Skip to main content

ရည်မှန်းချက်များချမှတ်၍ ဘဝကိုပုံဖော်ခြင်း

သိန်းထွန်း(IR)

“မျှော်လင့်ချက်ဆိုတာ နိုးထနေတဲ့အိပ်မက်တစ်ခုပါပဲ” လို့ အရစ္စတိုတယ်က ပြောဖူးပါတယ်။ လူတိုင်းဟာ ဘဝမှာအောင်မြင်ဖို့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေရှိကြပါတယ်။ ဖြစ်ချင်တာတွေကို စိတ်ကူးယဉ် နေရုံနဲ့အိပ်မက်တွေဟာ လက်တွေ့ဖြစ်မလာပါဘူး။ လက်တွေ့ဘဝမှာ အိပ်မက်တွေနိုးထနေဖို့ဆိုရင် ကိုယ့်မျှော်လင့်ချက်တွေကို ရည်မှန်းချက်အဖြစ် ချမှတ်အကောင်အထည်ဖော်မှ လိုချင်တဲ့ရလဒ်တွေ ရရှိလာမှာပါ။

ကိုယ့်ရဲ့ဘဝ တိုးတက်မှုအတွက်ပဲဖြစ်ဖြစ်၊ အသက်မွေးဝမ်းကျောင်းတစ်ခု ပြောင်းချင်လို့ပဲ ဖြစ်ဖြစ် ရည်မှန်းချက်တွေချမှတ်ပြီး လုပ်ဆောင်ခြင်းဟာ ပရော်ဖက်ရှင်နယ်တိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်မရှိဘဲ ဘဝလျှောက်လှမ်းနေခြင်းဟာ မြေပုံ ဒါမှမဟုတ် GPS မရှိဘဲ ခရီးသွားနေတာနဲ့တူပါတယ်။ ဘယ်သွားနေမှန်း၊ ဘယ်ရောက်နေမှန်း၊ ဘယ်ကို ဦးတည်နေမှန်း မသိနိုင်ပါဘူး။ ကိုယ်ဘယ်ကို သွားချင်တယ်ဆိုတာကို သိရင်တောင်မှ အဲဒီကို ဘယ်လိုသွားရမလဲ မသိနိုင်ပါဘူး။ လိုချင်တာရဖို့ ကြိုးတော့ကြိုးစားပါရဲ့ ထိရောက်တဲ့ရလဒ်၊ သိသာ မြင်သာတဲ့တိုးတက်မှုတွေမတွေ့နိုင်ဘဲ ရှေ့ခရီးအတွက် စမ်းတဝါးဝါးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လူအများစုဟာ သူတို့ရဲ့အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေမှာနစ်မြုပ်နေပြီး ဘယ်လိုလွတ်မြောက်ရမလဲ၊ တိုးတက်အောင်မြင်အောင် ဘယ်လိုလုပ်ရလဲဆိုတာမသိကြဘဲ ဝဲလည်နေတတ်ပါတယ်။

သူသူကိုယ်ကိုယ် အသက်တွေကြီးလာလို့ ကိုယ့်ဘဝကိုပြန်ကြည့်ရင် နောင်တရစရာတွေ တွေ့မိပါလိမ့်မယ်။ တစ်ဦးနဲ့တစ်ဦး နောင်တရစရာတွေ တစ်ထပ်တည်းမတူညီကြပေမယ့် အများအားဖြင့် တွေ့ရလေ့ရှိကြတာက ကိုယ့်ရဲ့ရည်မှန်းချက်တွေအတွက် အကောင်းဆုံးဖြစ်အောင် မကြိုးစားခဲ့တာ၊ အသက်မွေးဝမ်းကျောင်းနဲ့ ပညာရေးအကြား ရွေးချယ်မှုလွဲမှားခဲ့တာ၊ မိတ်ဆွေတွေ၊ မိသားစုအသိုက်အဝန်းတွေနဲ့ နွေးထွေးတဲ့ဆက်ဆံရေးမရှိခဲ့တာ၊ ကျန်းမာရေးနဲ့နေထိုင်မှုပုံစံ မှားယွင်းခဲ့တာ၊ ငွေကြေးသုံးစွဲမှုလွဲမှားခဲ့တာ၊ ခံစားချက်တွေကို မဖော်ပြခဲ့တာ စတာတွေ တွေ့ရလေ့ရှိပါတယ်။

ငယ်ရွယ်စဉ်က ကိုယ့်ဘဝကို ဘယ်လိုပုံဖော်ရမလဲ၊ ဘာဖြစ်ချင်တာလဲဆိုတဲ့ ရည်မှန်းချက်တွေ မရှိတဲ့အခါမှာ ဘဝတွေဟာ ဦးတည်ချက်မရှိတဲ့ လှေတစ်စင်းလိုပဲ ရောက်ချင်ရာရောက်၊ ပေါက်ချင်ရာ ပေါက်သွားတတ်တာ မဆန်းပါဘူး။ ဘယ်သူမဆို ကိုယ့်ဘဝကိုယ် တိုးတက်ချင်၊ အောင်မြင်ချင်၊ လိုချင်တာ ရချင်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ဦးတည်ချက်မရှိလို့၊ ကြိုးစားအားထုတ်မှုမရှိလို့၊ အရေးမကြီးတာတွေနဲ့ အချိန်ဖြုန်းခဲ့ကြလို့ အသက် တွေကြီးလာတဲ့အခါ နောင်တတွေနဲ့ ဖြစ်တတ်ကြ ပါတယ်။ အဲဒီအချိန်မှာဘဝကို နောက်ပြန်လှည့်လို့ မရတော့ပါဘူး။ ငယ်ရွယ်စဉ်ကတည်းကဘဝကို ရည်မှန်းချက်တွေချပြီး ကြိုးစားခဲ့ကြရင် ကိုယ် လိုချင်တဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ရည်မှန်းချက်ချမှတ်

ဒီတော့ လက်ရှိပစ္စုပ္ပန်အခြေအနေတွေကနေ တိုးတက်ဖို့ဆိုရင် အနာဂတ်အတွက် ရှင်းလင်းပြီး တိုင်းတာနိုင်တဲ့ရည်မှန်းချက်တွေ ချမှတ်လုပ်ကိုင် ဖို့လိုပါတယ်။ ရည်မှန်းချက်တွေ ချမှတ်ခြင်းဟာ ဘဝအတွက် အလွန်အရေးကြီးတာကို အများအားဖြင့် သိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တိကျပြီး တိုင်းတာနိုင်တဲ့ရည်မှန်းချက်တွေ သတ်မှတ်ထားခြင်းဟာ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းကို တိုးတက်စေပြီး အောင်မြင်မှုတွေရရှိဖို့ အထောက်အကူဖြစ်စေလို့ပါပဲ။ သာမန်အားဖြင့် ရည်မှန်းချက်တွေ ချဖို့ဆိုတာ လွယ်ပါတယ်။ လူတိုင်းလည်း လုပ်နိုင်ပါတယ်။ ဒါပေမဲ့ရည်မှန်းချက်တွေ ချမှတ်ရုံနဲ့ ရလဒ်တွေထွက်လာတာမဟုတ်ပါဘူး။ ဆက်ပြီးကြိုးစားရမှာတွေ အများကြီးရှိပါသေးတယ်။

ရည်မှန်းချက်ချမှတ်တာက ကိုယ်လိုချင်တဲ့ရလဒ်တွေရဖို့ အစခြေလှမ်းတစ်ခုပဲ ဖြစ်ပါသေးတယ်။ အစကောင်းမှ အနှောင်းသေချာဆိုတဲ့စကားလိုပဲ အစကောင်းဖို့လိုပါတယ်။ ဒါကြောင့် ရည်မှန်းချက်ချမှတ်ခြင်းဟာ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်း တိုးတက်စေဖို့အတွက် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးဖြစ်ပါတယ်။ ရည်မှန်းချက်ချမှတ်တယ်ဆိုတာက ကိုယ်ပိုင်ဘဝ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းကို ပုံဖော်ရုပ်လုံးသွင်းနေတာ ဖြစ်ပါတယ်။

ရည်မှန်းချက်ချမှတ်ရာမှာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ ကိုယ့်ရဲ့ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း၊ ပရော်ဖက် ရှင်နယ်ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေးစတဲ့ ကိုယ်စိတ်ဝင်စားရာအလိုက် ရည်မှန်းချက်တွေ ကွဲပြားနိုင်ပါတယ်။ ရည်မှန်းချက်တွေ ဘယ်လိုပဲကွဲပြားပါစေ ကိုယ့်ရဲ့ပန်းတိုင်ရောက်ဖို့ အဆင့်ဆင့်ချမှတ်ကြိုးစားရင် ဘဝရည်မှန်းချက်တွေ အောင်မြင် ဖို့ လွယ်ကူသွားပါလိမ့်မယ်။

