Skip to main content

နတ်တော်လ

နတ်တော်လကို ပုဂံခေတ်ထိုးကျောက်စာများတွင် နတ်တာဝ်လ (ပုဂံပြတိုက်ကျောက်စာ အမှတ်-၁၂၊ သက္ကရာဇ် ၅၅၀ (အေဒီ-၁၁၈၈)၊ နတ်တစ်လ (မဟာသေနာ ပတိ အနန္တသူရမောင်နှံကျောက်စာ (သက္ကရာဇ်-၅၈၅)၊ နတ္တာဝ်လ (ငါမြတ်သင် ကျောက်စာ၊ သက္ကရာဇ်-၅၈၇) စသည်တို့တွင် နတ်တောဝ်လ၊ နတ်တစ်လ၊ နတ္တာတ်လ၊ နတ္တ်ဝ်လဟု ရေးထိုးကြရာ မြန်မာစာပေအရေးအသား မတည်ငြိမ်သေးသော သဘောကိုဆောင်သည့် စာလုံးပေါင်းများကို တွေ့ရပေသည်။ သက္ကရာဇ်- ၅၉၈ ခုထိုး ရာဇသူရသမီးမောင်နှံကျောက်စာတွင် နတ္တော်လ၊ သက္ကရာဇ်-၆၀၄ ခုထိုး ညောင်ရမ်းကြီးသမီးကျောက်စာတွင် “နတ်တော်လ ဟု ပီပီပြင်ပြင်ရေးထိုးထားသည်ကို တွေ့ရပေသည်။

ပုဂံခေတ်ထက် ရှေးကျသော ပျူခေတ်ဆယ့်နှစ် လရာသီ အရေးအသားများကို ဖော်ပြရာတွင် “တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို ဟု မရေးဘဲ “(၄၁-ခု၊ ၇ လ၊ ၉ ရက်)တွင် ဟရိဝိတြမမင်း နတ်ရွာ စံသည်၊ သက်တော် (၇၅ နှစ်၊ ၂ လ၊ ၂၄ ရက်)။ (၄၄-ခု၊ ၉ လ၊ ၂၀ ရက်)တွင် သိဟဝိကြမမင်း နတ်ရွာစံ သည်။ သက်တော် ၈၀ နှစ် စသည်ဖြင့် ရေးသား ကြောင်း ပျူစာပေသုတေသီ ဆရာဌေးဝေ၏ ရေးသားချက်ကို တွေ့ရလေသည်။ ဆိုလိုသည်မှာ နတ်တော်လဟု မရေးဘဲ ၉ လ ဟု ရေးသားကြောင်း သုတအနေနှင့် သိရပါသည်။

နတ်တော်လဝေါဟာရမှာ “နတ်များကို ပူဇော်သောလ ဟု အဓိပ္ပာယ်ရလေသည်။ သင်္သကရိုက် ဘာသာ “နာတ် ပါဠိဘာသာ “နာထမှ ပါဠိပျက် အနေနှင့် “နတ် ဖြစ်လာပေသည်။ အဓိပ္ပာယ်မှာ “အရှင်၊ သခင်၊ အကြီးအကဲ၊ စောင့်ရှောက်သူ ဟောပုဒ်ဖြစ်လေသည်။ လောကနတ်၊ နတ်လူဗြဟ္မာ၊ သိကြားနတ်၊ အိမ်ဦးနတ်၊ မီးနတ်၊ လေနတ်၊ တော စောင့်နတ်၊ တောင်စောင့်နတ်၊ ၃၇-မင်း နတ်များ အထိ အကျုံးဝင်လေသည်။

ခေါ်ဝေါ်လာကြ

တော် မှာ “မြင့်မြတ်၊ ကြီးကဲ၊ အရှင်သခင်၊ စိုးပိုင် ဟူသောအဓိပ္ပာယ်ကို ဆောင်ပေသည်။ ရတနာသုံးပါးနှင့်သော်လည်းကောင်း၊ မင်းနှင့်သော်လည်းကောင်း၊ ကြီးကဲမြင့်မြတ်သူများနှင့် ဆက်စပ်ပါက “တော်ကိုသုံးကြလေသည်။ ထို့ကြောင့် နတ်ကိုပူဇော်သော အကြောင်းအရာကို အကျဉ်းအနေနှင့် “နတ်တော် ဟု ခေါ်ဝေါ်လာကြလေသည်။

