Skip to main content

ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံတော်ကာကွယ်ရေး ရည်မှန်းချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အာဏာတည်သည့်နေ့အဖြစ် သတ်မှတ်ကြေညာလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများက ပြည်သူလူထုအတွင်း အထင်မှား၊ အမြင်မှားအောင် မမှန်မကန် သွေးထိုးလှုံ့ဆော်လျက်ရှိသည်။

သို့ရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုချက်ချင်းစတင်ပြဋ္ဌာန်းလိုက်သည့် ဥပဒေမဟုတ်ပေ။ ၁၉၅၉ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြန်လည်ပြင်ဆင်သတ်မှတ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဥပဒေ အမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များသည်လည်း လွတ်လပ်ရေးကြိုးပမ်းမှု ကာလကတည်းကပင် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟု အလေးအနက်ခံယူခဲ့ကြသည်။

တပ်မတော်၏ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်သည့် ဂျပန်ခေတ် မင်္ဂလာဒုံဗိုလ်သင်တန်း ပထမအပတ်သင်တန်းဖွင့်ပွဲအခမ်းအနားတွင် “ဗိုလ်သင်တန်း ကျောင်းသားများသည် စစ်ပညာကို ပိုင်ပိုင်နိုင်နိုင် သင်ယူကြရမည်။ တောင့်တင်းခိုင်မာသော ကိုယ်ပိုင်စစ်တပ်မရှိဘဲ တိုင်းပြည်လွတ်လပ်ရေးရနိုင်မည်မဟုတ်။ ရနိုင်သော်လည်း ထိုလွတ်လပ်ရေးကို ထိန်းသိမ်းနိုင်မည်မဟုတ်။ ထို့ကြောင့် ဇွဲ၊ စွမ်းရည်၊ တိုင်းပြည်၊ လူမျိုးနှင့် တပ်မတော်ကိုချစ်သည့် စိတ်ဓာတ်လိုသည်။ ထိုအချက်မှအပ အခြားကိစ္စများကို အာရုံတိမ်းညွတ်ခြင်းမရှိဘဲ ကျောင်း၏ပြင်ပ လောက၌လည်း မည်သည့်နေရာတွင် မည်သို့ပင်ရှိစေ၊ မည်သို့ပင်ပြောပြော အရေးစိုက်ရန်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တစ်ဖန် တပ်မတော်၏ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အနာဂတ် နိုင်ငံတော်ကာကွယ်ရေးရည်မှန်းချက်နှင့် ပတ်သက်၍ မကွယ်လွန်မီ ရက်သတ္တပတ် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက် နံနက်က ရန်ကုန်မြို့မြို့တော်ခန်းမမှတစ်ဆင့် လူထုပရိသတ်ကြီးကို ဟောကြားခဲ့သော မိန့်ခွန်းတွင် “အခု ကျွန်တော်တို့မှာရှိတဲ့ စစ်တပ်မြန်မာပြည်မှာ ဆူတာပူတာကိုနှိမ်ဖို့လောက်တော့ လုံလောက်တယ်။ သို့သော်လည်း တိုင်းပြည်ကာကွယ်ဖို့ဘက်မှာ ကျွန်တော်တို့စစ်တပ်တွေနဲ့ မလုံလောက်သေးဘူး။ ကုန်းတပ်ဆိုတဲ့စစ်တပ်ဟာ ဘာမှမဖြစ်လောက်သေးဘူး။ သံချပ်ကာကားတပ်ဆိုတာ မရှိသေးဘူး။ ဒီတပ်မျိုးဟာ အခုလိုဖြစ်တဲ့စစ်ကြီးမျိုးမှာဆိုရင် တော်တော်တန်တန်ကြီးမားတဲ့ ရန်သူက လက်နက်ကောင်းကောင်းနဲ့ တိုက်လိုက်တယ်ဆိုရင် နာရီပိုင်းအတွင်းမှာ ရင်ဆိုင်တိုက်လိုက်ရင်ပြုတ်မယ်။ ကျွန်တော်တို့မှာရှိတာက ရေတပ်ဆိုတာက ဗန်းပြရေတပ်ပဲရှိသေးတယ်။ တကယ့်တကယ်ဘာမှ တိုင်းပြည်ကိုမကာကွယ်နိုင်သေးဘူး။

