ဖျော်ဖြေပွဲညတစ်ညမှသည် ပွင့်သောပန်းတိုင်းလန်းရမည်
သစ္စာ(mna)၊ ဓာတ်ပုံ- ဥသာ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အုပ်ချုပ်မှုအောက်တွင်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေး သည့် အထင်ကရတက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ ယခင်က ဖောင်ကြီးသင်တန်း ဟု အများခေါ်ဆိုကြသော ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဖြစ် သည်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာ ပြည်)ကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ဟု အမည်ပြောင်းလဲခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့မှမြောက်ဘက် ၁၈ မိုင်၊ ရန်ကုန်မြို့မှ မိုင် ၅၀ ခန့်အကွာ ဖောင်ကြီးကျေးရွာအနီးတွင်တည်ရှိပြီး ၁၉၆၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရာ ကျောင်းဖြစ်၍ ဇွဲရှိမှု၊ ခံနိုင်ရည်ရှိမှု၊ ကြံ့ခိုင်မှု၊ သည်းခံမှုနှင့် စည်းကမ်းသေဝပ်မှုစသည့်အရည်အချင်းများကို လေ့ကျင့်မွေးထုတ်ပေးရာ ကျောင်းတော်ကြီးဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် စီမံဘဏ္ဍာဌာနကြီးနှင့် သင်ကြားရေးဌာနဟူ၍ ဖွဲ့စည်းထားပြီး သင်ကြားရေးဌာနကြီး တွင် ပညာဌာနရှစ်ခုဖြစ်သော စီမံခန့်ခွဲမှုပညာဌာန၊ စီးပွားရေးပညာဌာန၊ နိုင်ငံရေးသိပ္ပံပညာဌာန၊ လူမှုရေးသိပ္ပံပညာဌာန၊ ဥပဒေပညာဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာန၊ အင်္ဂလိပ်ဘာသာပညာဌာနနှင့် ကာကွယ်ရေးပညာဌာနဟူ၍ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
သစ္စာ-သမာဓိ-ပညာ
နွေဦးရာသီသို့ ဝင်ရောက်လာချိန်တွင် သင်တန်းကျောင်းဝင်းအတွင်း လမ်းမကြီးတစ်လျှောက် အပင်ထက်တွင်ဝေသည့်သစ်ရွက်တို့ဝေ၍ ကြွေသည့်သစ်ရွက်တို့ မြေသို့သက်ဆင်းလျက် ရှိရာ လွမ်းမောဖွယ်နွေ၏သရုပ်ကို ပေါ်လွင်စေလျက်ရှိသည်။ တစ်ချက်တစ်ချက် လေပူရှတတတိုးဝှေ့သွားသောကြောင့် သင်တန်းကျောင်းလမ်းမကြီးပေါ်တွင် သစ်ရွက်ခြောက်အချို့ ပြေးလွှားလျက်ရှိသည်။ အဆောက်အအုံများစီစီရီရီ တည်ဆောက်ထားပြီး နဝရတ်ခန်းမ အနောက်ဘက် ကန်ရေပြင်မှဖြတ်သန်း တိုက်ခတ်လာသော လေနုနွေးနွေး တို့သည် နွေအပူကိုအခိုက်အတန့် ပြေလျော့စေလျက်ရှိသည်။ ကန်ရေပြင်ဘေးတွင်ရှိသည့် စိမ်းလဲ့ကန်သာစားရိပ် မြုံဆိုင်လေးမှာ အပင်ရိပ်တို့ကြောင့် အေးမြမှုကိုဝေမျှလျက်ရှိပြီးအားလပ်ချိန်တွင် လာရောက်အနားယူစားသုံးကြသည့် သင်တန်းသား သင်တန်းသူတို့အတွက် နွေရာသီ၏အိုအေစစ်လေး သဖွယ်အပန်းပြေစေမည်မှာ အမှန်ပင်ဖြစ်သည်။ စိမ်းလဲ့ကန်သာရှေ့လမ်းမကြီးတစ်ဖက်တွင် အမှတ် (၁) လေ့ကျင့်ရေးကွင်းရှိပြီး ဗိုလ်ရှုခံအလံတိုင်အုတ်ခုံကြီးမှာ အနီရောင်ဆေးများခြယ်သထားရာ နိုင်ငံ့ဝန်ထမ်း သင်တန်းသား သင်တန်းသူတို့အား နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို လုံ့လအားထုတ်ဖြည့်ဆည်းကြလော့၊ ထိုသို့ဖြည့်ဆည်းရာတွင် ကိုယ်ကျိုးမဖက် နိုင်ငံနှင့်လူမျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြလော့ဟု အသိပေးနေသည့် သင်္ကေတစ်ခုပမာတွေ့မြင်ရလျက်ရှိသည်။ အမှတ်(၁)လေ့ကျင့်ရေး ကွင်းအလယ်အစပ်တွင် “နိုင်ငံတည်ထောင်မှု ပြည်သူနှင့်ဝန်ထမ်း လက်တွဲပြု” ဟူသောစာသားကို အပြာရောင်အောက်ခံပြုလျက် ဆိုင်းဘုတ်စိုက်ထူထားပြီး ထိုဆိုင်းဘုတ်၏တစ်ဖက်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ဟူသော သင်တန်းကျောင်း ဆိုင်းဘုတ်စာသားအား ပဒုမ္မာကြာပွင့်ပေါ်တွင် ဝင့်ဝင့်ကြွားကြွား ကမ္ပည်းရေထိုးထားရှိသည်။ အပြာရောင်ဆိုင်းဘုတ်နှင့် ပဒုမ္မာကြာပွင့်ဆိုင်းဘုတ်တို့အကြား အနောက်ဘက်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၏ သစ္စာ-သမာဓိ-ပညာတို့ကို လေ့ကျင့်သင်ကြားမှုမှ သက်ဆိုင်ရာဘွဲ့တံဆိပ်များအပ်နှင်းပေးရာ ရတနာသင်္ဃခန်းမကြီးကို ဝင့်ကြားဂုဏ်ယူစွာတွေ့မြင်ရလျက်ရှိသည်။
သင်တန်းသား သင်တန်းသူ ၇၀၀ ကျော်
အမှတ်(၁) လေ့ကျင့်ရေးကွင်း တစ်ဖက်နှင့် ရတနာသင်္ဃခန်းမကြီးအနီးမှ သင်တန်းသားသင်တန်းသူတို့၏ တန်းစီ၊ ညာညှိအသံကို ညနေစောင်း နေရောင်ခြည်အောက်တွင် ကြားရလျက်ရှိသည်။ အရာထမ်းအခြေခံသင်တန်း သူများထားရှိရာ ခတ္တာဆောင်နှင့် သင်တန်းသားများထားရှိရာ ခွာညိုဆောင်မှ သင်တန်းသားတို့၏ အပြိုင်အဆိုင် သံပြိုင်ယှဉ်ပြိုင်နေဟန်ရှိသည်။ နွေအပူလှိုင်းအချို့သည် အဆောင်များဘက်မှ ခန်းမကြီးဆီသို့ ရုတ်တရက်တိုးဝှေ့ပြေးလွှားသွားလျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်)မှ အမှတ်စဉ်(၂၁၉) အရာထမ်း အခြေခံသင်တန်းခြောက်လ၊ စာရေးဝန်ထမ်းကြီးကြပ်သင်တန်း(ရုံးအုပ်)နှင့် စာရေးဝန်ထမ်းသင်တန်းတို့ကို လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။ သင်တန်းသား သင်တန်းသူ ၇၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်သည်။ ရတနာသင်္ဃခန်းမရှေ့ကို သင်တန်းသား သင်တန်းသူများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာလျက်ရှိပြီး မန္တလာဆောင်ဘက်မှ သင်တန်းသားတို့၏ အားမာန်အပြည့်ဖြင့်တန်းစီ၊ အမြန်လျှောက်၊ ဘယ်ညာ၊ဘယ်ညာအသံနှင့်အတူ သဇင်ဆောင်ဘက်မှ သင်တန်းသူတို့၏ ခန်းမသို့ချီတက်ရန် လူစစ်နေသောအသံတို့မှာ ညနေဆည်းဆာအောက်တွင် သက်ဝင်လှုပ်ရှားလျက်ရှိသည်။ သင်တန်းတက်ရောက်နေစဉ် ကာလအတွင်းစိတ်အပန်းဖြေရာ တက်ကြွလန်းဆန်းမှုကို အပြည့်အဝပေးစွမ်းစေမည့် ဂီတဖျော်ဖြေပွဲသို့ ကြည့်ရှုအားပေးလိုသောစိတ်ဆန္ဒဖြင့် သင်တန်းသား သင်တန်းသူတို့၏ မျက်ဝန်းကိုယ်စီတွင် ပြုံးပန်းများ ဝေသီကြလျက်ရှိသည်။ ထိုရတနာသင်္ဃခန်းမကြီး ရှေ့တွင်သင်တန်းသားသင်တန်းသူများ တဖွဲဖွဲရောက်ရှိလျက်ရှိပြီး မတ်လ ၂ ရက်နေ့ ညနေပိုင်းတွင် သင်တန်းသားသင်တန်းသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးဂီတအဖွဲ့နှင့်တေးသံရှင်များ၊ မြဝတီရုပ်မြင်သံကြားမှ တေးသံရှင်များ နှင့် ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက လာရောက်ဖျော်ဖြေခြင်းဖြစ်ရာ သင်တန်းကျောင်းဝင်းကြီးအတွင်း လှုပ်လှုပ်ရှားရှားဖြင့် သွားလာလျက်ရှိသည်။ နိုင်ငံတော်၏စီမံဆောင်ရွက်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ သင်တန်းတက်ရောက် နေစဉ်အတွင်းစိတ်လက်ပေါ့ပါး ပျော်ရွှင်စွာဖြင့် ဂီတဖျော်ဖြေပွဲတွင်ပါဝင်ဆင်နွှဲနိုင်ရန်၊ ဝန်ထမ်းများနှင့်မိသားစုဝင်များလည်း ကြည့်ရှုခံစားနိုင်စေရန် ကျင်းပပေးခြင်းဖြစ်သည်။ ရတနာသင်္ဃခန်းမရှေ့ ရေပန်းအနီးတွင် သင်တန်းသားသင်တန်းသူများ အမှတ်တရဓာတ်ပုံရိုက်ကူးသူ၊ ရယ်မောပျော်ရွှင်နေသူ၊ တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ကျီစယ်သူနှင့် စကားပြောသူတို့ဖြင့် စည်ကားလျက်ရှိသည်။ ညနေ ၅ နာရီခွဲတွင် ခန်းမအတွင်း၌ ဖျော်ဖြေပွဲ ကြည့်ရှုမည့်ပရိသတ်များဖြင့် ပြည့်လာပြီဖြစ်သည်။ ခန်းမအတွင်း စင်မြင့်ပေါ်တွင် မြန်မာ့အသံတေးဂီတအဖွဲ့ကပဏာမတီးလုံးများဖြင့် ဧည့်ခံ လျက်ရှိသည်။ ဝန်ထမ်းမိသားစုဝင်များလည်း တဖွဲဖွဲဝင်ရောက်လာကြသည်။ နိုင်ငံ့ဝန်ထမ်းများသည်လည်း စည်းကမ်းသေဝပ်စွာနေရာယူကြလျက်ရှိပြီး ကြီးကြပ်သူ ဝန်ထမ်းများကလည်း လိုအပ်သည်များကို လိုက်လံညွှန်ကြား လျက်ရှိသည်။ ခန်းမအတွင်းသို့ မြန်မာ့အသံနှင့်မြဝတီမှတေးသံရှင်များ၊ ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်မှအကအဖွဲ့နှင့် ရုပ်သေးပညာရှင်များဝင်ရောက်လာ ကြရာသင်တန်းသား သင်တန်းသူများက လက်ခုပ်ဩဘာပေး၍ ဂုဏ်ပြုကြိုဆိုကြသည်။ လာရောက်ဖျော်ဖြေသူတို့၏ မျက်ဝန်းကိုယ်စီတွင်လည်း ဝမ်းသာ ကြည်နူးမှုပုံရိပ်တို့ ဖုံးလွှမ်းလျက်ရှိသည်။
နွေဆည်းဆာပျောက်၍ အပူလှိုင်းတို့ လျော့ပါးချိန် ညအမှောင်ရိပ်သန်းစ လေနုအေးတို့ ဝင်ရောက်လာချိန်တွင်ခန်းမအတွင်း၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတေးဂီတအဖွဲ့၏ မြူးဇစ်အသံမှာ မြိုင်ဆိုင်လျက်ရှိရာ ကြည့်ရှုလိုစိတ်နှင့် မျှော်လင့်နေကြသော သင်တန်းသား သင်တန်းသူတို့၏မျက်ဝန်းတို့သည် စင်မြင့်ထက်သို့ စုပြုံလျက်ရှိသည်။ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)မှ ဦးငြိမ်းချမ်းနှင့်ဦးအုန်းသီးတို့ စင်မြင့်ပေါ်တက်လာသောအခါ ပရိသတ်မှာအပြုံးကိုယ်စီဖြင့် ရယ်သံအချို့လွင့်ပျံ့သွားသည်။ အစီအစဉ်တင်ဆက်မှုအပြင် ဟာသအတိုအထွာဖြင့် ယနေ့ညတွင် ကြည့်ရှုသူတို့၏ ဟာဒယနှလုံးကို ရွှင်ပြုံးစေခဲ့သည့် အတွဲညီလည်းဖြစ်သည်။ ပထမဆုံးရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ်အကအဖွဲ့က ပွဲဦးကဟန်ရွှေပန်းပန်အကဖြင့် စတင်ကပြကြ၍ အကပဒေသာ၊ ရုပ်သေး၊ အင်းဝခေတ်ယိမ်းအက၊ နှစ်ပါးသွားနှင့် ယိမ်းအက တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကပြဖျော် ဖြေသွားရာ ပရိသတ်အပေါင်း နှစ်ထောင်း အားရလျက် ဝန်ထမ်းမိသားစုဝင်တို့၏ ကလေးငယ်များ လိုက်လံကကြသည် အထိ နှစ်ခြိုက်အားပေးခဲ့ကြသည်။
ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်
