Skip to main content

ဖွဲနုဆီထုတ်လုပ်မှုမှသည် ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူပြုစေမည်

နှင်းယု

စပါးသည် မြန်မာနိုင်ငံ၏ ပင်မစိုက်ပျိုးရေးပင်။ စပါးမှဆန်ကို အချောထုတ်ယူပြီး ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်အစာနှင့် စိုက်ပျိုးရေးအတွက် ပြန်လည်အသုံးပြုကြသည်။ ထိုသို့ဆန်ကြိတ်ခွဲခြင်းမှ ထွက်ရှိလာသည့်ဖွဲနုကို ယခင်က တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသော်လည်း ယခုအခါ Solvent Extraction and Physical Refining နည်းပညာနှင့် ပေါင်းစပ်ကာ စားသုံးနိုင်သည့်ဖွဲနုဆီအဖြစ် ထုတ်လုပ်အသုံးပြုနေကြပြီဖြစ်သည်။

ဖွဲနုဆိုရာတွင် စက်ကြိတ်အဆင့်အတန်းနှင့် ဆန်သားအရည်အသွေးပေါ်မူတည်၍ ဆန်ဖြူဖွဲနု၊ အထူးဖွဲနုနှင့် ပေါင်းဆန်(ပြုတ်)ဖွဲနုဟူ၍ ဖွဲနုအမျိုးအစားများရှိရာ ဆီပါဝင်မှုရာခိုင်နှုန်း ၁၅ မှ ၁၈ ရှိသည့် ဆန်ဖြူနှင့်ပေါင်းဆန်ဖွဲနုမှသာ ဆီထုတ်ယူနိုင်ကြောင်းသိရှိရသည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်စသည့်နိုင်ငံများတွင် ဖွဲနုဆီသည် အသုံးပြုမှုများသည့် စားသုံးဆီတစ်မျိုးဖြစ်သည်။

အငွေ့ပြန်ဖွဲနုဆီကို စနစ်တကျသန့်စင်ပါကတန်ဖိုးမြှင့်စားသုံးဆီကိုရရှိ

ဖွဲနုတွင် ပါဝင်သောဆီပမာဏသည် ၂၅ ရာခိုင်နှုန်းအောက်သာဖြစ်သောကြောင့် ဓာတုဗေဒ နည်းအားဖြင့်သာ ဆီထုတ်ယူနိုင်သည်။ ဖွဲနုကိုဓာတုဖျော်ရည် (Organic Solvent) တစ်မျိုးမျိုးတွင် စိမ်သောအခါ ဆီများသည် အဆိုပါ ဓာတုဖျော်ရည်အတွင်း ပျော်ဝင်သွားသည်။ ထိုပျော်ရည်အရောကို အပူပေးခြင်းဖြင့် ဓာတုဖျော်ရည်ကို အငွေ့ပြန်စေကာ ဖွဲနုဆီကြမ်းကို ရရှိသည်။ အဆိုပါ ဖွဲနုဆီကြမ်း (Crude Oil) ကို ဆီချောသန့်စင်စက်ရုံ (Physical Refinery) တွင် စနစ်တကျသန့်စင်ပါက တန်ဖိုးမြှင့်စားသုံးဆီ (Edible Oil) ကိုရရှိမည်ဖြစ်သည်။

ဖွဲနုဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သော r-oryzanol နှင့် tocotrienol တို့ များစွာပါဝင် နေသောကြောင့် ဆီ၏သက်တမ်းကို ကြာရှည်စေသည့်အပြင် စားသုံးသူတွင်လည်း အရွယ်မတိုင်မီ အိုမင်းခြင်းကို တားဆီးပေးခြင်း၊ ကင်ဆာဆဲလ်များကို ခုခံကာကွယ်နိုင်ခြင်း စသည့်ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေသည်။

ထိုသို့ ကျန်းမာရေးအတွက် ကောင်းကျိုးများရှိသည့်အပြင် နိုင်ငံအတွက် ဆီစားသုံးမှုကို အထောက် အကူပြုစေမည့် ဖွဲနုဆီတိုးတက်ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ ထိုသို့ကြိုးပမ်း ဆောင်ရွက်မှုတစ်ခုအနေဖြင့် ဖွဲနုဆီနှင့်စားသုံးဆီ ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)ကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။