လေတပ်ဆိုတာက အခုမှစတုန်းရှိသေးတယ်။ လေတပ်ဆိုလို့ရှိရင် ဒီတိုင်းပြည်မျိုးမှာရှိတဲ့ လေတပ်မျိုးမှာ အဖျင်းဆုံး လေယာဉ်ပျံငါးရာရှိရမယ်။ အနည်းဆုံး စစ်ဖြစ်ဖြစ်ချင်း လေယာဉ်ပျံငါးရာ လောက်ရှိမှဖြစ်မယ်။ ဒါတောင်မှလုံလောက်တယ်လို့ မပြောနိုင်ဘူး။ ကျွန်တော်တို့တိုင်းပြည်ဟာ စစ်စတိုက်တဲ့အချိန်အခါမှာ လူတစ်သန်းလောက် စစ်တပ်အင်အားရှိမှကောင်းမယ်။ အခုရှိနေတဲ့ စစ်တပ်ဟာ နှစ်သောင်းလောက်ပဲရှိတယ်။ နှစ်သောင်းလောက်ဆိုတာ(Army)ကိုပြောတာ။(Navy) ရေတပ်မပါဘူး။ (Air Force) လေတပ်မပါဘူး စသည်ဖြင့် ပြောကြားခဲ့သည်။

မြန်မာပြည်ကာကွယ်ဖို့ရာ မြန်မာတွေရဲ့အဓိကတာဝန်

တစ်ဆက်တည်းမှာပင် ဗိုလ်ချုပ်က “မြန်မာပြည် လွတ်လပ်ရေးရတဲ့အခါမှာ မြန်မာပြည် ကာကွယ်ဖို့ရာ မြန်မာတွေရဲ့ အဓိကတာဝန်ဖြစ်လာမယ်။ ဟိုတုန်းကလို အေးအေးဆေးဆေး မဖြစ်တော့ဘူး။ တိုင်းပြည်ကာကွယ်ဖို့ မြန်မာပြည်မှာ စစ်သားတွေ လိုလာမယ်။ အဲဒီအခါ မြန်မာတိုင်း အရွယ်ရောက်သူတိုင်း၊ ကျန်းမာရေးနှင့် ပြည့်စုံသူတိုင်း စစ်မှုထမ်းဖို့လုပ်ရမယ်။ ခင်ဗျားတို့တိုက်ချင်တိုက်။ မတိုက်ချင်လည်း တိုက်ရမယ်။ ဒါမှလွတ်လပ်ရေး တာဝန်ကျေမယ်ဟူ၍ ပြောကြားသွားခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်းကလည်း “၁၉၄၈ ခုနှစ်၊ ၁၉၄၉ ခုနှစ်ပိုင်းမှာဆိုလို့ရှိရင် ဒို့မှာ စဖွဲ့ကတည်းကိုက တပ်ရင်းဆယ်ရင်းနဲ့။ အဲဒီအတွက်သာ ဒို့မှာလက်နက်ရှိတယ်။ နည်းနည်းပါးပါးပဲရှိတယ်။ ရေတပ်၊ လေတပ်ဆိုတာဟာ လေယာဉ်ပျံက တိုက်ဂါးမောက် (Tigermouth)နဲ့ ချစ်မန်ခ် (Chipmuck)တို့ ဒီလောက်ပဲရှိတယ်။ ရေတပ်မှာလည်းပဲ ‘မေယု တစ်စင်းတော့ရှိတာပေါ့လေ။ ကြီးကြီးထဲက။ ကျန်တာတွေကတော့ အမ်အယ် (ML) ရှစ်စင်းလား၊ ဆယ်စင်းလား ဒါပဲရှိတယ်။ ရေတပ်တို့ လေတပ်တို့ဆိုတာကတော့ ဒို့မှာတိုးဖို့ ငွေလည်း မရှိ၊ ရှိတာနဲ့ပဲ တိုက်ကြတယ် စသည်ဖြင့် ၁၉၆၈ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော တပ်မတော်တပ်မှူးများညီလာခံတွင် သတိတရ ပြောကြားခဲ့သည်။

