စစ်ကို ရှောင်လွှဲ၍မရသည့်တိုင် အဘယ့်ကြောင့် စစ်တိုက်နေကြသလဲ
တင်ဇာ (IR)
စစ်ပွဲဟူသည် နိုင်ငံများအကြား သို့တည်းမဟုတ် နိုင်ငံအတွင်း ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခတစ်ခုဖြစ်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းများ၊ လူမျိုးစုများ၊ ဘာသာရေး အုပ်စုများ၊ အယူဝါဒဆိုင်ရာ လှုပ်ရှားမှုများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ မူးယစ်ဂိုဏ်းကြီးများနှင့် အခြားသောနိုင်ငံမဟုတ်သည့် ဇာတ်ဆောင်များ ပါဝင်ပတ်သက်နေတတ်ပါသည်။
နိုင်ငံများ၊ အဖွဲ့အစည်းများသည် စစ်ပွဲကိုအကြောင်းပြချက်မျိုးစုံဖြင့် ဆင်နွှဲလေ့ရှိကြသည်။ ဆိုးကျိုးထက် အကျိုးအမြတ် ပိုများနိုင်သည်ဟု မြော်မြင်သည့်အခါနှင့် နှစ်ဖက်ညှိနှိုင်းမရသည့်အခြေအနေမျိုးတို့တွင် စစ်ပွဲဆီသို့ ဦးတည်လေ့ရှိကြသည်။ အသုံးပြုသည့် စစ်လက်နက်များအရလည်း သမားရိုးကျ စစ်ပွဲ၊ သမားရိုးကျမဟုတ်သော စစ်ပွဲများဟူ၍ ခွဲခြားသတ်မှတ်နိုင်ပါသည်။ ကန့်သတ်စစ်ပွဲနှင့် အလုံးစုံ စစ်ပွဲတို့အကြား ကွာခြားချက်ကိုမူ စစ်၏ အတိုင်းအတာ၊ ပါဝင်ဆင်နွှဲသူတို့၏ ရည်မှန်းချက်များကိုကြည့်၍ မြင်သာနိုင်ပြီး အရပ်သား၊ ရန်သူနှင့် စီးပွားရေး အဆောက်အအုံများအပေါ် ပစ်မှတ်ထားသည့် ပမာဏအပေါ်ကြည့်၍လည်း ဆုံးဖြတ်ကြပါသည်။
စစ်ကိုဦးတည်စေသည့် အကြောင်းအချက်များမှာ အမြဲလိုလိုရှုပ်ထွေးနေပြီး ဖြစ်ရပ်များစွာအပေါ် မှီတည်နေတတ်ပါသည်။ အထူးသဖြင့် ယနေ့ခေတ်တွင် နယ်နိမိတ် အငြင်းပွားမှုများ၊ ရန်သူအား ကြိုတင်ခုခံ တိုက်ခိုက်ခြင်းများနှင့် လက်တုံ့ပြန်တိုက်ခိုက်ခြင်းများက စစ်ပွဲများဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးသည့်အရာများဖြစ်လာပါသည်။ Just War သီအိုရီအရ နိုင်ငံများအကြား စစ်ဆင်နွှဲရာတွင် အာဏာပိုင်အစိုးရက တရားဝင်ကြေညာသင့်ကြောင်း ဖော်ပြထားပါသည်။ နိုင်ငံအတွင်းဖြစ်ပွားသော ပဋိပက္ခများ၊ ပြည်တွင်းစစ်များတွင်တော့ စစ်ကြေညာလေ့မရှိတတ်ပါ။ ကြမ်းတမ်းသောစစ်၏ သဘောသဘာဝနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် စစ်ပွဲကိုရှောင်လွှဲ၍ ရနိုင်မလား၊ သို့မဟုတ် စစ်မက်ကင်းစင်သည့် ငြိမ်းချမ်းသော ကမ္ဘာကြီးကို တည်ဆောက်နိုင်ပါ မလားဆိုသည့် မေးခွန်းများက ယနေ့ခေတ်တိုင်အောင် ကြိုးစားအဖြေ ရှာနေ ရဆဲဖြစ်ပါသည်။