စားသုံးဆီဖူလုံရန် မြှင့်တင်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြစ်သည့် သွင်းကုန်အစားထိုးရေး၊ ပို့ကုန်မြှင့်တင်ရေး၊ စားသုံးဆီဖူလုံရန် မြှင့်တင်ဆောင်ရွက်ရေးတို့ကို ရည်ရွယ်ဖော်ဆောင်သည့်အနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)သည် ဖွဲနုဆီထုတ်လုပ်သည့်လုပ်ငန်းကို စနစ်တကျ ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ဆန်စပါးညီလာခံ (၂၀၂၂)မှ ဖော်ထုတ်ခဲ့သည့် ဖော်ထုတ်ချက် ၄၃ ချက်အနက် ဖွဲနုဆီထုတ်လုပ်မှုအတွက် ဆီကြမ်း၊ ဆီချော စက်ရုံများကို ရင်းနှီးမြှုပ်နှံဆောင်ရွက်ရေး ပူးပေါင်းဆောင်ရွက်သွားရန်ဆိုသည့်အချက်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်ထားသည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ဦးဆောင်မှုဖြင့် MAPCO အပါအဝင် အခြားဆန်စပါးကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်စုပေါင်း၍ အစုရှယ်ယာရှင်များစွာ ပါဝင်သော Myanmar Rice Bran Oil Company Limited ကို ဖွဲ့စည်းထားပြီဖြစ်သည်။ နောင်တွင် Yangon Stock Exchange တွင် အစုရှယ်ယာ ထုတ်ဝေရောင်းချသည့် စာရင်းဝင်ကုမ္ပဏီဖြစ်သည်အထိ စီစဉ်သွားရန် ရည်မှန်းလုပ်ဆောင်လျက်ရှိသည်။ Myanmar Rice Bran Oil Co., Ltd.အနေဖြင့် ဖွဲနုဆီနှင့်စားသုံးဆီထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)ကို နေပြည်တော်ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာအုပ်စုတွင် တည်ထောင်ကာ ဖွဲနုဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

“တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်တဲ့ မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့က လုပ်ခဲ့ပြီးပါပြီ။ တည်ဆောက်ရေးလုပ်ငန်းတွေကို တစ်နှစ်အတွင်း အပြီးသတ်ဆောင်ရွက် နိုင်ဖို့ မှန်းထားပါတယ်။ စက်ရုံကိုတော့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ လျာထားဆောင်ရွက် နေပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းဦးက ပြောကြားသည်။

တန် ၂၀၀ ဖွဲနုဆီကြမ်းစက်ရုံအဖြစ် တည်ဆောက်သွားမည်

ဖွဲနုဆီနှင့်စားသုံးဆီထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)ကို တန် ၂၀၀ ဖွဲနုဆီကြမ်းစက်ရုံအဖြစ် တည်ဆောက်သွားမည်ဖြစ်သည်။ ယင်းစက်ရုံမှ ထွက်ရှိလာသည့် ဖွဲနုဆီကြမ်းကို ပြန်လည်သန့်စင် ထုတ်လုပ်မည့် ဆီချောသန့်စင်စက်ရုံကိုပါ တစ်ပါတည်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကတော့ နေပြည်တော်အနီးတစ်ဝိုက်က ဆန်စက်တွေကထွက်ရှိတဲ့ ဘေးထွက်ပစ္စည်းဖွဲနုကို ခေတ်မီနည်းစနစ်တွေနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် စားသုံးဆီထုတ်လုပ်မှာ ဖြစ်ပါတယ်။ တခြားနေကြာ၊ ပဲပုပ်စတဲ့ဆီထွက်သီးနှံတွေကနေ စားသုံးဆီတွေ ထုတ်လုပ်သွားမယ်။ ဒီစက်ရုံကို တစ်ရက် တန် ၂၀၀ ကျ ဖွဲနုဆီကြမ်းနဲ့ တန် ၅၀ ကျ ဖွဲနုဆီချော စက်ရုံအဖြစ် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဖွဲနုဆီက ဆီကြိတ်သလိုတော့ ဆီတန်းမထွက်ဘူး။ ဖွဲနုကို Solvent Extraction နည်းပညာကိုသုံးပြီး ဆီကြမ်း အရင်ထုတ်လုပ်ရပါတယ်။ ဆီကြမ်းကို ပြန်လည်သန့်စင်ထုတ်လုပ်မယ့် ဆီချောသန့်စင်စက်ရုံကိုပါ တည်ဆောက်ရပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)ဥက္ကဋ္ဌ ဦးရဲမင်းဦးက ပြောသည်။

ဖွဲနုဆီနှင့်စားသုံးဆီထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)အပြင် နိုင်ငံအတွင်းတန် ၂၀၀ ဖွဲနု ဆီကြမ်းစက်ရုံစုစုပေါင်း ၁၁ ရုံ တည်ဆောက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ ယင်းစက်ရုံများမှ တစ်နှစ်လျှင်ဆီကြမ်းတန်ချိန် ၁၁၈၈၀၀ တန် ထွက်ရှိနိုင်ရန် ခန့်မှန်းထားသည်။ ထို့အတူတန် ၅၀ ဖွဲနုဆီချောစက်ရုံငါးရုံကို နိုင်ငံအတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ဆီချောထုတ်လုပ်နိုင်မည့် ဆီကြမ်းတန်ချိန် ၇၅၀၀၀ တန်၊ တစ်နှစ်လျှင် ဆီချောတန်ချိန် ၄၈၈၀၀ တန် ထွက်ရှိနိုင်ရန် ခန့်မှန်းထားသည်။

သို့ဖြစ်ရာ ဖွဲနုကုန်ကြမ်းကို ဈေးကွက်ဝင်သော၊ ကျန်းမာရေးကိုအထောက်အကူပြုသော တန်ဖိုးမြှင့် ထုတ်ကုန်ဖွဲနုဆီအဖြစ်ပြုလုပ်နိုင်ပါက ပြည်တွင်း စားသုံးဆီဖူလုံရေးကို များစွာအထောက်အကူ ပြုမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။