ကုန်းဘောင်ခေတ်နှောင်းတွင် ထင်ရှားခဲ့သော လှေအသင်းအတွင်းဝန် ဦးခြိမ့်၏ (ယနေ့ခေတ် ရေတပ် ဦးစီးချုပ်)ဝေါဟာရတ္ထလီနတ္ထဒီပနီကျမ်းတွင် နတ်တော်လ နတ်ပူဇော်ပွဲတွင် မဟာပိန္နဲနတ်ကို ပူဇော်ခြင်း၊ မဟာဂီရိနတ်မောင်နှမကို ပူဇော်ခြင်းဟု နှစ်မျိုး ပြဆိုလေသည်။ ထိုအဆိုနှစ်ရပ်အနက် ဒုတိယအဆိုကိုသာလျှင် ရာဇဝင်လာအရ ကျန မှန်ကန်သည်ဟု ဝန်ကြီးက လက်ခံလေသည်။ မဟာပိန္နဲနတ်ပူဇော်ပွဲမှာ ဟိန္ဒူနည်းစနစ်ဖြစ်၍ ပယ်လုဟန်တူပေသည်။

ဤအကြောင်းအရာနှင့်ပတ်သက်၍ ကုန်းဘောင် ခေတ်လယ်တွင် ထင်ရှားခဲ့သော သာသနာပိုင် မောင်းထောင်ဆရာတော်ကို ဘိုးတော်ပဒုံမင်းတရားက မေးလျှောက်တော်မူသော အမေးတော်ဖြေကျမ်းတွင် ထင်ရှားပေ၏။ (သီတင်းကျွတ်လ၊ တန်ဆောင် မုန်းလအကြောင်းအရာတွင် အမြွက်မျှဖော်ပြခဲ့ပေပြီ)

 နတ်ပူဇော်ပွဲ နှစ်မျိုးကို အကျဉ်းချုပ်ဖော်ပြ

ဤ၌ ထိုနတ်ပူဇော်ပွဲ နှစ်မျိုးလုံးကိုပင် အကျဉ်းချုပ်ဖော်ပြပါမည်။ မဟာပိန္နဲနတ်မင်းမှာ ဟိန္ဒူများ ကိုးကွယ်သည့် နတ်ဘုရားငါးပါးအနက် တစ်ပါးအပါအဝင်ဖြစ်၏။ ပရမီသွာ နတ်မင်းကြီး၏မိဖုရား ဟာရီနီ ဥမ္မာဒေဝီမှ ဖွားမြင်သော သားဖြစ်၏။ ဖခင် ပရမီသွာနတ်မင်းနှင့်တူ၍ ကွဲပြားခြားနားစေရန် လည်ပင်းတွင် ဆည်းလည်းဆွဲထား၏။ စန္ဒကုမာရ ဟု အမည်တွင်၏။ ဥဒေါင်းယဉ်စီး၏။ ဇမ္ဗူဒိပ်တောင် မျက်နှာအရပ်၊ မြောက်အရပ်နှင့် စိန့်တိုင်း (ယခုခေတ် = China) ကို ပိုင်ဆိုင်သည်။ တန်ဆောင်မုန်းလတွင် မွေးဖွားသည်။ အစွယ်တစ်ချောင်းရှိသည်။ ဆင်မျက်နှာနှင့်တူသည်။ လှံလက်နက်စွဲကိုင်ကြောင်း၊ နတ်စစ်သူကြီးဖြစ်ကြောင်း သက္ကတအဘိဓာန်၌ ဖွင့်ဆို၏။ အမရကောသအဘိဓာန် ကျမ်းတွင်လည်း မဟာပိန္နဲနတ်၏ အမည်ပွား ၈ မျိုး ကိုပြ၏။ ဟိန္ဒူဘုရားကျောင်းများတွင် တွေ့မြင်နိုင်ပါ၏။

ဤ၌ တင်ပြလိုရင်းမှာ ထိုဟိန္ဒူနတ်ဘုရား ပရမီသွာကို ပူဇော်ခြင်း၌ ဗုဒ္ဓဘာသာ ပိဋကတော်လာ ဓမ္မကြောင်းများနှင့်ဆက်နွှယ်သော မြန်မာ့ယဉ်ကျေးမှုပွဲတော်မျိုး မဟုတ်ပေ။ ဟိန္ဒူဗြဟ္မဏ ပုဏ္ဏားတို့က ဘုရင်၏လောကီအကျိုးကို ရည်ရွယ်၍ ပြုသောအစီအမံများသာ ဖြစ်ပေသည်။

