Skip to main content

ကွန်ချက်ကို သင်ပေးပါ

ခန့်ဇော်(ကျေးလက်)

ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက် (Need) နှင့် လိုချင်မှု (Want) ကို ခွဲခြားနိုင်ရန် စနစ်တကျစိစစ်ရန် လိုအပ်သလို တကယ်လိုအပ်သည့်နေရာ၊ လိုအပ်သည့်လုပ်ငန်း လုပ်နိုင်ရန်အတွက် စီမံကိန်းလျာထားမှုမှာ လိုအပ်ချက်အလိုက် ဦးစားပေးအစီအစဉ်နှင့် အံဝင်ခွင်ကျဖြစ်ရန် လျာထားဆောင်ရွက်နိုင်ရေး အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ဦးစားပေးရွေးချယ်ခြင်းဗျူဟာ (Targeting Strategy) ကို ကျေးလက်ဖွံ့ဖြိုးရေးမူဘောင်တွင် ချမှတ်ရေးဆွဲဆောင်ရွက်နေခြင်းဖြစ်ပါသည်။

စာရေးသူအနေဖြင့် ဒေသမျိုးစုံကို အကြိမ်ကြိမ်ရောက်ဖူးပါသည်။ အကြီးအကဲဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ခရီးစဉ်များကိုလည်း အကြိမ်ကြိမ် လိုက်ပါခဲ့ဖူး ပါသည်။ ရောက်တိုင်းမှာ ဒေသခံများ၊ ကျေးလက်နေပြည်သူများ၏လိုအပ်ချက် များ တင်ပြသည်ကို လေ့လာသုံးသပ်ကြည့် လျှင် ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ Community Center (ကျေးရွာခန်းမ)၊ စိုက်ပျိုးရေး၊ မျိုး၊ သွင်းအားစုလိုအပ်မှု၊ မွေးမြူရေးဆောင်ရွက်ရန် အရင်းအနှီးလိုအပ်မှု၊ ဈေးကွက်လိုအပ်မှု၊ နည်းပညာ လိုအပ်မှုစသည်တို့ကို တွေ့ရှိရသည်။ အမှန်တကယ်လိုအပ်ချက်များလည်း ဖြစ်ပါသည်။

သို့သော် ဌာနတိုင်းတွင် မူဝါဒ၊ ရည်မှန်းချက်၊ ဦးစားပေးရွေးချယ်ရေးမူများရှိသလို နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေသည်လည်း ကန့်သတ်ချက်ရှိသည်ပင်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အမြဲတမ်းကန့်သတ်ချက်ရှိနေပြီး အစိုးရ၏ဦးစား ပေးအစီအစဉ်များအတိုင်း စီစဉ်ဆောင်ရွက်ကြရခြင်း ဖြစ်ပါသည်။ အစိုးရတိုင်းသည် ပြည်သူ့လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ပေးလိုသည့် စေတနာရှိကြသလို အစိုးရအဖွဲ့ဝင် ဝန်ကြီးတိုင်းကလည်း ဆောင်ရွက်ပေးချင်သည့်စေတနာ ရှိကြပါသည်။

