Skip to main content

သဘောတရားနဲ့ လက်တွေ့ဘဝ

ချစ်နိုင်(စိတ်ပညာ)

တစ်ရံရောအခါ

အကြောင်းခြင်းရာ စရရင်တော့ အသက် ၂၀ ဝန်းကျင် လူငယ်လုလင်နှစ်ဦး ဇာတ်ပွဲမိုးလင်းကြည့်ခဲ့တဲ့ အဖြစ်အပျက်ကို စတင်ပြောပြရမှာပဲ။ ရှေးအခါကာလ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ အချိန်ဆီက မာဂဓတိုင်း ရာဇဂြိုဟ်မြို့ကြီးမှာ အခုလို သီတင်းကျွတ်၊ တန်ဆောင်မုန်းအခါရာသီမျိုးဆိုရင် ကျွန်တော်တို့ဆီ မန္တလေးမြို့ကြီးမှာ ဘုရားပွဲ၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ စင်တင်ဖျော်ဖြေပွဲတွေ ဆက်နေသလိုပဲပေါ့။ တောင်ငါးလုံး ကာရံထားသလို ဗဟိုအချက်အချာ ရာဇဂြိုဟ်မြို့ဟာလည်း တောင်ပေါ်က ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ပွဲလမ်းသဘင်တွေ အဆက်မပြတ် ပျော်ပွဲရွှင်ပွဲတွေ ပေါတယ်ဆိုပဲ။

ကာလသား လူပျိုလူရွယ်တွေအကြိုက်ပေါ့။ လူငယ်ဆိုတာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်ကြတဲ့အရွယ်ရဲ့သဘောပါပဲ။ ဥပတိဿနဲ့ကောလိတဆိုတဲ့ လူငယ်သူငယ်ချင်း နှစ်ယောက်ဟာ အသက်အရွယ်တူဖြစ်ကြသလို မိဘတွေချင်းလည်း ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေပဲလေ။ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ တတွဲတွဲနဲ့ စားအတူ၊ သွားအတူ၊ ဇာတ်ပွဲသွားကြည့်ကြရာမှာလည်း မခွဲဘဲအတူတကွ သွားကြည့်ခဲ့ကြတယ်။ မိုးလင်းအထိပဲ။

ဇာတ်ပွဲက ဇာတ်ကြောင်းသဘာဝရှေ့ပိုင်းမှာ အပျိုးတွေ၊ အပြတွေက ရယ်စရာ ပျော်စရာ၊ အလယ် ပိုင်းဇာတ်ကွက်တွေက ကြည်နူးစရာ၊ အားတက်စရာ။ ပရိသတ်ကို ဖမ်းစားဖျော်ဖြေကြတာ ထုံးစံအတိုင်းပေါ့။ ဇာတ်လမ်းနောက်ပိုင်းရောက်လာတော့ အခက်အခဲတွေ၊ အဆင်မပြေမှုတွေနဲ့ ဆင်းရဲသူက ဆင်းရဲ၊ သေသူကသေ၊ ရှင်ကွဲသေကွဲ ခွဲခွာကွဲကွာကြရလို့ ငိုကြယိုကြအလွမ်းဖွဲ့တဲ့အပိုင်းမှာ ကြေကွဲဝမ်းနည်းစရာတွေ ကြည့်ရတော့တာကိုး။

ဇာတ်ပွဲကအပြန်

လူသေတာကို မမြင်ဖူး၊ မကြားဖူးသေးတဲ့ သူဌေးမိသားစုထဲက လူငယ်နှစ်ယောက်ဟာ လူ့ဘဝ ဆိုတာ ပျော်ရွှင်စရာတွေနဲ့ ပြီးနေတာမဟုတ်ဘဲ အိုကြ၊ နာကျင်ရ၊ သေကျေရ၊ ပူဆွေးငိုကြွေးကြ ရတဲ့အဖြစ်ဆိုးတွေလည်း ရှိတတ်ပါကလားဆိုတာ ဇာတ်ပွဲဇာတ်လမ်းကြည့်ရှုပြီး တရားသံဝေဂရကြတယ်။ ထိတ်လန့်တုန်လှုပ်သွားမိတယ်။