ပြည်သူ့တပ်မတော် ပေါက်ဖွားလာရခြင်း၏ အကြောင်းရင်းကို လေးလေးနက်နက်မိန့်ကြား

၁၉၆၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့သော တပ်မတော်တပ်မှူးများ ညီလာခံတွင်လည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက “ဒို့တပ်မတော်ဟာ ကိုယ့်အကျိုးအတွက်၊ ကိုယ်ကြီးပွားဖို့အတွက် တစ်ယောက်ချင်းကြီးပွားဖို့၊ သို့မဟုတ် တပ်မတော်တစ်ခုလုံးသာလျှင် ကြီးပွားဖို့အတွက် ပေါ်ပေါက်လာတဲ့တပ်မဟုတ်ဘူး။ မိမိတို့တာဝန်ဖြစ်တဲ့ တိုင်းပြည်တိုင်း၊ လွတ်လပ်ရေးဆုံးရှုံးနေတဲ့ တိုင်းပြည်တိုင်းရဲ့ တာဝန်ဖြစ်တဲ့ လွတ်လပ်ရေးကို ပြန်ရအောင်တိုက်ဖို့လို့၊ တိုက်ရမယ့်တာဝန်ကို သိတဲ့အတွက် လက်နက်ကိုင်ပြီး တိုက်ရာကနေပြီးတော့ ပေါက်ဖွားလာတဲ့တပ်မတော်ဖြစ်တယ်ဆိုတာကို မမေ့အပ်ဘူးဟူ၍ ပြည်သူ့တပ်မတော် ပေါက်ဖွားလာရခြင်း၏ အရင်းခံအကြောင်းရင်းများကို လေးလေးနက်နက်မိန့်ကြားခဲ့လေသည်။

တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော်ဖြစ်သည်နှင့်အညီ တပ်မတော်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက “ရဲဘော်တွေဟာ ပြည်သူ့အတွက်သာဖြစ်စေရမည်၊ တိုင်းပြည်သည် ရဲဘော်တွေအတွက်မဖြစ်စေရ ဟူ၍ လည်းကောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းကလည်း “ငါတို့တွေဟာ ကြေးစားစစ်တပ်မဟုတ်ဘူး၊ ပြည်သူ တွေထဲက ပေါက်ဖွားလာပြီးတော့ ပြည်သူတွေကို အလုပ်အကျွေးပြုရလိမ့်မယ်ဟူ၍ လည်းကောင်း လမ်းညွှန်မှာကြားလေ့ရှိသည်။

၁၉၆၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသော တပ်မတော်တပ်မှူးများညီလာခံ၌ပင် ထိုစဉ်က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူး ချုပ်စန်းယုက “တပ်မတော် ကြည်း၊ ရေ၊ လေ ဟာ အရည်အချင်းမှာရော၊ အရေအတွက်မှာပါ အမြဲပြည့်ဝတောင့်တင်းခိုင်မာ နုပျိုနေအောင် တည်ဆောက်ပြီး ဘယ်အဖျက်ရန်သူမျိုးကိုမဆို ရင်ဆိုင်နိုင်ရေးအတွက် အသင့်ဖြစ်နေဖို့ပဲ ဖြစ်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးအတွက် ဆောင်ရွက်တဲ့အခါမှာ နိုင်ငံတစ်ဝန်းရှိနေတဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လုပ်သားပြည်သူတစ်ရပ်လုံးနဲ့ချီပြီးတော့ အစီအစဉ်ရှိရှိ စနစ်ကျကျ ဆောင်ရွက်နိုင်မှသာ အောင်မြင်မှုကိုရနိုင်ပါမယ်။ ဒါကိုသဘောပေါက်ရင် လုပ်သားပြည်သူတစ်ရပ်လုံးကိုလည်း နိုင်ငံကာကွယ်ရေးနဲ့ပတ်သက်တဲ့ စုစည်းမှု၊ စည်းရုံးမှု၊ ဖွဲ့စည်းပေးမှု၊ လေ့ကျင့်ပေးမှုစတဲ့ ကိစ္စရပ်တွေကို ကြိုတင်ပြင်ဆင်ထားပေးဖို့လိုကြောင်း ထင်ရှားလာပါတယ်။ ဒါမှလည်း ကိုယ်လိုအပ်တဲ့အချိန်မှာ တစ်တိုင်းပြည်လုံးမှာ ကာကွယ်ရေး အင်အားစုကြီးအဖြစ် အသင့်အနေအထားမှာ အံဝင်ခွင်ကျ ထိထိရောက်ရောက်ဆောင်ရွက်နိုင် မှာဖြစ်ပါတယ်ဟူ၍ ပြည်သူ့တပ်မတော်၏ ပြည်သူ့စစ်မဟာဗျူဟာအခင်းအကျင်းနှင့် လက္ခဏာကို ညွှန်ပြခဲ့ပါသည်။

