Skip to main content

မြန်မာတိုင်း မြန်မာ့သိုင်း သင်ယူထားသင့်သည် အားကစားဝါသနာရှင်တစ်ဦး

အားကစားဝါသနာရှင်တစ်ဦး

 “ယိစ်ယား၊ ယိစ်ယား”

 အိမ်ဘေးမြေကွက်လပ်တစ်ခုတွင် ဆယ်ကျော်သက်အရွယ် အစ်မနှင့်သူ့သူငယ်ချင်းများ ကရာတေးသင်ယူကစားနေကြသည်။ အိမ်နီးချင်း ကရာတေးဆရာတစ်ဦးက အစ်မနှင့် သူ့သူငယ်ချင်းများကို ကရာတေးပညာ အခမဲ့သင်ကြားပေးနေခြင်း ဖြစ်ပါသည်။

သူတို့ခေတ်တွင် ဘရုစ်လီ၊ ချတ်စ်နောရစ်တို့၏ ရုပ်ရှင်ဇာတ်ကားများနှင့်အတူ မြန်မာလူငယ်များ ကြားတွင် ကရာတေး၊ ကွန်ဖူးစသည့် ကိုယ်ခံပညာအားကစားနည်းများ ခေတ်စားသည်။ ကျွန်တော်တို့အရွယ်ရောက်လာတော့ မြန်မာ့ရိုးရာလက်ဝှေ့ကစားနည်းက ရှေ့တန်း ရောက်လာသည်။ သမန်းကျား၊ သမိန်ဗရမ်းတို့၏ နာမည်ကျော်ကြားလာမှုနှင့်အတူ မြန်မာ့ရိုးရာ လက်ဝှေ့အားကစားနည်းသည် လူငယ်ထုအတွင်း စိမ့်ဝင်ပျံ့နှံ့လာသည်။ ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးကလည်း မြန်မာ့ရိုးရာလက်ဝှေ့ပညာကို ဆရာတစ်ဦးထံတွင် စနစ်တကျ သင်ယူခဲ့၍ ကျွန်တော်လည်း မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်းကို စိတ်ပါဝင်စားလာသည်။ သူ့ထံမှ အခြေခံနည်းစနစ်အချို့ကို ဆင့်ပွားလေ့လာသင်ယူ ဖြစ်သည်။

မြန်မာ့ရိုးရာသိုင်းပညာနှင့်ပတ်သက်သည့် စာအုပ်စာပေများ

ထို့နောက် တစ်နွယ်ငင် တစ်စင်ပါဆိုသလို မြန်မာ့ရိုးရာသိုင်းပညာကိုပါ စိတ်ဝင်စားလာသည်။ မြန်မာ့ရိုးရာသိုင်းပညာနှင့်ပတ်သက်သည့် စာအုပ်စာပေများကို ရှာဖွေဖတ်ရှုလေ့လာဖြစ်သည်။ မြန်စာဂုဏ်ကျော်မြင့်၏ “မြန်မာ့ရိုးရာသိုင်းပညာသမိုင်း”၊ သိုင်းဦးချစ်သန်း၏ “လျှို့ဝှက်သော ဗန်တိုဗန်ရှည်နည်းများ”၊ “တုတ်ရိုက်၊ ဓားခုတ်ခုခံတိုက်နည်းများ”၊ “မြန်မာနည်းဖြင့် လက်သီးထိုး ခုခံနည်းများ”၊ “အကွက်သိုင်း”၊ “တုတ်ရှည်သိုင်း”၊ မြန်မာဓားသိုင်းဆရာကြီးဦးသွင်၏ “မြန်မာ့ဓားရေး သုံးဆယ့်ခုနစ်ခန်း”၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၏ “နန်းဓားနည်းပညာ”၊ ဆရာကြီးဦးသိန်းတင်၏ “ဓားတစ်လက်ဖြင့် ခုခံတိုက်ခိုက်ခြင်း”၊ တိုက်တိုင်းအောင်ပွဲ ကျောင်းဆရာကြီး ဦးစိုးမြင့်၏ “မြန်မာ့သိုင်း လက်ဝှေ့လေ့ကျင့်အားကစားနည်း၊ တန်ပြန်ခုခံကာကွယ်တိုက်ခိုက်နည်း”၊ ဆရာကြီး ဦးထွန်းစာ၏ “ဗန်တိုဗန်ရှည်မှတ်စု”၊ သန်လျင်အောင်သိန်း (သိုင်းပြောင်းပြန်) ၏ “သိုင်းပြောင်းပြန်လက်သိုင်း”၊ ခင်မြင့်မြင့် (သိုင်း) ၏ “ပွဲတွေ့ဗန်တိုနည်းများ” စသည် စသည်ဖြင့် မြန်မာ့ရိုးရာသိုင်းပညာက လေ့လာလိုက်စား၍ မကုန်နိုင်ပါ။