ဒါဆိုရင် ငါတို့ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းရာ တရားအကျင့်ရှိလေမလား ရှာဖွေကြမယ်။ တွေ့လာပြီဆိုရင် အပြန်အလှန် အသိပေးကြရ အောင်ကွယ်လို့ တရားအကျင့် ပညာဆည်းပူးဖို့ ဆရာအရှာထွက်သွားကြတယ်။ ဇာတ်ပွဲမိုးအလင်းကြည့်ပြီး အိမ်ကိုမပြန်ကြတော့ဘူး။

တိုအောင်ချုံ့ပြောရရင်တော့ မြတ်စွာဘုရား ဂေါတမဗုဒ္ဓ သက်တော် ၃၅ နှစ်အရွယ်၊ မိဂဒါဝုန် ဥယျာဉ်တောဝယ် ဝါဆိုလပြည့်ညနေခင်း တရားဦး ဓမ္မစက္ကပဝတ္တနသုတ်ကို အဦးဆုံးနာယူခဲ့ရတဲ့ ငါးပါးအနက်မှ အနတ္တလက္ခဏသုတ်ကိုပါ နာယူကျင့်သုံးပြီး ရဟန္တာဖြစ်တဲ့ အရှင်အဿဇိဆွမ်းခံရာ၊ ဆွမ်းဘုဉ်းပေးတာကို ကြည့်မြင်အကဲခတ်ပြီး အရှင်ဘုရားရဲ့ ဆရာဘယ်သူပါလဲ။ သူဟောတဲ့ တရားက ဘာများလဲမေးတဲ့အခါ “ငါလည်း ဒီအဆုံး အမသာသနာတော်၌ ရဟန်းပြုပြီးတာ မကြာသေးပါ။ အကျယ်မဟောနိုင်ပါ” ဆိုတော့ အကျဉ်းမျှပဲဖြစ်ဖြစ် သိခွင့်ပေးပါဘုရား လျှောက်ထားတော့-

သဘောတရား

“ဤလောက၌ ဖြစ်ဖြစ်သမျှတို့သည် အကြောင်းကြောင့်ဖြစ်ကုန်၏။ ထိုဖြစ်ဖြစ်သမျှတို့၏ အကြောင်းကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ ထိုထိုဖြစ်ဖြစ်သမျှတို့၏ ချုပ်ရာကိုလည်း ဟောကြားတော်မူ၏။ ထိုထိုဖြစ်ဖြစ်သမျှတို့၏ ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုလည်း ဟောကြားတော်မူ၏။”

“ဤမျှနှင့် ရပ်တန့်တော်မူပါဘုရား။ (ငါမျှော်မှန်းသော တရားအထူးကို အပြည့်အစုံ ငါသိရပေတော့မည်ဆိုတာ သူသဘောပေါက်သွားတဲ့အတွက်) သင့်ဆရာမြတ်စွာဘုရားဟာ ယခုဘယ်မှာ ရှိနေသလဲ” မေးတော့ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတယ်လည်းသိရော ငယ်သူငယ်ချင်း တရားရှာဖော် ကောလိတဆီ အမြန်ဆုံးရောက်လာပြီး “ယေဓမ္မဟေတုပ္ပဘဝါ” ဂါထာကို ပြောပြသတဲ့။ အရှင်အဿဇိမထေရ်က ဥပတိဿတရားရှာရသေ့ကို သစ္စာလေးပါး မြတ်တရားကို သိစေခဲ့တယ်။ ဥပတိဿရသေ့က သူ့မိတ်ဆွေကောလိတကို ထပ်ဆင့်သိမြင် နားလည်စေခဲ့တယ်။

