါသည်။ အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်ဆိုသည်မှာ တူညီသည့် လူပုဂ္ဂိုလ်တစ်ဦးတည်း သို့မဟုတ် ကုမ္ပဏီပုဂ္ဂိုလ်စုတစ်ခုတည်း၏ ဖြစ်ထွန်းပေါ်ပေါက်သော/ ရရှိသောတူညီသည့်ဝင်ငွေအပေါ် ဝင်ငွေခွန် နှစ်ခါမကျသင့်စေရန်နှင့် နိုင်ငံဖြတ်ကျော်ဆောင်ရွက်ကြသည့် လုပ်ငန်းများ၊ ဆောင်ရွက်ချက်များမှ ရရှိသည့်ဝင်ငွေများကို အခွန်တိမ်းရှောင်ခြင်းမှ ကာကွယ်တားဆီးရေးအလို့ငှာ အခွင့်ရအာဏာပိုင် များအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံနှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် အခွန်ဆိုင်ရာသဘောတူစာချုပ်ကို ခေါ်ဆို ခြင်းဖြစ်ပါသည်။
DTA စာချုပ်များကို သဘောတူစာချုပ်နယ်ပယ်၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခွန်ကောက်ခံသည့် ဝင်ငွေအမျိုးအစားခေါင်းစဉ်များ၊ အခွန်နှစ်ထပ်မကျသင့်စေရန် နည်းလမ်းများ၊ အထူးပြဋ္ဌာန်းချက်များနှင့် နိဂုံးချုပ်ပြဋ္ဌာန်းချက်များဟူ၍ အပိုင်း (၆) ပိုင်းဖြင့် ဖွဲ့စည်းထား ပါသည်။ အခွန်ကောက်ခံသည့် ဝင်ငွေအမျိုးအစားခေါင်းစဉ်များ ဟူသည့်အပိုင်းတွင် မည်သည့်ဝင်ငွေများအပေါ် စာချုပ်ဝင်နိုင်ငံ (Resident State) က ကောက်ခံရမည်၊ မည်သည့်ဝင်ငွေများအပေါ် အခြားစာချုပ်ဝင်နိုင်ငံ (Source State) က ကောက်ခံရမည်၊ မည်သည့် ဝင်ငွေအမျိုးအစားများဖြစ်ပါက နိုင်ငံနှစ်နိုင်ငံအကြား မည်ကဲ့သို့ အခွန်ခွဲဝေကောက်ခံကြမည်ဟူသည့် အချက်များကို ပြဋ္ဌာန်းသတ်မှတ်ထားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် DTA စာချုပ် ချုပ်ဆိုထားသည့်နိုင်ငံ ရှစ်နိုင်ငံရှိပြီး ၎င်းတို့မှာ ယူနိုက်တက်ကင်းဒမ်း၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံ၊ စင်ကာပူသမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ လာအိုဒီမိုကရက်တစ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြ ပါသည်။ အဆိုပါ ရှစ်နိုင်ငံကို မြန်မာနိုင်ငံ၏ အခြားစာချုပ်ဝင်နိုင်ငံများဟု သတ်မှတ်ရပါသည်။ နိုင်ငံအလိုက်ချုပ်ဆိုထားသည့် အခွန်နှစ်ထပ် ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်များကို အများပြည်သူ လေ့လာနိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာန၏ဝက်ဘ်ဆိုက် www.ird.gov.mm တွင် မြန်မာ/ အင်္ဂလိပ်နှစ်ဘာသာဖြင့် လွှင့်တင်ပေးထား ပါသည်။
အခွန်နုတ်ယူပေးသွင်းမည့်သူက လိုက်နာဆောင်ရွက်ရန်
