ပညာရှင်များ၏ သုတေသနစွမ်းပကား
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
(ယမန်နေ့မှအဆက်)
တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတွေဟာ ဒေသရဲ့ဥပစာ၊ လူထုအတွက်အခရာ၊ ဒီနယ်ပယ်ပရဝဏ်အတွင်းမှာ တာဝန် ထမ်းရွက်ကြတဲ့ ဆရာ ဆရာမ၊ ပါမောက္ခ တွေဟာ Intellectual capital ဖြစ်တာ ကို တွေ့ရပါတယ်။ ဒီလိုတက္ကသိုလ်၊ ကောလိပ်ဧရိယာတွေမှာ ရောက်ရှိနေကြတဲ့ ပါမောက္ခဆရာကြီး ဆရာမကြီးတွေ၊ ပညာရှင်ကြီးတွေရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သမာဓိ၊ သတိ၊ ပညာတို့ဟာ နိုင်ငံတော်အရေး၊ အမျိုးသားရေးနဲ့ လူမျိုးရှင်သန် ကြီးထွားရေးတွေနဲ့ တစ်ဆက်တစ်စပ်တည်း ဖြစ်နေပါတယ်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ တက္ကသိုလ်တွေဟာ ဧရာဝတီမြစ်ကို အကြောင်းပြုပြီး ကြွယ်ဝမှုအဖုံဖုံကို စူးစမ်းလေ့လာခြင်း၊ သုတေသနပြုကြရင် ဒီတက္ကသိုလ်တွေရဲ့ ဝန်ဆောင်မှုပေးနိုင်ခြင်းဟာ အဲဒီတက္ကသိုလ်ရဲ့ အဆင့် (Ranking)တွေပဲ ဖြစ်ပါတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ်ကြောင်းတစ်လျှောက် ဖွဲ့စည်းထားတဲ့ တက္ကသိုလ်အစုအဖွဲ့တွေဟာ နိုင်ငံရဲ့ အရင်းအနှီးကို ထပ်ဆင့်ပေါက်ဖွားပေး နိုင်မှာဖြစ်ပါတယ်။ တောကပစ္စည်းတွေဟာ နည်းပညာနဲ့ပေါင်းစပ်လိုက်တော့မှ မြို့ပြတွေဟာ ဖွံ့ဖြိုးလာတာချည်း ဖြစ်ပါတယ်။ ဒါကြောင့်ဒေသအသီးသီးမှာရှိကြတဲ့ မြန်မာတက္ကသိုလ်တွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အရင်းအမြစ်ဖြစ်လာသလို မြန်မာ့လူ့အဖွဲ့အစည်း ဟာလည်း ပညာရေးရဲ့ အရင်းအမြစ် ဖြစ်လာပါတယ်။
မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသကို ကြည့်ကြည့်အလွန်ဆန်းကြယ်တဲ့ ပထဝီသွင်ပြင်ရှိကြပါတယ်။ ဥပမာတစ်ခုအနေနဲ့ ချင်းပြည်နယ်ရဲ့ သဘာဝမြင့်မား မတ်စောက်တဲ့ တောင်ကုန်း၊ အလွန်နက်ရှိုင်းတဲ့ လျှိုမြောင်ချိုင့်ဝှမ်း၊ တောင်ထိပ်ကစလို့ အောက်ဆုံးအထိ သစ်ပင်တွေနဲ့ ဖုံးလွှမ်းနေကြတာဟာ အလွန်ကဗျာ ဆန်တယ်လို့ မြင်ကြသူတွေရှိပါတယ်။ ဒီလိုကဗျာဆန်တဲ့ တောင်ကုန်း၊ ချိုင့်ဝှမ်း၊ ရုက္ခ၊ သတ္တ၊ သဘာဝဥယျာဉ်ကြီးကို သုတေသနပြုဖို့ အချက်အချာကျတဲ့တက္ကသိုလ်က ပခုက္ကူ၊ တောင်ကုတ်နဲ့ ဟားခါးတက္ကသိုလ်တို့ ဖြစ်သင့်ပါတယ်။ တက္ကသိုလ်အဆင့်လည်း (University Ranking) မြင့်လာပါလိမ့်မယ်။ ကိုယ်တိုင်လေ့လာမှု၊ လွတ်လပ်စွာလေ့လာမှု (Independent learning) ကို အားပေးရမယ်။ ဒီလိုဆိုရင် ပါမောက္ခဆရာ ဆရာမကြီးတွေက သုတေသနတွေမှာ ပိုအားထည့်နိုင်ပါလိမ့်မယ်၊ ကမ္ဘာမှာဖြစ်ပေါ် ပြောင်းလဲလာတဲ့ ရေစီးကြောင်းကိုသိရှိပြီး မိမိတက္ကသိုလ်မှာ ဦးစားပေးသင့်တဲ့ သုတေသနတွေကို ဆောင်ရွက်နိုင်မယ်၊ တီထွင်ဆန်းသစ်မှုဘက်ကိုလည်း အချိန်ပေးလာနိုင်ပါလိမ့်မယ်။ ဒီလိုဖွံ့ဖြိုး တိုးတက်မှုအပြောင်းအလဲကို အရည်အချင်းကျွမ်းကျင်မှု အမည်စုံရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်က အကောင် အထည်ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ ပညာရေးဟာအလွန်ပဲ အားထုတ်နေတာဖြစ်ပါတယ်။
(၂၁)ရာစု ဂလိုဘယ်လိုက်ဇေးရှင်း
(၂၁)ရာစု ဂလိုဘယ်လိုက်ဇေးရှင်းဟာ မြန်မာနိုင်ငံအတွက် ကိုလိုနီစနစ်အငွေ့အသက် ပါကောင်းပါနေမယ်။ (၁၉) ရာစုနှစ် ကိုလိုနီစနစ်နဲ့ ခြားနားပါတယ်။ ပြောင်းလဲမှုတွေကို ရင်ဆိုင်နေရ တဲ့ကမ္ဘာကြီးမှာ နည်းပညာ (technology)ဟာ အလွန်ကို နေရာယူလာပါတယ်။ ဒီလိုဂလိုဘယ်လိုက်ဇေးရှင်းဟာ အသက်မရွေး၊ နေရာမရွေး လှိုင်းဂယက်ပမာ ရိုက်ခတ်နေတဲ့သဘော ရှိတာကြောင့်ပညာရေးဟာ အလွန်ပဲအားထုတ်နေရပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံဆက်သွယ်မှု၊ သတင်းနဲ့ဝါဒဖြန့်ချိမှုဟာ ထိန်းမရနိုင်တဲ့ ပေါက်ကွဲမှုမျိုးတွေကို မိနစ်စက္ကန့်နဲ့အမျှ လူတိုင်းရင်ဆိုင် ကြုံလာရတော့ လူထုထဲက လူတစ်ဦးချင်း ဟာ ရှင်သန်ဖွံ့ဖြိုးဖို့၊ လူမှုဘဝ သာယာ ဝပြောဖို့ဆိုတာ ခက်ခဲလာပါတယ်။
နည်းပညာသစ်တွေဟာ ဒီနေ့လူထုရဲ့ နေထိုင်လုပ်ကိုင်မှု ပုံစံတွေအပေါ် စိုးမိုးလျက်ရှိပါတယ်။ ကမ္ဘာအားလုံး အပေါ်မှာ ဩဇာသက်ရောက်လာပါ တယ်။ နည်းပညာ(IT) ဖွံ့ဖြိုးမှုကြောင့်၊ World Wide Web ကြောင့် ကမ္ဘာကြီးဟာ ကျေးရွာကြီးလို နီးစပ်လာတဲ့အခါ စီးပွားရေးကဏ္ဍ အနေအထားဟာ နယ်စပ်မရှိ (borderless) ဖြစ်လာပါ တယ်။ တရားမဝင် ငွေကြေး၊ မူးယစ်ဆေးနဲ့ လူကုန်ကူးမှုတွေဟာ Lawless ဖြစ်လာပါတော့တယ်။ အတွေးအခေါ်တွေဟာ နယ်စပ်ကိုဖြတ်ကျော်ကာ မြန်မာကျေးရွာပေါင်း ခြောက်သောင်း၊ မြို့နယ် ပေါင်း ၃၀၀ ကျော်အထိ ဂယက်ရိုက်လာ ပါတော့တယ်။ အကောင်းအဆိုး မဝေခွဲ နိုင်လောက်အောင် မိသားစုဘဝတွေ ယိမ်းယိုင်၊ ပြည်သူ့နီတိတွေပျက်၊ တည်ငြိမ်အေးချမ်းမှုအနှစ်သာရ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့လာပါတယ်။ ကာလမသုတ်လို သိပ္ပံနည်းကျတွေးခေါ်မှုတွေ၊ လောကနီတိအပါအဝင်၊ ဗြဟ္မစိုရ်တရား လေးပါးတို့နဲ့အကျွမ်းတဝင်ဖြစ်ရင် သိပ္ပံပညာကလည်းကောင်း၊ လူမှုရေးသိပ္ပံက လည်းကောင်း လူအသိုက်အဝန်းအတွက် ပိုအကျိုးဖြစ်ထွန်းမှာဖြစ်ပါတယ်။
နည်းပညာ (IT, Technology) တိုးတက်ပြောင်းလဲမှုထဲမှာ လူသားတစ်ရပ်လုံး ဆုံးရှုံးသွားရတဲ့ကိစ္စတွေလည်း ပေါ်ပေါက်လာပါတယ်။ ဒီလိုခါးသီးစွာ ခံစားနေရတဲ့ ကမ္ဘာ့အရှေ့အနောက် အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လူမှုရေး၊ မိသားစုတွေရဲ့ အပြုအမူတွေဟာ လွန်စွာပြောင်းလဲလာတဲ့အတွက်အလွန်ကို ခါးသီးစွာခံစားရတဲ့ သဘောရှိပါတယ်။ သူတို့ ဆုံးရှုံးမှုတွေကို ရင်ဆိုင်ရတဲ့အတွက် အနောက်ကမ္ဘာဟာ တုန်လှုပ်ချောက်ချားလာရတဲ့သဘော ရှိပါတယ်။ သူတို့ရဲ့ မိသားစုတွေဟာ ယိမ်းယိုင် ပြိုကွဲလျက်ရှိပါတယ်။
“အရှေ့အာရှနိုင်ငံတွေမှာ အနောက်တိုင်းဆန်ဆန် လွတ်လပ်မှု၊ တစ်ဦးချင်း လွတ်လပ်ခွင့် အတွေးအမြင် အပြုအမူ တွေ တွင်ကျယ်လာတာကြောင့် လူမှုဘဝတွေ ကြီးမားစွာ ပျက်သုဉ်းလာရာ ရာဇဝတ်ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်း၊ အိမ်ထောင်ကွဲခြင်း၊ ဆယ်ကျော်သက်တွေ ကိုယ်ဝန်ဆောင်ဘဝရောက်လာခြင်းနဲ့ မိမစုံ၊ ဖမစုံတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အာရှတိုက်သားတွေဟာ ပညာရေးလိုက်စားသူ၊ အလုပ်ကြိုးစားသူတွေ၊ မိရိုးဖလာ အိမ်ထောင်စုတွေအဖြစ် တည်တံ့ခဲ့ပါတယ်”လို့ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုက ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က နိုင်ငံသားတွေကို အသိပေးပြောကြားခဲ့ပါတယ်။ ဘာကြောင့်ပြောရလဲဆိုတော့ ခေတ်သစ်ကမ္ဘာကြီးက သယ်ဆောင်လာတဲ့ ပြောင်းလဲမှုအဟုန်ကြောင့် အာရှရဲ့ပင်ကိုတန်ဖိုးနဲ့ ယဉ်ကျေးတဲ့စရိုက် လက္ခဏာတွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာလို့ပဲ ဖြစ်ပါတယ်။
သုတေသနဟာ အဆုံးမဟုတ်