ဥပတိဿနဲ့ ကောလိတတို့ဟာ တရားထူးကို ဘယ်လိုရှာရမလဲမသိ။ တောရမ်းတောင်ရမ်း စမ်းတဝါးဝါးနဲ့ ဆရာတချို့ဆီ တပည့်ခံပြီး “တပ” အကျင့်တို့ကို ကျင့်ခဲ့စမ်းခဲ့ကြပြီးပြီ။ မြတ်စွာ ဘုရားရှင်ရဲ့ သစ္စာလေးပါး မြတ်တရား၊ ပဉ္စဝဂ္ဂီ ငါးဦးကို သင်ကြားပြသခဲ့တဲ့ ဓမ္မစကြာ၊ အနတ္တ လက္ခဏသုတ်၊ ပဋိစ္စသမုပ္ပာဒ်ဒေသနာကို အနှစ်ချုပ် ကြားနာရတဲ့အခါ ဓမ္မကို ကောင်းစွာသိမြင်သွားကြပြီ။

ဓမ္မ

ဓမ္မဟူသမျှတို့ဟာ “အရိယသစ္စာ” လို့ ခေါ်ဆိုရ မယ့် အမှန်တရားလေးမျိုးသာရှိပေတယ်-

၁။ ဒုက္ခသစ္စာ = ဆင်းရဲခြင်းဖြစ်တည်မှု အမှန်၊

၂။ သမုဒယသစ္စာ = ဆင်းရဲဖြစ်စေကြောင်း အမှန်၊

၃။ နိရောဓသစ္စာ = ဆင်းရဲမှ လွတ်ကင်းခြင်း အမှန်၊

၄။ နိရောဓဂါမိနိပဋိပဒါ = ဆင်းရဲမှ လွတ်ငြိမ်းစေတဲ့ မဂ္ဂသစ္စာ၊ သိကျင့်ရကြောင်း လမ်းအကျင့် ရှစ်ပါးအမှန်။

သဘောတရားအရ ကိစ္စဉာဏ်ဆိုတာရှိပါသေးတယ်။ ဒုက္ခသစ္စာမှာ အနိစ္စ = ဘာမျှမမြဲ ပြောင်းလဲ ရွေ့လျားနေခြင်းသဘော၊ ဒုက္ခ = အလိုမကျ၊ ဆင်းရဲနေရခြင်းသဘော၊ အနတ္တ = ငါမရှိ၊ ငါမဟုတ်၊ ငါမပိုင်၊ ဘာမျှအစိုးမရခြင်းသဘော၊ ဤသဘော သုံးရပ်မှအပ အခြားမရှိ။

သမုဒယသစ္စာမှာ အဝိဇ္ဇာ - မသိမမြင်မှုနှင့် တဏှာလိုချင်တပ်မက်မှုတို့၏ အပေါင်းအပါ ကိလေသာများရှိတယ်။

နိရောဓသစ္စာမှာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာတို့ဟာ တစ်ဖန်ပြန်လို့မဖြစ်တော့ခြင်း သဘောအား ဖြင့် ချုပ်ကြတယ်။

မဂ္ဂသစ္စာမှာ မဂ္ဂင်ရှစ်ပါးတို့ဟာ အခြားဆိုင်ရာဆိုင်ရာ ဗောဓိပက္ခိယတရားတွေနဲ့အတူ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် သိခြင်းဖြစ်တယ်။

အရိယသစ္စာ

ဥပတိဿက အရှင်အဿဇိထံမှ မြတ်စွာဘုရား ဟောပြောတဲ့တရားတော်ကို ကြားရလျှင်ကြားရ ချင်း မိမိအချစ်ဆုံးသူငယ်ချင်း ကောလိတကို သတိရတယ်။ ကောလိတက တရားတော်ကို သူငယ်ချင်းဆီက ကြားရလျှင်ကြားရချင်း သူ့ရဲ့ဆရာ ဖြစ်ခဲ့ဖူးတဲ့ သိဉ္စည်းဆရာကြီးကို သတိရတယ်။ ဘာပဲပြောပြော သူ့ဆီမှာ “တပ” အကျင့်တွေ နည်းယူကျင့်ခဲ့ဖူးတယ်။ ကျေးဇူးရှိခဲ့တယ်။ ကျေးဇူး သိတတ်၊ ကျေးဇူးဆပ်တဲ့အနေနဲ့ အတူတကွ ခေါ်ဆောင်သွားပြီး ဘုရားရှင်ကို ဖူးတွေ့ချင်တယ်။