ရေတိုရည်မှန်းချက်

လူတိုင်းမှာ အချို့အရာတွေကိုရယူချင်တဲ့ ဒါမှမဟုတ် အောင်မြင်ချင်လိုတဲ့စိတ်ကူးတွေ၊ အိပ်မက်တွေရှိကြပါတယ်။ အသက်မွေးဝမ်းကျောင်း ဘဝလျှောက်လှမ်းရာမှာ ရည်မှန်းချက်ချမှတ်ခြင်းဟာ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ မူဘောင်သတ်မှတ်ပေးတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့စိတ်ကူးအိပ်မက်တွေ လက်တွေ့ အကောင်အထည်ဖော်ရာမှာ ရည်မှန်းချက်ချမှတ်ခြင်းက လမ်းကြောင်းတစ်ခုဖြစ်လာစေပါတယ်။ လက်တွေ့ အကောင်အထည်ဖော်ရာမှာလည်း ကိုယ့်ရဲ့ရည်မှန်းချက်တွေကို လတ်တလောရည်မှန်းချက်နဲ့ ရေရှည်ရည်မှန်းချက်ဆိုပြီး အဆင့်တွေ သတ်မှတ်အကောင်အထည်ဖော်နိုင်ပါတယ်။

လတ်တလောရည်မှန်းချက် ဒါမှမဟုတ် ကာလတိုရည်မှန်းချက်ဟာ ရေရှည်ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ကြားခံရည်မှန်းချက်တွေ ဖြစ်ပါတယ်။ အမြင့်ဆုံးကိုရောက်ဖို့ လှေကားထစ် တစ်ထစ်ခြင်း တက်ရသလိုပါပဲ။ လှေကားထစ် တစ်ထစ်ခြင်းအောင်မြင်မှ အမြင့်ဆုံးဖြစ်တဲ့ အန္တိမရည်မှန်းချက်ကို ရရှိမှာပါ။ ဒါကြောင့် ရေတိုရည်မှန်းချက် သတ်မှတ်ရာမှာ အချိန်တိုသတ်မှတ်ကာလ အတွင်းဖြစ်ဖို့လိုပါတယ်။

ရေတိုရည်မှန်းချက်တွေထဲမှာဆိုရင် ရေရှည် ရည်မှန်းချက်ကို အထောက်အကူဖြစ်စေတဲ့ လုပ်ငန်း ပြီးမြောက်အောင်လုပ်တာ၊ အတွေ့အကြုံယူတာ၊ လေ့လာသင်ယူတာမျိုးတွေ ပါဝင်ပါတယ်။ ရေတို ရည်မှန်းချက်ကရလာတဲ့ ပညာ၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ အရင်းအနှီး၊ လုပ်ငန်းနယ်ပယ်၊ လူမှု ဆက်ဆံရေးနယ်ပယ်စတာတွေဟာ ရေရှည်ရည်မှန်း ချက်အတွက် အထောက်အကူတွေဖြစ်ပါတယ်။ သတိပြုရမှာက ရေတိုရည်မှန်းချက်တွေမှာ အချိန်ကြာသွားရင် အဲဒီမှာပဲနစ်မြုပ်သွားတတ်တာ၊ ဝဲလည်နေတတ်တာတွေနဲ့ လက်လျှော့လိုက်ရတာ တွေ ဖြစ်တတ်တာမို့ အဓိကဦးတည်ချက်ကို မျက်ခြည်မပြတ်ဘဲ လုပ်ငန်းအဆင့်တိုင်းမှာ အာရုံစူးစိုက်ထားဖို့အရေးကြီးပါတယ်။

