Skip to main content

ခံယူချက် စေတနာနှင့် အမြော်အမြင်ရှိမှုအပေါ်တွင် မူတည်၍ …

စွမ်းပြည့်

နိုင်ငံအတွက် ယခုအချိန်ဟာ အချုပ်အခြာနဲ့ ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေးများ အလွန်အရေးကြီးနေချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ကြီး အဘက်ဘက်က အင်အားဆုတ်ယုတ်ချည့်နဲ့သွားအောင် ဝိုင်းဝန်းပူးပေါင်းလုပ်ကြံနေတဲ့ အချိန်လည်းဖြစ်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့က ကိုယ့်ပြည်တွင်း အားကိုပဲ ယုံပါတယ်။ ဒါကြောင့်လည်း မရရအောင် တည်ဆောက်နေတာပဲဖြစ်တယ်။ အကျိုးလိုလို့ ညောင်ရေလောင်း မစ္ဆရိယအားကြီးသူ ပြည်ပနိုင်ငံတွေနဲ့ ကောက်ကျစ်တဲ့ပြည်တွင်းလောက်ကောင်တွေကြားမှာ ပြည်ထောင်စုကြီးမပြိုကွဲသွားအောင် ရှိတဲ့တိုင်းရင်းသားတွေ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ ရန်ငါမဖြတ်ဘဲ အတူတကွ နေထိုင်ကြရလေအောင် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်နေရတဲ့ အချိန်လည်းဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်တွေကြောင့်လည်း အတည်ပြုပြဋ္ဌာန်းပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုလို အာဏာတည်စေလိုက်ရတာဖြစ်ပါတယ်။

စာနာနားလည်မှုဖြင့်

ဒီဥပဒေက ၁၉၅၉ ခုနှစ်ကတည်းကရှိပြီးသား။ ၂၀၁၀ ပြည့်နှစ်မှာ ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ယခုအချိန်မှာမှ အာဏာတည်ခြင်း ဖြစ်ပါတယ်။ မလိုအပ်သေးတဲ့ အခြေအနေတွေကြောင့် အကောင်အထည်မဖော်ဖြစ်သေးတာပါ။ ယခုအချိန်မှာတော့ လိုအပ်လာပြီဖြစ်လို့ အာဏာတည်လာတာ ဖြစ်ပါတယ်။ ဝေဖန်ခံ၊ အမုန်းခံပြီး ထုတ်တယ် ဆိုကတည်းက လိုအပ်လို့ထုတ်ပြန်တာပဲပေါ့။ ဒီလိုပဲ မှတ်ယူသင့်ပါတယ်။ ပြည်သူ့စစ်မှုထမ်း နှစ်နှစ်ဆိုသောကာလသည် ဘဝတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်တယ်။ ဒါကို ဘဝကြီးတစ်ခုလို့ မှတ်ယူနေလို့မဖြစ်။ ဒီနေ့တွေ့နေရတဲ့ စစ်သားတွေက အမြဲတမ်း တပ်မတော်ရဲ့ အသွင်အပြင်ဖြစ်တဲ့ အတိုင်း ၂၄ နာရီ တာဝန်ထမ်းရွက်နေရသူတွေပါ။

တချို့ရှေ့တန်းမှာ နှစ်နဲ့ချီနေနေရတဲ့သူတွေ၊ တပ်မတော်မှာ အနှစ် ၂၀၊ ၃၀၊ ၄၀ လောက် တာဝန်ထမ်းနေရသူတွေကို စာနာအားနာသင့်ပါတယ်။ သူတို့တွေကြောင့် ငါတို့ ဒီလိုအေးအေးချမ်းချမ်းနေနိုင်၊ ပညာသင်နိုင်၊ လုပ်ကိုင်စားသောက် နေထိုင်နိုင်ကြတယ်ဆိုတာ တစ်လှည့်ပြန်တွေးပြီး ကိုယ်ချင်းစာနားလည်ပေးစေချင်ပါတယ်။ ပြောရဲပါတယ်... ယခု ပြည်သူ့စစ်မှုထမ်းဥပဒေအရ ထမ်းရွက်ခွင့်ရသူတွေဟာ အမြဲတမ်းစစ်သည်တွေလောက် ပင်ပန်းဆင်းရဲခြင်းရှိမှာ မဟုတ်ပါဘူး။