အထူးအားပေးကြသောပွဲသည် သင်တန်သား သင်တန်းသူများကိုယ်တိုင် ကာရာအိုကေသီချင်းဖြင့် သီဆိုယှဉ်ပြိုင်သောဖျော်ဖြေပွဲဖြစ်သည်။ အဆိုတော်များမဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ဝါသနာအလျောက် သီဆိုကြခြင်းဖြစ်ရာ အချို့မှာလူပျိုကြီး၊ အပျိုကြီးများဖြစ်၍ သီချင်းသီဆိုမှုဖြင့်နှလုံးသားခံစားမှု၊ အိမ်အလွမ်းပြေနှင့် မြူးကြွသောစိတ်ခံစား မှုတို့ဖြင့် သီဆိုမှုတွင် စာရေးဝန်ထမ်း သင်တန်းမှသင်တန်းသားတစ်ဦးက ပထမဆု၊ တတိယဆုနှင့အရာထမ်းအခြေခံသင်တန်းမှ ဒုတိယဆုတို့ရရှိကြသည်။ အကယ်ဒမီဆုရရှိသည့်ပမာ ဆလိုက်မီးထိုး၍ စင်မြင့်ထက်သို့ဖိတ်ခေါ်ခံရပြီး ဆုရရှိသူများကိုလည်း ဘဝတူသင်တန်းသား သင်တန်းသူများက ဝိုင်းဝန်းပွေ့ဖက် ဂုဏ်ပြုကြရာ တွေ့မြင်ရသူတို့၏ရင်တွင်းသို့ ဝမ်းသာကြည်နူးမှုများ ကူးစက်ခံစားကြရလျက်ရှိသည်။ ဝန်ထမ်းပျော်လျှင် ပြည်သူပျော်၍ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ရာ ယခုလိုပျော်ရွှင်ခံစားမှုတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် ကြိုးပမ်းဆောင်ရွက်ရာ၌ ခွန်အားသစ်တို့ကို မွေးဖွားပေးလျက်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။
အကပဒေသာပြီးသောအခါ မြဝတီရုပ်မြင်သံကြားမှ တေးသံရှင်များကမြူးကြွသော တေးသီချင်းများနှင့်အတူ အတာသင်္ကြန်အငွေ့အသက်တို့ ယှက်သန်းစေသည့် တေးသီချင်းများဖြင့် ဖျော်ဖြေသွားကြရာ သင်တန်းသားသင်တန်းသူတို့ တစ်ခဲနက်အားပေးကြသည်။ ညအမှောင်သည် နုရာမှရင့်လာသော်လည်း ခန်းမအတွင်းမှာ အပြင်လောကနှင့် အဆက်အသွယ်ပြတ်လျက် အားလုံးပျော်ရွှင် ကြည်နူးလျက်ရှိသည်။ ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တေးသံရှင်များ သီဆိုကြသောအခါ ပရိသတ်မှာ လက်များဝှေ့ယမ်းလျက် လိုက်ပါသီဆိုရင်း အားပါးတရအားပေးခဲ့ကြသည်။ အထူးသဖြင့် သီဆိုသွားကြ သည့် တေးသီချင်းများတွင် ကော်ဖီခါးခါး၊ ကိုကိုချစ်နှင့် ညမွှေးပန်းသီချင်းတို့သည် သင်တန်းသား သင်တန်းသူတို့၏ နှုတ်ဖျားဝယ်စွဲမက်ကျန်ရစ်စေခဲ့သည်။ သီဆိုကြသည့် တေးသံရှင်များကို ဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူများက ပန်းကုံးများနှင့် ဆုငွေများ အပြိုင်အဆိုင်ချီးမြှင့်ကြသည်။ ထိုညသည် ဝန်ထမ်းများနှင့်မိသားစုဝငများ၊ သင်တန်းသား သင်တန်းသူများ စိတ်နှလုံးရွှင်ပြုံးချမ်းမြေ့စေလျက် စိတ်ခွန်အားများစွာ တိုးပွားစေသည့် ပျော်ရွှင်ဖွယ် ဖျော်ဖြေပွဲညတစ်ညအဖြစ် ကျန်ရစ်ခဲ့သည်။ ည ၁၀ နာရီကျော်ပြီဖြစ်၍ တပို့တွဲလပြည့်ကျော် ၇ ရက် လခြမ်းလေးမှာကောင်းကင်ယံတွင် ပေါ်ထွန်းလျက်ရှိသည်။ သစ်ရိပ်ဝါးရိပ် တို့ကြောင့် ခန်းမအပြင်ဘက်တွင် အအေးဓာတ်အနည်းငယ်လွှမ်းခြုံလျက် ရှိသည်။ ဖျော်ဖြေပွဲပြီးဆုံးသွားပြီဖြစ်၍ သင်တန်းသားသင်တန်းသူတို့၏ တပ်ခွဲအလိုက် လူစစ်၊ တန်းစီသံတို့မှာ ညဦးယံအချိန်တွင် လွင့်ပျံလျက်ရှိပြီး သတ်မှတ်အဆောင်များသို့ ထွက်ခွာသွားသောအခါ တေးဂီတဖျော်ဖြေပွဲအပေါ် ကျေနပ်အားရမှုသည် ဝါးတောအတွင်းသို့ တိုက်ခတ်သည့် လေပွေများပမာသံစုံပေါ်ထွန်းလျက် ၎င်းတို့ချီတက်ရာ တပ်ခွဲနှင့်အတူ လိုက်ပါသွားကြသည်။ ခန်းမအပြင်ဘက်ဖျော်ဖြေပွဲတွင် ဧည့်ခံသည့်လက်ဖက်ရည်၊ မုန့်များတင်ဆောင်ရာခုံတန်းများနှင့် ထိုင်ခုံများကိုသိမ်းဆည်းကြလျက်ရှိသည်။ အားပါးတရဖျော်ဖြေသီဆိုကပြခဲ့ကြသည့် အဖွဲ့များကလည်းကားပေါ်တွင် တေးဂီတဖျော်ဖြေပွဲအပေါ် ကျေနပ်အားရမှုစကားသံတို့မှာ ကားအတွင်း လွင့်ပျံပြေးလွှားလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အနာဂတ်ကာလသို့လှမ်းချီရာ၌ နိုင်ငံ့ ဝန်ထမ်းနှင့်ပြည်သူတို့ လက်တွဲညီညီ ဟန်ချက်ညီမှုအပေါ်တွင် မူတည်လျက်ရှိသည်။ ပြည်သူသည်ပြည်သူ့တာဝန် ကျေပွန်မှုနှင့်အတူ ဝန်ထမ်းသည်လည်း နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိခြင်းဖြင့် သစ္စာအဓိဋ္ဌာန် (၆) ချက်ကို အလေး အနက်ထား ခံယူလိုက်နာရမည် ဖြစ်သည်။ လူသားတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာများ တက်ကြွလန်းဆန်းမှုသည် အပန်းဖြေမှုနှင့် သက်ဝင်လျက်ရှိပြီး အကျိုးဆက်အဖြစ် အတွေးသစ်၊ အမြင်သစ်၊ တွေးခေါ်ကြံဆ မှုပိုင်းဆိုင်ရာနှင့် ထိုးထွင်းသိမြင်မှု စွမ်းအင်ကိုလည်း အထောက်အပံ့ဖြစ်စေ လျက်ရှိသည်။ အနုပညာရပ်သည် တွေဝေနေမှုကို လွင့်ပြယ်စေပြီး မွန်းကျပ်မှုကို ကင်းစင်စေသည်။ သင်တန်းတက် ရောက်နေကြသော နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ဂီတဖျော်ဖြေပွဲတွင် အားပါး တရပျော်ရွှင်ခဲ့ကြပြီး ထိုသို့ကြည့်ရှုခံစား ခွင့် ရလိမ့်မည်ဟုလည်း ထင်မှတ်မထားကြချေ။ ဘာသာရပ်များကြားတွင် နစ်ဝင် လျက်ရှိစဉ် အခုလိုနိုင်ငံတော်မှ ဖျော်ဖြေ ရေးအစီအစဉ်များ ဆောင်ရွက်ပေးမှု အပေါ် ဝမ်းမြောက်ဝမ်းသာ အားရ ကျေနပ်ကြလျက်ရှိသည်။ ဝမ်းသာ ကြည်နူးမှုပုံရိပ်တို့ကို နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်မှဝန်ထမ်းများ၊ မိသားစုဝင်များနှင့် သင်တန်းသားသင်တန်းသူများက ဤသို့ ရင်တွင်းပီတိစကားသံများဖြင့် မျှဝေခဲ့ကြသည်။
စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လန်းဆန်းမှု
သင်တန်းသူ တစ်ဦးဖြစ်သော ရန်ကုန်တက္ကသိုလ်မှ လက်ထောက်ကထိက ဒေါက်တာနှင်းလွှာနုက “ကျွန်မတို့သင်တန်းသူ သင်တန်းသားတွေအတွက် အခုလိုတေးဂီတဖျော်ဖြေပွဲ နဲ့ တိုက်ဆိုင်မှုဟာ အမှတ်တရတွေ ရရှိ စေပါတယ်။ အမှတ်စဉ်(၂၁၉) အရာထမ်း အခြေခံသင်တန်းဟာ ခြောက်လသင်တန်း ဖြစ်ပါတယ်။ အွန်လိုင်းကနေ ငါးလ တက်ရပြီးတော့ In-house ကို ဒီမှာတစ်လတက်ရောက်ချိန်၊ သင်ခန်းစာတွေနဲ့ လုံးပန်းနေရချိန်မှာ စိတ်ပျော်ရွှင်မှုဖြစ်စေတဲ့ ဂီတဖျော်ဖြေပွဲနဲ့ကြုံကြိုက်မှုမှာ အားလုံးစိတ်ပျော်ရွှင်မှု ခံစားရပြီး အမှတ်တရလည်းဖြစ်ရပါတယ်။ တစ်ပတ်လောက်အလိုမှာ အဆောင်မှူးက ဖျော်ဖြေပွဲကို ကြိုတင်ပြောပြထားတာကြောင့် အားလုံးကြည့်ရှုဖို့ အားခဲထားကြတာပါ။ အမှတ်တရပွဲလည်း ဖြစ်တဲ့အတွက် ကာရာအိုကေပြိုင်ပွဲမှာ အဆောင်ကညီမငယ်တစ်ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတော့ အားပေးကြမယ်ဆိုပြီး ဒီဖျော်ဖြေပွဲလေးကို အားခဲထားတာလည်းပါပါတယ်။ အားပါးတရအားပေးခဲ့ရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာလန်းဆန်းမှုကို ခံစားရတာကြောင့် ဝမ်းသာပီတိဖြစ်ရပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေအတွက် ဒီလိုမျိုးစိတ်ခွန်အားဖြစ်စေတဲ့ ဖျော်ဖြေပွဲမျိုး ရောက်လာလိမ့်မယ်လို့ ဘယ်သူမှမျှော်လင့်မထားကြပါဘူး။ ဖျော်ဖြေပွဲကအားရကျေနပ်မှုရှိပါတယ်။ စင်မြင့်ထက်မှာ သင်တန်းသားသင်တန်းသူတွေ ကိုယ်တိုင်သီချင်းသီဆိုယှဉ်ပြိုင်ခွင့်ရတာဟာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှာ သူတို့ဘဝအတွက် အမှတ်တရဖြစ်သလို ကျွန်မတို့အတွက်လည်း မှတ်မှတ်ရရ ဖြစ်စေပါတယ်။ အခုလိုစီမံဆောင်ရွက်ပေးမှုအပေါ် နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးလည်းတင်ပါတယ်”ဟု ဝမ်းမြောက်ပီတိစကားဖြင့် ပြောကြားပါသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနမှ သင်တန်းသူဖြစ်သူ မအိသဉ္စာ အောင်ကလည်း “ အခုလို သင်တန်းမျိုးက အရမ်းပင်ပန်းပါတယ်။ အချိန်တွေကို တိတိကျကျသုံးပြီး စီမံခန့်ခွဲရတယ်။ လုံ့လ၊ ဝီရိယနဲ့ခွန်အားကိုစိုက်ထုတ်ရတယ်။ စာသင်လိုက်၊ လေ့ကျင့်မှုတွေ လုပ်လိုက်ဆိုတော့ စိတ်ပင်ပန်းမှုတော့ရှိတယ်။ အဲဒီအချိန်မှာ ဒီလိုမျိုးဂီတပွဲဖျော်ဖြေပေးမှုဟာ စိတ်နဲ့ကိုယ်ကို အပန်းပြေစေပါတယ်။ ပျော်တယ်လို့ပြောရမှာပါ။ အကတွေ၊ အဆိုတွေ၊ ဖျော်ဖြေပွဲတွေနဲ့ဆိုတော့ အားလုံးကကြည့်ရှုဖို့ အားခဲထားကြတာကြောင့် ဖျော်ဖြေပွဲမှာအားလုံးစိတ်လက်ပေါ့ပါးမှုကို ခံစားရပါတယ်။ စာတွေလုပ်နေတဲ့ ကြားက ဖျော်ဖြေပွဲမှာ သီချင်းပြိုင်ပွဲလည်း ပါတယ်ဆိုတော့ သူငယ်ချင်းတွေ စုပြီး သီချင်းကျင့်ရတာဟာလည်း ဒီသင်တန်းရဲ့ အမှတ်တရပုံရိပ်တစ်ခုပါပဲ။ သင်တန်းဆိုတာ စည်းလုံးညီညွတ်မှုနဲ့ ပင်ကိုစွမ်းရည်ကို မြေတောင်မြှောက်ပေးတဲ့ကျောင်းကြီးဆိုရင်လည်း မမှားပါဘူး။ အခုလိုကျင်းပပေးတဲ့အတွက် နိုင်ငံတော် အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ်သင်တန်းတွေမှာလည်း ဒီလိုမျိုးကျင်းပပေးနိုင်ပါစလို့ ဆုမွန်ကောင်းတောင်းပါတယ်”ဟု ရွှင်လန်းတက်ကြွစွာ ပြောကြားခဲ့ပါသည်။
မီးသတ်ဦးစီးဌာနမှ သင်တန်းသား ဖြစ်သူ ဦးမြင့်သူကလည်း “ဒီနေ့ ဖျော်ဖြေပွဲမှာ မြန်မာ့အသံ၊ မြဝတီရုပ်မြင် သံကြားနဲ့ ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်က လာရောက်မယ်လို့ သိထားရတဲ့ အတွက် ဝမ်းသာနေကြတာပါ။ သင်တန်းကာလမှ ဖျော်ဖြေပွဲဆိုတာရှားပါတယ်။ အခုလိုကြုံကြိုက်တာဟာ ကံထူးလို့ပဲလို့ဆိုရမှာပါ။ အခုလိုဖျော်ဖြေပွဲကိုကြည့်ရှုရတာဟာ သင်တန်းမှာပင်ပန်းသမျှကို ပြေပျောက်စေပြီး စိတ်ဖိစီးမှုကိုလျော့ပါးစေတာအမှန်ပါ။ ပထမဆုံးသင်တန်းမှာ ပထမဆုံးကြုံရတဲ့အတွက် အံ့ဩဝမ်းသာလည်းဖြစ်ရပါတယ်။ နောက်သင်တန်းများလည်း အခုလိုကျင်းပပေးမယ်ဆိုရင် သင်တန်းသားတွေအတွက် အကျိုးရှိစေမှာပါ။ ဖျော်ဖြေပွဲကြည့်ရတဲ့အတွက် သင်တန်းသားသင်တန်းသူတွေ စိတ်ပိုင်းဆိုင်ရာပေါ့ပါးမှုကို ဖြစ်ပေါ်စေပြီး ကာရာအိုကေပြိုင်ပွဲကိုလည်း ထည့်သွင်းပေးတာကြောင့် ပါမောက္ခချုပ်ကြီးနဲ့ပါမောက္ခများ၊ ဆရာဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ တေးသံရှင်ညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံခွင့်ရအောင်၊ စိတ်အပန်းပြေမှုရရှိအောင် စီမံဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း သင်တန်းသားတွေ ကိုယ်စားအထူးပဲကျေးဇူးတင်ပါတယ်လို့ ပြောကြားလိုပါတယ်”ဟု ရွှင်လန်း တက်ကြွစွာ ပြောကြားခဲ့ပါသည်။
နိုင်ငံတစ်နိုင်ငံမှာ ဝန်ထမ်းတွေရဲ့ စွမ်းအားဟာအရေးကြီး