အခွန်နုတ်ယူမည့်သူအနေဖြင့် ပေးချေငွေအမျိုးအစားသတ်မှတ်ခြင်း၊ အခွန်နုတ်ယူခံရမည့်ပုဂ္ဂိုလ်အမျိုးအစားသတ်မှတ်ခြင်း၊ သတ်မှတ်အခွန်နှုန်းထားဖြင့် အခွန်နုတ်ယူခြင်း၊ နုတ်ယူထားသည့်အခွန်ကို ဝင်ငွေခွန်စည်းမျဉ်းများ၊ စည်းမျဉ်း ၁၄ ပါ ပြဋ္ဌာန်းသတ်မှတ်ချက်နှင့်အညီ နုတ်ယူထားသည့်နေ့မှ (၁၅) ရက်အတွင်း သက်ဆိုင်ရာ အခွန်ရုံးထံ ပေးသွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အခွန်နုတ်ယူထားသူအနေဖြင့် နုတ်ယူထားသည့်အခွန်ကို သတ်မှတ်ရက်အတွင်းပေးသွင်းရန် အခက်အခဲရှိခဲ့ပါကလည်း အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄ အရ အခွန်ပေးဆောင်ရမည့်အချိန်ကို တိုးမြှင့်ပေးစေလိုကြောင်း သက်ဆိုင်ရာအခွန်ရုံးထံ လျှောက်ထားနိုင် သည့်အခွင့်အရေးရှိပါသည်။
နုတ်ယူရမည့်အခွန်နှုန်းထား သတ်မှတ်ရာ၌ အခွန်နုတ်ယူခံရမည့် ပုဂ္ဂိုလ်သည် ပြည်တွင်းနေနိုင်ငံသားဖြစ်ခဲ့ပါက တည်ဆဲအမိန့်ကြော်ငြာ စာအမှတ် ၄၇/၂၀၁၈ ပါ သတ်မှတ်နှုန်းထားများနှင့်အညီ သတ်မှတ်၍ နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။ အခွန်နုတ်ယူခံရမည့်ပုဂ္ဂိုလ်သည် နိုင်ငံခြားသားဖြစ်မည်ဆိုပါက ပထမအဆင့်အနေဖြင့် ယင်းနိုင်ငံခြားသားသည် ပြည်ပနေ (သို့မဟုတ်) ပြည်တွင်းနေဖြစ်ကြောင်းကို တည်ဆဲဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ (ဋ) နှင့် (ဌ) တို့ပါ ပြဋ္ဌာန်း သတ်မှတ်ချက်များနှင့်အညီ ခွဲခြားစိစစ်ရမည်ဖြစ်ပါသည်။ စိစစ်မှုအရ ပြည်တွင်းနေနိုင်ငံခြားသားဖြစ်ကြောင်း တွေ့ရှိရပါက တည်ဆဲအမိန့် ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ ပါ သတ်မှတ်နှုန်းထားများနှင့်အညီ အခွန်ကို နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။ အကယ်၍ ပြည်ပနေနိုင်ငံခြားသားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါက ဒုတိယအဆင့်အနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုက်နာကျင့်သုံးရန်သတ်မှတ်ချက် အမှတ် ၁/၂၀၂၂ နှင့်အညီ သက်ဆိုင်ရာအခွန်ရုံးထံ အထောက်အထားများတင်ပြ၍ အတည်ပြုချက်ရယူဆောင်ရွက်ရမည်ဖြစ်ပါသည်။ တင်ပြသည့်အထောက်အထားများအရ သက်ဆိုင်ရာအခွန်ရုံးက စိစစ်၍ နုတ်ယူရမည့်အခွန်နှုန်းထားကို အတည်ပြုပြန်ကြားပေးမည်ဖြစ်ပြီး အခွန်နုတ်ယူမည့်သူအနေဖြင့် ယင်းအတည်ပြုသည့် အခွန်နှုန်းထားအတိုင်း အခွန်ကိုနုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။
