ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် (Mount Popa National Geopark)
အမျိုးသားဘူမိဥယျာဉ် (National Geopark)
ဘူမိဥယျာဉ် (Geopark) ဆိုသည်မှာ ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံ မျိုးကွဲများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ လူနေမှုဓလေ့ ထုံးစံများ၊ ဒေသထွက်ကုန်များ၊ ရေမြေတောတောင် သဘာဝအလှနှင့် ဒြပ်မဲ့တန်ဖိုးများကို စနစ်တကျထိန်းသိမ်းပြီး ပညာပေးရေးနှင့် သုတေ သနလုပ်ငန်းများ၊ ဒေသခံပြည်သူများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးအတွက်စနစ်တကျ စီမံအုပ်ချုပ်လျက်ရှိသော ဒေသတစ်ခုဖြစ်ပါသည်။ ဘူမိဆိုင်ရာ ထူးခြားသောပြကွက်များအပြင် အပန်းဖြေရေး၊ ဖျော်ဖြေရေး၊ စားသောက်နေထိုင်ရေး၊ လူမှုဆက်ဆံရေးနှင့် ပညာရပ် ဆိုင်ရာများကို လေ့လာဖြန့်ဖြူးသောနေရာလည်း ဖြစ်ပါသည်။
ဘူမိဥယျာဉ်များ စတင်ဖြစ်ပေါ်လာပုံ
“ဘူမိဥယျာဉ်” သဘောတရားကို ၁၉၉၁ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သော “ဒင်း ညီလာခံ” (Digne Convention) တွင် ပထမဦးဆုံး မိတ်ဆက်တင်ပြခဲ့ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင်ပြင်သစ်၊ ဂရိ၊ ဂျာမနီနှင့် စပိန်နိုင်ငံတို့ပါဝင်သော ဥရောပလေးနိုင်ငံမှ ကိုယ်စားလှယ်များတွေ့ဆုံပြီး ဘူမိအမွေအနှစ်များ ထိန်းသိမ်းခြင်းနှင့် ဘူမိခရီးသွားလုပ်ငန်းများ မြှင့်တင်ပေးခြင်းဖြင့် ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်နိုင်ရန် စတင်ဆွေးနွေးခဲ့ကြပြီး ဥရောပဘူမိဥယျာဉ်ကွန်ရက် (European Geopark Network) ကို တည်ထောင်ခဲ့ပါသည်။
ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်
ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) အစီအစဉ်သည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (United Nations Educational, Scientific and Cultural Organization - UNESCO) ၏ ဖွံ့ဖြိုးရေးနှင့်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီဆောင်ရွက်သော အစီအစဉ်တစ်ခုဖြစ်ပြီး စံသတ်မှတ်ချက်များအရ ပညာရေး၊ သုတေသန၊ ခရီးသွားလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးများကိုပါ လွှမ်းခြုံသည့် အစီအစဉ်တစ်ခုလည်း ဖြစ်ပါသည်။
ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ် (UNESCO Global Geopark) ကို ၂၀၀၁ ခုနှစ်တွင်စတင်ခဲ့ပြီး ဥရောပဘူမိဥယျာဉ်ကွန်ရက်နှင့် ယူနက်စကို (UNESCO) ပူးပေါင်းခြင်းဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ရာ ဥရောပဘူမိဥယျာဉ်ကွန်ရက်ကို ယူနက်စကို (UNESCO) ၏ လက်အောက်အဖွဲ့အစည်းအဖြစ် ထားရှိခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ယူနက်စကို (UNESCO) ဦးဆောင်သော ကမ္ဘာ့ဘူမိဥယျာဉ်ကွန်ရက် (Global Geopark Network) ကို ဖွဲ့စည်းရန်ဥရောပဘူမိဥယျာဉ် ၁၇ ခုနှင့် တရုတ်နိုင်ငံ၏ ဘူမိဥယျာဉ်ရှစ်ခုတို့ ပူးပေါင်းခဲ့ကြပါသည်။