စစ်မှုထမ်းကန့်သတ်ချက်များနဲ့ အဓမ္မစုဆောင်းနေမှုများ နှိုင်းယှဉ်ကြည့်

စစ်မှုထမ်းရမယ့် အသက်အရွယ်၊ အလုပ်အကိုင်၊ အိမ်ထောင်ရှိ၊ မရှိ၊ ပညာရေး၊ ကျန်းမာရေး ကန့်သတ်ချက်အများကြီးထဲကနေ အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ ထမ်းရွက်ကြရမှာပါ။ လူတိုင်းစစ်မှုထမ်းချင်ရင်တောင် ထမ်းခွင့်မရပါဘူး။ စစ်သားတိုင်းယောက်ျားဖြစ်ပေမယ့် ယောက်ျားတိုင်းလည်း စစ်သားမဖြစ်ပါဘူး၊ ယောက်ျားပီသမှ ပေမီဒေါက်မီဖြစ်မှ ဖြစ်ခွင့်ရမှာပါ။ ကျွန်တော်တို့မှာလည်း သားသမီးတွေရှိသလို စစ်သားသူငယ်ချင်းတွေလည်းရှိတယ်။ စစ်မှုထမ်းတိုင်းလည်း ရှေ့တန်းသွားချင်မှသွားရမှာ၊ ရှေ့တန်းသွားတိုင်းလည်း တိုက်ပွဲနဲ့ကြုံချင်မှကြုံမှာ၊ တိုက်ပွဲနဲ့ကြုံတိုင်းလည်း အသက်အန္တရာယ်နဲ့ ကြုံချင်မှကြုံမှာ... သဘောပြောတာပါ။

အမျိုးစစ် - မျိုးချစ်လို့ပဲဖြစ်ဖြစ်၊ ဒီနိုင်ငံက နိုင်ငံသားကောင်း တစ်ယောက်အနေနဲ့ဖြစ်ဖြစ် ဒီနိုင်ငံကထုတ်တဲ့ဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေလိုက်နာဖို့ တာဝန်ရှိတယ်လို့ ခံယူပါတယ်။ အများကြီးလည်း ခေါင်းထဲမတွေးကြပါနဲ့၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင် သံကြားနဲ့ သတင်းစာတွေက နေ့စဉ်ရက်ဆက်ကြေညာချက်တွေ၊ ပြောကြားချက်တွေ၊ အသိပညာပေးတာတွေကို အသေးစိတ်လေ့လာဖတ်ရှုကြည့်ပါလို့ အကြံပေးချင်ပါတယ်။ ဥပဒေတစ်ရပ်ဟာ ပြဋ္ဌာန်းလိုက်တာနဲ့ ချက်ချင်းအကောင်အထည် ဖော်လို့လည်းမရပါဘူး၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေ စနစ်တကျ ရေးဆွဲထုတ်ပြန်ပြီးမှသာ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ အတင်းအဓမ္မခေါ်ယူရမယ့် အခြေအနေမျိုးလည်းမဟုတ်ပါဘူး။

လက်ရှိ EAO ဒေသတွေမှာ အရွယ်မရောက် သူရော၊ အရွယ်ရောက်ပြီးသူရော တစ်အိမ် ဘယ်နှယောက် စသဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းနေတာတွေအပေါ်မှာ ဘယ်သူမှ ဘာမှ ပြောလို့မရတဲ့အခြေအနေတွေနဲ့လည်း နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ သူတို့ဟာ သူတို့လူမျိုးအတွက်၊ သူတို့ဒေသအတွက်၊ သူတို့စစ်ဘုရင်တွေအတွက်ပဲဖြစ်ပြီး ဥပဒေမရှိ၊ လစာမည်မည်ရရမရှိ၊ ခံစားခွင့်နတ္ထိနဲ့ အဓမ္မစုဆောင်းခံနေကြရတယ်ဆိုတာ နှိုင်းယှဉ်ပြချင်တယ်။