နတ်တော်လကို မဟာပိန္နဲနတ်ပူဇော်ပွဲဟုတွင်

ဘိုးတော်ဘုရားလက်ထက် (အဂ္ဂမဟာဇာဂရုဗြဟ္မဏပုဏ္ဏားဆရာကြီး) မဟာပိန္နဲနတ်ကို နတ်တော် လတွင် ပူဇော်ခြင်းမှာ ရာဇမတ္တဏ်ကျမ်းနှင့်မညီ၍ တန်ဆောင်မုန်းလ၌ ကျင်းပရန် လျှောက်ထားရာ သက္ကရာဇ် ၁၁၇၃-ခု၊ သီတင်းကျွတ်လပြည့်ကျော် ၇-ရက် (၈-၁၁-၁၈၁၁) အင်္ဂါနေ့တွင် နာခံတော်‌ ဇေယသင်္ခယာက နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြုလုပ်ရန် မင်းမိန့်ကိုထုတ်ပြန်လေ သည်။ ထိုသို့ မင်းမိန့်ထုတ်ပြန်သော်လည်း နတ်တော်လကိုသာ စွဲနေကြပြီး နတ်တော်လ မဟာ ပိန္နဲနတ်ပူဇော်ပွဲဟုတွင် နေပေသည်။

ဤသည်ကို ရည်ရွယ်၍ လှေအသင်းအတွင်းဝန် ဦးခြိမ့်က ဤမဟာပိန္နဲပူဇော်ပွဲသည် အဓိကမဟုတ် ကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။ ထိုသို့ အဓိက မဟုတ်ဆိုသော်လည်း ပွဲတော်ကြီးအနေနှင့် တန်ဆောင်မုန်းလတွင်ဖြစ်စေ၊ နတ်တော်လတွင်ဖြစ်စေ မလုပ်ကြသော်လည်း ကုန်းဘောင်ခေတ်ဦးမှ ပင်ပေါ်ပေါက်ခဲ့သော ဘုရားကိုးဆူ ပူဇော်ပွဲတွင် မဟာပိန္နဲ ပါဝင်မြဲဖြစ်ပေသည်။ ယိုးဒယားနှင့် ယဉ်ကျေးမှုကူးလူးဆက်ဆံခြင်းတွင် တစ်ခုအပါအဝင် ဖြစ်ပေသည်။

နတ်တော်လပွဲတော်ဆိုင်ရာတွင် ပုဂံခေတ် သေလည်ကြောင်မင်းလက်ထက် မဟာဂီရိ နတ်မောင်နှမကို ပုပ္ပားတောင်သို့တက်၍ နှစ်စဉ် ပူဇော်ပသသည်မှစ၍ ဖြစ်ပေါ်လာသည်ဟု အဆို ရှိပြန်သည်။

နတ်ကွန်းဆောက်ပူဇော်

ပုဂံခေတ် သက္ကရာဇ် ၂၆၆ ခုနှစ်တွင် သေလည်ကြောင်မင်း နန်းတက်သည်။ ထိုခေတ်၌ တကောင်းမှ မျောလာသော စံကားပင်သည် ညောင်ဦးဆိပ်ကမ်းတွင် တင်နေသည်။ ထိုစံကားပင်ကို နတ်မောင်နှမ အရုပ်ထုလုပ်၍ ကိုးကွယ်ရမည်ဟု အိပ်မက်မြင်မက်ရာမှ ရုပ်တုကိုးကွယ်ပြီး ပုပ္ပားတောင်တွင် နတ်ကွန်းဆောက်၍ ပူဇော်လေသည်။

တလုပ်မြို့စား သင်္ခါရာ၏ မဟာဥပရာဇ်ဧချင်းတွင် “ဒွါဒသရ၊ ဆယ့်နှစ်လဝယ်၊ ဒေဝနတ်များ၊ ပျော်ပါးကဲစ၊ လွန်ရွှင်ပြ၍၊ နတ်လတွင်ရှင့် ဟု ဆိုသကဲ့သို့ “နတ်ပျော်လ မှ “နတ်တော်လ ဟု ဖြစ်လာသည်။