ဤသို့ဖြင့် နိုင်ငံ့ခေါင်းဆောင်အဆက်ဆက်သည် ကမ္ဘာပေါ်ရှိ လွတ်လပ်သည့် နိုင်ငံများနည်းတူ မိမိတို့နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် မိမိတို့နိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေရှိမည့် ကာကွယ်ရေးရည်မှန်းချက်များ၊ အစီအစဉ်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါသည်။

တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်ခုခု၏သမိုင်းသည် ထိုတိုင်းပြည်၊ ထိုနိုင်ငံ၏ တပ်မတော်သမိုင်းပင်ဖြစ်သည်။ ယင်းတိုင်းပြည်၊ ယင်းနိုင်ငံ၏ မူလအရင်းခံ အင်အားသည် လက်နက်ကိုင်တပ်မတော်ပင်ဖြစ်လေသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသမိုင်းနှင့် တပ်မတော်၏သမိုင်းသည် ထပ်တူထပ်မျှဖြစ်လေသည်။

တပ်မတော်၏သမိုင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်တွင်ကျင်းပခဲ့သော (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် “ယနေ့မြန်မာ့တပ်မတော်ရဲ့ အမြုတေတပ်မတော်အဖြစ်စတင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)ဟာ ၁၉၄၂ ခုနှစ်မှာ ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)၊ ၁၉၄၃ ခုနှစ်မှာ ဗမာ့ အမျိုးသားတပ်မတော်(BNA)၊ ၁၉၄၅ ခုနှစ် ဇူလိုင်လမှာ မျိုးချစ်ဗမာ့တပ်မတော်(PBF) နဲ့ စက်တင်ဘာလမှာ ဗမာ့တပ်မတော်(Burma Army)အဖြစ် အဆင့်ဆင့်အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့တယ်။ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ မျိုးချစ်ဗမာ့တပ်မတော်ဟာဆိုရင်လည်း ပြည်သူလူထုနဲ့လက်တွဲပြီး ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ်နိုင်ခဲ့တယ်။ ဒါကြောင့် တို့တပ်မတော်ဟာ ဘယ်လိုပင်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းသော်လည်း ပြည်သူလူထုနဲ့လက်တွဲပြီး တိုင်းတစ်ပါးစိုးမိုးမှုအောက်မှ မြန်မာနိုင်ငံကို လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့အတွက် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဖြစ်တယ်ဟူ၍ ပြောကြားခဲ့သည်။