အတိတ်နှင့်ယှဉ်၍ ပိတ်ဆို့ဟန့်တားနေကြ

နိုင်ငံရဲ့ရည်ရွယ်ချက်က တင်ပြခဲ့သလို အရေးသုံးပါးကိုပဲဆုပ်ကိုင်ပြီး ပြောနေတာဖြစ်ပါတယ်။ နိုင်ငံတကာမှာ စစ်တိုက်နေတဲ့ အစ္စရေးနဲ့ အီရန်ကလွဲပြီး အမျိုးသားစစ်မှုထမ်းစနစ် ကျင့်သုံးနေတဲ့ ကျန်နိုင်ငံတွေဟာ ပြည်တွင်း၊ ပြည်ပကျူးကျော်မှုမရှိ၊ ငြိမ်းချမ်းတဲ့နိုင်ငံတွေဖြစ်တယ်ဆိုတာ လေ့လာမိတယ်။ ဒီအချက်ကိုကြည့်ရင် အမျိုးသားစစ်မှုထမ်းစနစ်ဟာ ပြည်တွင်း/ ပြည်ပကျူးကျော်မှုတွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတာ တွေ့နိုင်ပါတယ်။ မြန်မာဆိုတဲ့အမြင်နဲ့ ပြည်ထောင်စုအရေး၊ ကိုယ့်နိုင်ငံအရေး၊ တိုင်းရင်းသားတွေအရေး ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်နေရပေမယ့် မြန်မာပြည်သူတွေ စစ်မှုထမ်းမယ့်အရေး၊ လက်နက်ကိုင်မယ့် အရေးကို သေမလောက်ကြောက်နေကြတာ တွေ့ရတယ်၊ ပြည်တွင်းကော ပြည်ပရောပေါ့။

ပြည်တွင်း EAO တွေအနေနဲ့ နောင်တစ်ချိန် စစ်ပညာတတ်သွားမယ့် မြန်မာလူငယ်တွေအပေါ်မှာ သူတို့အသုံးချချင်တိုင်း ချလို့ရတော့မှာ မဟုတ်ဘူးဆိုတာလည်း သူတို့သိနေတယ်၊ အထူးသဖြင့် မြန်မာတွေ စစ်ပညာတတ်သွားမှာ သေမတတ် ထိတ်လန့်နေကြတာဖြစ်ပါတယ်၊၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနိုင်ငံတော်များဆိုပြီး မြန်မာတွေ စည်းလုံးခဲ့တဲ့အချိန်၊ ကြီးထွားခဲ့ဖူးတဲ့ လက်ရုံးရည် နှလုံးရည်မျိုးရှိလာမှာကို ဉာဏ်မီတဲ့သူတွေက ကြိုပြီးစိုးရိမ်တတ်တဲ့ သဘောသဘာဝကိုလည်း နားလည်ပေးနိုင်ပါတယ်။

ဉာဏ်မီတဲ့သူဆိုတာ မြန်မာနိုင်ငံက ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်အပြီးမှာ US နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့မှုအပေါ်မှာ ပြောတာဖြစ်ပါတယ်။ သူတို့အတွက် စိုးရိမ်မယ်ဆို စိုးရိမ်စရာလည်းဖြစ်တယ်။ ကိုလိုနီခေတ်က နေမဝင်အင်ပါယာ အင်္ဂလိပ်စစ်တပ်မှာ တချို့တိုင်းရင်းသားတွေကလွဲပြီး မြန်မာတွေကိုမထည့် လူရာမသွင်းလက်နက်ဆိုလို့ ဓားတစ်ချောင်းတောင် ပေးမကိုင်ခဲ့တာကြည့်ရင် သိသာပါတယ်။ ဒါကြောင့်လည်း ယခုစစ်မှုထမ်းဥပဒေကို အသည်းအသန်တားဆီးပိတ်ဆို့ ဟန့်တားနေကြတာ ဖြစ်ပါတယ်။