ယနေ့အချိန်အထိ နိုင်ငံပေါင်း ၄၈ နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် ၁၉၅ ခု တည်ထောင်ပြီး ဖြစ်ပါသည်။ ကမ္ဘာ့ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာလုံးဆိုင်ရာကွန်ရက်တို့ ချိတ်ဆက်ပြီးဘူမိဆိုင်ရာ ထူးခြားအရေး ပါသောနေရာများနှင့် အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန်နှင့် ဒေသတွင်းနိုင်ငံများတွင် ဘူမိခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းလည်း ဖြစ်ပါသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ဘူမိဥယျာဉ် ၄၁ ခုရှိပြီး ကမ္ဘာ့ဘူမိဥယျာဉ် အများဆုံးပိုင်ဆိုင်ထားပါသည်။ အရှေ့တောင်အာရှနိုင်ငံများအနက် အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် ကမ္ဘာ့ဘူမိဥယျာဉ်များအဖြစ် သတ်မှတ်ခံထားရသော ဘူမိဥယျာဉ်များ ရှိနေပြီဖြစ်ပါသည်။ ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်အနေဖြင့် အာရှပစိဖိတ် ဘူမိဥယျာဉ်ကွန်ရက်၊ ဥရောပဘူမိဥယျာဉ်ကွန်ရက်၊ လက်တင်အမေရိကနှင့် ကာရေဘီယန်ဘူမိဥယျာဉ်ကွန်ရက်နှင့် အာဖရိကဘူမိဥယျာဉ်များကွန်ရက်တို့ဖွဲ့စည်းပြီး ဒေသတွင်းနိုင်ငံများချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ဘူမိဥယျာဉ် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်
ဘူမိဥယျာဉ်ကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် တည်ထောင်ဆောင်ရွက်ကြပါသည်-
(က) ဘူမိအမွေအနှစ်များ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ၊ ဘူမိသွင်ပြင်အနေအထားနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊
(ခ) မျိုးဆက်သစ်လူငယ်များအနေဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သုတေသနပြုရေးတို့ကို စိတ်ဝင်စားစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာ စေရန်၊
(ဂ) ဒေသခံလူမှုအဖွဲ့အစည်းများအကြား သာတူညီမျှညှိနှိုင်း ဆောင်ရွက်သော အလေ့အကျင့်များရရှိရေးအားပေး မြှင့်တင်ရန်၊
(ဃ) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်ရန်နှင့်
(င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဘူမိဥယျာဉ်ဖြစ်မြောက်ရေး စတင်ဆောင်ရွက်မှုများ
မြန်မာနိုင်ငံတွင် ပုပ္ပားတောင်အမျိုးသားဥယျာဉ်အား ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark) အဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက် ရှေးဦးစွာ အမျိုးသားဘူမိဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းနိုင်ရန် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့က ၂၀၁၆ ခုနှစ်မှစပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ လေ့လာဆန်းစစ်မှုများအရ ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရနိုင်ရန် အလားအလာရှိသော နေရာအများအပြားရှိသည့်အနက် ပုပ္ပား၊ တွင်းတောင်၊ ပင်းတယ၊ ဇွဲကပင်တောင်၊ ခါကာဘိုရာဇီ၊ ပူတာအို၊ အင်းတော်ကြီး၊ အင်းလေး၊ မာန်အောင်ကျွန်း၊ ဘီလူးကျွန်း စသည့်ဒေသများသည် အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရနိုင်သည့် ထူးခြားသော လက္ခဏာများစွာရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ အဆိုပါနေရာ ဒေသများအနက် ပုပ္ပားဒေသသည် အလားအလာရှိဆုံး ဒေသဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားဘူမိဥယျာဉ်ဖြစ်လာရန် စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်ပေါ်ပေါက်ရေး ဆောင်ရွက်မှုများ
ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ်အမည် စာရင်းမတင်သွင်းမီ နိုင်ငံအဆင့်ဘူမိဥယျာဉ်အဖြစ် ဦးစွာသတ်မှတ်ရန်ဖြစ်သဖြင့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ဖြစ်မြောက်ရေးကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
ဘူမိဥယျာဉ်များ စနစ်တကျ သတ်မှတ်တည်ထောင်ရာတွင် မူဝါဒဆိုင်ရာလုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် လမ်းညွှန်ကြီးကြပ် ညှိနှိုင်းမှုများပြုနိုင်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သော အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီကို ဖွဲ့စည်းထားပါသည်။ ထို့အပြင် ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်နှင့် လုပ်ငန်းများကို ကြီးကြပ်နိုင်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများက ဥက္ကဋ္ဌအဖြစ်ဦးဆောင်သော ဘူမိဥယျာဉ် ဆိုင်ရာလုပ်ငန်းကော်မတီနှင့် ဘူမိဥယျာဉ်ဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပါသည်။ မြို့နယ်အဆင့်အနေဖြင့်လည်း ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ကျေးရွာလူထုတို့ပါဝင်သော ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ဆိုင်ရာ မြို့နယ်အဆင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းထားပြီး ဘူမိအမွေအနှစ်များ ရေရှည်တည်တံ့စေရေးနှင့်ဒေသခံများကို အကျိုးပြုစေသော ဘူမိအခြေခံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ပုပ္ပားတောင်ဒေသကို ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေးအတွက် အရေးကြီးသော အဆင့်တစ်ခုဖြစ်သည့် အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၆-၁၂-၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅၂ /၂၀၂၃) ဖြင့် အောင်မြင်စွာ ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
အမွေအနှစ်များစုံလင်သော ပုပ္ပားဒေသပုပ္ပားတောင်အမျိုးသားဥယျာဉ်အပါအဝင် ပုပ္ပားဒေသသည် ရှေးနှစ်သန်းပေါင်းများစွာက ပေါက်ကွဲခဲ့သော မီးတောင်ဟောင်းတစ်ခု ဖြစ်ပြီး အပူပိုင်းဒေသ၏ စုံလင်လှသော သစ်ပင်ပန်းမန်များနှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများကို ထောက်ပံ့ပေးပြီး ထူးခြားသောဂေဟစနစ်များ တည်ရှိရာနေရာလည်း ဖြစ်ပါသည်။
ထူးခြားသည့် ဂေဟစနစ်များပိုင်ဆိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း
ဒေသ၏အိုအေစစ် (Oasis) ဟု တင်စားခေါ်ဝေါ်ကြသော ပုပ္ပားတောင်ဒေသကို ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် သစ်တောဦးစီးဌာနက ၁၉၈၉ ခုနှစ်တွင် ဧရိယာ ၃၁၇၆၃ ဒသမ ၂၀ ဧကကို ပုပ္ပားတောင်ဥယျာဉ် အဖြစ် ဖွဲ့စည်းသတ်မှတ်ခဲ့ပါသည်။ ပုပ္ပားတောင်ဥယျာဉ်အတွင်း နို့တိုက်သတ္တဝါမျိုးစိတ် ၂၆ မျိုး၊ ငှက်မျိုးစိတ် ၁၈၅ မျိုး၊ တွားသွား သတ္တဝါမျိုးစိတ် ၂၃ မျိုး၊ ကုန်းနေရေနေသတ္တဝါ ခုနစ်မျိုးနဲ့ လိပ်ပြာမျိုးစိတ် ၁၁၂ မျိုးတို့ကို တွေ့ရှိနိုင်ပါသည်။ ပုပ္ပားတောင်ဥယျာဉ်တွင် တောင်ပေါ်အမြဲစိမ်းတော၊ ရွက်ပြတ်ရောနှောတော၊ တောခြောက်၊ အင်တိုင်းတော၊ သန်း - ဒဟတ်တောနှင့် မြက်ခင်းတောများ ပေါက်ရောက်ပြီး အပင်မျိုးစိတ်ပေါင်း ၃၀၀ ကျော်ကို မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်ဖြစ်သည့် ပုပ္ပားမျောက်မြီးရှည် (Popa Langur)ကို မြန်မာနိုင်ငံပုပ္ပားဒေသတွင်သာ တွေ့နိုင်ပါတယ်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဒေသရင်းငှက်မျိုးစိတ်များဖြစ်သော နဖားကြူးအမြီးဝိုင်း၊ စွေ့၊ ချိုးလင်းပြာ၊ ဗွတ်မွဲ၊ ဘီလုံးအစရှိသည့် ငှက်မျိုးစိတ်များကိုလည်း တွေ့မြင်နိုင်ပါသည်။
ပုပ္ပားဒေသသည် အထက်ဖော်ပြပါ သဘာဝအမွေအနှစ်များအပြင် အစွယ်နှစ်ထပ်ဆင်၏ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးအပါအဝင် ထူးခြားသောကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ် သံရည်ကျိုမီးဖိုများ၊ ဇီဝမျိုးစုံမျိုးကွဲများ အစရှိသော ရှေးဟောင်းယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် ဘူမိဗေဒဆိုင်ရာ အမွေအနှစ်များလည်း ပေါကြွယ်ဝသောနေရာတစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်များ၊ အင်ကြင်းကျောက်အပါအဝင် ကျောက်အမျိုးအစားအစုံအလင်နှင့် ခေတ်ကာလ အလိုက် သမိုင်းကြောင်းဖြစ်တည်မှုများကိုပါ တစ်နေရာတည်းတွင် လေ့လာနိုင်သော နေရာတစ်ခုဖြစ်ပါသည်။
ပုပ္ပားဒေသရှိ ဘူမိနယ်မြေ (Geosite) များ
ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်သည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း သစ်တောဦးစီးဌာနက စီမံခန့်ခွဲခွင့်ရှိသည့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ဧရိယာများတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကွင်းဆင်းစစ်ဆေးမှုများအရ ဘူမိနယ်မြေ (Geosite) နေရာပေါင်း ၁၀၀ ကျော်ရှိပြီး ကနဦးအနေဖြင့် သစ်တောဦးစီးဌာန၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ကျရောက် သည့် အဆိုပါ ဘူမိနယ်မြေ (Geosite) ၁၅ နေရာဖြင့် စတင်ဖွဲ့စည်း ထားခြင်းဖြစ်ပါသည်။
အဆိုပါ ဘူမိနယ်မြေ ၁၅ နေရာမှာ -
၁။ ပုပ္ပားတောင်ထိပ်၊
၂။ မီးတောင်ပြာကျောက်၊
၃။ ဧရာဝတီသဲကျောက် လွှာထပ်မှုအနေအထား၊
၄။ သုံးထပ်ကွေ့ မီးတောင်ကျိုးပဲ့စာကျောက်များ၊
၅။ ဧရာဝတီကျောက်လွှာစု၊
၆။ တောင်နီတောင်ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်များ၊
၇။ ပရဆေးဥယျာဉ်နှင့် ပညာပေးပြခန်း၊
၈။ စန္ဒကူးတောနှင့် မြန်မာ့ရွှေသမင်ခြံ၊
၉။ ငှက်သိုက်ချောက်ကမ်းပါး
၁၀။ ကုန်းပြင်မြင့်ချော်လွှာရှုခင်းသာ၊
၁၁။ ဗဆော့ဆန်သောချော်ရည်စီးကြောင်း၊
၁၂။ တောင်ပေါ်ရွာ(တောင်) ရှုခင်းသာ၊
၁၃။ ပုပ္ပားတောင်ကလပ် အင်ကြင်းကျောက်များ၊
၁၄။ တောင်နားတောင် ရှုခင်းသာ၊
၁၅။ ပုပ္ပားတောင်မကြီးမီးတောင်ဝနှင့် ဂဲမိုးအိုင်တို့ ဖြစ်ပါသည်။
ဘူမိနယ်မြေ(Geosite)များသည် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ ကျွမ်းကျင်ပညာရှင်များက စနစ်တကျကွင်းဆင်းလေ့လာဖော်ထုတ်ပြီး ရွေးချယ်ထားသည့် နေရာများ ဖြစ်ခြင်းကြောင့် ဘူမိဗေဒဆိုင်ရာအပြင် ထိန်းသိမ်းရေးဆိုင်ရာ အနေဖြင့်လည်း ထူးခြားသောနေရာများ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဘူမိအမွေအနှစ်များ၊ သဘာဝအလှ၊ သစ်ပင်ပန်းမန်၊ တောရိုင်းတိရစ္ဆာန်နှင့် ကျေးငှက်သာရကာများကို လေ့လာရှုမြင်နိုင်ပြီး အတိတ်ပထဝီဝင်၊ သမိုင်းကြောင်းနှင့် ရာသီဥတုအခြေအနေများကိုပါ လေ့လာဆန်းစစ်နိုင်သော နေရာတစ်ခုဟု ဆိုနိုင်ပါသည်။
အကျိုးကျေးဇူးများ