လိုအပ်ချက်နှင့်လိုချင်မှု

ဤနေရာတွင် နိုင်ငံဘဏ္ဍာရန်ပုံငွေကို အသုံးပြုဆောင်ရွက်ကြရသည်မို့ ထိရောက်အောင်မြင်ရန်၊ အကျိုးပိုရှိရန်၊ Effective ဖြစ်ရန်လိုပါသည်။ အလိုအပ်ဆုံးဖြစ်ရန် လိုသလို ဦးစားပေးအစီအစဉ်အတိုင်း ဖြစ်ရန်လည်းလိုအပ်ပါသည်။ အစိုးရမူဝါဒနှင့်လည်း ကိုက်ညီရန်လိုအပ်ပါသည်။ လိုအပ်ချက် (Need) ဖြစ်ရန်လိုပြီး လိုချင်မှု(Want)ကို မလုပ်မိဖို့ လိုပါသည်။ ထို့ကြောင့် Targeting Strategy နှင့်အညီကဏ္ဍတိုင်း၊ လုပ်ငန်းတိုင်းတွင် သတ်မှတ်ထားသည့် Criteria ဖြင့် ရွေးချယ်သတ်မှတ်ရန်လိုအပ်ပါသည်။ ဌာန၏မူ၊ Criteria တို့နှင့်အညီဖြစ်ရန် ပြည်သူကိုပွင့်လင်း မြင်သာမှုရှိစွာ ချပြဆွေးနွေးဖို့လိုသလို ပြည်သူများကလည်း ပါဝင်ဆွေးနွေးရန် လိုပါသည်။ ဆွေးနွေးပွဲများတွင်ကျေးရွာ၏ ရှိပြီးအချက်အလက် အရင်းအမြစ်များကို သိအောင်လုပ်ပြီး လိုအပ်ချက်တွေကို ဖော်ထုတ်နိုင်ရန်လိုအပ်ပါသည်။ ဤသို့ စနစ်တကျလုပ်လျှင် လိုအပ်ချက်၊ ဆောင်ရွက်သင့်သည့် စီမံကိန်းအမျိုးအစားများ ပေါ်ထွက်လာပြီး ဦးစားပေးလိုအပ် ချက်ကို ကျေးရွာပြည်သူများကိုယ်တိုင် ပါဝင်ရွေးချယ်စေကာ အစီအစဉ်ရေးဆွဲရမည် ဖြစ်ပါသည်။

လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်း ပေးချင်သည်မှန်သော်လည်း အလိုအပ်ဆုံး လုပ်ငန်း၊ အလိုအပ်ဆုံးဒေသကို ဦးစားပေးလုပ်ဆောင်ပေးရန် အလွန်အရေးကြီးပါသည်။ ငိုတတ်သည့်ကလေး နို့စို့ရသည် ဆိုသကဲ့သို့ တောင်းတတ်သူရတာမျိုး မဖြစ်ရန်လိုအပ်ပါသည်။ ဌာနမှ ချမှတ်ထားသည့်မူနှင့် ကိုက်ညီရန်လိုအပ်သလို ချမှတ်ထားသည့်မူကို လိုက်နာကျင့်သုံး ရန်လည်း လိုအပ်ပါသည်။ မျှတစွာ စဉ်းစားပေးရန်လည်း လိုအပ်ပါသည်။ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများအနေဖြင့် ဒေသတိုင်း၊ မြို့တိုင်း၊ ရွာတိုင်းကိုမရောက်နိုင်ပါ။ ထို့ကြောင့် အမှန်တကယ် ဆင်းရဲနွမ်းပါး သည့် ဝေးလံဒေသများအပါအဝင် ဒေသအားလုံး အချိုးညီညီ ဖွံ့ဖြိုးတိုးတက်အောင် မြို့နယ်အဆင့် တာဝန်ရှိသူများက မူဘောင်နှင့်အညီ စီမံဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

တာဝန်ခွဲခြားဆောင်ရွက်ရန်

ပညာရေးလိုအပ်သည့်နေရာ၌ ပညာရေးအတွက် အထောက်အပံ့ဖြစ်စေမည့်လုပ်ငန်းများ ပိုလုပ်ပေးရမည်ဖြစ်သည်။ ရေလိုသည့်နေရာ၌ ရေရရှိရေးပိုလုပ်ပေးရမည်ဖြစ်ပြီး လမ်းမရှိသည့်နေရာ၌ လမ်းလုပ်ပေးရမည် ဖြစ်သည့်အပြင် လျှပ်စစ်မီးမရှိသည့် ဒေသများအတွက် လျှပ်စစ်မီးရရှိအောင် လုပ်ပေးရမည်ဖြစ်သည်။ သို့ရာတွင် အစိုးရနှင့်ဌာနဆိုင်ရာတာဝန်၊ ပြည်သူ့တာဝန် ခွဲခြားဆောင်ရွက်ရန်လည်း လိုအပ်ပေသည်။ ကျေးရွာ၏ အခြေခံလိုအပ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်နိုင်သည့် ကျေးရွာများက ပို၍အောင်မြင်သည်ကို တွေ့ရှိရသည်။

သတိပြုရမည်ကလုပ်ငန်းများ အောင်မြင်ပြီးနောက် တန်ဖိုးထားပြုပြင်ထိန်းသိမ်းမှသာ ရေရှည်ခံမည်ဟူသည့်အချက်ပင်ဖြစ်သည်။ ကျေးရွာတာဝန်ဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းမှု၊ ကျသင့်အခွန်အခ ထည့်ဝင်ဆောင်ရွက်မှု၊ လည်ပတ်ထိန်းသိမ်းရေးတာဝန်ယူနိုင်မှု၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားထိန်းသိမ်းနိုင်မှုစသည့် ရွာ၏တာဝန်၊ ကော်မတီတာဝန်များကို ချပြဆွေးနွေးခြင်း၊ သင်တန်းပေးခြင်း၊ ဆောင်ရွက်စေခြင်း၊ လိုက်ပါဆောင်ရွက်မှုရှိ/ မရှိ၊ လုပ်/ မလုပ်စစ်ဆေးခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်သည်။

အချို့ကျေးရွာများတွင် လိုအပ်ချက်များသည့်အလျောက် လိုအပ်သမျှလုပ်ပေးပြီး အစစအဆင်ပြေပြီးကာမှ ရွာကအားမထည့်၊ တန်ဖိုးထားရကောင်းမှန်းမသိ၊ ကြိုးစားမှုမရှိဘဲ လိုအပ်သမျှ အကုန်တောင်းနေတတ်ကြတာ တွေ့ရသည်။ အကြီးအကဲများကလည်း စေတနာအပြည့်ဖြင့် ရောက်လေရာအရပ်၏ လိုအပ်တာမှန်သမျှ အကုန်လုပ်ပေးချင်၊ လုပ်ပေးလိုကြသည်သာ။ စာရေးသူအနေဖြင့်မူ တင်ပြချက်များကို ပြန်လည်ဆွေးနွေးချိန်တွင် လုပ်ပေးသင့်သည့်အရာ၊ လုပ်ပေးရမည့်အရာကို အမှန်တကယ် လို/ မလို၊ စည်းမျဉ်းနှင့် ကိုက်ညီမှု ရှိ/ မရှိစိစစ်သုံးသပ်၍ အစဉ်ချပြဆွေးနွေးအကြံပြုပေးလေ့ရှိပါသည်။ လက်ငင်းအကျိုးအတွက်သာမက ရေရှည်တည်တံ့စေရေးကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ခြင်းကြောင့်လည်း ဖြစ်ပါသည်။ သည်နေရာတွင် ထည့်တွက်စဉ်းစားရမည်က ရေတိုအဆင်ပြေမှုနှင့် ရေရှည်အကျိုးကျေးဇူး၊ တစ်နည်းဆိုရသော် အဆင်သင့်ခူးခပ်စားရန် ဖန်တီးပေးခြင်းနှင့် ကိုယ်တိုင်ရှာဖွေစားသောက်တတ်စေရန် နည်းပေးလမ်းပြခြင်းတို့အနက် မည်သည့်နည်းကပို၍ထိရောက် အကျိုးများစေမည် ဟူသည့်အချက်ပါပင်။

ကွန်ချက်

ရေရှည်ဖွံ့ဖြိုးရေးကို ဖော်ဆောင်လျှင် တောင်သူများကို နည်းလမ်းပေးရပါမည်။ ထမင်း အဆင်သင့်ရအောင် လုပ်ပေး၍မဖြစ်၊ ထမင်းခွံ့ကျွေး၍မဖြစ်။ စဉ်းစားတတ်အောင်၊ တွေးခေါ်တတ်အောင် သင်ကြား ဆွေးနွေးပေးရပါမည်။ တောင်သူတွေကို “ငါတို့ လုပ်နိုင်တယ်ဆိုသည့် မိမိကိုယ်ကို ယုံကြည်စိတ်ရှိလာအောင် လေ့ကျင့် ပျိုးထောင်ပေးရမည်ဖြစ်သည်။ ငါးဖမ်း မပေးဘဲ ငါးရှာနည်းကွန်ချက်ကို သင်ပေးရမည်ဖြစ်သည်။ စပါး/ဆန် ပေးရမည် မဟုတ်ဘဲ အထွက်တိုးမျိုးရနိုင်မည့်နေရာ၊ အထွက်တိုးအောင် စိုက်ပျိုးသည့်နည်းလမ်းများကို လမ်းညွှန်သင်ပြပေးရမည်ဖြစ်သည်။ စိုက်ပျိုးရေးနည်းစနစ်များ သင်ကြားပေးရမည်။ ပေးသည့်နည်းအတိုင်း လုပ်/ မလုပ်စောင့်ကြည့်ရပါမည်။ ဈေးကွက်ချိတ်ဆက် ပေးရပါမည်။ သွင်းအားစုများအရည်အသွေးပြည့်၊ ဈေးနှုန်းမှန်ဖြင့်အချိန်မီရစေရန် ချိတ်ဆက်ပေးရမည် ဖြစ်ပါသည်။

တောင်သူများကိုယ်တိုင်လုပ်၍ ရသည့်အရာများကို ကိုယ်တိုင်လုပ်ချင်လာစေရန် ဦးဆောင်လမ်းပြပေးရမည်က အစိုးရတိုင်း၏တာဝန်၊ သက်ဆိုင်ရာ ဝန်ထမ်းများ၏တာဝန် ဖြစ်ပါသည်။ တောင်သူများကိုယ်တိုင်လုပ်ရန် လက်လှမ်းမမီသည်များကိုသာ ထောက်ကူပေးသင့်ပါသည်။ တောင်သူနှင့်ပြည်သူက ကိုယ့်အလုပ်ကိုယ်မလုပ်လျှင် နိုင်ငံတော်ကိုဝန်ပို၊ ဝန်တိုးစေမည်ဖြစ်သည်။

နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ နွယ်ရစ်ကျေးရွာသို့ ခရီးစဉ်ဖြင့် ရောက်ရှိစဉ်မှာ စိုက်ပျိုးရေအတွက် ဆိုလာပန့်ဖြင့် ရေတင်စနစ်ဆောင်ရွက်ပေးစေချင်ကြောင်း တင်ပြသည်။ ဒေသကလည်းနှစ်သီး၊ သုံးသီးစိုက်နိုင်သည့်ဒေသဖြစ်၍ ပြည်ထောင်စုဝန်ကြီးကလည်း လုပ်ပေးမည်ဆိုတော့ မိမိလည်းအသေးစိတ် အချက်အလက်များကို တိုးတိုးတိတ်တိတ် မေးမြန်းလေ့လာ ရတော့သည်။ ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် မြေပြင်အမှန်အခြေအနေကို ပြန်တင်ပြနိုင်ဖို့လိုသည်ကိုး။

တွေ့ရှိချက်က ထိုရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စိုက်ပျိုးရေအတွက် ရေတွင်းတူးပေးထားပြီး ၁၀ တွင်းခန့်ရှိသည်။ လျှပ်စစ်မီးသွယ်တန်း ပေးထားပြီး Pump ဖြင့် ရေတင်စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးထားသည်။ သို့သော် လျှပ်စစ်မီတာခ မဆောင်၍ မီးဖြတ်ခံထားရသည်ဟူ၏။ ထို့ကြောင့် ဆိုလာတောင်းနေခြင်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးထံတွေ့ရှိချက်ကို ချက်ချင်းတင်ပြသည့်အခါ ပြည်ထောင်စုဝန်ကြီးက “မီတာခဆောင်ပါ။ ဥပဒေနဲ့အညီ မီးခွန်၊ မီတာခဆောင်ရမယ်။ ဒါမှ တာဝန် ကျေမယ်။ လုပ်ပြီးသားဖြစ်လို့ နိုင်ငံ့ဘဏ္ဍာထပ်မကုန်သင့်ဘူး၊ ဆိုလာမလုပ်ပေးနိုင်ဘူး၊ မီတာခဆောင်ပါ။ လျှပ်စစ်မီးပြန်လွှတ်ပေး ရန်ဌာနချင်း ချိတ်ဆက်ဆောင်ရွက်ပေးမယ်ဟု လမ်းညွှန်မှာကြားကာ ဆောင်ရွက်ပေးနိုင်သည့်အပိုင်းကိုပါ တစ်ပါတည်းပြောကြားခဲ့သည်။ ယခုတော့ မီတာခပြန်ဆောင်သဖြင့် လျှပ်စစ်မီးလည်းရ၊ ဒီဇယ်ဖိုးလည်း ကုန်စရာမလိုဘဲလျှပ်စစ်ဖြင့် ရေတင်ရခြင်းဖြစ်၍ ကုန်ကျငွေသက်သာသည့်အတွက် ဝင်ငွေလည်း တိုးနေပြီဖြစ်သည်ကို တွေ့ရသည်။

ချောင်းပိတ်၊ မြောင်းပိတ်၍ စိုက်ပျိုးရေရစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ယာယီရေတားတမံများ ဆောင်ရွက်ပေးသည်။ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကအချို့နေရာများတွင် အသေးစားဆိုလာရေတင်စနစ် လုပ်ပေးသည်။ ဤသို့ဖြင့် နွေရာသီနှင့်ဆောင်းရာသီတွင် သီးနှံများစိုက်ပျိုးလာနိုင်သည်ကို တွေ့ရသည်။

ပြည်ထောင်စုဝန်ကြီးက ခရီးစဉ်ဆင်းစစ်သည့်အခိုက် ဝဲကြီးကျေးရွာတွင်ချောင်းထဲ၌ ဝါးဖောင်လုပ်ပြီး ဖောင်ပေါ်တွင်ဆိုလာနှင့် Pump တင်ကာ ချောင်းဘေးတစ်လျှောက် ဘေးဘယ်ညာမှာရှိသည့် တောင်သူတွေကို အလှည့်ကျရေပေး၍ စိုက်ပျိုးနေကြသည်ကို တွေ့ရသည်။ နောက်ထပ်တစ်ခုလိုချင်ကြောင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက “ကျွန်တော် တို့နိုင်ငံမှာ ကျေးရွာပေါင်း ၆၄၀၀၀ ကျော် ရှိတယ်၊ လုပ်စရာတွေ အများကြီးကျန်သေး တယ်၊ ခင်ဗျားတို့ထပ်လုပ်ချင်ရင် ရင်းနှီးပေးမယ်၊ ပြန်ဆပ်ပါ။ ဘယ်လိုဆပ်ရမလဲ ဆိုရင် ခင်ဗျားတို့ခုရေတင်တာ ဆီမကုန်ဘူး၊ ဆိုလာနဲ့မဟုတ်ရင် ဒီဇယ်ဖိုးကုန်တယ်မဟုတ်လား၊ ဒါ့ကြောင့် တစ်ဧကကို တတ်နိုင်တဲ့နှုန်းနဲ့ ငွေကောက်ထား၊ စုထား၊ ရတဲ့ငွေနဲ့ နောက်တစ်ခုဝယ်ပါ ဟူ၍ ရှင်းပြပြောပြပြီး လမ်းညွှန်ခဲ့သည်။ ယခုမူ ဌာန၏လမ်းပြမှုဖြင့် ရွာတွင်ဆိုလာပန့်နောက်တစ်စုံကို ရွာ၏အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး လည်ပတ်အသုံး ပြုနိုင်နေပြီဖြစ်သည်။

အမုန်းခံ ပြောကြားရခြင်း

ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် ချောင်းပိတ်၊ မြောင်းပိတ်ဆိုလာရေတင် စိုက်ပျိုးရေးလုပ်ငန်းတွေကို ယခုနှစ်တွင် ဆက်လက်အသုံးပြု စိုက်ပျိုးခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေးပြီး မစိုက်လျှင်၊ မလုပ်လျှင် စိုက်ပျိုးမည့်ဒေသ၊ အသုံးပြုမည့်နေရာသို့ ရွှေ့ပြောင်းအသုံးပြုမည် ဟု ပြည်ထောင်စုဝန်ကြီးက တွန်းအားပေးမှာကြားလာခဲ့ပါသည်။ ဤစကားမှာ ပြောရမည့်စကားကို အားမနာတမ်း ဒေသအကျိုးအတွက် အမှန်တကယ် အကျိုးရှိစွာအသုံးပြု စိုက်ပျိုးစေလိုသောစေတနာဖြင့် အမုန်းခံပြောကြားရခြင်းလည်းဖြစ်ပါသည်။

မည်သည့်လုပ်ငန်းမဆို ဆောင်ရွက်ပြီးစီးသည့်နောက်ပိုင်း ပြင်ဆင်ထိန်းသိမ်းရေးမပျက်မကွက် လုပ်ဆောင်ရန်လိုအပ် သလိုအကျိုးရှိအောင် အသုံးချတတ်ရန်လည်း လိုအပ်ပါသည်။ စဦးလုပ်ငန်း ကုန်ကျစရိတ်၏နောက်တွင် ပြင်ဆင်ထိန်းသိမ်းစရိတ်၊ ပြုပြင်စရိတ်များအတွက် လိုအပ်သည့်ငွေကြေးအတွက် ထိုက်သင့်သည့်နှုန်းထားဖြင့် အခွန်အခကောက်ခံ သည့်နည်းလမ်းဖြင့် ကြိုတင်စီမံထားရှိသင့်သည်။ ရေပေးရေးလုပ်ငန်းများတွင် ရေမီတာတပ်ဆင်ပြီး ရေခွန်ကောက်ခံ လေ့ရှိခြင်းဖြစ်သည်။

ရေခွန်မဆောင်စေဘဲ အခမဲ့လုပ်ပေး မည်ဆိုပါက အများအပြား လုပ်ပေးနိုင် မည်မဟုတ်။ အချို့သော မြစ်ရေတင် လုပ်ငန်းများတွင် ရေခွန်မဆောင်၍ လျှပ်စစ်မီတာခ မဆောင်နိုင်၊ မီတာခ မဆောင်၍ ဝင်ငွေအခွန်မရ၊ အခွန်မရသည့်အတွက် အသစ်လုပ်မပေးနိုင်၊ မလုပ်ပေးနိုင်၍ ရေမရ၊ ရေမရ၍ မစိုက်ပျိုးနိုင်၊ မစိုက်ပျိုးနိုင်၍ တောင်သူများ ဝင်ငွေမရ၊ တောင်သူများ ဝင်ငွေမတိုးသည့်အခါ နိုင်ငံ၏စီးပွားရေးပါထိခိုက် “ဂျာအေး သူ့အမေရိုက် ဖြစ်နေတော့သည်။ ထို့ကြောင့် ဆောင်ရွက်ပေးသူများဘက်မှလည်း လုပ်သင့်သည်ကို လုပ်ပေးရမည် ဖြစ်သကဲ့သို့ ပေးဆောင်ရမည့်သူများ ဘက်မှလည်း ကျသင့်အခွန်အခတွေကို မပျက်မကွက် ပေးဆောင်ကြရန်လိုပါသည်။ မည်သည့်လုပ်ငန်းတွင်မဆို လည်ပတ်ထိန်းသိမ်းရန်ပုံငွေရှိရမည်။ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ရမည်။ သို့မှသာ ရေရှည်အသုံးပြုနိုင်ပြီး အကျိုးရှိမည် ဖြစ်သည်။

မကြာသေးမီက မကွေးတိုင်းဒေသကြီးအတွင်း ရွာတစ်ရွာသို့ ခရီးစဉ်ဖြင့်ရောက်ရှိခဲ့ရာ ရေအခက်အခဲဖြစ်နေကြောင်း ရွာကတင်ပြပါသည်။ ရေတွင်းနှစ်တွင်းရှိရာ တစ်တွင်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လုပ်ပေးထားပြီး ပုံမှန်လည်ပတ်လျက်ရှိသည်ကို တွေ့ရသည်။ ကျန်တစ်တွင်းမှာ ယခင်စက်မှုလယ်ယာဦးစီးဌာနအောက်မှ ကျေးလက် ရေပေးရေးဌာနခွဲက လုပ်ပေးထားခြင်း ဖြစ်ပြီး Mono Pump စနစ်ဖြင့် တင်ခြင်းဖြစ်ကြောင်း၊ နှစ်ပေါင်းကြာမြင့်ပြီဖြစ်၍ ပျက်နေကြောင်း တင်ပြကြသည်။ ရေစင်လည်းရှိတာ တွေ့ရသည်။ ပြင်ဆင်ပေးရမည်က ရေကော်မတီနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ တာဝန် ဖြစ်ပါသည်။

သို့သော် ဖြစ်စေချင်သည်/ဖြစ်သင့်သည်က “ဌာန၏ မူဝါဒနှင့်အညီ ရေကော်မတီက ရေခွန်ရေခဘယ်လောက်ကောက်ခံထားရှိပြီး ရသည့်ငွေဖြင့် ဘာတွေသုံးထားတယ်။ လက်ကျန်ငွေ ဘယ်လောက်ရှိတယ်။ ပြင်ဆင်စရိတ် ဘယ်လောက်ထပ်လိုလို့ ကူညီဆောင်ရွက်ပေးပါဆိုသည့် တာဝန်ယူမှု၊ တာဝန်ခံမှုပါသော တင်ပြချက်မျိုး။ ဒီလိုတင်ပြ ချက်မျိုး လိုအပ်သည်။

အတွေ့အကြုံအရမူ မကွေးတိုင်းဒေသကြီးတွင် ရေကော်မတီများအားကောင်းပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် ကတည်းက ရေမီတာစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အပြင် ကျေးရွာများမှ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြသည့်ဒေသ။ ယခုလို အားနည်းသည့်ကော်မတီမျိုးကို အားသာသည့်၊ စီမံခန့်ခွဲမှု၊ တာဝန်ယူတာဝန်ခံမှုအားကောင်းသည့် ကော်မတီ များနှင့် ချိတ်ဆက်ပေးပြီး “ကွန်ချက် ပြရပေဦးမည်။

ကျေးရွာစိတ်ဓာတ်ကို‌လေ့ကျင့်ပေး

ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရာတွင် ကျေးလက်နေပြည်သူ များဘက်မှလည်း လုပ်ချင်ကိုင်ချင်စိတ်ရှိဖို့ လိုပါသည်။ ပူးပေါင်းပါဝင်လိုစိတ် ရှိရပါမည်။ “အမှန်တကယ် ပူးပေါင်းဆောင်ရွက် လာအောင်၊ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ယူတတ်အောင်၊ နိုင်ငံသား တာဝန် ကျေတာကို ဂုဏ်ယူတတ်အောင်၊ ဒီရွာကတာဝန်ကျေတယ်၊ ဒီရွာက စည်းကမ်း သတ်မှတ်ချက်တွေ လိုက်နာတယ်ဆိုတာမျိုး သတ်မှတ်ခံရသည်ကို ဂုဏ်ယူတတ် အောင် လေ့ကျင့်သင်ကြားပေးရပါမည်။ အသိအမြင်၊ အတွေးအခေါ်၊ ခံယူချက်များ မှန်ကန်အောင်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာအောင် လေ့ကျင့်သင်ကြားပေးကြ ရပါမည်။ စိတ်ပိုင်းဆိုင်ရာခံယူချက် စိတ်ဓာတ်က အလွန်အရေးကြီးသည် ဖြစ်ရာစည်းလုံးညီညွတ်ကြရန်၊ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်အတွက် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင်လုပ်နိုင်သည်ဟူသော “ကျေးရွာ စိတ်ဓာတ်ကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း တိုင်းတွင် လေ့ကျင့်ပျိုးထောင်ပေးလျက် ရှိပါသည်။

နိုင်ငံတော်နှင့် ဌာနအသီးသီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် ကိုယ့်အားကိုယ်ကိုးတတ်လာစေရန်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိလာစေရန်၊ တကယ်လုပ်လျှင် တကယ်ပံ့ပိုးသည့် အကျိုးဖြစ်ထွန်းမှုနှင့် ဆွဲဆောင်သည့် နည်းလမ်းဖြင့် “ကွန်ချက် များကို သင်ကြားပြသပေးကြရမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။