အကျိုးကျေးဇူးများနဲ့အတူ ကနဦးထမ်းရွက်လိုသူများရှိနေ

ပြည်သူ့စစ်မှုထမ်းတဲ့အတွက် ရလာမယ့်အကျိုးကျေးဇူးက များလှပါတယ်။ နိုင်ငံ့သားကောင်း တစ်ယောက်အနေနဲ့ နိုင်ငံတာဝန်ကျေပွန်သွားခြင်းဟာ အကျိုးကျေးဇူးတစ်ခုပါ။ တပ်မတော်ရဲ့ မူဝါဒတွေ သိနားလည်သွားပြီး တပ်မတော်သားတွေကို စာနာသွားမှာသေချာပါတယ်။ လူနဲ့အဖွဲ့အစည်းကို ခွဲခြားသိမြင်သွားပါလိမ့်မယ်။ ခေါင်းဆောင်မှုနဲ့အတူ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်မှု စီမံခန့်ခွဲမှု၊ စည်းကမ်းလိုက်နာမှုစတဲ့ ပညာရပ်တွေဟာ လူငယ်တွေအတွက် လက်တွေ့အကျိုးရှိ လိုအပ်နေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေပဲ ဖြစ်ပါတယ်။

စာနာနားလည်မှုမှတစ်ဆင့် တပ်မတော်သွားနေတဲ့လမ်းကြောင်းကို သိသွားမယ်၊ တပ်မတော်ရဲ့တန်ဖိုး၊ စစ်သားတစ်ယောက်ရဲ့တန်ဖိုးကိုသိပြီး နိုင်ငံတစ်နိုင်ငံမှာ ရှိကိုရှိသင့်တဲ့အဖွဲ့အစည်းဆိုတာ သဘောပေါက်သွားရင် စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးမှာ အဖုအထစ်နည်းသွားမှာဖြစ်ပြီး နောင်ဆယ်စုနှစ်တစ်ခုလောက်မှာ တပ်မတော်နဲ့ ပြည်သူဟာ တစ်သားတည်းဖြစ်သွားမယ်လို့ တပ်အပ်ပြောနိုင်ပါတယ်။ ဒါ့အပြင် တစ်ချိန်မှာရပ်ထဲရွာထဲ စစ်မှုထမ်းဖူးသူနဲ့ မထမ်းဖူးသူယုံကြည်မှုရှိပုံချင်း၊ ဂုဏ်ယူရပုံချင်း ကွာခြားချက်၊ အလုပ်အကိုင်အခွင့်အလမ်းကွာခြားချက်တွေ ရှိလာနိုင်ပါတယ်။ သို့သော် တစ်ဖက်က အားသာချက်တွေရှိပေမယ့်လည်း ယခုလိုအချိန်မှာ ပြည်သူတွေရဲ့ စိုးရိမ်စိတ်မြင့်တက်နေမှုကို စာနာနားလည်မှုပေးနိုင်ရပါမယ်။

မိဘပြည်သူတွေရဲ့အပူဟာ တကယ်တော့ ကောလာဟလတွေကြောင့် ထပ်ဆင့်ပူလောင်နေရတာပါ။ ဖြစ်နိုင် / မဖြစ်နိုင် သုံးသပ်နိုင်စွမ်း အားနည်းတဲ့အပေါ်မှာ အခွင့်ကောင်းယူ အသုံးချနေခြင်းကို မြင်အောင်ကြည့်ကြဖို့လိုပါမယ်။ ကောလာဟလကြောင့် လူငယ်တွေတောထဲ ပြန်ရောက်မယ့်အရေး ပိုပြီးတွေးပူရပါမယ်။ ယခုအခြေအနေက လူပြိန်းတွက် တွက်ရင်တောင်အနေသာကြီးပါ။ လက်ရှိပေါက်နေတဲ့ လူဦးရေ ၁၃ သန်းနဲ့တင်တွက်ပါဦး။ တစ်ရပ်ကွက် လူ နှစ်ယောက်နှုန်း၊ အမှုထမ်းနိုင်ခြေ တစ်နှစ်လူ ၂၀၀ မှာ တစ်ယောက်နှုန်း၊ တစ်နှစ် လူ ၆၀၀၀၀ နှုန်းနဲ့၊ မိမိလက်ရှိ ယခုအသက်နဲ့ယှဉ်ပြီး ကျား ၃၃/ ၃၄/ ၃၅၊ မ ၂၅/၂၆/ ၂၇ စသဖြင့် သွားမှာက ရေရှည်စီမံချက်၊ နောင်တက်လာမယ့် ဘယ်အစိုးရ အဆက်ဆက်မဆို အသက်ဝင်နေမှာဖြစ်ပါတယ်။