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သင်တန်းသား ဦးတင်မင်းလတ်ကလည်း “ဒီနေ့ပျော်ရပါတယ်။ အားလုံးအိမ်လွမ်း နေကြတဲ့သူတွေကြီးပါပဲ။ နိုင်ငံတစ်နိုင်ငံမှာ ဝန်ထမ်းတွေရဲ့စွမ်းအားဟာအရေးကြီးသလို စွမ်းရည်မြင့်မားအောင် လေ့ကျင့်သင်ကြားပေးတဲ့ သင်တန်းကျောင်းဟာလည်း အရေးပါပါတယ်။ သင်တန်းသားတွေရဲ့ အရညအသွေးဟာ သင်တန်းကျောင်းတွေအပေါ်မှာလည်း မှီတည်နေပါတယ်။ ကြိုးစားအားထုတ်မှုဟာလည်း သင်တန်းသားတွေအပေါ် မူတည်နေတာကြောင့် ခေတ်မီဖွံ့ဖြိုးတဲ့နိုင်ငံတော်ဆိုတာ နိုင်ငံ့ဝန်ထမ်းတွေရဲ့စုပေါင်းအားနဲ့ ဟန်ချက်ညီဖို့လိုတာပါ။ ဒါကြောင့်ဝန်ထမ်းတွေ လန်းဆန်းတက်ကြွပြီး အရည်အသွေးပြည့်ဝဖို့လိုပါတယ်။ သင်တန်းတက်ရောက်စဉ်မှာ စိတ်လက်ပေါ့ပါးပြီး လန်းဆန်းတက်ကြွအောင်၊ စိတ်ပိုင်း ဆိုင်ရာထက်မြက်အောင် တေးဂီတ ဖျော်ဖြေပွဲဆောင်ရွက်ပေးတာကို ကြိုဆိုပါတယ်။ ဂီတဟာ ပင်ပန်းနွမ်းနယ်မှုကို ကင်းပျောက်စေလို့ပါ။ အခုလိုတေးဂီတဖျော်ဖြေပွဲကို ကျင်းပပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲနဲ့ ပါမောက္ခချုပ်ကို အထူးပဲကျေးဇူးတင်ပါတယ်”ဟု ရင်တွင်းပီတိစကားသံတို့ကို မျှဝေခဲ့ပါသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ ဝန်ထမ်းဖြစ်သူဌာနစုမှူး ဦးနေမျိုးလှိုင်ကလည်း “ ကျွန်တော်က သန္ဓေဝန်ထမ်းတစ်ဦးပါ။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ကို အနယ်နယ်အရပ်ရပ်က ဝန်ထမ်းတွေ လာရောက်တက်ရောက်ကြတာ ဖြစ်တဲ့အတွက် တက္ကသိုလ်ဟာဝန်ထမ်းပေါင်းစုံရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး လာရောက်ဖျော်ဖြေ တဲ့အတွက် သင်တန်းသား သင်တန်းသူ တွေဟာ စိတ်ခွန်အားဖြစ်စေသလို သန္ဓေဝန်ထမ်းမိသားစုတွေအတွက်လည်း အပန်းပြေမှုရရှိစေပြီး နိုင်ငံ့ ဝန်ထမ်းတွေအတွက်လည်း အားရှိစေတဲ့ ပွဲတစ်ခုလည်းဖြစ်စေပါတယ်။
အခုလိုပွဲဖြစ်မြောက်အောင် စီမံဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသား ယဉ်ကျေးမှုတက္ကသိုလ်နဲ့ မြဝတီရုပ်မြင် သံကြားကိုလည်း အထူးပဲကျေးဇူးတင် ပါတယ်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ကို တက်ရောက်တဲ့အခါမှာ ပင်ပန်းတာ လည်းရှိပါတယ်။ တေးဂီတဖျော်ဖြေမှုကနေ စိတ်ခွန်အားရရှိစေတာကြောင့် နိုင်ငံအတွက်ဆက်လက်ထမ်းဆောင်မှုမှာ တစ်တပ်တစ်အားဖြစ်စေပြီး သူတို့တွေလည်း ဝမ်းသာပျော်ရွှင်နေကြမယ်လို့ ယုံကြည်ပါတယ်။ အခုလိုပွဲမျိုးကို အခါကြီးရက်ကြီး၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့နဲ့ တက္ကသိုလ်နှစ်ပတ်လည်နေ့တွေမှာ တစ်ခုခုကိုကျင်းပပေးနိုင်မယ်ဆိုရင် သင်တန်းသားတွေလည်း ပျော်ရွှင်ချမ်းမြေ့ကြလိမ့်မယ်လို့ မြင်မိပါတယ်”ဟု ဖျော်ဖြေမှုအပေါ် ရင်တွင်းစကားသံတို့ကို တက်ကြွလန်းဆန်းစွာ ပြောကြားခဲ့ပါသည်။
နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်မှ မော်ကွန်းထိန်းဖြစ်သူ ဒေါ်ခင်ချိုဦး ကလည်း “အခုလိုဖျော်ဖြေပွဲကို ကြည့်ရှုခံစားရတာဟာ ကျွန်မအပါအဝင် သန္ဓေဝန်ထမ်းတွေအားလုံး ဝမ်းသာပီတိ ဖြစ်နေကြပါတယ်။ သင်တန်းသား သင်တန်းသူအားလုံးလည်း စိတ်ချမ်းသာ ပျော်ရွှင်ကြပါတယ်။ ဒီနေ့ဖျော်ဖြေပွဲဟာ စုံညီတယ်လို့ပြောရမှာပါ။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီ ရုပ်မြင်သံကြားနဲ့ ရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ်က အကအဖွဲ့တွေလည်း ပါဝင်ကြတဲ့အတွက် ကြည့်ရှုရတာ ကဏ္ဍစုံလင်ပါတယ်။ အခုလိုဖျော်ဖြေပွဲဟာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အားလုံးတက်ကြွနေကြတာကို တွေ့ရပါတယ်။ အပြင်မှာသွားရောက်ကြည့်ရှုဖို့ မလွယ်ကူတဲ့အတွက် လာရောက်ဖျော်ဖြေပေးမှုဟာ အထူးသဖြင့် သင်တန်းသားတွေကို စိတ်ခွန်အားဖြစ်စေပြီး ဝန်ထမ်းနဲ့မိသားစုဝင်တွေကိုလည်း အပန်းပြေစေပါတယ်။ သို့အတွက်ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီလိုဖျော်ဖြေပွဲလေးတွေကို ကျင်းပပေးဖို့လည်း ဖိတ်ခေါ်ပါတယ်၊ ကျင်းပပေးနိုင်ပါစေလို့လည်း ဆုတောင်းပါတယ်”ဟု သူ၏အမြင်ကို ရွှင်လန်းတက်ကြွစွာ ပြောကြားခဲ့ပါသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ကို ၁၉၆၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗဟိုပြည်သူ့ဝန်ထမ်း ကျောင်းအမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၇ ခုနှစ် မေလ ၅ ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ကာ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)ဟု အမည်သတ်မှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်)ဟု အမည်ပြင်ဆင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) တွင် “ပြည်သူ့ဝန်ထမ်း အကယ်ဒမီ” (Civil Services Academy) ကို ဖွင့်လှစ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အား နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဟု အမည်ပြောင်းလဲခဲ့သည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ည ၁၁ နာရီကျော်တွင် တေးဂီတအဖွဲ့ကို တင်ဆောင်လာသော မှန်လုံယာဉ်သည် တောင်သူလယ်သမားနေ့ တပို့တွဲလပြည့်ကျော်ည လရောင်ပြပြကိုအားပြု၍ ရန်ကုန်မြို့သို့ ထွက်ခွာလာခဲ့သည်။ သင်တန်းသားသင်တန်းသူ များမှာ ကာရာအိုကေပြိုင်ပွဲတွင် ဆုရရှိသူများအတွက် ဂုဏ်ပြုစကားသံများ၊ သီဆိုသွားကြသည့်တေးသံရှင်တို့၏ မြူးကြွလှပသည့်ပုံရိပ်များကို တစ်ပြန်တစ်လှည့် မျှဝေခံစားနေကြမည့် စကားသံများဖြင့် အဆောင်အတွင်း လွင့်ပျံ့နေမည်မှာ အမှန်ပင်ဖြစ်သည်။ ရုံးပိတ်ရက်လည်းဖြစ်၍ အတိုးချကာလွတ်လပ်ပေါ့ပါးစွာ ပြောဆိုနေကြမည်ဖြစ်သည်။ ဝန်ထမ်းများပျော်ရွှင်မှုသည် ပြည်သူများ၏ ပျော်ရွှင်ကြည်နူးမှုပင်ဖြစ်သည်။ ဝန်ထမ်းကောင်းလျှင် နိုင်ငံကောင်းမည်ဖြစ်၏။ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကိုတည်ဆောက်ရာ၌ဝန်ထမ်း၊ ပြည်သူနှင့်နိုင်ငံတော်ဟန်ချက်ညီညီ လက်တွဲညီလျက် အာရှတွင် မြန်မာဟူသောဂုဏ်ပုဒ်ကို ထွန်းလင်းတောက်ပ စွမ်းဆောင်နိုင်ကြပါစေကြောင်းနှင့် ဖျော်ဖြေပွဲညတစ်ညမှသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပွင့်သောပန်းတိုင်းလန်းရမည်ဟု ယုံကြည်ပါကြောင်းရေးသား လိုက်ရပါသည်။ ။