လူထုဟာ Science and Social Science Driven Community Life ဖြစ်ဖို့ သုတေသနညီလာခံရဲ့ ဆင့်ပွားဦးတည် ချက်ဖြစ်လာပါတယ်။ ယနေ့သုတေသန စာတမ်းဖတ်ပွဲတွေမှာ နိုင်ငံသားများဥပဒေ (civilian law)၊ လေကြောင်း ရေကြောင်းဆိုင်ရာဥပဒေ၊ တိုင်းပြည်ရဲ့ နယ်နိမိတ် နယ်ခြားသတ်မှတ်ထားတဲ့ အတိုင်းပထဝီဝင်ပညာသုတေသီတို့၊ သမိုင်းသုတေသီတို့၊ ဥပဒေပညာ သုတေသီပညာရှင်တွေက ဆွေးနွေးအကြံပြုခွင့်ရရှိကြတာမို့ Peer Review အပါအဝင် Research Culture ရှင်သန် လာတဲ့အပြင် တက္ကသိုလ် ဆရာ ဆရာမတွေရဲ့ အရည်အသွေးနဲ့အတူ တက္ကသိုလ် တွေရဲ့အဆင့်ကိုလည်း မြှင့်တင်ခွင့်ရရှိစေပါတယ်။ တက္ကသိုလ်/ ကောလိပ်ပါမောက္ခ၊ ဌာနမှူးကြီးတွေရဲ့ တာဝန်တွေဟာ ပြောင်းလဲလာတဲ့ တောင်းဆိုမှုတွေအရ ပိုကြီးမားလာပါတယ်။ သင်ကြားရေး သုတေသနနဲ့ ထပ်ဆင့်တီထွင်မှုတွေကို ပိုဦးစားပေးလုပ်လာကြရပါတယ်။
သုတေသနပြုလုပ်ခြင်းဟာ အသစ်အဆန်း တီထွင်ဆန်းသစ်မှုတွေကို လမ်းဖွင့်ပေးပါတယ်။ လူတစ်ဦးချင်းစီရဲ့ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ တတ်မြောက်မှုကိုသာမက ပင်ကိုအရည်အသွေးတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေ၊ စဉ်းစားသုံးသပ်တွေးခေါ်မှု (critical thinking)၊ ပြဿနာဖြေရှင်းမှု (problem solving)၊ တီထွင်ဖန်တီးမှု (creativity)၊ ဆန်းစစ်အကဲဖြတ်မှု (evaluation)၊ ပိုင်းခြားစိတ်ဖြာသုံးသပ်မှု (Analytical Skills)၊ ပူးပေါင်းဆောင်ရွက်မှု (Collaboration)၊ အလိုက်သင့်ဆောင်ရွက်မှု (Adaptability)၊ လူမှုဆက်ဆံရေး (Social Skill)၊ စိတ်ခံစားချက်နားလည်မှု (Emotional intelligence)၊ တရားမျှတမှု (Justice)၊ လောကနီတိဆိုင်ရာအပြုအမူ (Ethical behavior)၊ ဦးဆောင်မှု (Leadership) အစရှိတဲ့ ကျယ်ပြန့်တဲ့ အရည်အသွေးတွေ၊ စွမ်းရည်တွေရရှိမှာ ဖြစ်ပါတယ်။
စိန်ခေါ်မှုတွေ
ယနေ့ခေတ်ရဲ့ ပြောင်းလဲလာပုံတွေဟာ စိန်ခေါ်မှုတွေချည်းပါပဲ။ ဒီနေ့ကမ္ဘာ ကြီးဟာ တိုးတက်မှုကို ရင်ဆိုင်နေရတဲ့ အချိန်မှာပဲ Challenge of Peace ကိုလည်း ရင်ဆိုင်နေရတယ်။ Challenge of Peaceက ဘယ်လောက်အထိ အရေးကြီးလာသလဲလို့ပြောရင် အနောက်ကမ္ဘာက တွေးခေါ်တဲ့ပုဂ္ဂိုလ်တွေက Challenge of war ထက်ပိုလို့ လေးနက်သင့်တယ်လို့ ယူဆလာကြပါတယ်။ အပြောင်းအလဲ တစ်ခုကိုလုပ်ရတယ်ဆိုတာ စိန်ခေါ်မှုကြီးပဲ၊ ပညာရေးမြှင့်တင်မှုဟာ အပြောင်းအလဲတစ်ခု။