ဗန်တို (လက်နက်မဲ့) ပညာရပ်တစ်ခုတည်းမှာပင် လက်ဝှေ့၊ လက်သိုင်း၊ လက်ပန်း၊ လက်ရေး၊ အချုပ်ဖြေ၊ အကျဉ်းထွက်၊ ဖမ်းချုပ်စသည့်နည်းစနစ်ပညာရပ်များပါဝင်ပြီး ရန်သူကလက်နက်ပါသည်ဖြစ်စေ၊ လက်နက်မဲ့ဖြစ်စေ တိုက်ခိုက်ရန်ပြုချက်များကို မိမိကလက်နက်တစ်စုံတစ်ရာ မကိုင်ဘဲလက်သီး၊ လက်ဝါးစောင်း၊ တံတောင်၊ ဒူး၊ ခြေဖဝါး၊ ခေါင်း စသည့်ခန္ဓာကိုယ် အစိတ်အပိုင်းတို့ကို လက်နက်အဖြစ်အသုံးချကာ ရှောင်တိမ်းခုခံ ကာကွယ်တိုက်ခိုက်သည့် အတတ်ပညာရပ်ဖြစ်သည်။ ဗန်တိုပညာရပ်တွင် လက်သီးထိုးခုခံ ကာကွယ်နည်း၊ ဓားမြှောင်ထိုး ခုခံကာကွယ်နည်း၊ တုတ်ရိုက်ဓားခုတ်ခုခံကာကွယ်နည်း၊ တုတ်ရှည်၊ တုတ်တို၊ လှံယဉ်၊ လှံရှည် အစရှိသည်တို့ဖြင့် တိုက်ခိုက်မှုကို ခုခံကာကွယ်နည်းများလည်း ပါဝင်သည်။

ဗန်ရှည် (လက်နက်ကိုင်) ပညာရပ်တွင် ဓားသိုင်း၊ တုတ်သိုင်း၊ လှံယဉ်သိုင်း၊ လှံရှည်အဲမောင်းသိုင်း၊ ကြိုးသိုင်း၊ ဓားမြှောင်သိုင်း၊ ကြိုးဆက်တုတ်သိုင်း စသည့်နည်းစနစ်ပညာရပ်များ ပါဝင်သည်။

အကွက်ပညာလည်း အပြည့်အဝပါရှိ

မြန်မာ့ရိုးရာသိုင်းပညာတွင် ကာကွယ်ခုခံ တိုက်ခိုက်ရေးပညာ၊ လက်နက်မဲ့လက်ရေးပညာနှင့် လက်နက်ကိုင်ဓားရေး၊ လှံရေး၊ အဲမောင်းရေး ပညာရပ်များအပြင် အခြားကိုယ်ခံပညာရပ်များနှင့် မတူသော အကွက်ပညာလည်း အပြည့်အဝပါရှိပါသည်။ အကွက်သိုင်းနှင့်ပတ်သက်လျှင် “အကွက်မပိုင်-သိုင်းမနိုင်”၊ “အကွက်မကျွမ်း-သိုင်းမစွမ်း”၊ “အကွက်မကျင်-သိုင်းမလျင်” ဟူသည့် စာချိုးနှင့် အတူ အကွက်ပိုင်မှ၊ ကျွမ်းမှကျင်မှ နိုင်မည်၊ စွမ်းမည်၊ လျင်မည်ဟူသည့် ဆိုရိုးရှိခဲ့သည်။

ဆရာစောမျိုးမြင့် (သိုင်းသုတေသီ) က မြန်မာ့သိုင်းပညာရပ်တွင် က-သိုင်းပညာရပ်၊ ပြ-သိုင်းပညာရပ်နှင့် ချ-သိုင်းပညာရပ် (အသုံးချပညာရပ်) ဟူသည့် ကဏ္ဍကြီးသုံးရပ်ရှိပြီး ၎င်းကဏ္ဍကြီး သုံးရပ်စလုံးကို ကျွမ်းကျင်ပိုင်နိုင်မှ ရသမြောက်သော သိုင်းပညာရှင်အဖြစ် ခေါ်ထိုက်သည်ဟု ဆိုသည်။