ကောလာဟလကြောင့်သော် လည်းကောင်း၊ ကိုယ်ကိုယ်တိုင်မသိနားမလည်လို့၊ သေမှာ ပင်ပန်းဆင်းရဲမှာကြောက်လို့သော်လည်းကောင်း တချို့လည်း မျိုးချစ်စိတ်အခံနည်းပြီး နိုင်ငံနဲ့ တပ်မတော်အပေါ် အတိုက်အခံစိတ်ရှိလို့သော်လည်းကောင်းရှိကြပေမယ့် နေရာအချို့၊ ဒေသအချို့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် ထောက်ခံပွဲတွေ လုပ်နေတာတွေလည်း တွေ့ရပြန်တယ်၊ တချို့လည်း နိုင်ငံချစ်စိတ်နဲ့ အမှုထမ်းချင်သူတွေရှိကြမှာပါ။

တချို့က စွန့်စားချင်ကြတယ်၊ တချို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် လက်နက်နဲ့ စစ်ပညာသင်ချင်ကြတယ်၊ တချို့က နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံဥပဒေကို လေးစားပြီး နှစ်နှစ်၊ သုံးနှစ်တာ ကာလလေးကို တာဝန်ကျေချင်ကြတယ် စသဖြင့် အမျိုးမျိုးသော ကိုယ်စီဆန္ဒတွေနဲ့ စစ်မှုထမ်းဖို့ ထုတ်ဖော်အသိပေးလာကြတဲ့သူတွေ များစွာရှိပါတယ်။

ကောလာဟလများ ချင့်ချိန်တတ်ရန်လို

ကောလာဟလကြောင့်ဆိုတဲ့နေရာမှာ မသမာသူတွေဟာ ပြည်သူလူထုကို ပေါ်တာဆွဲခြင်းနဲ့ ခြောက်လှန့်နေတာတွေ့ရတယ်။ တွေးကြည့်ပါ... ယနေ့ခေတ်ဟာ ပေါ်တာခေတ်မဟုတ်တော့ပါဘူး။ ရပ်ကျေးငယ်စာရင်းနဲ့တိုက်ပြီး ဆင့်ခေါ်လို့ သတင်းမပို့ရင် ဥပဒေအရ အရေးယူရမယ့်အခြေအနေရှိပြီးသားမှာ ဘယ်သူမှ အလုပ်ရှုပ်ခံပြီးပေါ်တာ လိုက်မဆွဲပါဘူး။ ပေါ်တာဆွဲတာမရှိပေမယ့် ရပ်ရွာလုံခြုံရေးအတွက် ညဘက်ဧည့်စာရင်းစစ်တာတော့ရှိမယ်။ မသင်္ကာလို့ ညဘက်အဆွဲခံရရင်လည်း ဒီလိုညဉ့်ဘက် အဆွဲခံရတဲ့သူဟာ ခိုး၊ ဆိုး၊ လု၊ နှိုက်၊ ဖောက်ခွဲဖျက်ဆီးရေးသမားကလွဲပြီး ဘယ်နည်းနဲ့မှ လူကောင်းမဖြစ်နိုင်ပါဘူး။