ဒါဟာလည်းစိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ ရှောင်လွှဲလို့မရ နိုင်လောက်တဲ့ တာဝန်ဝတ္တရားတွေဟာပိုပိုပြီး ကြီးမားလာပါတယ်။ ကြီးမားလာ တဲ့တာဝန်တွေကို ထမ်းဆောင်နေခြင်း ဟာ လူမျိုးနဲ့ နိုင်ငံ ရှင်သန်ဖို့ပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာနီးပါးက သိပ္ပံပညာဟာ ဥရောပမှာ ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသိပ္ပံပညာ ထွန်းကားဖို့ စဉ်းစားတွေးခေါ်မှု အရင်း အမြစ်အားလုံးဟာ နိုင်းမြစ်ဝှမ်း၊ ယူဖရေး တီးစ်၊ တီးဂရစ်၊ ဂင်္ဂါ၊ ဧရာဝတီ၊ မဲခေါင်၊ တရုတ်ပြည်ထဲက မြစ်ဝှမ်းတွေမှာ စတင်ခဲ့ပါတယ်။ အဲဒီမြစ်ဝှမ်းတွေက စီးဆင်း လာခဲ့တဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ လောကနီတိတွေ၊ သိပ္ပံနည်းကျ ရှာဖွေ တွေ့ရှိမှုတွေ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ သိပ္ပံနဲ့နည်းပညာတိုးတက်မှုကိုက လူနေမှုအဆင့်အတန်း မြင့်မားစေဖို့၊ ညီညွတ်မျှတစေဖို့ အခွင့်အလမ်းတွေ ပါဝင်ပါတယ်။ ဒါတွေကို အကောင်းဘက် ဆွဲယူပြီး လူသားအတွက် သုံးစွဲနိုင်မယ်ဆိုရင်သိပ္ပံနဲ့ နည်းပညာတိုးတက်မှုကို လူသားအားလုံးက ကြိုဆိုရမှာ ဖြစ်ပါတယ်။
မျှော်မှန်းချက်များ
ဒီခေတ်မှာ နိုင်ငံတိုင်းရဲ့ မျှော်မှန်းချက်တွေဟာ ပြောင်းလဲနိုင်ပါတယ်။ ဒီပြောင်းလဲမှုကို တကယ်ပုံဖော်ပေးရမှာ၊ လူ့စွမ်းအားအရင်းအမြစ်ကို မွေးထုတ်ပေးရမှာက ပညာရေးရဲ့ကဏ္ဍ ဖြစ်ပါတယ်။ ကျောင်းသားနဲ့ ပြည်သူကို မြင့်မားတဲ့ပညာ သင်ပေးရမှာပဲ ဖြစ်ပါ တယ်။ ဘာကြောင့်လဲ ကမ္ဘာတစ်ဝန်းဟာ ကြီးမားတဲ့ယှဉ်ပြိုင်မှုထဲမှာ ကျင်လည်နေ ရတဲ့ကာလဖြစ်တဲ့အတွက် သင်ကြားမှု နယ်ပယ်မှာ သင်ရိုးသစ်တွေ၊ သင်ပြနည်းသစ်တွေ၊ သင်ထောက်ကူပစ္စည်း တွေ၊ စာကြည့်တိုက်တွေနဲ့ ဓာတ်ခွဲခန်း ပစ္စည်းတွေဖြည့်ပြီး ဆောင်ရွက်နေရပါတယ်။ အခုအခါမှာ ဖြည့်ဆည်းတပ်ဆင် ထားတဲ့ Teaching-Learning tools ၊ အဆင့်မြင့်လာတဲ့ Electronic Education နဲ့ အကျိုးခံစားခွင့်တွေ အတော်ရရှိလာ ပြီဖြစ်ပါတယ်။ Research Tools တွေဟာလည်း ပြည့်စုံသထက် ပြည့်စုံပြီလို့ ဆိုနိုင်ပါတယ်။ ဆရာနဲ့ ကျောင်းသားတွေဟာ အကျိုးကျေးဇူးခံစားကြရမှာ ဖြစ်ပါ တယ်။ တက္ကသိုလ်တွေဟာ ဓနဥစ္စာရအောင် ရှာဖွေနိုင်တဲ့ဗိမာန်တွေဖြစ်နေပါပြီ။ ကျွန်တော်တို့ရဲ့ အချိန်၊ စွမ်းပကားနဲ့ သယံဇာတကြွယ်ဝမှုတို့ကို မိတ်ဆွေတွေဖြစ်ဖို့၊ လူ့ဘောင်က လိုအပ်တဲ့ ပညာရပ်တွေကို ပေးနိုင်မယ့်အနေ အထားဖြစ်အောင် လူတိုင်းနိုးကြားတက်ကြွစွာ ပါဝင်ကြိုးပမ်းနိုင်မယ်ဆိုရင် အနာဂတ်ပညာရေးဟာ အလွန် စိတ်ချနိုင်သောအခြေအနေ ဖြစ်ပါမယ်။