ရေရှည်ရည်မှန်းချက်

ရေရှည်ရည်မှန်းချက်တွေကတော့ အများအားဖြင့် ကိုယ့်ဘဝ၊ ကိုယ့်အသက်မွေးဝမ်းကျောင်းမှာ အောင်မြင်ဖို့ အန္တိမပန်းတိုင်တွေ ဖြစ်ကြပါတယ်။ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ချင်တာ၊ ထူးချွန်ထက်မြက်တဲ့ပညာရှင်ဖြစ်ချင်တာ၊ ကမ္ဘာ့ထိပ်တန်းအားကစားသမားဖြစ်ချင်တာ စတာတွေဟာ ရေရှည်ရည်မှန်းချက်တွေဖြစ်ကြပါတယ်။ အဲဒီရေရှည်ရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုတာ နတ်ရေကန်ထဲ ပစ်ချလိုက်သလို မျက်စိအောက်မှာ ဘွားခနဲဖြစ်လာတာ မဟုတ်ပါဘူး။ အောင်မြင်နေတဲ့သူတိုင်းဟာ အနိမ့်အမြင့်အဆင့်ဆင့်ကို ဖြတ်သန်းပြီးမှအဲဒီနေရာကို ရောက်ခဲ့ကြရတာပါ။ သူတို့ဘဝတစ်လျှောက်မှာ ကြုံခဲ့ရတဲ့ဆုံးရှုံးမှု၊ လဲကျ မှုတွေ ဆိုတာတွေက အိုးကောင်းရဖို့ နာနာအရိုက် ခံရသလိုပါပဲ။ အောင်မြင်သူတွေဟာ သူတို့ကျရှုံးခဲ့ ရတာတွေနဲ့ ပတ်သက်လို့ သောမတ်စ်အယ်ဒီဆင်ရဲ့စကားက နမူနာယူစရာပါ။ “I have not failed. I’ve just found 10,000 ways that won’t work.” “ကျွန်တော်ကျရှုံးခဲ့တာ မဟုတ်ပါဘူး၊ အလုပ်မဖြစ် တဲ့နည်းလမ်း ၁၀၀၀ ကို တွေ့ခဲ့တာပါ” လို့ ဆိုပါတယ်။ ဒါဟာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ခိုင်မာတဲ့စိတ်သဘောထားပါပဲ။ ဒီတော့ကိုယ့်ရဲ့ရေရှည်ရည်မှန်းချက်တွေကိုရဖို့နဲ့ ကိုယ့်ရဲ့ ခရီးလမ်းတစ်လျှောက်အောင်မြင်ဖို့ နောက်ဆုံးအဆင့်ကို မရောက်မချင်း တစ်ဆင့်ချင်း ဇွဲကြီးကြီးနဲ့ တက်နိုင်ဖို့လိုပါတယ်။

အဲဒီတစ်ဆင့်ချင်းစီမှာ ကိုယ်မြှင့်တင်လိုတဲ့ ကျွမ်းကျင်မှုတွေ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ဝါသနာတွေမှာ အတွေ့အကြုံတွေယူထားမယ်ဆိုရင် ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေ မြင့်မားစေတာမို့လို့ ပရော်ဖက်ရှင်နယ်ဘဝအဖြစ် လွယ်လွယ်ကူကူ ကူးပြောင်းနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ်ဘဝမှာဆိုရင်လည်း ကိုယ်ရည်မှန်းထားတဲ့အရာတွေအတွက် အချိန်ပိုပေးဖို့လိုပါတယ်။ ဒါမှအလုပ်နဲ့ဘဝ ဟန်ချက်ကို မျှအောင်ထိန်းသိမ်းရာမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် အာရုံစူးစိုက်မှုနဲ့တက်ကြွမှု ပိုပြီးရရှိစေပါတယ်။

အခြေခံလိုအပ်ချက်

ရည်မှန်းချက်တွေဟာ လုပ်ငန်းတစ်ခု သို့မဟုတ်ဘဝအတွက် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရည်မှန်းချက်တွေက ဦးတည်ချက်၊ လှုံ့ဆော်မှု၊ ရှင်းလင်းတဲ့အာရုံစူးစိုက်မှုနဲ့ အရေးပါမှုတွေကို ရရှိစေပါတယ်။ ရည်မှန်းချက်တွေ ချမှတ်ခြင်းဖြင့် ကိုယ်ဘယ်ကိုဦးတည်နေသလဲဆိုတာကို သိရှိစေပါ တယ်။ ဒါကြောင့် ခိုင်မာတိကျတဲ့ ရည်မှန်းချက်တွေ ချမှတ်ရာမှာ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ချမှတ် မလဲဆိုတာ အရေးကြီးပါတယ်။ ကိုယ့်ကိုအထိရောက် ဆုံးလမ်းညွန်ပေးနိုင်တဲ့ ရည်မှန်းချက်တွေ ချမှတ်ရာမှာ ချိန်ထိုးစဉ်းစားနိုင်တဲ့အချက်တွေရှိပါတယ်။ အဲဒါကတော့ အားလုံးသိပြီးဖြစ်ကြတဲ့ SMART Goals အယူအဆပါပဲ။ SMART Goals မှာ specific, measurable, achievable, Realistic and Timely တို့ပါဝင်ပါတယ်။