အခြားအယူအဆတစ်ခုမှာ “နတ၊ နတိ၊ နတ္တိ၊ ကိုင်းညွှတ်ခြင်း အလွန်ကွေးတွန့်ခြင်း “အဝန တော = အလွန်ကွေးတွန့်သော၊ “နတ္တ = ညည့် အဓိပ္ပာယ်မှ အလွန်ချမ်းအေးလှသောကြောင့် ခန္ဓာကိုယ်ကွေးညွှတ်နေရသော “လ ဟုဆိုလိုသည်။ “နတော “နတိမှ “နတ်တော်လ ဖြစ်လာသည်ဟု ဝေါဟာရလီနတ္ထကျမ်းတွင် အယူအဆတစ်မျိုးပြထားသည်။ ဝေါဟာရစီးဆင်းမှု ပါဠိပျက် ပါဠိသက် ရေးသားမှုတို့၏ ရေစီးကြောင်းအရ မဖြစ်တန်ရာပေ။

မံသီရိံ ဓာရေတီတိ=မန္ဓရေ=မန္တလေး။ (မံသီရိံ= ကျက်သရေကို ဓာရေတိ = ဆောင်တတ်၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ မန္ဓရေ=မန္တလေးမည်၏။) မဂ္ဂံ ဇိနာ တီတိ မဂ္ဂဇိန်=မဂ္ဂဇင်း (မဂ္ဂံ=ဘဝလမ်းခရီးကို ဇိနာတိ=အောင်စေတတ်၏၊ အောင်နိုင်၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ မဂ္ဂ ဇိနာ=မဂ္ဂဇိန်မည်၏။) ဟု ဝိဂြိုဟ်ဆို၍ ဝေါဟာရအတင်းကြံဆမှုများလည်း ရှိကြသည်။ ဖော်ပြပါ “နတ၊ နတိ၊ နတ္တိ ပါဠိမှ “နတ်တော် ဝေါဟာရဖြစ်ပေါ်လာသည် ဆိုသည်မှာ “ပရိကပ္ပ = ကြံဆမှု၊ လိုရာဆွဲယူမှု သာ ဖြစ်ပေသည်။

မဟာဂီရိနတ်ပူဇော်မှု ပုဂံခေတ်ကပင် ထွန်းကား

မည်သို့ဆိုစေ နတ်တော်လသည် ပုဂံခေတ်မှ ပင်လျှင်တည်ရှိခဲ့သော ဝေါဟာရဖြစ်သည်။ မှန်နန်း ရာဇဝင်တွင် “ဥဇနာမင်းကြီးသည် နတ်တော်လ ရောက်လတ်သော် မင်းတကာတို့ ပုပ္ပားတောင်သို့ တက်မြဲဖြစ်၍ မဟာဂီရိနတ်မောင်နှမကို ပူဇော်အံ့ငှာ တက်လေလျှင် ဆိတ်ထိန်းကမ်းဖြူရွာမှာ မြတ်လေးတစ်ပင်၌ ပန်းသုံးမည်ပွင့်သည်ကို ကြားတော်မူ၍ ရှုစားတော်မူမည်ဟု ဝင်တော်မူလေသော် ပန်းသီတံနှင့် ပန်းစိုက်၍နေသော မိန်းမငယ်ကို မြင်လျှင် မြတ်သောအဆင်းနှင့်ပြည့်စုံသသူ ဖြစ်သောကြောင့် ကောက်ယူတော်မူလေ၏။ ဟု ပါရှိသဖြင့် မဟာဂီရိ နတ်ပူဇော်ပသမှုကား ပုဂံခေတ်ကပင် ထွန်းကားလျက်ရှိနေပြီဟု ဆိုရပေမည်။