အမျိုးသားအဆင့်နှင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်များ သတ်မှတ်နိုင်ရေးလုပ်ငန်းစဉ်သည် မိမိတို့နိုင်ငံ၏ ထူးခြားထင်ရှားသော သဘာဝအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရာတွင် အထောက် အကူပြုနိုင်ရုံသာမက မြန်မာနိုင်ငံ၏ သဘာဝသယံဇာတကြွယ်ဝမှုနှင့် ယဉ်ကျေးမှု သမိုင်းအမွေအနှစ်အကြောင်းများကို တင်ပြနိုင်မည် ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ပိုမိုသိရှိလာစေနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဘူမိဥယျာဉ်အနီးပတ်ဝန်းကျင်တွင် နေထိုင် ကြသော ဒေသခံပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာအပေါ် ပိုမိုဂုဏ်ယူဝင့်ကြွားလာနိုင်ပြီး သဘာဝသယံဇာတနှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရန် အသိအမြင်များ ပိုမိုနိုးကြားလာစေမည်ဖြစ်ပါသည်။ အမျိုးသားအဆင့်နှင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်များ သတ်မှတ်ခြင်းမှတစ်ဆင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ဒေသခံများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလာနိုင်မည် ဖြစ်ပါသည်။
ပုပ္ပားတောင်အမျိုးသားဥယျာဉ်နှင့် ပုပ္ပားဒေသသည် မြန်မာနိုင်ငံတွင် ပြည်ပခရီးသွားများ အများဆုံးလာရောက်ကြသည့် နေရာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် နီးကပ်စွာတည်ရှိသည့်အတွက် ပုဂံနှင့်ဆက်စပ်ပြီး ပုပ္ပားဒေသကိုလည်း ခရီးသွားဧည့်သည်များ ပိုမိုလာရောက်နိုင်သည့် အလားအလာများစွာရှိပါသည်။ ပုပ္ပားဒေသကို ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်နိုင်မည်ဆိုပါက ပုပ္ပားဒေသတွင် Geotourism ဟုခေါ်ဆိုသော ဘူမိခရီးသွားလုပ်ငန်း ပေါ်ပေါက်လာမည်ဖြစ်ပြီး ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ထပ်မံရရှိ စေမည်ဖြစ်ပါသည်။
သဘာဝအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ခြင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်းရှိ သဘာဝသယံဇာတအမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် စနစ်တကျအသုံးပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး သဘာဝအမွေအနှစ်များဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များနှင့် ထူးခြားသည့် ဘူမိသွင်ပြင်ရှိသည့် နေရာဒေသများကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းလျက် ရှိပါသည်။ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များကို ထိန်းသိမ်း ကာကွယ်ရာတွင် နိုင်ငံအဆင့်သာမကဒေသတွင်းနှင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ စီမံအုပ်ချုပ်နိုင်စေရန်၊ နည်းပညာနှင့် ရန်ပုံငွေအထောက်အပံ့များ ရရှိနိုင်စေရန်နှင့် နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတကာနှင့် ဒေသအဆင့်အသိအမှတ်ပြု သဘာဝ ထိန်းသိမ်းရေးနယ်မြေများအဖြစ် အဆင့်တိုးမြှင့်တည်ထောင်နိုင်ရေး၊ သတ်မှတ်ခံရရေး ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်အထိ သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၉ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ပြီး ရေရှည်မျှော်မှန်းချက် ပြည့်မီနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ဒေသတွင်းကြိုးပမ်းမှုအဖြစ် အာဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park) ရှစ်ခု၊ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် အစီအစဉ်တစ်ခုဖြစ်သော လူသားနှင့် ဇီဝအဝန်းနယ်မြေ (Man and Biosphere Reserve - MAB)နှစ်ခု၊ နိုင်ငံတကာအဆင့် ရမ်ဆာရေဝပ်ဒေသ (Ramsar Site) ခြောက်ခုနှင့် ဩစတြေးလျဒေသ ငှက်ပျံသန်း ရာလမ်းကြောင်း ကွန်ရက်နယ်မြေ (East Asian-Australasian Flyway Network Site) ရှစ်ခုတို့ကို အသိအမှတ်ပြုခံထားပြီး ဖြစ်ပါသည်။