(၁) တိကျသော (specific) - ကိုယ့်ရဲ့ရည်မှန်း ချက်ကို တတ်နိုင်သမျှ ရှင်းလင်းပြီး အသေး စိတ်လုပ်ဖို့လိုပါတယ်။ ရည်မှန်းချက်ရှင်းလင်း တိကျတာနဲ့အမျှ လုပ်ဆောင်မှုကို အထိ ရောက်ဆုံးပံ့ပိုးပေးနိုင်ပါတယ်။

(၂) တိုင်းတာနိုင်သော (measurable) - အောင် မြင်မှုကို ဘယ်လိုတိုင်းတာမလဲဆိုတာကို သတ်မှတ်ဖို့ဖြစ်ပါတယ်။

(၃) အောင်မြင်နိုင်သော (achievable) - ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်မှု ရှိ၊ မရှိ စစ်ဆေးဖို့ဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်ကို ကျိုးကြောင်းဆီလျော်တဲ့ အချိန်အတိုင်း အတာတစ်ခုအတွင်း ပြီးမြောက်အောင် သတ်မှတ်ခြင်းဟာ ကိုယ့်ရဲ့စိတ်အား ထက်သန်မှုနဲ့ အာရုံစူးစိုက်မှု ရရှိစေပါတယ်။ ရည်မှန်းချက်ဖြစ်နိုင်ခြေ ရှိ၊ မရှိစဉ်းစားဖို့ လိုပါတယ်။ ဒါကြောင့် ပိုမိုကြီးမားတဲ့ နောက်ဆုံးပန်းတိုင်မရောက်မီ သေးငယ်တဲ့ ရေတိုပန်းတိုင်တွေ ချမှတ်ပြီး လုပ်ဆောင်ခြင်းဖြင့် ပိုမိုရှင်းလင်းလွယ်ကူစေပါတယ်။

(၄) လက်တွေ့ကျသော (Realistic) – ကိုယ်ချမှတ် ထားတဲ့ ရည်မှန်းချက်တွေဟာ ကိုယ်နဲ့ လိုက်လျောညီထွေရှိဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ရည်မှန်းချက်ဟာ လက်တွေ့ကျတဲ့ မျှော်မှန်းချက်ဖြစ်ဖို့လိုပါတယ်။ ရည်မှန်းချက်တိုင်းဟာ ကိုယ်နဲ့ဆီလျော်ပြီး ကိုယ့်အတွက်အဓိပ္ပာယ်ရှိနေမှ ရည်မှန်းချက်ကို တစိုက်မတ်မတ် ဦးတည် နေနိုင်ပါလိမ့်မယ်။

(၅) အချိန်ဇယားသတ်မှတ်ခြင်း (Timely) - ရည်မှန်းချက်ကို ရောက်ဖို့ အချိန်ဇယား ရေးဆွဲခြင်းဟာ စိတ်အားထက်သန်မှုနဲ့ အချိန်မီပြီးစီးဖို့ အထောက်အကူဖြစ်စေပါ တယ်။ ရည်မှန်းချက်ကြိုးပမ်းရာမှာ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေကိုတော့ အချိန်ဇယား မသတ်မှတ်ခင် လေ့လာထားဖို့လိုပါမယ်။ ဒါမှသာ သတ်မှတ်ချိန်အတွင်း ရည်မှန်းတဲ့အတိုင်း ရရှိပါလိမ့်မယ်။ နောက်ပြီး အချိန်ဇယားအတိုင်း ရည်မှန်းချက်မအောင်မြင်ခဲ့ရင် ကိုယ့်ရဲ့ရည်မှန်းချက်ဟာ လက်တွေ့ကျပြီး အောင်မြင်နိုင်မှုရှိ၊ မရှိနဲ့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ဖို့လိုပါမယ်။