ပြည်သူလူထု၊ မိဘနဲ့ဆရာ၊ ကျောင်းသားအပေါင်းက ဒီပညာရေးယန္တရားကြီး လည်ပတ်နေအောင် မောင်းနှင်နေပါတယ်။ ပညာရဲရင့် ပွဲလယ်တင့်ပါတယ်။ မျိုးဆက်သစ်တွေကို သင်ကြားပြသ သုတေသနပြုကြကာ ပုဂ္ဂလိကကို လွှဲပြောင်းနိုင်ပြီဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းဟာ သူရသင့်တဲ့ လူမှုစီးပွားဖွံ့ဖြိုးနိုင်မယ့်ဓနဥစ္စာကို ရသွားမှာဖြစ်ပါတယ်။ အဲဒီအထဲမှာ တည်ငြိမ်အေးချမ်းမှုအမြင်ဆိုတဲ့ ဓနဥစ္စာလည်း ပါဝင်ကောင်း ပါဝင်သွားနိုင်ပါတယ်။ ဒီလိုဆိုရင် အဆိုပါတက္ကသိုလ်ဟာ အဲဒီဒေသရဲ့စိန်ကောင်းကျောက်ကောင်း တစ်ပွင့် ဖြစ်လာပါလိမ့်မယ်။
အမြဲစွတ်စိုလျက်ရှိတဲ့ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နဲ့ အရှေ့ဘက်ခြမ်းက သံလွင်မြစ် ဒီမြစ်ကြီးသုံးသွယ်ဟာ မြန်မာတို့အတွက် ချမ်းသာဖို့ပဲဖြစ်တယ်။ ဒီလိုခေတ်အခြေအနေမှာ သိပ္ပံပညာ၊ နည်းပညာ၊ စိုက်ပျိုးရေး၊ စီးပွားရေးဘွဲ့ရ တွေဟာ ကိုယ်ပိုင်စီးပွားရေး ကုမ္ပဏီကြီးတွေ တည်ထောင်၊ ဘဏ်လုပ်ငန်းကြီး တွေ တည်ထောင်၊ ရေနံကုမ္ပဏီကြီးတွေ တည်ထောင်ဖို့ တာစူရမယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့သံလွင် မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ တက္ကသိုလ်တွေဟာ ဓာတုဗေဒရှုထောင့် ကသာမကကြွယ်ဝမှုအဖုံဖုံကို စူးစမ်းလေ့လာခြင်း၊ သုတေသနပြုကြရင် ဒီတက္ကသိုလ်တွေက ဝန်ဆောင်မှုပေးနိုင်ခြင်းဟာ အဲဒီတက္ကသိုလ်ရဲ့အဆင့်တွေပဲဖြစ်ပါတယ်။ တက္ကသိုလ်အစုအဖွဲ့တွေဟာ နိုင်ငံရဲ့အရင်းအနှီးကို ထပ်ဆင့် ပေါက်ဖွားပေးနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမြောက်ဖျားခါကာ ဘိုရာဇီရေခဲတောင်တွေကစလို့ တနင်္သာရီ(ကော့သောင်း) အဆုံးအနောက်ဘက် ရခိုင်ရိုးမကိုကျော်ဖြတ်ပြီး တစ်မျှော် တစ်ခေါ်ရှုကြည့်တဲ့အခါ အံ့မခန်း ဆန်းကျယ်တဲ့ ပင်လယ်ပြင်၊ မုတ်သုံလေနဲ့ မုန်တိုင်းကြီးငယ်တွေဟာလည်း မကြာခဏဆိုသလို ဒီပင်လယ်မှာပဲ အစပြုလေ့ရှိတာကတစ်မျိုး၊ မြန်မာပြည် အလယ်ကြောက ဧရာဝတီမြစ်ကြီးဟာ လည်း မြန်မာနိုင်ငံအတွက် အသက်သခင် လို့ ခေါ်ရလောက်အောင် တန်ဖိုးတွေဟာ ကြီးမားလှတယ်။