ပေါ်တာကောလာဟလဖြန့်ပြီး ပြည်သူတွေ ချောက်ချားအောင်နဲ့ ဧည့်စာရင်းစစ်ခြင်း နှောင့်နှေးသွားအောင် ရည်ရွယ်ချက်သာ ဖြစ်နိုင်ပါတယ်။ ဒါက ဥပဒေအရ သဘောတစ်ခုကိုပြောပြရုံသာပါ။ တာဝန်ရှိသူတွေအနေနဲ့လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အခြေခံပြီး စည်းရုံးရေးနည်းလမ်း၊ ပညာပေးနည်းလမ်းတွေနဲ့သာသွားမှာပါ။ ထိုနည်းတူ ပြည်ပထွက်ခွာခွင့်တွေနဲ့ ပတ်သက်ပြီးလည်း ကန့်သတ်ချက်မရှိ၊ တားဆီးခြင်းမရှိ ယခင်အတိုင်း စနစ်တကျ စိစစ်ထွက်ခွာခွင့်ပေးလျက်ပါပဲ။ တစ်ခုတော့ရှိတယ်၊ ယခုလို ထုတ်ပြန်တဲ့ဥပဒေနဲ့အညီ နည်းလမ်းကို အကောင်အထည်ဖော်ရာမှာတော့ တချို့အဂတိမကင်းတာတွေ ရှိလာနိုင်တာကို ထည့်တွက်ရပါမယ်။ ဒါကတော့ ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားရမယ့် အနေအထားပါ။

ဘယ်လိုဖြစ်ဖြစ်ပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်အရေးကို ကမ္ဘာကြည့်ကြည့်ပြီးလည်း မြင်စေချင်ပါတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကမ္ဘာ့အရေးတွေဟာ လက်ရှိမြန်မာ့အရေးတွေနဲ့လည်း ဆက်စပ်နေတယ်ဆိုတာ တွေ့ရပါမယ်။ ကမ္ဘာမှာ proxy ကစားကွက်တွေ၊ ထောင်ချောက်တွေ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ စစ်သွေးကြွတွေခေတ်စားနေပြီး သူတို့ကြောင့် သက်ရောက်မှုတွေမှာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ အားလုံးဟာ သူ့အကြောင်းနဲ့သူ ဖြစ်လာကြတယ် ဆိုပေမယ့် အကြောင်းဆိုးတွေအပေါ် သင်ခန်းစာယူပြီး အနာဂတ်အတွက် တတ်နိုင်သမျှ ထမ်းရွက်သွားနိုင်ဖို့ကသာ ပိုအရေးကြီးပါတယ်။

ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံသားတွေဖြစ်နေတော့လည်း ဒီနိုင်ငံကဥပဒေကို လိုက်နာကြဖို့ပဲရှိပါတယ်။ လုပ်တဲ့အခါမှာသာ စေတနာမှန်နဲ့ အမြော်အမြင်ရှိရှိလေး၊ ညီညီညွတ်ညွတ်လေး လုပ်သွားကြမှသာ ကိုယ့်အတွက်ရော အများအတွက်ပါ ကောင်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့စစ်မှုထမ်းမှာ အခန်းကဏ္ဍတစ်ခုခုကနေ တက်တက်ကြွကြွ ပါဝင်အားပေးသင့်ကြောင်း တိုက်တွန်းလိုပါတယ်။

သို့မှသာ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစု၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံကိုပါ ကာကွယ်ရာ ရောက်တယ်ဆိုတဲ့ ခံယူချက်၊ ပြည်သူ့စစ်မှုထမ်းခြင်း မှတစ်ဆင့် စစ်ပွဲတွေကို ဟန့်တားနိုင်စွမ်းရှိပြီး ကိုယ့်နိုင်ငံရဲ့ ငြိမ်းချမ်းရေးကိုပါ ဖော်ဆောင်ရာ ရောက်တယ်ဆိုတဲ့ စေတနာ၊ မိမိကိုယ်မိမိလုံခြုံမှုမှတစ်ဆင့် မိမိရင်သွေးအနာဂတ်မျိုးဆက်တွေအထိပါ ကောင်းဖို့ဖြစ်မယ်ဆိုတဲ့ အမြော်အမြင်လေး ရှိလိုက်ရင်ကိုပဲ ယနေ့ ကိုယ်ဘာလုပ်သင့်တယ်ဆိုတဲ့ အဖြေမှန်ကို ရရှိသွားမှာဖြစ်ပါတယ်။ ။