အထက်ကအချက် ငါးချက်ဟာ ရည်မှန်းချက် တစ်ရပ်ချမှတ်ရာမှာ အခြေခံအသုံးပြုနိုင်တဲ့အချက် တွေဖြစ်ပါတယ်။ ဒါပေမဲ့သတိပြုဖို့က ဘယ်ရည်မှန်းချက်ပန်းတိုင်ကိုမဆို အောင်မြင်ဖို့အတွက် လူတိုင်းနဲ့သင့်တော်တဲ့ အကြွင်းမဲ့နည်းလမ်း ဆိုတာမရှိပါဘူး။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်၊ ပတ်ဝန်းကျင်ရဲ့အခြေအနေ၊ အချိန်အခါ၊ အကြောင်းအရာ၊ အသုံးပြုမယ့်နည်းလမ်း စတာတွေ အပေါ်မူတည်ပြီး ပြောင်းလဲအသုံးပြုရတာတွေ ရှိပါတယ်။

ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲပါ

လူတိုင်းလိုလိုမှာ ပညာ၊ ငွေကြေး၊ ဂုဏ်သိက္ခာ၊ ချစ်စရာမိသားစု၊ စွန့်စားရတဲ့အလုပ် စတဲ့လိုလားချက်တစ်ခုခုမှာ အောင်မြင်လိုတဲ့အိပ်မက်တွေ ရှိကြပါတယ်။ ဒါပေမဲ့ဖြစ်တတ်ကြတာက အိပ်မက်တွေ ရှိကြပေမယ့် အဲဒီအိပ်မက်တွေကို လက်တွေ့အဖြစ်ပြောင်းဖို့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားကြခြင်း ဖြစ်ပါတယ်။ တိကျရှင်းလင်းတဲ့ရည်မှန်းချက် မချမှတ်နိုင်တာ ဒါမှမဟုတ် လုံလောက်တဲ့ ကြိုးစား အားထုတ်မှုမရှိတာတွေကြောင့် အိပ်မက်တွေဟာ လက်တွေ့ရလဒ်အဖြစ်ကို ရောက်မလာကြတာ များပါတယ်။

ရည်မှန်းချက်တွေဟာ စိတ်ကူးတွေက အစပြုတာမှန်ပေမယ့် အဲဒီစိတ်ကူးတွေကို လက်တွေ့မကြိုးစားသရွေ့ ရည်မှန်းချက်အဖြစ် မပြောင်းလဲနိုင်ပါဘူး။ ဒီအတွက် ရည်မှန်းချက်ကို ရောက်အောင်သွားမယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်တွေဆိုတာ သူ့အလိုလို ရောက်မလာကြပါဘူး။ ဆုတောင်းနေရုံနဲ့လည်း မရနိုင်ပါဘူး။ လုံလောက်တဲ့ ကံ၊ ဉာဏ်၊ ဝီရိယ စိုက်ထုတ်ရပါတယ်။ ဒါကြောင့် ရည်မှန်းချက်ကို ရောက်ဖို့ ဖြတ်သန်းရမယ့်အဆင့်တိုင်းအတွက် အသင့်ဖြစ်နေဖို့ ပြင်ဆင်နေကြရမှာပါ။ စိတ်ခွန်အား ဖြစ်စေတဲ့ စာအုပ်တွေဖတ်တာ၊ အောင်မြင်နေတဲ့ သူတွေကို အတုယူတာ၊ ကိုယ့်အရည်အချင်းတွေကို မြှင့်တင်နေတာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပြည့်ဝနေတာ၊ ရည်မှန်းချက်အတွက် တစိုက်စိုက် မတ်မတ်ကြိုးစားနေတာ ဆိုတာတွေဟာ အောင်မြင်နေသူတိုင်းမှာတွေ့ရတဲ့ အားသာချက်တွေ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့နေ့စဉ်လုပ်ဆောင်ချက်တွေဟာ ရည်မှန်းချက်တွေဆီကို ဦးတည်နေဖို့ လိုပါ တယ်။ ကိုယ့်ရဲ့ရည်မှန်းချက်စာရင်းမှာ ဒီကနေ့၊ မနက်ဖြန်၊ နောက်တစ်ပတ်၊ နောက်တစ်လ၊ နောက်တစ်နှစ်တွေမှာ အပြီးသတ်ရမယ့်အရာတွေ ပါနေရပါမယ်။ အဲဒီလုပ်ဆောင်စရာစာရင်းတွေကို လက်တွေ့ရလဒ်အဖြစ် ပြောင်းလဲခြင်းဖြင့် နောက်ထပ်လုပ်ဆောင်မှုတွေ တိုးတက်လာပြီး အောင်မြင်တဲ့အရသာကို ခံစားနိုင်ပါတယ်။ ဒါပေမဲ့ကိုယ်လုပ်ချင်တဲ့အရာတွေကို စဉ်းစားတွေးတောပြီး အလုပ်ပြီးအောင် လုပ်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူ၊ မရိုးရှင်းပါဘူး။ များစွာ သောကန့်သတ်ချက်တွေ၊ အခက်အခဲတွေ၊ အတား အဆီးတွေကြားက လုပ်ဆောင်ရတာတွေ ရှိပါတယ်။ ဘယ်လိုပဲအခက်အခဲတွေရှိနေပါစေ အောင်မြင်တိုးတက်လိုတဲ့ သန္နိဋ္ဌာန်စိတ်၊ ခိုင်မာတဲ့ဇွဲရှိရင် အရာရာကို ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့် ရည်မှန်းချက်တွေဆီ အရောက်သွားဖို့ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးပြောင်းလဲပြီး စတင်နိုင်ဖို့လိုပါတယ်။