က-သိုင်းပညာရပ် တစ်ခုသည်ပင်လျှင် ကြည့်ရှုသူများအဖို့ လွယ်ကူသည်ဟု ထင်မှတ်ရသော်လည်း ရသမြောက်သိုင်းအကပညာကို ကတတ်ရန်မလွယ်ကူကြောင်း၊ ပီပြင်သောသိုင်းအကဖြစ်ဖို့လက်ဖြစ်စေ၊ ဓားတစ်လက် (သို့) ဓားနှစ်လက်ဖြစ်စေ၊ တုတ်ဖြစ်စေ မိမိကသောသိုင်းပညာရပ် ပေါ်လွင်စေရန် မျက်နှာပေးကောင်းခြင်း၊ ခေါင်းခါးခြေလက် မှန်ကန်ခြင်း၊ စည်းဝါးနရီကိုက်ခြင်းတို့ဖြင့် ပြည့်စုံမှသာရန်သူနှင့်ရင်ဆိုင်နေရသကဲ့သို့ ရသပေါ်လွင်ပြီးရသမြောက်သော သိုင်းအကပညာရပ်ကိုရရှိခံစား နိုင်သည်ဟုဆိုသည်။

လိုက်စား၍မကုန်နိုင်

ပညာရပ်တစ်ခုကား လိုက်စား၍မကုန်နိုင်ပါပေ။ ကျွန်တော်သည် မူလက လူငယ်ဘဝတွင် ခိုက်ရန်ဖြစ်ပွားခဲ့ပါက ခုခံကာကွယ်ရန်၊ ပြန်လည်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် လက်နက်မဲ့ဖြစ်စေ၊ လက်နက်ချင်းဖြစ်စေ တိုက်ခိုက်မှုနည်းစနစ်ပေါင်းစုံပါရှိသော မြန်မာ့ရိုးရာ သိုင်းပညာရပ်ကို စာတွေ့လေ့လာဖတ်ရှုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင်ဖတ်ရှုရင်း၊ ဖတ်ရှုရင်းဖြင့် ရှေးမြန်မာ ဘုရင်မင်းများခေတ်မှသည် ယနေ့မျက်မှောက် ကာလတိုင် သမနိရှည်ကြာခဲ့သော မြန်မာ့ရိုးရာ သိုင်းပညာ၏ သမိုင်းကြောင်းများ၊ မြန်မာနိုင်ငံ ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်စဉ်ကာလတွင် နယ်ချဲ့တို့သည် ၎င်းတို့အားတော်လှန် ပုန်ကန်မည့်အရေး တွေးကြောက်ကာ မြန်မာ့သိုင်းပညာ မပြန့်ပွားစေရေးအတွက် အမျိုးမျိုးတားဆီးပိတ်ပင် ဖိနှိပ်မှုများကြားမှ မြန်မာသိုင်းပညာရှင်များနှင့် မျိုးချစ်စိတ်ဓာတ် ထက်သန်သော လူငယ်များက လူခြေတိတ်ဆိတ်ချိန်များတွင်လည်းကောင်း၊ လူသူကင်းဝေးသည့် တောတောင်များတွင်လည်းကောင်း လျှို့ဝှက်ဆင့်ပွားသင်ယူခြင်းဖြင့် မြန်မာတို့၏ ကိုယ်ပိုင်ရိုးရာ အမွေအနှစ်ဖြစ်သော မြန်မာ့ရိုးရာသိုင်းပညာကို မပျောက်ကွယ်အောင် ထိန်းသိမ်းခဲ့ကြမှုများ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ တစ်လျှောက်တွင်လည်း မြန်မာ့သိုင်းပညာရှင်များသည် နယ်အသီးသီးသို့ဆင်း၍ မိမိတို့ တတ်ကျွမ်းသော သိုင်းပညာရပ်များကို သင်ကြားပေးရင်း ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ သွတ်သွင်းပေးခဲ့မှုများ၊ မြန်မာ့သိုင်းပညာရှင် ဦးပြည်သိမ်းနှင့် ဦးချစ်သန်းတို့သည် ဂျပန်ခေတ်တစ်ခေတ်လုံး သုံးနှစ်တိုင်တိုင် တစ်ပြည်လုံးရှိ လူငယ်လူရွယ်များ၊ ဗမာ့တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအား သိုင်းပညာသင်ကြားပေးခဲ့မှုများ၊ လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် စနစ်တကျ ဖွဲ့စည်း တည်ထောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ သိုင်းသမားများအစည်း အရုံးမှသည် ၁၉၆၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်အထိ သမိုင်းခေတ်များကို မှတ်သားလေ့လာခဲ့ရာမှ မြန်မာ့ရိုးရာသိုင်းပညာအပေါ် ဂုဏ်ယူလေးစား တန်ဖိုးထားလာမိပါသည်။

မြန်မာ့သိုင်းနှင့် မြန်မာ့သမိုင်းသည် ခွဲမရ၊ သိုင်းပညာထူးချွန်သည့် မြန်မာ့သူရဲကောင်းကြီးများ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သည်များမှာ မြန်မာ့သမိုင်းတစ်လျှောက်တွင် အံ့ဩချီးကျူးဖွယ်ရာ ကောင်းလောက်အောင် ပြည့်နှက်လျက်ရှိသည် မဟုတ်ပါလား။