ဂျာမန်စစ်ရေးပါရဂူ ကားလ်ဗွန်းကလော့စ်ဝစ် (Carl von Clausewitz) ၏ “စစ်ပွဲဟူသည် နိုင်ငံရေးပြဿနာများကို အခြားသောနည်းလမ်းဖြင့် ဖြေရှင်းခြင်းဖြစ်သည်” ဆိုသော အယူအဆကို ၁၈ ရာစုလောက်ကတည်းက နိုင်ငံရေးသမားအများစု လက်ခံခဲ့ကြပါသည်။ သို့သော် မဟတ္တမဂန္ဒီနှင့် မာတင်လူသာကင်းကဲ့သို့ ခေါင်းဆောင်များကမူ လက်နက်မလိုဘဲ ငြိမ်းချမ်းစွာ အဖြေရှာခြင်းဖြင့် နိုင်ငံရေးအကျိုးအမြတ် ရအောင် ဖန်တီးနိုင်ခဲ့ကြောင်း သက်သေ ပြခဲ့ကြဖူးသည်။ သို့ရာတွင်မူ ယနေ့ခေတ်တွင် တစ်နိုင်ငံချင်းအလိုက် ပြဿနာများကို ငြိမ်းချမ်းသောနည်းဖြင့် မဟုတ်တော့ဘဲ စစ်ရေးနည်းလမ်းအရသာ ဖြေရှင်းနေကြပြီး စစ်ပွဲ၏အဆုံးသတ်မှာ စစ်ပွဲများကိုသာ ဆင့်ကဲဆင့်ကဲ တွေ့မြင် နေရပါတော့သည်။
စစ်အေးတိုက်ပွဲသည် ငြိမ်းချမ်းသော ကမ္ဘာ့အခင်းအကျင်းသစ်ကို မွေးဖွားပေးနိုင်ခဲ့သည့် စစ်ပွဲတစ်ခုအဖြစ် အများကအသိအမှတ်ပြုခဲ့ကြသည်။ စစ်အေးခေတ်လွန် ကမ္ဘာကြီးတွင် လစ်ဘရယ်ဝါဒ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာခြင်းနှင့်အတူ အကြမ်းဖက်မှုနည်းသော သာယာဝပြောသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်ဟု ယူဆကြသည်။ ဒီမိုကရေစီကို မြှင့်တင်လာခြင်း၊ နိုင်ငံစုံပါဝင်သည့် အင်စတီကျူးရှင်းများ တိုးပွားလာခြင်းနှင့်အတူ လက်နက်များကို ထိန်းချုပ်ကန့်သတ်လာခြင်းများကြောင့် စစ်ရေးစစ်ရာ ကဏ္ဍနည်းပါး သွားမည်ဟု ပညာရှင်အချို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ၂၁ ရာစုသည် မျှော်မှန်းသည့်အတိုင်း အလွန့်အလွန် ငြိမ်းချမ်းသည့်ခေတ်တစ်ခု ဖြစ်မလာသေးပါ။
သို့သော် စစ်၏သဘောသဘာဝများ ကားသိသိသာသာ ပြောင်းလဲလာခဲ့သည်ကို အံ့ဖွယ်မြင်တွေ့နေရပါသည်။ စာရေးသူအနေဖြင့် ခေတ်စနစ်မည်မျှပင် ပြောင်းလဲစေကာမူ စစ်ပွဲများကို လူမှုရေး သိပ္ပံပညာရှင် Hans Speier (၁၉၄၁) ၏ ရှုထောင့်မှနေ၍ အကြွင်းမဲ့စစ်ပွဲ (Absolute War)၊ အကျိုးစီးပွားရှေးရှုစစ်ပွဲ (Instrumental War) နှင့် အမှန်တရား ရှာဖွေစစ်ပွဲ (Agnostic War) ဟူ၍ သုံးမျိုးခွဲခြား သုံးသပ်ပြလိုပါသည်။ မည်သို့ပင်ဖြစ်စေ ရည်မှန်းချက်ကား အတူတူပင်။ အမြစ်ပြတ်ချေမှုန်းခြင်း၊ အကျိုးအမြတ်ရယူခြင်း၊ ဂုဏ်သိက္ခာနှင့် တရားမျှတမှုတို့အတွက် တိုက်ခိုက်ကြခြင်းပင်ဖြစ်သည်။
အမြစ်ဖြတ်ချေမှုန်းခြင်းနှင့်အတူ အကြွင်းမဲ့စစ်ပွဲများ
အကြွင်းမဲ့စစ်ပွဲဟူသည် အမြစ်ဖြတ်သုတ်သင်ရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် တိုက်ကြသည့် စစ်ပွဲဖြစ်သည်။ ၎င်းစစ်ပွဲများတွင် ပါဝင်ပတ်သက်သူများသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အန္တရာယ်ပေးမည့် အနေအထားတွင်ရှိနေပြီး စစ်၏စည်းမျဉ်းများကိုလည်း လေးစားလိုက်နာခြင်းမရှိတော့ချေ။ ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းနှင့် မလျော်ဖီဆန်သည့် ကျင့်ဝတ်များကြောင့် စစ်ပွဲအတွင်း အပြန်အလှန်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည်ကို မတွေ့ရတော့ဘဲ အလုံးစုံသည် အကြမ်းဖက်မှုများသာ ဖုံးလွှမ်းနေတော့သည်။ သမိုင်းတွင် ထိုသို့သော စစ်ပွဲများကို အလယ်ခေတ်က ခရူးဆိတ်စစ်ပွဲများတွင် တွေ့မြင်နိုင်သည်။
၂၀ ရာစုကို လူမျိုးတုံးသတ်ဖြတ်သည့် ခေတ်ဟုပင် တင်စားရမည့်အနေအထားဖြစ်ပြီး ယင်းကာလအတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၏ ရည်ရွယ်ချက်သည် အမြစ်ဖြတ် ရှင်းလင်းရေးကိုသာ ဦးတည်နေကြောင်း တွေ့မြင်ခဲ့ရသည်။ အယ်လ်ဂျီးရီးယားတွင် အစ္စလာမ္မစ်တို့၏ဆူပူမှု (၁၉၉၁-၂၀၀၂)၊ ဘော့စနီးယား ဟာဇာဂိုဗီးနားစစ်ပွဲ (၁၉၉၂-၁၉၉၅)၊ ဒုတိယကွန်ဂိုစစ်ပွဲ (၁၉၉၈-၂၀၀၃) တို့သည် အသေအကျေများစွာဖြင့် ၂၀ ရာစု၏ လူမျိုးတုံးစစ်ပွဲသဘောကို ထင်ဟပ်ပြသနေသည်။
ထို့နောက် စစ်အေးတိုက်ပွဲအပြီး အရင်းရှင်နှင့် ကွန်မြူနစ်စနစ်အကြား ပြိုင်ဆိုင်မှုများ ပျောက်ကွယ်သွားသည့်အခါ ဘာသာရေး၊ လူမျိုးရေးနှင့် ဆက်နွှယ်သည့် စစ်ပွဲများက ခေတ်စား လာပြန်ပါသည်။ ယင်းအပြောင်းအလဲများကပင် ခေတ်သစ်စစ်ပွဲများကို ဖြစ်ပွားစေဖို့ မီးစများဖြစ်လာခဲ့သည်ကို တွေ့ရသည်။ သို့သော် နိုင်ငံတကာ အဖွဲ့အစည်းများက လူသားမျိုးနွယ်စုအား ခြိမ်းခြောက်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဝင်ရောက်စွက်ဖက်ခြင်းဖြင့် တားဆီးကြသည်။ သို့သော် ထိုကဲ့သို့ ပြင်ပကြားဝင်စွက်ဖက်မှုများက ပဋိပက္ခကို မပြီးနိုင်မစီးနိုင် ပိုမိုကြာရှည်ကျယ်ပြန့်သွားစေပြီး ငြိမ်းချမ်းရေးထက် တဖြည်းဖြည်းသုတ်သင် ရှင်းလင်းရေးဆီသို့သာ ဦးတည်လာခဲ့သည်ကို တွေ့ရပြန်သည်။
ယနေ့ခေတ်သစ် စစ်ပွဲများတွင် နိုင်ငံများအပြင် နိုင်ငံမဟုတ်သော ဇာတ်ဆောင်များပါ ပါဝင်တိုက်ခိုက်လာကြပြီး ရန်သူ့နယ်မြေများအပေါ် လွှမ်းမိုးကွပ်ကဲနိုင်ရေးအတွက် အရပ်သားပြည်သူများကိုပါ တိုက်ရိုက်တိုက်ခိုက်လာကြကြောင်း တွေ့ရပြန်သည်။ ခေတ်သစ်စစ်ပွဲများဖြစ်သည့် အားလျော်စွာ ဘက်စုံနည်းပညာမြင့် တိုက်ခိုက်ရေးစနစ်များကို အသုံးပြုလာ ကြသည်။ သာဓကပြရမည်ဆိုလျှင် ယနေ့ဖြစ်ပွားနေသော အစ္စရေး- ဟားမားစ်စစ်ပွဲအတွင်း အစ္စရေးတို့၏ လေကြောင်းနှင့် မြေပြင်မှ ပြင်းထန်သော ထိုးစစ်များကြောင့် ဂါဇာကမ်းမြောင်နေ လူပေါင်း ၁၈၆၀၀ ကျော် သေဆုံးခဲ့ပြီး ၂ ဒသမ ၃ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နေရသည်။ ဂါဇာလိုလူဦးရေ ၇၇၈၁၈၇ နေထိုင်သောနေရာကို နှစ်လတာကာလအတွင်း ဤမျှကြမ်းကြမ်းတမ်းတမ်း စစ်ထိုးခြင်းသည် လက်တုံ့ပြန်ခြင်းကို ကျော်လွန်နေပြီး အမြစ်ဖြတ်သုတ်သင်ခြင်းကို ဦးတည်နေပြီလားဟူသည်မှာ သံသယဖြစ်ဖွယ် ရှိနေပါသည်။
သို့ဖြစ်၍ အနာဂတ်ကာလတွင် နျူကလီးယား၊ ဒုံးကျည်စနစ်များ အပါအဝင် နည်းပညာမြင့် လက်နက်များ သုံးစွဲလာသည်နှင့်အမျှ စစ်အတွင်း သေကျေပျက်စီးမှု၊ အဖျက်စွမ်းအားကြီးမှုများကိုဖြစ်စေသည့် စစ်ပွဲပုံစံများ၊ စစ်ဆင်နွှဲသည့် ဇာတ်ကောင်စရိုက်များ ပြောင်းလဲသွားပြီး လူမျိုးတုံးရေး ရည်မှန်းချက်ဖြင့် ဆင်နွှဲသည့် စစ်ပွဲများအသွင် ပိုမိုမြင်တွေ့ဖွယ်ရှိသလို တစ်ဖက်ကလည်း အရပ်သားတံတိုင်းလုပ်၍ ခုခံသည့်အနေအထားမျိုး ရှိလာသည့်အခါ ယင်းတို့သည်လည်း လူမျိုးတုံးရေးကို ဦးတည်သည့် လုပ်ရပ်များဖြစ်ပါကြောင်း အခိုင်အမာညွှန်းဆိုချင်ပါသည်။
အကျိုးစီးပွားအတွက် စစ်ဖြစ်ကြရာဝယ်
ဒုတိယအမျိုးအစားစစ်ပွဲမှာ အကျိုးစီးပွားအတွက် စည်းမျဉ်းများကို ချိုးဖောက်သည့် စစ်ပွဲများပင်ဖြစ်သည်။ ထိုသို့သော စစ်ပွဲများသည် လုယက်မှုနှင့်ဆင်တူနေပြီး စစ်ပွဲတွင် အောင်နိုင်သူများသည် မဟာဗျူဟာကျအကျိုးအမြတ်အတွက် တိုက်ခိုက်သတ်ဖြတ်ခြင်းများကို ဆောင်ရွက်လေ့ရှိသည်။ အနောက်နိုင်ငံများဆင်နွှဲခဲ့သော ကိုလိုနီစစ်ပွဲများသည် အကျိုးစီးပွားရှေးရှုစစ်ပွဲ၏ သာဓကများပင်ဖြစ်သည်။ ကိုလိုနီစစ်ပွဲများဖြစ်သည့် အားလျော်စွာ ကိုလိုနီလက်အောက်ခံနိုင်ငံများ၏ သယံဇာတများ၊ ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်၍ အကျိုးအမြတ်များ ဖန်တီးခဲ့ကြသည်။ ထို့ကြောင့် အကျိုးစီးပွား ရှေးရှုစစ်ပွဲများတွင် နယ်မြေပိုင်နက်၏ လွှမ်းမိုးမှုကကြီးမားခဲ့ပြီး ၁၈၁၆ မှ ၁၉၉၇ အတွင်း ဖြစ်ပွားခဲ့သော နိုင်ငံချင်း စစ်ပွဲ ၇၉ ခုအနက် ၄၃ ခုသည် နယ်နိမိတ်ကြောင့်ဖြစ်ကြောင်း (Correlates of War-COW) ၏ အချက်အလက်များက သက်သေပြနေသည်။
စစ်အေးတိုက်ပွဲပြီး နောက်တွင်လည်း တည်ရှိပြီးသား နိုင်ငံနယ်နိမိတ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးက နယ်မြေပိုင်နက်၏ အရေးပါမှုကို ထင်ဟပ်ပြနေဆဲဖြစ်ပါသည်။ ထိုနယ်နိမိတ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများပေါ်ပေါက်လာခြင်းက နိုင်ငံများအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာသလို အခြားနိုင်ငံများ၏ ကျူးကျော်တိုက်ခိုက်ခြင်း ရန်မှလည်း အနည်းနှင့်အများဆိုသလို ရှောင်လွှဲလာနိုင်ကြသည်။ သို့သော် ကက်ရှ်မီးယား၊ အစ္စရေး-ပါလက်စတိုင်းမှသည် တောင်တရုတ်ပင်လယ်အရေးကဲ့သို့ နယ်နိမိတ်အငြင်းပွားမှု ပြဿနာများကား ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
အစ္စရေး - ပါလက်စတိုင်းပဋိပက္ခသည် ကမ္ဘာ့အရှည်ကြာဆုံး ပြဿနာဖြစ်ပြီး နယ်မြေပိုင်နက် အငြင်းပွားခြင်းက ထိုပဋိပက္ခ၏ ရင်းမြစ်ဖြစ်ကြောင်း အားလုံးသိရှိပြီးဖြစ်မည်။ ကုလသမဂ္ဂက နှစ်ဖက်အကြား နယ်မြေခွဲဝေရန် အဆိုပြုချက် အောင်မြင်မှုမရှိခဲ့ပြီး နောက်ပိုင်း ပတ်ဝန်းကျင် အာရပ်နိုင်ငံများနှင့် အစ္စရေးအကြား စစ်ပွဲများ တရစပ်ဖြစ်ပွားခဲ့ကာ ယနေ့ထိတိုင် လူအသေအပျောက်များစွာဖြင့် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဆဲဖြစ်သည်ကို တွေ့ရသည်။
ယနေ့ခေတ်တွင်မူ လူဦးရေနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သယံဇာတ လိုအပ်ချက်များ ရှိလာခြင်းကြောင့် စစ်ပွဲများဆင်နွှဲလာခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုသည် သဘာဝသယံဇာတများအပေါ် ဆိုးကျိုးများသက်ရောက် လာစေပြီး ရောဂါများ ပျံ့နှံ့စေခြင်းကို ဦးတည်စေသလို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခြင်းက ပဋိပက္ခများကို လှုံ့ဆော်လျက်ရှိနေသည်။ သယံဇာတပေါများခြင်းသည် ပဋိပက္ခများကို ပိုမိုလှုံ့ဆော်ပေးပြီး ဥပမာအနေဖြင့် တောင်ဆူဒန်နှင့် မြောက်ဆူဒန်တို့၏ ရေနံပဋိပက္ခကို တွေ့မြင်နိုင်ပေသည်။ ခေတ်သစ်အမျိုးသားရေး လှုပ်ရှားမှုအချို့သည် နယ်နိမိတ်၊ လူမျိုးစုနှင့် သရုပ်သကန်နိုင်ငံရေးတို့နှင့် ဆက်နွှယ်လျက်ရှိနေသောကြောင့် နိုင်ငံချင်းဖြစ်ပွားသည့်စစ်ပွဲများ (Interstate War) ထက် နိုင်ငံတွင်း ဖြစ်ပွားသော စစ်ပွဲများ (Intrastate War) ကို ပိုမိုမြင်တွေ့လာရသည်။
မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပွားနေသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည်လည်း အကျိုးစီးပွားရှေးရှုစစ်ပွဲအသွင်ပင်ဖြစ်ပါသည်။ လက်နက်ကိုင်များသည် သယံဇာတပေါများသောဒေသများကို လက်ဝါးကြီးအုပ်လိုသောကြောင့် လူမျိုးရေးအကြောင်းပြချက် ခေါင်းစဉ်သုံးကာ နှစ်ရှည်လများ အစိုးရနှင့်တိုက်ပွဲများ ဆင်နွှဲလျက်ရှိနေပါသည်။ ထို့ကြောင့်နိုင်ငံများ သို့မဟုတ် နိုင်ငံအတွင်း အကျိုးအမြတ်ရည်မှန်းချက်ဖြင့် တိုက်ကြသည့် အကျိုးစီးပွားရှေးရှုစစ်ပွဲများသည် ယနေ့ခေတ်တွင် ပြည်တွင်းပဋိပက္ခများအသွင်ဖြင့် ဆက်လက်ထွန်းကားလျက်ရှိနေ မည်သာဖြစ်ကြောင်း မှတ်ချက်ပြုလိုပါသည်။
ဂုဏ်သိက္ခာနှင့် တရားမျှတမှုအတွက် တိုက်ကြရာဝယ်
နောက်ဆုံး အမျိုးအစားဖြစ်သည့် အမှန်တရား ရှာဖွေစစ်ပွဲများတွင် စည်းမျဉ်းစည်းကမ်းများကို အတတ်နိုင်ဆုံး လေးစားလိုက်နာကြသည့်အတွက် စစ်အောင်နိုင်ခြင်းသည် ဂုဏ်သိက္ခာနှင့် တရားမျှတမှုကို အခြေခံနေကြောင်း တွေ့ရှိရသည်။ ယင်းတို့မှာ ပြည်တွင်း သို့မဟုတ် နိုင်ငံအချင်းချင်းကြား ဖြစ်ပွားခဲ့သော အချို့ပဋိပက္ခများအတွင်း အမျိုးသားရေး ဂုဏ်သိက္ခာ၊ စံတန်ဖိုး၊ အမျိုးသားလုံခြုံရေး၊ နိုင်ငံ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ရေးအတွက် ဆင်နွှဲခဲ့ကြသောစစ်ပွဲများဖြစ်ကြသည်။ ရောမ အင်ပါယာ၊ ဗိုက်ကင်းများ၊ ဆာမူရိုင်းနှင့် ဇူးလူးတို့ကဲ့သို့ သမိုင်းဝင်အဖွဲ့အစည်းများသည် ၎င်းတို့၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ခဲ့ကြဖူးသည်။
ယနေ့ခေတ်တွင်မူ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အမျိုးသားရေးဝါဒ၊ နယ်မြေရလိုမှု၊ ဂုဏ်သိက္ခာတို့အတွက် တိုက်ခိုက်သည့် စစ်ပွဲများမှာ ခေတ်နောက်ကျသွားပြီဖြစ်သည်။ သို့သော် အင်အားကြီးနိုင်ငံ များသည် နိုင်ငံတကာ အခင်းအကျင်းအတွင်း ၎င်းတို့၏တည်ရှိမှုနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အကြောင်းပြပြီး စစ်ပွဲများအတွင်း ဝင်ရောက်လေ့ရှိတတ်ကြသည်ကို လေ့လာမိသည်။ ဥပမာ- ဗြိတိသျှတို့သည့် ၎င်းတို့၏ အချုပ်အခြာအာဏာကို ပြန်လည်တည်ဆောက်ရန် အကြောင်းပြ၍ အာဂျင်တီးနားနှင့်ဖြစ်ခဲ့သည့် ဖောက်ကလန်စစ်ပွဲ (၁၉၈၂)။ ထိုစဉ်က ဗြိတိသျှသည် ဆူးအက်တူးမြောင်းပြဿနာ (၁၉၅၆) တွင် အရေးနိမ့်ခဲ့သည်ကို ကာမိရန် ဖောက်ကလန်စစ်ပွဲတွင် အောင်နိုင်ခဲ့ခြင်းကြောင့် ၎င်း၏ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ခဲ့သည် ဟုဆိုသည်။
၂၁ ရာစု စစ်အေးလွန်ခေတ်တွင် အင်အားကြီးနိုင်ငံများသည် ငြိမ်းချမ်းရေး ထိန်းသိမ်းရန် အကြောင်းပြပြီး စစ်ဆင်ရေးများစွာကို ပြုလုပ်လာကြသည့်အလျောက် စစ်ကိုတရားဝင် လက်နက်အဖြစ် ရွေးချယ်လာကြသည်ကို တွေ့ရသည်။ ဥပမာ-၂၀၀၁ ခုနှစ် အမေရိကန်သမ္မတ ဘုရှ်လက်ထက် အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်နွှဲခြင်း (War on Terror) ခေါင်းစဉ်ဖြင့် အာဖဂန်၊ အီရတ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့ကို တိုက်ခိုက်ခြင်းသည် ကမ္ဘာကြီးငြိမ်းချမ်းဖို့ဟူသော ခေါင်းစဉ်ကိုသုံးပြီး စစ်ကိုတရားဝင်ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး တံဆိပ်ခတ်ပြီး နိုင်ငံများကို ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခြင်းသည် အမေရိကန်အတွက်တရားမျှတသော အကြောင်းပြချက်တစ်ခု ဖြစ်စေခဲ့သည်။ ထို့ပြင် အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရန်အတွက် သံတမန်နည်းအရ ရွေးချယ်စရာမရှိသော နောက်ဆုံးအားကိုးရာ စစ်ပွဲအဖြစ် ဖန်တီးတည်ဆောက်လာကြသည်။
စစ်နှင့် တရားမျှတမှုသည် ဝိသေသ အရရော အနှစ်သာရအရပါ တူညီ သည့်အရာများ မဟုတ်ပါ။ တရားမျှတမှုသည် ဤစကြဝဠာအတွင်း ကိုယ်ကျင့် တရားဆိုင်ရာ စနစ်အားလုံးကို လေးစား လိုက်နာခြင်းဖြစ်သည်။ စစ်ဟူသည်ကား အကျိုးစီးပွားအတွက် လူသားတို့၏ သေကျေပျက်စီးခြင်းနှင့် အရာဝတ္ထုများ ပျက်စီးဆုံးရှုံးခြင်းကဲ့သို့ အန္တရာယ်နှစ်မျိုးနှင့် သက်ဆိုင်နေပါသည်။
သို့ဖြစ်၍ အမေရိကန်တို့အနေဖြင့် “War on Terror” သည်သာ တရားမျှတခြင်းအတွက် တိုက်သည့်စစ် ဖြစ်ပါက လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း ဂွာတာနာမို အကျဉ်းစခန်းနှင့် ယနေ့ အစ္စရေး-ဟားမားစ်စစ်ပွဲများတွင် အမေရိကန်တို့ ညီတူညီမျှ ကျင့်သုံးသင့်ပါသည်။ ယနေ့ခေတ်တွင် စစ်ပွဲကို ‘ရွံ့ရှာဖွယ်၊ ပညာမဲ့လုပ်ရပ် တစ်ခုသဖွယ်’ ရှုမြင်ကြသော်လည်း ‘မိမိကိုယ်ကို ခုခံကာကွယ်ခြင်း’ ဟူသော ခေါင်းစဉ်ဖြင့် စစ်ပွဲများကို အသက်သွင်းနေကြဦးမည်သာဖြစ်သည်။ ထို့ကြောင့် စစ်ပွဲတွင် ပါဝင်သည့် ဇာတ်ကောင်များ၊ စစ်ပွဲပုံစံများ ပြောင်းလဲလာသော်လည်း ဂုဏ်သိက္ခာနှင့် တရားမျှတခြင်းအတွက် ဟူသည့် ရည်ရွယ်ချက်ဖြင့် စစ်ကို ဦးတည်ကြခြင်းဖြင့် ယနေ့ခေတ်စစ်ပွဲများသည် တရားဝင်နေဦးမည်သာ ဖြစ်ပါသည်။
အချုပ်အားဖြင့် စစ်အေးကာလပြီးနောက် နိုင်ငံတကာအဖွဲ့အစည်းများ၊ လစ်ဘရယ် စံနှုန်းများနှင့်အတူ နိုင်ငံတကာ အခင်းအကျင်းသစ်တစ်ခုကို ပေါ်ပေါက်လာစေသော်လည်း စစ်နှင့် ၎င်း၏အခြေခံရည်မှန်းချက်များကမူ ယနေ့ခေတ်တိုင်အောင် ရှင်သန်တည်ရှိ နေဆဲဖြစ်ပါသည်။ စစ်သည် နိုင်ငံရေးပြဿနာများကို အဆုံးစွန်သော နည်းလမ်းဖြင့် ဖြေရှင်းခြင်းဖြစ်ရာ စစ်ဟူသည် လူသားတို့အတွက် အနိဋ္ဌာရုံများသာ ဖြစ်နေသည်ကိုမူ လျစ်လျူရှု၍မရနိုင်ပါ။ စစ်သည် ရှောင်လွှဲလို့ရသည့် အရာမဟုတ်သည့်တိုင် စစ်က ဦးတည်မသွားစေဖို့ အချို့နိုင်ငံများ၊ အစိုးရများ၏ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများကိုမူ လက်ခံကြိုဆိုရမည်သာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။