ပထမဆုံးခြေလှမ်း

မိုင်ပေါင်းများစွာခရီးကို ခြေတစ်လှမ်းနဲ့ စတင်ရသလိုပါပဲ။ ရည်မှန်းချက်ကို ရောက်မယ့် အဆင့်တိုင်းကိုဖြတ်ကျော်ဖို့ ပထမဆုံးခြေလှမ်း စတင်နိုင်ဖို့လိုပါတယ်။ ဒီအတွက် အချိန်မဆွဲဖို့ အရေးကြီးပါတယ်။ အရာအားလုံးမှန်ကန်တဲ့အထိ၊ ပြည့်စုံတဲ့အထိ စောင့်မျှော်နေရင် ဘယ်တော့မှ စတင်နိုင်မှာမဟုတ်ပါဘူး။ ပထမဆုံးခြေလှမ်းဟာ အမြဲတမ်းအခက်ခဲဆုံးဖြစ်တတ်ပေမယ့် ပထမဆုံး ခြေလှမ်းဟာ ရှေ့ဆက်သွားဖို့ ကိုယ့်အတွက် ခွန်အားဖြစ်စေပြီး တွန်းအားတွေရရှိစေပါတယ်။ ကိုယ့်ရဲ့ခြေလှမ်းတိုင်းမှာ လွယ်တာတွေ၊ ခက်ခဲတာ တွေဆိုတာ ကြုံတွေ့ရမှာပါ။

စင်းလုံးချောအဆင်ပြေဖို့ဆိုတာ လူတစ်ရာမှာ တစ်ယောက်မရှိနိုင်ပါဘူး။ အများအားဖြင့် တွေ့ရတာက ပထမဆုံးခြေလှမ်းစတင်ဖို့ အချိန်ရွှေ့နေကြတယ်၊ ညည်းတွားနေကြတယ်၊ မဖြစ်နိုင်ပါဘူးဆိုပြီး စိုးရိမ်ပူပန်နေကြတယ်၊ ကျရှုံးမှာကြောက်နေကြတယ်၊ ဆင်ခြေနဲ့အကြောင်းပြချက်တွေ ရှာနေကြတယ်၊ အားကိုးရာရှာနေကြတယ်ဆိုတာတွေဟာ စတင်လျှောက်လှမ်းဖို့အတွက် အကြီးမားဆုံးအတား အဆီးတွေဖြစ်ပါတယ်။ ရည်မှန်းချက်ဆီကိုပဲ အာရုံစိုက်ပြီးကိုယ့်ရဲ့စိတ်လှုပ်ရှားမှုနဲ့ စိတ်အားထက်သန်မှုကို ထိန်းသိမ်းထားဖို့ လိုပါတယ်။ ဒါမှဆက်ပြီး ခရီးစတင်နိုင်မှာပါ။ အထူးသဖြင့် ပထမဆုံးခြေလှမ်းလှမ်းဖို့တောင်မှ ခက်ခဲနေမယ် ဆိုရင် နောက်ထပ်ခြေလှမ်းတွေဆိုတာ မရှိနိုင်ပါဘူး။