ပြည်ပနေနိုင်ငံခြားသားထံမှ နုတ်ယူရမည့်အခွန်နှုန်း သတ်မှတ်ပြန်ကြားသည့်လုပ်ငန်းစဉ်
အခွန်နုတ်ယူမည့်သူက လိုက်နာကျင့်သုံးရန်သတ်မှတ်ချက် အမှတ် ၁/၂၀၂၂ နှင့်အညီ သက်ဆိုင်ရာအခွန်ရုံးထံ အထောက်အထား များတင်ပြလာပါက သက်ဆိုင်ရာအခွန်ရုံးများအနေဖြင့် အောက်ပါလုပ်ငန်းစဉ်များအတိုင်း စိစစ်ဆောင်ရွက်လျက်ရှိပါသည်-
(က) ပထမအဆင့် အခွန်နုတ်ယူခံရမည့် ပြည်ပနေနိုင်ငံခြားသား၏ လုပ်ငန်းတည်ရှိရာနိုင်ငံသည် မြန်မာနိုင်ငံနှင့် DTA ချုပ်ဆိုထားသည့်နိုင်ငံရှစ်နိုင်ငံတွင် ပါဝင်မှုရှိ/မရှိ စိစစ်ခြင်း၊ (မြန်မာနိုင်ငံနှင့် DTA ချုပ်ဆိုထားသည့်နိုင်ငံများတွင် ပါဝင်မှုမရှိပါက အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ ပါ အခွန်နှုန်းထားများနှင့်အညီ အခွန်နုတ်ယူရန် အတည်ပြုပြန်ကြားရပါသည်။)
(ခ) ပြည်ပနေနိုင်ငံခြားသား၏ လုပ်ငန်းတည်ရှိရာနိုင်ငံသည် မြန်မာနိုင်ငံနှင့် DTA ချုပ်ဆိုထားသည့်နိုင်ငံများတွင် ပါဝင်ကြောင်း စိစစ်တွေ့ရှိရပါက ဒုတိယအဆင့်အနေဖြင့် ပေးချေငွေအမျိုးအစားအား စိစစ်ခြင်း၊ (ပေးချေငွေအမျိုးအစား စိစစ်နိုင်ရန်အတွက် အခွန်နုတ်ယူခံရမည့် ပြည်ပနေ နိုင်ငံခြားသားအား သတ်မှတ်ပုံစံဖြင့် DTA အကျိုးခံစားခွင့်ကို တောင်းခံစေရပါသည်။ DTA အကျိုးခံစားခွင့်တောင်းခံမှုကို စိစစ်ချက်အရ ပေးချေငွေအမျိုးအစားသည် အတိုးပေး ငွေ (Interest) အတွက် ပေးချေငွေ (သို့မဟုတ်) လိုင်စင် (License)၊ ကုန်အမှတ်တံဆိပ် (Trademark)၊ မူပိုင်အခွင့် အရေး(Patent Right) စသည်တို့ကို အသုံးချခွင့်ပြုသည့်အတွက် ပေးချေငွေအမျိုးအစားများဖြစ်ပါက သက်ဆိုင်ရာ DTA စာချုပ်ပါသတ်မှတ်အခွန်နှုန်းထားဖြင့် အခွန်နုတ်ယူ ရန် အတည်ပြုပြန်ကြားရပါသည်။)
(ဂ) အပိုဒ်(ခ)ပါပေးချေငွေအမျိုးအစားများတွင် ပါဝင်ခြင်း မရှိပါက တတိယအဆင့်အနေဖြင့် အခွန်နုတ်ယူခံရမည့် ပြည်ပနေနိုင်ငံခြားသားသည် မြန်မာနိုင်ငံတွင် အမြဲတမ်းလုပ်ငန်းတည်နေရာ (သို့မဟုတ်) အမြဲတမ်းစီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသည့်နေရာ စသည်တို့နှင့်ဆက်စပ်နေခြင်း ရှိ/ မရှိ၊ ဆောင်ရွက်သည့်စီးပွားရေးလုပ်ငန်း (Business) ၏ သဘောသဘာဝစသည်တို့ကို သက်ဆိုင်ရာ DTA စာချုပ်၏ အမြဲတမ်းလုပ်ငန်းတည်ရာဌာန အခန်းပါ ပြဋ္ဌာန်းချက်များနှင့် တိုက်ဆိုင်စိစစ်ခြင်း။ (ယင်းသို့ စိစစ်ပြီးနောက် အခွန်ကောက်ခံပိုင်ခွင့်ရှိသောဝင်ငွေအဖြစ် သတ်မှတ်နိုင်ခြင်း ရှိ/ မရှိ ဆုံးဖြတ်ခြင်း၊ အခွန်နှုန်းထားအတည်ပြုပြန်ကြားခြင်းတို့ကို ဆောင်ရွက်ရပါသည်။)