အရှေ့ကို မျှော်ကြည့်ပြန်ရင် ရှမ်းကုန်းပြင်မြင့်လွင်ပြင်၊ ထိုမှစီးဆင်းလာတဲ့ စစ်တောင်းမြစ်နဲ့ ချောင်းငယ် မြောင်းငယ်တို့ရဲ့ဝန်းကျင်၊ ရွှေရောင် တဝင်းဝင်းနဲ့ စပါးခင်းကတစ်ဖုံ၊ ထိုဝန်းကျင်တစ်ဝိုက် ပေါက်ရောက်နေတဲ့ သစ်ပင်သစ်တော သစ်မြစ်သစ်ဥတွေဟာ မြန်မာတိုင်းရင်းသားတို့အတွက်၊ တောထဲ တောင်ထဲကလာတဲ့ သဘာဝပစ္စည်းတွေနဲ့ ကြွယ်ဝချမ်းသာမှုကို သုတေသနတွေကသာလျှင် ဖော်ပေးနိုင်တာဖြစ်ပါ တယ်။ ဒါကြောင့် တက္ကသိုလ်တွေရဲ့ အခန်းကဏ္ဍ၊ ပညာရှင်ပါမောက္ခကြီးတွေရဲ့ ကဏ္ဍဟာ ရှေ့တန်းရောက်လာရခြင်း ဖြစ်ပါတယ်။ မြို့ပြတွေဟာ ဖွံ့ဖြိုးစည်ပင် သာယာလာတာချည်း ဖြစ်ပါတယ်။
ယှဉ်ပြိုင်မှုကြီးမားတဲ့ (၂၁)ရာစုခေတ်မှာ ပညာရေးဟာ ဝေဖန်သုံးသပ်နိုင်ခြင်း၊ တီထွင်ကြံဆနိုင်ခြင်း လေ့လာစရာနယ်ပယ်သစ်တွေကို ဖြစ်နိုင်စွမ်းရှိအောင်မျှော်မှန်းပြီး ဆောင်ရွက်ကြရမယ့် ခရီးဖြစ်ပါတယ်။ အဲဒီလိုသွားနိုင်ဖို့ ကျောင်းသားကို ဗဟိုပြုရုံသာမက လုပ်သားအင်အားစုတစ်ခုလုံးကို သင်ယူနေတဲ့ အင်အားဖြစ်ဖို့၊ မြန်မာ့လူ့အဖွဲ့အစည်းကို ပညာလွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ယနေ့တိုင်ပညာရေးဟာ ကြိုးပမ်းနေရပါတယ်။
ဂျပန်နိုင်ငံနဲ့ လယ်ယာစိုက်ပျိုးရေး
ဂျပန်ဟာ စက်မှုအလွန်ထွန်းကားတဲ့ နိုင်ငံဖြစ်နေတာတောင် ထူးခြားချက်တစ်ခုက လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ကို လက်မလွှတ်ဘဲ ထိန်းထားတာဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးရဲ့ အကြောင်းရင်းပဲလို့ ထင်မြင်စရာရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးဟာ ကုန်ကျစရိတ်မြင့်မားတဲ့လုပ်ငန်း၊ အမေရိကန်နဲ့ ထိုင်းနိုင်ငံက ဆန်ကိုဈေးသက်သက်သာသာနဲ့ ဝယ်စားနိုင်ပေမယ့် သွင်းကုန်အဖြစ် လက်မခံဘူး။ စစ်ရေးအရ ကိုယ့်အားကိုယ်ကိုးနိုင်ရမယ့် သဘောလည်းပါမယ်။ မိရိုးဖလာသဘောမျိုး လုပ်နေတာလည်း မဖြစ်နိုင်လောက်ဘူး။ နည်းပညာပါတဲ့ စိုက်ပျိုးရေးပညာကို အခြေပြုတဲ့ လူမှုစီးပွားဘဝရေရှည် ဖွံ့ဖြိုးတိုးတက်ရေးသို့ လှမ်းတာပဲ ဖြစ်မယ်။ ဂျပန်လယ်သမားတွေဟာ နည်းပညာအခြေခံတဲ့ စိုက်ပျိုးရေး (Knowledge based Agriculture)ကို ပိုပိုပြီး လှမ်းနေတယ်လို့ ခန့်မှန်းရပါ တယ်။