နေ့စဉ်အလုပ်တစ်ခုလုပ်ပါ

ကိုယ့်ရည်မှန်းချက်အတွက် အချိန်တိုင်းဟာ အရေးပါတာမို့ ရည်မှန်းချက်ကို ရောက်စေမယ့် အလုပ်တစ်ခုကို မဖြစ်မနေ နေ့စဉ်ပြုလုပ်ဖို့လိုပါတယ်။ လူတိုင်းမှာ ရည်မှန်းချက်တွေရှိနိုင်ပေမယ့် ရည်မှန်းချက်ကိုတော့ လူတိုင်းမရောက်ကြပါဘူး။ ဒါဟာရည်မှန်းချက်ကို ရယူချင်စိတ်သာရှိပြီး ရည်မှန်းချက်ရောက်ဖို့ အာရုံစူးစိုက်မှုနဲ့ ကြိုးစားအားထုတ်မှုကွာခြားလို့ပဲဖြစ်ပါတယ်။ ရှင်ဒိသာ ပါမောက္ခဟာနေ့စဉ် တံပူတစ်ထောက်စာသတ်မှတ်ပြီး လေ့လာဆည်းပူးခဲ့လို့ ကျမ်းဂန်တတ် ဆရာတော်တစ်ပါးဖြစ်ခဲ့ပါတယ်။

နေ့စဉ်နေ့တိုင်းဟာ ကိုယ့်ရည်မှန်းချက်ဆီ ရွေ့နေတဲ့အချိန်တွေ ဖြစ်ဖို့လိုပါတယ်။ နေ့စဉ် ကြိုးပမ်းရင်း ကိုယ်ကြုံတွေ့ရတဲ့ အခက်အခဲတိုင်းကို သင်ယူဖို့နဲ့တိုးတက်ဖို့အတွက် အခွင့်အလမ်းအဖြစ် ရှုမြင်မယ်ဆိုရင် အဲဒီအတွေ့အကြုံတွေက ရှေ့ခရီး အတွက် အထောက်အကူတွေဖြစ်လာပါလိမ့်မယ်။ နေ့စဉ်နှင့်အမျှ ရည်မှန်းချက်ကို အာရုံစူးစိုက် လုပ်ဆောင်ခြင်းဖြင့် နောက်ပိုင်းမှာ အလေ့အကျင့် တစ်ခုဖြစ်လာပါလိမ့်မယ်။ နေ့စဉ်အလုပ်တစ်ခု လုပ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ညာနေ၊ ညှာနေ၊ ဆင်ခြေပေးနေခြင်းဟာ စိတ်အားထက်သန်မှုနဲ့ ဇွဲရှိမှုကို လျော့ကျစေပါတယ်။

လက်ရှိအချိန်အကောင်းဆုံး  

အနာဂတ်တွေဆိုတာ ဒီနေ့က စတင်ပါတယ်၊ မနက်ဖြန်မှ မဟုတ်ပါဘူးလို့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်ရဲ့စကားက လက်ရှိအချိန်ရဲ့တန်ဖိုးကို ဖော်ပြနေပါတယ်။ အတိတ်ဆိုတာ ကိုယ်မပိုင်တော့ သလို မနက်ဖြန်ဆိုတာကလည်း မရောက်သေးလို့ ကိုယ်ပိုင်တယ်လို့ ပြောလို့မရပါဘူး။ ကိုယ်သေချာ ပိုင်နိုင်တာက လက်ရှိအချိန်ပါပဲ။ လက်ရှိအချိန်ကို အကောင်းဆုံး ဘယ်လိုအသုံးချနိုင်သလဲဆိုတာ အပေါ်မူတည်ပြီး အနာဂတ်တွေက ပုံပေါ်နေမှာပါ။ ဒီတော့ ကိုယ်ကျင်လည်မယ့်နယ်ပယ်မှာ ထိပ်ဆုံး ရောက်ရှိဖို့ ဒါမှမဟုတ် ကိုယ့်ရည်မှန်းချက်တွေရရှိဖို့ အတွက် ဒီကနေ့ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲ၊ ရည်မှန်းချက်ရောက်မယ့်အဆင့်တွေ ဘယ်လိုလုပ် ဆောင်မလဲဆိုတာ အခုပဲစတင်အကောင်အထည် ဖော်ဖို့လိုပါတယ်။

ဒီလုပ်ရပ်တစ်ခုက ကိုယ့်ဘဝတစ်ခုလုံးရဲ့ ဦးတည်ရာကို ပြောင်းလဲသွားစေပြီး အနာဂတ်ဘဝကို အကောင်းဆုံးပုံဖော်နိုင်ပါလိမ့်မယ်။   ။

ကိုးကား

၁။ https://www.indeed.com/career-advice/career-development/setting-goals-to-improve-your-career

၂။ https://thewrightinitiative.com/misc/how-can-i-reach-my-goal.html

၃။ https://corporatefinanceinstitute.com/resources/management/smart-goal/