မြန်မာ့သမိုင်းတွင် လက်နက်ကိုင်တပ်မတော် အင်အားတောင့်တင်းလျှင် မြန်မာနိုင်ငံသည်လည်း အင်အားတောင့်တင်းသည်။ ခိုင်မြဲသည်။ ဖွံ့ဖြိုးသည်။ နိုင်ငံတကာ၏ လေးစားမှုကိုခံခဲ့ရသည်။ တပ်မတော်အင်အားချို့တဲ့လျှင် ပြည်ထောင်စုလည်း ချို့တဲ့သည်။ ဆုတ်ယုတ်သည်။ တိုင်းတစ်ပါး၏ စော်ကားခြင်း၊ ကျူးကျော်ခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အနာဂတ်နိုင်ငံတော်ကာကွယ်ရေး ရည်မှန်းချက်နှင့် ပတ်သက်၍ “အင်အားကြီးနိုင်ငံများရဲ့အားပြိုင်မှုများမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ ပဋိပက္ခများဟာ ‘တောင်လဲရာမြက်ပြတ် ဆိုတဲ့စကားပုံအတိုင်း နိုင်ငံငယ်များအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်တဲ့အတွက် နိုင်ငံတကာရေးရာများကို မျက်ခြည်မပြတ်လေ့လာပြီး ကိုယ့်နိုင်ငံရှင်သန် ရပ်တည်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုများ အမြဲလုပ်ဆောင်နေရမှာဖြစ်တယ်။ တို့နိုင်ငံအနေနဲ့လည်း ကာကွယ်ရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် တပ်မတော်ကို သမားရိုးကျစစ်ပွဲဆင်နွှဲနိုင်ပြီး တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော် (Standard Army) အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်လျက်ရှိတယ်။ အနာဂတ်တပ်မတော်ကို Standard Army အဖြစ် တည်ဆောက်ရာမှာ တပ်များကို ခေတ်နဲ့အညီ ကိုက်ညီအောင်လုပ်ဆောင်လျက်ရှိတယ်ဟု ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စည်းလုံးညီညွတ်ခြင်းဟာ အင်အားကို ဖြစ်စေတယ်။ ဒါကြောင့် တပ်မတော်အင်အားတောင့်တင်းခိုင်မာမှုရှိရေးအတွက် တပ်တွင်း စည်းလုံးညီညွတ်ရမှာဖြစ်သလို နိုင်ငံ့အင်အား တောင့်တင်းခိုင်မာမှုရှိရေးအတွက် တပ်မတော်နဲ့ ပြည်သူ စည်းလုံးညီညွတ်နေဖို့ တိုင်းရင်းသား ပြည်သူများရဲ့ သားသမီးများဖြစ်တဲ့ ရဲဘော်တို့ဟာ တပ်ပြင်စည်းရုံးရေးကိုလည်း အလေးထားလုပ်ဆောင်ကြရမယ်။ ‘ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုတဲ့အတိုင်း ပြည်သူလူထုရဲ့ တစ်ခဲနက်ပူးပေါင်းပါဝင်မှသာ ခိုင်မာမယ်။

ကမ္ဘာ့နိုင်ငံအသီးသီးဟာ နိုင်ငံရဲ့ပထဝီအနေအထား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့စတဲ့အကြောင်း အချက်အလက်တွေအပေါ်မူတည်ပြီး မိမိနိုင်ငံနဲ့သင့်လျော်တဲ့ နိုင်ငံရေးစနစ်တစ်ခုချမှတ် လျှောက်လှမ်းနေကြတာပဲဖြစ်တယ်။ မည်သည့်နိုင်ငံရေးစနစ်ကို လျှောက်လှမ်းသည်ဖြစ်စေ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှာပဲဖြစ်တယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတစ်ရပ်လုံး အကြားအလပ်မရှိ ပါဝင်ဖော်ဆောင်ရခြင်းဖြစ်တာကြောင့် ကဏ္ဍအသီးသီးမှာ တည်ငြိမ်အေးချမ်းမှုအရေးကြီးပြီး ဒီလိုဆောင်ရွက်ဖို့အတွက် ကြိုးပမ်းရာမှာ နိုင်ငံသူ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ကြဖို့ လိုအပ်မှာပဲဖြစ်တယ်ဟူ၍ ပြောကြားခဲ့ပါသည်။

သို့ဖြင့် နိုင်ငံသားများအနေဖြင့် တိုင်းပြည်မြင့်လျှင် တပ်မတော်တင့်သည်၊ တပ်မတော်တင့်လျှင် တိုင်းပြည်မြင့်သည်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ တပ်မတော်ပြိုကွဲလျှင် တိုင်းပြည်ပြိုကွဲမည်ဆိုသည်ကို အလေးအနက်ခံယူပြီး ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံတော်ကာကွယ်ရေး ရည်မှန်းချက်များနှင့်အညီ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။      ။

ဇာနည်ဘွား