အမျိုးသားဘူမိဥယျာဉ် (National Geopark) မှသည် ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark) ကမ္ဘာ့ဘူမိဥယျာဉ်များ၏ အနှစ်သာရသည် ကျယ်ပြန့်သော နယ်မြေတစ်ခုကို လွှမ်းခြုံပြီးထိန်းသိမ်းကာကွယ်မှု၊ သိမြင်နိုးကြားလာစေမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဟူသည့် မဏ္ဍိုင်သုံးခုအပေါ် အခြေခံထားပါသည်။ တစ်နည်းအားဖြင့် ကမ္ဘာ့ဘူမိဥယျာဉ်များသည် သဘာဝအမွေအနှစ်များအပြင် ယဉ်ကျေးမှုအမွေအနှစ် လက္ခဏာအားလုံးနှင့်ဆက်စပ်နေပြီး ဘူမိဖြစ်စဉ်များ၊ ဘူမိအန္တရာယ် များ၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝသယံဇာတများ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ဆက်စပ်နေသည့် နေရာဒေသလည်းဖြစ်ပါသည်။ ကမ္ဘာ့ဘူမိဥယျာဉ်များသည် ဒေသ၏ ဘူမိအရင်းအမြစ်များအား ကာကွယ်ထိန်းသိမ်းခြင်းဖြစ်သကဲ့သို့ ဘူမိဥယျာဉ်အတွင်းမှာရှိသော ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအကြား အဓိကစီးပွားရေးလုပ်ငန်းမဏ္ဍိုင်အဖြစ် ပေါင်းကူးပေးသော အစီအစဉ်လည်းဖြစ်ပါသည်။ ဒေသခံပြည်သူများအတွက် လူမှုစီးပွားရေးလိုအပ်ချက်များ၊ ဒေသခံစီးပွားရေးလုပ်ငန်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဘူမိခရီးသွား လုပ်ငန်း စသောလုပ်ငန်းများမှ အကျိုးအမြတ်များကို မျှဝေခံစားနိုင်ကြ မည်ဖြစ်ပါသည်။
ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်သည် ကမ္ဘာ့အဆင့် ထူးခြားသောအမွေအနှစ်နှင့် သမိုင်းကြောင်းများ ပိုင်ဆိုင်ထားသည့်နေရာ ဖြစ်ပါသည်။ ကမ္ဘာ့အဆင့် ရှားပါးသောတောရိုင်းတိရစ္ဆာန်အပါအဝင် ကြွယ်ဝသည့်ဇီဝမျိုးစုံမျိုးကွဲများ၊ ထင်ရှားကျော်ကြားသည့် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ လှပသောရှုခင်းများနှင့် အဖိုးတန်ဘူမိအမွေအနှစ်များ များစွာကိန်းအောင်းနေသော တန်ဖိုးမဖြတ်နိုင်သည့် နေရာဒေသတစ်ခုဖြစ်ပါသည်။ ဆန်းကြယ်သော အလှတရားနှင့် အမွေအနှစ်များကို ယူနက်စကိုအသိအမှတ်ပြု ဘူမိဥယျာဉ်အနေဖြင့် ပေါ်ထွန်းလာပါက နိုင်ငံ၏ဂုဏ်ပုဒ်ကို မြှင့်တင်နိုင်ပြီး ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက်အကူ ပြုမည်ဖြစ်ပါသည်။
ထို့ကြောင့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ကို အမျိုးသားအဆင့်မှသည် ကမ္ဘာ့အဆင့်တက်လှမ်းနိုင်ဖို့ဆိုသည့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်စေရန်အတွက် ဆက်စပ်ဌာနများ၊ အဖွဲ့ အစည်းများ၊ ပညာရပ်နှင့် သုတေသနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့ဟု ဖိတ်ခေါ်ရင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော ဘူမိဥယျာဉ်ဖြစ်သည့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် (Mount Popa National Park) သတ်မှတ် ဖွဲ့စည်းခြင်းကို ဂုဏ်ပြုဖော်ပြလိုက်ပါသည်။ ။
သစ်တောမောင်