ယနေ့ မျက်မှောက်ကာလတွင်လည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တို့သည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် ခေတ်နှင့်အညီပြန့်ပွားတိုးတက်စေရန် အမျိုးသားရေးတာဝန်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့သိုင်းဒိုင်လူကြီးနှင့် နည်းပြသင်တန်းများ ဖွင့်လှစ်

မြန်မာလူငယ်များ သိုင်းပညာရပ်များကို စိတ်ဝင်တစား လေ့လာလိုက်စားစေခြင်းဖြင့် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်မည့် ကျန်းမာသန်စွမ်းသူများ ဖြစ်လာစေရန်နှင့် မြန်မာ့သိုင်းဗန်တို၊ ဗန်ရှည်ပညာရပ်များ နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိစေရေးအတွက် အထောက်အကူဖြစ်စေရန် မြန်မာ့သိုင်းဒိုင်လူကြီးနှင့် နည်းပြသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပို့ချ ပေးလျက်ရှိသည်။ ထို့အတူတိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ သိုင်းပညာရှင်များအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲစေရန်၊ မြန်မာ့သိုင်းပညာရပ်များ နှီးနှောဖလှယ်နိုင်စေရန်၊ မျိုးဆက်သစ်သိုင်းပညာရှင်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြန်မာ့သိုင်းပြိုင်ပွဲများကိုလည်း ကျင်းပ ပြုလုပ်ပေး လျက်ရှိသည်။

မြန်မာ့သိုင်းအားကစားနည်းကို အရှေ့တောင် အာရှအားကစားပြိုင်ပွဲများ (SEA Games) တွင် ဗီယက်နမ်နိုင်ငံ၏ ဗိုဗီနမ်အားကစားနည်း၊ အင်ဒိုနီးရှားနိုင်ငံ၏ ပန်ကြပ်ဆီလပ် အားကစား နည်းများနည်းတူ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိရန်အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“၁။ ငါတို့သည် တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာရှိပါမည်။

၂။ ငါတို့သည် ရိုးရာယဉ်ကျေးမှုနှင့် တရား ဥပဒေကို စောင့်သိရိုသေပါမည်။

၃။ ငါတို့သည် ဤသိုင်းပညာဖြင့် သစ္စာမဲ့ခြင်း၊ မာနထောင်လွှားခြင်း၊ နိုင့်ထက်စီးနင်း ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ပါမည်။

၄။ ငါ့အား အထက်မှပေးအပ်သောတာဝန် နှင့် သိုင်းပညာစဉ်ကို ကျေပွန်စွာထမ်းဆောင်ပါမည်။

၅။ ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့ယဉ်ကျေးမှုအတွက် သိုင်းပညာဖြင့် ကာကွယ်စောင့်ရှောက်ရန် အဓိဋ္ဌာန်ပြုပါ၏” ဟူသည့် မြန်မာ့သိုင်းသစ္စာအဓိဋ္ဌာန်များ ကား ပျံ့လွင့်၍လာသည်။

နိုင်ငံတော်အခမ်းအနားများ၊ နိုင်ငံတော်က လက်ခံကျင်းပသည့် ပြည်တွင်း၊ ပြည်ပအားကစား ပြိုင်ပွဲများတွင် မြန်မာပြည်သားသီချင်းနှင့်အတူ မျိုးဆက်သစ်မြန်မာ့သိုင်းဝါသနာရှင် လူငယ် မောင်မယ်တို့၏ အားမာန်အပြည့်၊ လျင်မြန်သွက်လက်မှုအပြည့်ဖြင့် မြန်မာ့သိုင်းပညာရပ် သရုပ်ပြသနေမှုမြင်ကွင်းများကို ပြန်လည် မြင်ယောင်လာသည်။

အကျိုးကျေးဇူးများ

မြန်မာ့သိုင်းပညာရပ်သည် ကျန်းမာရေးအရလည်း ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုများ ရရှိစေနိုင်သည့်အပြင် မိမိကိုယ်ကိုယုံကြည်မှု၊ လျင်မြန်ဖျတ်လတ်မှု၊ ဖြတ်ထိုးဉာဏ်ကောင်းမွန်မှု၊ ဆုံးဖြတ် ချက်မှန်ကန်စွာချနိုင်မှု၊ အပြန်အလှန်လေးစားမှု၊ ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းများ၊ အင်ဇိုင်းများ၊ ဇီဝဓာတုဗေဒပစ္စည်းများထွက်ရှိမှုများကို ညီညွတ်မျှတစေမှု စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်ဖြစ်၍ မျိုးဆက်သစ်မြန်မာလူငယ်မောင်မယ် များအနေဖြင့် “မြန်မာတိုင်း မြန်မာ့သိုင်းတတ်ရမည်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာ့ရိုးရာသိုင်းပညာကို လေ့လာလိုက်စား သင်ယူကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။