ဟိန္ဒူမဟာပိန္နဲနတ်ပူဇော်ခြင်းထက် မဟာဂီရိ နတ်ပူဇော်ခြင်းက ပို၍ရှေးကျသည်ကို တွေ့ရပေ သည်။ ပုပ္ပားနတ်တောင်လင်္ကာသည် ထင်ရှား၏။ အများသိကြသည့်အတိုင်း မင်းမဟာဂီရိနတ် မောင်တင့်တယ်သည် ဖိုကျင်ထိုး မီးတိုက်သတ်၍ အစိမ်းသေရသည်။ မြန်မာ့ဆေးနည်းအရ မီးပူ လောင်နာဖြစ်သောအခါ အပူငြိမ်းစေရန် အုန်းစိမ်းရည်တိုက်ရသည်။ ငှက်ပျောရွက်ခင်း၍ အိပ်ရသည် (သို့) ငှက်ပျောဖတ်နှင့် အုပ်ရသည်။ ဤသည်မှစ၍ ပူဇော်ပသမှုတွင် ငှက်ပျော်ပွဲ၊ အုန်းပွဲစတင်လာသည်ဟု ယူဆနိုင်သည်။ ပါချုပ်ဆရာတော်ကြီး မိန့်ဆိုချက်အရ ငှက်ပျောသီး၊ အုန်းသီးများသည် ဆယ့်နှစ်လ ရာသီတွင် အခါမရွေး ရရှိနိုင်သောအရာများဖြစ်သည်။ ထို့ကြောင့် ပူဇော်ပွဲများတွင် ငှက်ပျောပွဲ၊ အုန်းပွဲများကို အသုံးပြုကြသည်ဟုလည်း ဆရာတော်ကြီး သုံးသပ်ချက်ကို နာကြားဖူးပါသည်။ ထိုနတ်ပူဇော်ပွဲမှစတင်၍ ငှက်ပျောပွဲ၊ အုန်းပွဲများသည် မြန်မာ့ရိုးရာဓလေ့တွင် ဆက်နွှယ်ဖြစ်ပေါ်လာသည်ဟု ဆိုနိုင်ပေသည်။

အိမ်တွင်းမင်းမဟာဂီရိ ယုံကြည်ကိုးကွယ်မှု ဖြစ်ပေါ်လာ

မြန်မာ့သမိုင်းစဉ်တွင် နတ်ပူဇော်မှုနှင့် ပတ်သက်၍ ပုဂံခေတ်အနော်ရထာမင်း၊ အင်းဝခေတ်တွင် ရှင်မဟာသီလဝံသ၏ “သံဝေဂခန်းပျို့၊ ရှင်မဟာရဋ္ဌ သာရ၏ “ဘူရိဒတ် ဇာတ်ပေါင်းပျို့၊ ဟံသာဝတီ ဆင်ဖြူရှင်ခေါ် ဘုရင့်နောင်၏ အမိန့်တော်ပြန်တမ်း အကြောင်းအရာများသည် နတ်ကိုးကွယ်မှုနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုကို ဖြစ်စေခဲ့သည့် အကြောင်းခြင်းရာများ ဖြစ်ပေသည်။ အနော်ရထာ မင်းမတိုင်မီက ပုပ္ပားမင်းမဟာဂီရိ အပါအဝင် နတ်ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးရှိခဲ့ကြသည်။

အနော်ရထာမင်းလက်ထက်ရောက်သောအခါ ထိုယုံကြည်ကိုးကွယ်မှု နတ်အမျိုးမျိုးကို မင်းမိန့်ဖြင့် ရွှေစည်းခုံစေတီအနီးတွင် သံကြိုးဖြင့် ချည်တွဲကာ ထားလေသည်။ ထိုနေရာကို နတ်လှောင်ကျောင်းဟု လည်းကောင်း၊ တချို့က နတ်လျောင်းကျောင်းဟု လည်းကောင်းခေါ်ဆိုကြ၏။ ပုဂံသူ၊ ပုဂံသားတို့၏ ယုံကြည်ကိုးကွယ်မှုကို ယတိပြတ်ဖြတ်ခြင်းမျိုး မဟုတ်ဘဲ အုန်းသီးပူဇော်မှုကို ခွင့်ပြုတန်သလောက် ခွင့်ပြုခဲ့လေသည်။ ထိုကို အကြောင်းပြု၍ အိမ်တွင်း မင်းမဟာဂီရိ ယုံကြည်ကိုးကွယ်မှု ဖြစ်ပေါ်လာခဲ့လေသည်။

အင်းဝခေတ်တွင် နတ်ကိုးကွယ်မှုနှင့်အတူ ကြက်၊ ဝက် ပူဇော်မှုများ ပြန်လည်ထွန်းကားလာကြောင်းကို ရှင်မဟာသီလဝံသ၏ သံဝေဂခန်းပျို့၌“…မြတ်နိုး နှစ်သစ်၊ အနက်အနီ၊ အတီခေါင်းပေါင်း၊ တင်အုပ် ဆောင်းနှင့်၊ အပေါင်းစုဝေး၊ အမွှေးအကြိုင်၊ မုန့်ဆိုင် မုန့်ခဲ၊ ကြက်ဝက်လဲ၍၊ ပုံနှဲခရာ၊ တီးမှုတ်ကာနှင့်၊ ချမ်းသာဆင်းရဲ၊ ပေးစမြဲဟု၊ ငနတ်တို့ကို၊ မပြတ် ကိုးကွယ်၊ အန္တရာယ်လည်း၊ ကိုယ်ဝတ်လွတ်ကင်း၊ မရှိလျှင်တည့်…” ဟု ရေးသားထားချက်ရှိလေသည်။ ထို့အတူ ရှင်မဟာရဋ္ဌသာရ ဆရာတော်ကလည်း ကိုးခန်းပျို့တွင် -

“…နတ်ကုစုန်းရွယ်၊ အကယ်ကယ်သို့၊ ရယ်ဖွယ် ဖို့ကြီး၊ မရှက်သီးဘဲ၊ ကန္နားပွဲနှင့်၊ ဝတ်လဲဖြူနီ၊ ပန်းသီးပန်းနက်၊ ဆင်ကာရစ်လျက်၊ လက်ယှက် လက်ဝန်း၊ တဖျင့်သန်းတည့်၊ သွမ်းမှန်းမသိ၊ မျက်စိ သလည်၊ နတ်ရူးသည်ဟု၊ မတည်မတံ့၊ လွင့်ပျံ့နှလုံး၊ သူမိုက်ဆုံးလည်း၊ စွဲသုံးလေ့လာ၊ မကျင့်ရာသည်…” ဟု ရေးသားထားလေသည်။ သို့သော်လည်း မင်းမိန့်မဟုတ် ဤနောင်ခေတ်တဖြည်းဖြည်းနှင့် ချဲ့လာ ဟန်တူပေသည်။ ဇာတ်တော်ထဲက ယဇ်ပူဇော်ပွဲမျိုးကဲ့သို့ ဖြစ်လေဟန်တူပေသည်။

အနီရောင်ကို နတ်ဆက်သမှုတွင်သုံးစေခဲ့

မင်းမဟာဂီရိကို ကျွဲဖြူ၊ နွားဖြူ၊ ဆိတ်ဖြူ၊ ဝက်ဖြူ၊ ကြက်ဖြူများသတ်၍ သေရည်သေရက်များနှင့် တစ်နှစ်တစ်ကြိမ် ပူဇော်ကြသည်။ ထိုသတ်၍ ယဇ်ပူဇော်ထားသော တိရစ္ဆာန်ခေါင်းခွံများကို အိမ်ရှေ့နတ်တိုင်တွင် ဆွဲထားကြသောဓလေ့ကို မင်းမိန့်ဖြင့် ပြန်တမ်းထုတ်၍ တားမြစ်ခဲ့သည်။ တိရစ္ဆာန်များကို ပူဇော်ရာ၌ အဖြူရောင်ကိုသုံးခြင်းမှာ မင်းမဟာဂီရိသည် မီးအပူရောင်၊ အနီရောင်နှင့် ဆက်စပ်သေဆုံး၍ တိရစ္ဆာန်အဖြူရောင်များကိုသာ ယဇ်ကောင်အဖြစ် အသုံးပြုခြင်းဖြစ်သည်။ ထိုကို အကြောင်းပြု၍လည်း မီးဖြင့်ပြုလုပ်သော အစာအာဟာရများကိုမသုံးဘဲ အသီးအနှံများကိုသာသုံးရန် သိမ်းသွင်း၍ ပြည်သူ့အကြိုက် စည်းရုံးသိမ်းသွင်းခဲ့သည်။ အနီရောင်ကို ဥပါဒါန်မစွဲဘဲ အနီရောင်သုံး ရန်ကိုလည်း စည်းရုံးသည့်သဘောဖြင့် နတ်ဆက်သမှုတွင် သုံးစေခဲ့သည်ဟု သုံးသပ်ရာ၏။

ပုဂံခေတ် အနော်ရထာလက်ထက်တွင် တိရစ္ဆာန်များဖြင့် နတ်ပူဇော်သောဓလေ့သည် တိမ်မြုပ်သွား သော်လည်း နောက်ပိုင်းတစ်စစ ထိုဓလေ့များ ပေါ်လာသည်ကို ဘုရင့်နောင်လက်ထက်တွင် ပြန်လည် နှိမ်နင်းရလေသည်။

ခေတ်စနစ်များ မည်သို့ပြောင်းစေ ယုံကြည် ကိုးကွယ်မှုဆိုသောအရာသည် ရှိနေဦးမည် ဖြစ်ပါသည်။ စာဆိုတော် စိန္တကျော်သူဦးဩ ကမူ ကဝိလက္ခဏ သတ်ပုံသံပေါက်ကျမ်းတွင် “အိပ်လို ရဟန်း၊ စားလိုမှန်း၊ ပုစ္ဆန်းလုပ်ပါလေ ဟု ကြားခဲ့၏။ ပုစ္ဆန်းဆိုသည် နတ်ဝင်သည်၊ နတ်ပူဇော်သူဟု ဆိုလို ပေသည်။ မလွန်ကဲရန်သာ စောင့်ထိန်းရပေမည်။ ရိုးရာဓလေ့ကမူ ရှိမြဲရှိနေပါမည်။ ပုပ္ပားနတ်တောင်မှ ဂရိအိုလံပစ်တောင် ဇုနတ်မင်း ဗီးနပ်၊ အဖရိုဒိုက်၊ အီလီယက်နတ်တို့ထံ မရောက်သွားဖို့ အရေးကြီးပေသည်။

စစ်အင်အားတွင် ဆင်တပ်သည် အလွန်အရေးပါ

နတ်တော်လအခြားပွဲတစ်ခုမှာ ဆင်ဖမ်းပွဲဖြစ် သည်။ ပွဲသဘင်ဆိုသော်လည်း ၁၂ လ ရာသီပွဲများ ကဲ့သို့မဟုတ်ပေ။ ဆင်အကြောင်း၊ ဆင်ဖြူတော် အကြောင်းများကို ရှေးစာဆိုတော်များ ရေးကြသည့် ကျမ်းစာပေ၊ ပျို့ကဗျာ၊ လင်္ကာများရှိပေသည်။ ဂဇသျှတ္တရကျမ်း မုံရွေး ဇေတဝန်ဆရာတော်၏ ဥတေနပျို့၊ ရွှေနန်းကြော့ရှင်ဘုရင် နရပတိမင်း လက်ထက်ရှင်ထွေးညို ဆိုဖွဲ့သော ရွှေစာတိုင် ဆင်တော်မော်ကွန်း၊ အနောက်ဖက်လွန်မင်းကြီး လက်ထက်ရှင်သံကိုရေးဖွဲ့သော ရတနာပြောင်မွန် ဆင်တော်မော်ကွန်း၊ ငစဉ့်ကူးမင်း လက်ထက်အတွင်းဝန်ထောက်မောင်ညိုဖွဲ့ဆိုသော ရွှေမင်းဖုန်း ဆင်တော်မော်ကွန်း၊ ဘိုးတော်မင်းတရားကြီး လက်ထက်တွင်းသင်းတိုက်ဝန် မဟာစည်သူဆို ဝရသေတဂီရိ ဆင်တော်မော်ကွန်း စသည့်စာပေများမှာ ထင်ရှားပါ၏။ ရှေးခေတ်က စစ်အင်အားတွင် ဆင်တပ်သည် အလွန်အရေးပါလှပေ၏။

စစ်လျင်ထောင်မူးရှင်ထွေးညို၏ ရွှေစာတိုင် ဆင်တော်မော်ကွန်းမှာ ဆင်ရှာရန်သွားသော လမ်းခရီးစဉ်တွင် ဥတေန(ဥဒိန်နတ်) နတ်ပူဇော်ပုံ-မင်းနေပြည်တော်မှ စကု စလင်း၊ ထိုမှတစ်ဆင့် ရခိုင် ရိုးမကိုကျော်၍ မအီအမ်းဒေသအထိ ရောက်ရှိပုံ ပြီးမြောက်၍ ဘုရင်မှ ဆုတော်၊ လာဘ်တော်ချီးမြှင့်သည်အထိ အသေးစိတ် ရေးဖွဲ့ထားခြင်းဖြစ်သည်။

 နတ်တော်လတွင် ရှေးအခါက ဘွဲ့ထူးဂုဏ်ထူး ဖျဉ်ထပ်မင်္ဂလာပွဲ သဘင်အခမ်းအနားလည်း ရှိပေသေးသည်။ ဤသည်ကို

“…လက်ရုံးနှလုံး၊ မင်းသုံးထိုက်တန်၊ သတ္တိမာန် ဖြင့်၊ ဉာဏ်နှင့်ရဲစွမ်း၊ ချင့်စုံစမ်းပြီး၊ မှုထမ်းရာထမ်း၊ ဝေခွဲခြမ်း၍၊ ပွဲလမ်းရသည်၊ ဂုဏ်စွမ်းရည်တိုင်း၊ ဘွဲ့မည်သညာ၊ နေရာဆောင်ယွက်၊ ထီးရွှေရွက်နှင့်၊ နှစ်သက်ကြည်နူး၊ ခြီးကြူးမြှောက်ဘိ၊ ရှုမျှော်သိလော့၊ ထုံးယှိ စဉ်လာ...” ဟု မဃဒေဝတွင် ဖော်ပြ ထားလေသည်။ ဖော်ပြပါနတ်တော်လတွင် ဆုနှင်းသဘင် ဂုဏ်ရည်ပွဲများ အစဉ်အဆက် ကျင်းပမှုသည် ကိုလိုနီခေတ်ရောက်သွားသောအခါ လုံးဝတိမ်မြုပ် ပျောက်ကွယ်သွားလေတော့သည်။

ပထမအကြိမ် စာဆိုတော်နေ့ကျင်းပခဲ့

လွတ်လပ်ရေးရပြီးနောက် စာဆိုတော် ဦးပုညကို အကြောင်းပြု၍ ထိုပွဲသဘင်မျိုး တစ်ဖန်ဖြစ်ပေါ်လာသည်။ စာဆိုတော်နေ့ အမည်တွင်သည်။ အစတွင် ဦးပုညမွေးနေ့ဖြစ်သော ကဆုန်လဆန်း ၃ ရက်ကို ကျင်းပသော်လည်း နောက်ပိုင်းတွင် ၁၃၀၆ ခု နတ်တော်လဆန်း ၁ ရက်၊ ၁၉၄၄ ခု၊ နိုဝင်ဘာ ၁၅ ရက်တွင် ပထမအကြိမ် စာဆိုတော်နေ့ကို ကျင်းပခဲ့ကြသည်။

ထိုမှစတင်၍ စာဆိုတော်နေ့ကို အစဉ်အဆက် ကျင်းပလာခဲ့ကြသည်။ ထိုအချိန်တွင် ဂျပန်ခေတ် ဖြစ်နေသည်။ ဂျပန်ခေတ်ကာလအလွန်ခက်ခဲသောအချိန်တွင် ပြုလုပ်ခဲ့ကြရသည်။ ယခုနှစ်သည် နှစ်ပေါင်း ၇၉ နှစ်ရှိပြီး နောင်နှစ်တွင် စာဆိုတော်နေ့ နှစ် ၈၀ ပြည့် ဖြစ်တော့မည်။

နတ်တော်လပြည့်နေ့ကို ပိဋကတ်စာပေ ပညာရှင်ကြီးများ ပူဇော်သည့်အနေနှင့် “ဓမ္မစာဆို တော်နေ့ အဖြစ် မင်္ဂလာဗျူဟာ အသင်းချုပ်ကြီးမှ ၁၃၇၇ ခု နတ်တော်လပြည့်နေ့ (၁၇-၁၂-၁၉၇၅) မှ စတင်၍ ကျင်းပလာခဲ့လေသည်။ ဤနှစ်ဆိုလျှင် ၄၈ နှစ်ပြည့်ခဲ့လေပြီ။ နတ်တော်လ၏ ကောင်းမွန် သော မြန်မာမှုများကို ရှေ့သို့ လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ကြပါစေဟူသော ဆန္ဒဖြင့် နိဂုံးချုပ်အပ်ပါသည်။     ။

မောင်လူမွှေး(မြန်မာမှု)