အခွန်နုတ်ယူပေးသွင်းမည့်သူများ သတိပြုရမည့်အချက်များ
ပင်ရင်းမှအခွန်နုတ်ယူပေးသွင်းရန် တာဝန်ရှိသူအနေဖြင့် အခွန်ကိုနုတ်ယူပေးသွင်းခြင်း မပြုလုပ်ခဲ့ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ် မှုဥပဒေပုဒ်မ ၇၄၊ ပုဒ်မခွဲ(ဂ)အရ မနုတ်ယူခဲ့သည့် အခွန်နှင့်ပတ်သက်၍ ပျက်ကွက်သူအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်ပြီး မနုတ်ယူခဲ့သည့် အခွန်ကိုလည်း ပေးသွင်းရန်တာဝန်ရှိမည်ဖြစ်ပါသည်။ အခွန်နုတ်ယူထားသော်လည်း နုတ်ယူထားသည့်အခွန်ကို သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာအခွန်ရုံးထံ ပေးသွင်းရန်ပျက်ကွက်ခဲ့ပါက အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေပုဒ်မ ၇၄၊ ပုဒ်မခွဲ(ဃ)အရ ပေးဆောင်ရန်ပျက်ကွက် သည့်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နောက်ကျပေးဆောင်ခြင်းအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ပါသည်။
ဆိုလိုသည်မှာ အခွန်နုတ်ယူပေးသွင်းရန် တာဝန်ရှိသူအနေဖြင့် နုတ်ယူရန်တာဝန်ရှိသည့်အခွန်ကို လုံးဝမနုတ်ယူခဲ့သည့်ကိစ္စတွင် မနုတ်ယူခဲ့သည့်အခွန်ပမာဏကို တာဝန်ယူပေးဆောင်ရမည်ဖြစ်ပြီး အခွန်နုတ်ယူထားပြီး သတ်မှတ်ရက်အတွင်း မပေးသွင်းခဲ့သည့်ကိစ္စဖြစ်ပါက အခွန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ပါသည်။
ပင်ရင်းမှအခွန်နုတ်ယူပေးသွင်းစေသည့်စနစ်သည် အခွန်ရုံးနှင့် လုပ်ငန်းရှင်တို့ ဟန်ချက်ညီညီဖြင့် ပူးပေါင်းဆောင်ရွက်ရသည့်စနစ် တစ်ခုဖြစ်ပါသည်။ ယင်းစနစ်တွင် ငွေထုတ်ပေးရန်တာဝန်ရှိသူသည် အခွန်ရုံးများ၏ကိုယ်စားလှယ် (Tax Agent) အဖြစ် အခွန်ကောက်ခံသည့်တာဝန်ကို လွှဲပြောင်းထမ်းဆောင်ပေးရခြင်းဖြစ်ပါသည်။ သို့ဖြစ် ပါ၍ ငွေထုတ်ပေးရန်တာဝန်ရှိသူများအပါအဝင် ပင်ရင်းမှ အခွန်နုတ်ယူပေးသွင်းစေသည့်စနစ်နှင့် သက်ဆိုင်သူများအနေဖြင့် ပင်ရင်းမှနုတ်ယူ ပေးသွင်းသည့်အခွန်နှင့်ပတ်သက်သည့် အမိန့်ကြော်ငြာစာများ၊ အခွန်ဥပဒေ၊ စည်းမျဉ်းများ၊ လိုက်နာကျင့်သုံးရန် သတ်မှတ်ချက်များ၊ DTA စာချုပ်ပါသတ်မှတ်ချက်များ၊ နိုင်ငံတကာကကျင့်သုံးသည့် အလေ့အကျင့်များ (International Practices) အကြောင်းတို့ကို စဉ်ဆက်မပြတ်လေ့လာနိုင်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ။