လူသားတို့ ကျန်းမာပျော်ရွှင်ဖို့၊ ရေဝပ်ဒေသများထိန်းသိမ်းစို့
သစ်တောမောင်
ကမ္ဘာ့ရေဝပ်ဒေသများနေ့
“ရေဝပ်ဒေသများ ကွန်ဗင်းရှင်း (Convention on Wetlands)” ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အီရန်နိုင်ငံ ရမ်ဆာမြို့ (Ramsar) ၌ ဖွဲ့စည်းခဲ့သဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်နေ့သည် အစိုးရအချင်းချင်း သဘောတူစာချုပ်ဖြစ်သည့် Wetlands Convention (Ramsar Convention) ၏ နှစ်ပတ်လည်နေ့ဖြစ်သကဲ့သို့ ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) လည်းဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ရမ်ဆာရေဝပ်ဒေသ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် စတင်ပါဝင်ခဲ့ပါသည်။ ယနေ့အချိန်အထိ ရေဝပ်ဒေသများကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၂ နိုင်ငံရှိပြီး နိုင်ငံတကာအဆင့် အရေးပါသော ရေဝပ်ဒေသပေါင်း ၂၅၀၃ ခု စုစုပေါင်းဧရိယာ ၂၅၇၁၈၃၆၄၃ ဟက်တာကို သတ်မှတ်ထိန်းသိမ်းထားလျက်ရှိပါသည်။ “ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ” ဟုလည်း ခေါ်ဆိုပါသည်။
ရေဝပ်ဒေသများဆိုသည်မှာ ဒီရေကျချိန်တွင် ရေအနက် ခြောက်မီတာထက်ပိုမနက်သည့် အဏ္ဏဝါရေပြင်များအပါအဝင် ရေသေသို့မဟုတ် စီးဆင်းနေသော ရေချို၊ ရေငန်၊ ဆားငန်ရေများရှိသော ယာယီ သို့မဟုတ် အမြဲတမ်းရှိနေသော သဘာဝ သို့မဟုတ် လူတို့ပြုလုပ်ဖန်တီးထားသော ရွှံ့နွံမြေ၊ သစ်ဆွေးမြေ၊ စိမ့်မြေနှင့် ရေပြင်ဧရိယာများကို ခေါ်ဆိုပါသည်။ ရေဝပ်ဒေသများကို ပင်လယ်ကမ်းခြေ ရေဝပ်ဒေသများ၊ လူတို့ပြုလုပ်ဖန်တီးထားသော ရေဝပ်ဒေသများနှင့် ကုန်းတွင်း ရေချိုရေဝပ်ဒေသများဟူ၍ သုံးပိုင်းခွဲခြားထားပါသည်။ ရေဝပ်ဒေသများတွင် မြစ်၊ ချောင်းများ၊ အင်း၊ အိုင်၊ ကန်နှင့် ရေအောင်းလွှာများ၊ နွံအိုင်များနှင့် ရွှံ့မြေများ၊ စိုစွတ်သည့်မြက်ခင်းလွင်ပြင်များ၊ ပင်လယ်သဲသောင်ကမ်းပါးများ၊ ကမ်းလွန်ကျွန်းစုငယ်များ၊ ပင်လယ်ဝဧရိယာများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ ဒီရေရောက်ကမ်းခြေများ၊ ဒီရေတောများ၊ ကမ်းရိုးတန်းဒေသများ၊ သန္တာကျောက်တန်းများ၊ ငါးကန်၊ ပုစွန်ကန်များ၊ စပါးကွင်းများ၊ ဆားကွင်းများ၊ ဆည်ရေလှောင်တမံများ၊ ဆည်ရေသောက်ဧရိယာများ စသည့်နေရာများ ပါဝင်ပါသည်။
ရေဝပ်ဒေသများသည် နိုင်ငံတစ်နိုင်ငံချင်းစီအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာ့ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဂေဟစနစ်တည်ငြိမ်ရေးအတွက်လည်း အထူးအရေးပါလျက်ရှိပါသည်။ ရေဝပ်ဒေသများ၏ လူသားများအပေါ် အကျိုးပြုမှုများကို သိမြင်နိုးကြားလာစေရန်နှင့် ရေဝပ်ဒေသများ ထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးရှိစွာ အသုံးချခြင်း (Wise Use) လုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန် ရည်ရွယ်ပြီး ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားများ၊ အသိပညာပေးရေးလှုပ်ရှားမှုများကို ကမ္ဘာတစ်ဝန်းကျင်းပဆောင်ရွက်ကြပါသည်။ ယခုနှစ်အတွက် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဦးတည်ချက်ဆောင်ပုဒ်မှာ “လူသားတို့ကျန်းမာ ပျော်ရွှင်ဖို့၊ ရေဝပ်ဒေသများ ထိန်းသိမ်းစို့” (Wetlands and Human Wellbeing) ဖြစ်ပါသည်။
ရေဝပ်ဒေသများက ပံ့ပိုးသော အကျိုးကျေးဇူးများ
ရေဝပ်ဒေသများသည် စားရေရိက္ခာဖူလုံရေး၊ ဒေသခံပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးရေးတို့အတွက် မရှိမဖြစ်လိုအပ်သည့် အရေးပါသော ဂေဟစနစ်ဖြစ်ပါသည်။ ရေဝပ်ဒေသများသည် လူသားများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာပျော်ရွှင်စေရန်နှင့် ရာသီဥတုသာယာမျှတစေရန်အတွက် အောက်ဖော်ပြပါ အဓိကကျသည့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်-
မြေဆီလွှာများအတွင်း ကာဗွန်သိုလှောင်မှုတိုးပွားပြီး ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ခြင်း၊
ရေကြီးခြင်း၊ ရေလျှံခြင်း စသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊
ရေပျော်ငှက်များအပါအဝင် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းခြင်း၊
ရေချိုများ ပံ့ပိုးပေးခြင်းနှင့် ရေထုညစ်ညမ်းမှုများကို သန့်စင်ပေးခြင်း၊
ငါး၊ ပုစွန်၊ ကဏန်း စသည့်ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် တိရစ္ဆာန်မွေးမြူရေးစသည့် လုပ်ငန်းများအတွက် အထောက်အပံ့ပြုပြီး စားရေရိက္ခာဖူလုံစေရန် ပံ့ပိုးပေးခြင်း၊
ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် အရေးပါခြင်း၊
ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေခြင်း စသည့်အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများ
မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသကဲ့သို့ ရေဝပ်ဒေသ ဂေဟစနစ်အပါအဝင် မတူကွဲပြားသော ဂေဟစနစ်အမျိုးမျိုးကိုလည်း ပိုင်ဆိုင်ထားပါသည်။ သစ်တောသယံဇာတများနှင့်အတူ အလွန်အရေးပါသော ရေဝပ်ဒေသများကို ဧရာဝတီနှင့် ချင်းတွင်းမြစ်ဝှမ်း ဒေသများတွင် ၈၅ ခု၊ သံလွင်မြစ်ဝှမ်းဒေသတွင် ခြောက်ခု၊ စစ်တောင်းမြစ်ဝှမ်း ဒေသတွင် ငါးခုနှင့် ရခိုင်ကမ်းရိုးတန်းဒေသတွင် သုံးခု စုစုပေါင်း ၉၉ ခုကို ဖော်ထုတ် မှတ်တမ်းတင်ထားရှိပြီး ဖြစ်ပါသည်။
မြန်မာ့ရေဝပ်ဒေသများကို ကမ္ဘာ့အဆင့်အရေးပါသော ရမ်ဆာရေဝပ်ဒေသ (Ramsar Site)များအဖြစ်လည်း အသိအမှတ်ပြုသတ်မှတ်ခြင်းခံထားခဲ့ရရာ နိုင်ငံတကာ အသိအမှတ်ပြု ရေဝပ်ဒေသ စုစုပေါင်းဧရိယာ ၂၇၈၆၉၇ ဟက်တာ (၆၈၈၃၈၂ ဧက) ကျော်ကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၀၄ ခုနှစ်တွင် မိုးယွန်းကြီးအင်း (မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော)၊ ၂၀၁၆ ခုနှစ်တွင် အင်းတော်ကြီး (အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော) ၊ ၂၀၁၇ ခုနှစ်တွင် မိန်းမလှကျွန်း (မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော) နှင့် မုတ္တမပင်လယ်ကွေ့ ဒေသ၊ ၂၀၁၈ ခုနှစ်တွင် အင်းလေးကန် (အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော) နှင့် ၂၀၂၀ ပြည့်နှစ်တွင် နံ့သာကျွန်းနှင့် မေယုမြစ်ဝဒေသ စသည်ဖြင့် ရမ်ဆာရေဝပ်ဒေသ ခြောက်နေရာကို သတ်မှတ်ခံရပြီးဖြစ်ပါသည်။
ဇီဝဘူမိထူးခြားသည့် ဒေသအတွင်း၌ သဘာဝအတိုင်းတွေ့ရသည့် သို့မဟုတ် သဘာဝနီးပါးရှိနေသည့် ထူးခြားရှားပါး သည့် ရေဝပ်ဒေသဖြစ်ခြင်း၊ ထူးခြားသော ဇီဝဘူမိဒေသ၏ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်အတွက် အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များကို ထောက်ပံ့ပေးသည့် ရေဝပ်ဒေသဖြစ်ခြင်း၊ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ၏ အသက်ရှင်နေထိုင်မှု၌ အကောင်းဆုံးအခြေအနေကို ပေးနိုင်သော၊ ခိုလှုံခွင့်ပေးနိုင်သော ရေဝပ်ဒေသဖြစ်ခြင်း၊ ရေပျော်ငှက်ပေါင်း ၂၀၀၀၀ နှင့် အထက် ပုံမှန်ကျက်စားနိုင်သော ရေဝပ်ဒေသဖြစ်ခြင်းအပါအဝင် စံသတ်မှတ်ချက်ကိုးချက်အနက် အနည်းဆုံးတစ်ချက်နှင့် ကိုက်ညီခြင်းတို့ကြောင့် နိုင်ငံတကာအသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံရခြင်းဖြစ်ပါသည်။
ရေဝပ်ဒေသများ၊ ငှက်ပျံသန်းရာလမ်းကြောင်းများနှင့် ဆောင်းခိုငှက်များ
ရေဝပ်ဒေသများသည် သားငှက်တိရစ္ဆာန်မျိုးစိတ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဒေသမျိုးရင်း ငှက်မျိုးစိတ်အမျိုးမျိုး၏ နေရင်းဒေသများဖြစ်ရုံသာမက မိုင်ထောင်ချီကွာဝေးသည့် ကမ္ဘာ့အအေးပိုင်းဒေသများက လာရောက်ကြသည့် ဆောင်းခိုငှက်များအတွက်လည်း မှီခိုရာ၊ တည်းခိုရာ၊ နားနေရာဂေဟစနစ်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် နိုင်ငံအဆင့်နှင့် ကမ္ဘာ့အဆင့်ထူးခြားသည့် ရေဝပ်ဒေသများကို ပံ့ပိုးပေးသည့်နေရာ အများအပြားကို ပိုင်ဆိုင်ထားပြီး အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (East Asian-Australian Flyway) နှင့် ဗဟိုအာရှဒေသ ငှက်ပျံသန်းရာလမ်းကြောင်း (Central Asian Flyway) တွင် ကျရောက်သဖြင့် ဆောင်းခိုငှက်များစွာ လာရောက်နားခိုကြသည်ကိုလည်း တွေ့ရှိရပါသည်။
ဆောင်းခိုငှက်များစွာ ပျံသန်းသော နေရာဒေသများဖြစ်သည့် မုတ္တမပင်လယ်ကွေ့၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ မိုးယွန်းကြီးအင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝ၊ မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ပလိပ်အင်းနှင့် ပြူကန် အစရှိသည့် ငှက်ပျံသန်း ကွန်ရက်နယ်မြေ ရှစ်ခုအား နိုင်ငံတကာ အသိအမှတ်ပြု ငှက်ပျံသန်းရာ လမ်းကြောင်းများအဖြစ် သတ်မှတ်နိုင်ခဲ့ပြီးဖြစ်သည်။
အဆိုပါနေရာများသည် လုံခြုံစိတ်ချရပြီး အစားအစာများပေါများသော ရေဝပ်ဒေသများဖြစ်သောကြောင့် ဌာနေဒေသမျိုးရင်းငှက်မျိုးစိတ်များ ပေါကြွယ်ဝသကဲ့သို့ ကမ္ဘာ့အအေးပိုင်းဒေသများမှ လာရောက်ကြသော ဆောင်းခိုငှက်များစွာ လာရောက်ခိုနားကြသည်ကိုလည်း တွေ့နိုင်ပါသည်။ ရေညှောင့် နှုတ်သီးဝိုင်းငှက် (Spoon-billed Sandpiper) နှင့် ပို့ချပ်ခေါင်းစိမ်း (Baer’s Pochard)၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်(Endangered-EN) ဖြစ်သည့် ခြေစိမ်းခြောက် (Spotted Greenshank)၊ နော့(Great Knot-EN)နှင့် မြစ်တွေးဗိုက်မည်း (Black-bellied Tern) ကဲ့သို့ ရွှေ့ပြောင်းနေထိုင်သော ရေပျော်ငှက်မျိုးစိတ်များစွာအတွက် ဆောင်းခိုသည့် ရာသီတွင် နိုင်ငံတကာအဆင့်သတ်မှတ်ချက်နှင့် ကိုက်ညီသည့်အရေးပါသော နေရာများ (Staging Sites) နှင့် ရပ်နားရာနေရာများ (Stopover Sites) ဖြစ်ပါသည်။
သစ်တောဦးစီးဌာန၏ နှစ်စဉ်ငှက်စာရင်း ကောက်ယူမှုများအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရေဝပ်ဒေသတွင် ငှက်မျိုးစိတ် ၁၂၀ နှင့် ကောင်ရေ ၂၄၆၃၇ ကောင်၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရေဝပ်ဒေသတွင် ငှက်မျိုးစိတ် ၁၃၉ မျိုးနှင့် ကောင်ရေ ၃၆၁၁၃ ကောင်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရေဝပ်ဒေသတွင် ငှက်မျိုးစိတ် ၁၈၄ မျိုးနှင့် ကောင်ရေ ၁၆၇၁၁ ကောင်နှင့် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရေဝပ်ဒေသ၌ ငှက်မျိုးစိတ်ပေါင်း ၁၈၁ မျိုး၊ ကောင်ရေ ၁၀၅၉၉ ကောင်တို့ နေထိုင်ကျက်စားကြောင်း တွေ့ရှိရပါသည်။
Curlew Sandpiper (ရေညှောင့် နှုတ်သီးကောက်)၊ Red Knot (နော့နီ)၊ Asian Dowitcher (ပျံဖြူနားမည်း)၊ Eurasian Curlew (ကုလားကောက်)၊ Black-tailed Godwit (နှုတ်သီးရှည်မြီးမည်း)၊ Spoon-Billed Sandpiper (ရေညှောင့်နှုတ်သီးဝိုင်း)၊ Spotted Greenshank (ခြေစိမ်းခြောက်)၊ Baer’s Pochard (ပို့ချပ်ခေါင်းစိမ်း)၊ Greater Adjutant (ငှက်ကြီးတုံးစပ်)၊ Black-Bellied Tern (မြစ်တွေးဗိုက်မည်း)၊ Masked Finfoot (ရေဗလုံ) အစရှိသည့် ငှက်မျိုးစိတ်များပါဝင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
ရေဝပ်ဒေသများထိန်းသိမ်းခြင်း
ရေဝပ်ဒေသများသည် မြေအသုံးချမှုပြောင်းလဲခြင်း၊ ရေအရည်အသွေးကျဆင်းခြင်း၊ ငါးအလွန်အကျွံဖမ်းခြင်း၊ ပြင်ပမျိုးစိတ်များ ကျူးကျော်ဝင်ရောက်ခြင်း၊ ရေဝပ်ဒေသများ၏ ဂေဟစနစ်၊ ရေရှည်တည်တံ့မှုကို ထိခိုက်နိုင်ခြေရှိသည့် ရေရှည်တည်တံ့မှုမရှိနိုင်သော ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ခြင်း အစရှိသည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိပါသည်။ ရေဝပ်ဒေသများမှ ရေကိုအလွန်အကျွံ ထုတ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ရေနက်ကွင်းစိုက်ပျိုးမြေများ ဖော်ထုတ်ခြင်း၊ ရွှေနှင့် ဓာတ်သတ္တုအမျိုးမျိုး တူးဖော်ထုတ်လုပ်ခြင်း၊ ကမ်းရိုးတန်းဒေသများတွင် ဒီရေတောများ ပြုန်းတီးခြင်း စသည်တို့သည် မြစ်၊ ချောင်းများ၊ အင်းအိုင်များအပါအဝင် ရေဝပ်ဒေသများအတွင်းသို့ ရေစီးဆင်းမှုနှင့် ရေဝပ်ဒေသ၏ ရေလွှမ်းလွင်ပြင် ဧရိယာများကိုပြောင်းလဲစေပြီး ပံ့ပိုးလျက်ရှိသော ရေဝပ်ဒေသများကို ထိခိုက်ပျက်စီးစေပြီး ရေဝပ်ဒေသများက ပံ့ပိုးပေးသော ဝန်ဆောင်မှုများကို ဆုံးရှုံးစေပါသည်။
အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် သစ်တောဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် “အမျိုးသားရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာ လုပ်ငန်းများ” ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်ရေးဆွဲနိုင်ခဲ့ပြီး ရေဝပ်ဒေသ များကာကွယ်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ရေဝပ်ဒေသတန်ဖိုးများကို ထည့်သွင်းဆောင်ရွက်စေခြင်း၊ ပြည်သူများ ပူးပေါင်းပါဝင်လာစေခြင်း၊ သိမြင်နိုးကြားမှုအား မြှင့်တင်ခြင်း၊ ဒေသနှင့် နိုင်ငံတကာ ရေဝပ်ဒေသအစီအစဉ်များတွင် ပါဝင်ခြင်းဟူသည့် ရေဝပ်ဒေသမူဝါဒခြောက်ချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (National Wetland Committee) ကိုလည်း ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဆက်စပ်ဌာနများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ရေဝပ်ဒေသများ ထိန်းသိမ်းရေးအတွက် အရေးကြီးသည့်သတင်းအချက် အလက်များပြည်သူများ၊ အကျိုးဆက်စပ်ပတ်သက်သူများထံ သတင်းပါးနိုင်ရေးအတွက် သတင်းမီဒီယာအမျိုးမျိုး ဖြင့်ဖြန့်ဝေခြင်း၊ ဆွေးနွေးပွဲများ၊ ပြပွဲပြိုင်ပွဲများကျင်းပခြင်း၊ ပညာရေးအစီအစဉ်များတွင် ပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်း၊ ဒေသခံပြည်သူများအပါအဝင် အကျိုးဆက်စပ်ပတ်သက်သူများ ပူးပေါင်းပါဝင်စေခြင်းနှင့် ရေဝပ်ဒေသဆိုင်ရာ သိမြင်နိုးကြားမှုတိုးပွားလာစေရန်ဆောင်ရွက်ခြင်း (Communi-cation, Education, Participation and Awareness-CEPA) တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ရေဝပ်ဒေသများ ပျက်စီးဆုံးရှုံးရခြင်း အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ဖြေရှင်းခြင်း၊ လျော့ပါးစေရန် ကန့်သတ်ခြင်းနှင့် ပင်မဧရိယာမှ ဖယ်ထုတ်ခြင်း၊ ရေဝပ်ဒေသဂေဟစနစ်များ သဘာဝအလျောက် ပြန်လည်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း၊ ရေဝပ်ဒေသများမှ ပံ့ပိုးထောက်ပံ့သော ငါး၊ ပုစွန် အစရှိသည့် ရေထွက်ပစ္စည်းများ၊ ရေချိုများအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားစေရန်ဆောင်ရွက်ခြင်း၊ ဒေသမျိုးရင်းတောရိုင်းတိရစ္ဆာန်များ၊ အပင် မျိုးစိတ်များ ထိန်းသိမ်းခြင်းနှင့် ပြင်ပမှ မျိုးစိတ်များကို ဖယ်ရှားခြင်း၊ ဒေသခံပြည်သူများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများ၊ ဂေဟစနစ်ထိန်းသိမ်းရေးပညာရှင်များနှင့် လက်တွေ့ဆောင်ရွက်နေသူများ အားလုံးတက်ကြွစွာ ပူးပေါင်းပါဝင်နိုင်စေရန် ဆောင်ရွက်ခြင်းဖြင့် ရေဝပ်ဒေသများ ထိန်းသိမ်းရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
လူသားတို့ ကျန်းမာပျော်ရွှင်ဖို့၊ ရေဝပ်ဒေသများ ထိန်းသိမ်းစို့
ရေဝပ်ဒေသများသည် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးပေးလျက်ရှိပြီး ရာသီဥတုသာယာမျှတစေရန် ထိန်းညှိပေးခြင်းဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိပါသည်။ ရေဝပ်ဒေသများသည် ငါး၊ ပုစွန်၊ ကဏန်း စသည့် ရေထွက်ပစ္စည်းများ စဉ်ဆက်မပြတ်ရရှိရေး၊ စားရေရိက္ခာဖူလုံရေး၊ ရေချိုသယံဇာတများရရှိရေးအတွက်လည်း အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် ရေဝပ်ဒေသများကို စဉ်ဆက်မပြတ် ထိန်းသိမ်းကြရမည် ဖြစ်ပါသည်။
ပင်လယ်ကမ်းခြေရေဝပ်ဒေသများ၊ လူတို့ပြုလုပ်ဖန်တီးထားသော ရေဝပ်ဒေသများနှင့် ကုန်းတွင်းရေချိုရေဝပ်ဒေသများဟူသည့် မတူညီသော ရေဝပ်ဒေသဂေဟစနစ်များနှင့် ဆက်စပ်နေသော သစ်တောဂေဟစနစ်များကို ထိန်းသိမ်းခြင်းဖြင့် လူ့ဘောင်အဖွဲ့အစည်းများက ရင်ဆိုင်နေရသော ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး လူသားများအတွက် ကျန်းမာခြင်းနှင့် ပျော်ရွှင်ခြင်းဆုလာဘ်များ ရရှိနိုင်မည်ဖြစ်ပါသည်။ “လူသားတို့ ကျန်းမာပျော်ရွှင်ဖို့၊ ရေဝပ်ဒေသများထိန်းသိမ်းစို့” ဟူသည့် ကမ္ဘာ့ ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်နှင့်အညီ ရေဝပ်ဒေသထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်ရင်း “၂၀၂၄ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့” ကို ဂုဏ်ပြုအပ်ပါသည်။ ။