ကျွန်တော်တို့ဟာ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံဖြစ်နေတာကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို အထူးလိုလားလျက်ရှိနေကြပါတယ်။ ပိုမိုဖွံ့ဖြိုးတိုးတက်မှုလိုလားပေမယ့် အစိမ်းရောင်ဂေဟစနစ်ကိုလည်း မယိုယွင်းစေရေး ဆောင်ရွက်တဲ့အခါ ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင် ၁၂ ဖြစ်တဲ့ “Responsible Production and Responsible Consumption” တာဝန် ရှိထုတ်လုပ်သုံးစွဲမှုကို ထည့်သွင်းစဉ်းစားလာရပါတယ်။ လူဟာအဆင်ခြင်ကင်းမဲ့တဲ့ စားသုံးသူ (Thoughtless Consumer) မဖြစ်ဖို့ ရပ်တန်းကရပ်ရ လိမ့်မယ်။
လောကီ၊ လောကုတ္တရာနှစ်ဖြာသော ရှုထောင့်ကကြည့်ရင် လူသားအားလုံးဟာ ဒီကမ္ဘာကြီးမှာ ခေတ္တခဏ ရောက်လာတဲ့ ဧည့်သည်တွေဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု၊ လူ့ဘောင်နဲ့ညီညွတ်မှု ကို ရှေးရှုကြရပါလိမ့်မယ်။ တစ်ဦးနဲ့တစ်ဦးတန်ဖိုးထားလေးစားမှု၊ ရိုးသား ဖြူစင်မှု၊ အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိတဲ့ နိုင်ငံသားကောင်းတွေကို မွေးထုတ်ပေးရာရောက်ပြီး အဲဒီနိုင်ငံသားကောင်း တွေကသာ တန်ဖိုးမြင့် လွတ်လပ်မှု ကျင့်စဉ်ကို ပုံဖော်နိုင်မှာဖြစ်ပါတယ်။
(၂၃) ကြိမ်မြောက် သုတေသနညီလာခံမှာ ဖတ်ကြားတင်သွင်းတဲ့ စာတမ်းပေါင်း သုံးရာကျော်က ရလဒ်တွေဟာ ဘာသာရပ်အကျိုးပြု၊ မိမိဒေသအကျိုးပြု၊ နိုင်ငံတော်အကျိုးပြုနိုင်မယ်၊ အသစ်အဆန်းတွေရဲ့လမ်းစကို ဖော်ထုတ် နိုင်မယ်လို့ယုံကြည်ပါတယ်။ တက္ကသိုလ်၊ ကောလိပ်တို့ဟာ ဒေသရဲ့ဥပစာ၊ လူထု အတွက် အခရာ၊ ဒီပရဝဏ်မှာ တာဝန်ထမ်းရွက်ကြတဲ့ ဆရာ ဆရာမ၊ ပါမောက္ခတွေဟာ နိုင်ငံတော်အရေး၊ အမျိုးသားရေးနဲ့ လူမျိုးရှင်သန်ကြီးထွားရေးတွေနဲ့ တစ်ဆက်တစ်စပ်တည်း ဖြစ်နေပါတယ်။ စိတ်ခေါ်မှုတွေ မည်သို့ပင်ရှိသည်ဖြစ်စေ၊ လောကီ၊ လောကုတ္တရာနှစ်ဖြာနဲ့ ကျော်လွှားခြင်းဖြင့် အေးချမ်းသာယာတဲ့ဘဝကို မျက်မှောက်ပြုနိုင်မှာဖြစ်ပါကြောင်း၊ မြန်မာတို့ဟာ လေ့လာစရာတွေ ကိုယ့်ရှေ့မှာ ရှိနေတာမို့ သင်ယူဖို့ခရီးဆက်ကြရဦးမယ်လို့ ယုံကြည်ပါကြောင်း မေတ္တာဖြင့် တင်ပြအပ်ပါတယ်။ ။