ဥပတိဿက သဘောတူပါတယ်။

ကောလိတနဲ့အတူလိုက်ပါပြီး ဂိုဏ်းချုပ် သိဉ္စည်း ဆရာကြီးကို သွားပြီး ဟောပြဖိတ်ခေါ်ကြတယ်။

“ဥပတိဿ၊ ငါက ဂိုဏ်းခေါင်းဆောင်ကွ။ ငါ့ရဲ့ ဂိုဏ်းမှာ ငါက အိုးကြီးသဖွယ်ဖြစ်ပေတယ်။ ဗုဒ္ဓ ဆိုတာက ခွက်ကလေးလောက်ပဲ သေးသေးငယ်ငယ် လေးပါ။ အသက်အရွယ်အရကော၊ အတွေ့အကြုံ အရကော မာနနဲ့နှိုင်းယှဉ်ပြီး တပည့်မခံချင်ဘူးပေါ့။ ခေါ်လို့မရခဲ့ပါဘူး။

ကောလိတနဲ့ ဥပတိဿတို့ဟာ တပည့်အချို့နဲ့ မြတ်စွာဘုရားရှိရာ ဝေဠုဝန်ကျောင်းတော်ကို ရောက်လာတဲ့အခါ မြတ်စွာဘုရားက ပရိသတ်ကို တရားဟောကြားနေဆဲအချိန် ဖြစ်နေတယ်။ ဘုရားရှင်က “သာရိပုတ္တရာနဲ့ မောဂ္ဂလာန်တို့ လာကြ၊ လာကြ” လို့ ရင်းရင်းနှီးနှီး အမည်ခေါ်ဝေါ်ပြီး နေရာပေးတယ်။

ဥပတိဿရဲ့မိခင် သာရီပုဏ္ဏေးမကို အစွဲပြုပြီး ရဟန်းဘွဲ့ သာရိပုတ္တရာ၊ သာရီပုဏ္ဏေးမရဲ့သားလို့ ခေါ်ခြင်း။

ကောလိတဟာလည်း မောဂ္ဂလီပုဏ္ဏေးမရဲ့ သားဖြစ်တာမို့ မိခင်အစွဲပြုပြီး ရဟန်းဘွဲ့ မောဂ္ဂလာန် လို့ ခေါ်ခြင်းပါ။ မြတ်စွာဘုရားရှင်ရဲ့ ကြီးမားတော်မူတဲ့ ဂုဏ်ပြုခြင်းပါ။ ရဟန်းအဖြစ်ပြုခွင့်တောင်းကြရာ ဘုရားက ရဟန်းပြုခွင့်ပေးပါတယ်။

အရှင်နှစ်ပါး

ရှင်မောဂ္ဂလာန်ဟာ ရဟန်းဖြစ်ပြီး ခုနစ်ရက် မြောက်နေ့မှာ ရဟန္တာဖြစ်ပါတယ်။

ရှင်သာရိပုတ္တရာကတော့ ရဟန်းဖြစ်ပြီး ၁၅ ရက် မြောက်တဲ့နေ့မှာ ရဟန္တာဖြစ်ပါတယ်။

ဘုရားရှင်ထံ တပည့်ခံပြီး မဆည်းပူး မနာယူ နိုင်ဘူးဆိုတဲ့ သိဉ္စည်းဆရာကြီးကတော့ စိတ်နှလုံး ထိခိုက်ကြေကွဲစိတ်ကျရောဂါနဲ့ ကွယ်လွန်သွားရှာ ပါတယ်။ မြတ်စွာဘုရားရဲ့ သစ္စာလေးပါး မြတ်တရား ကို နာကြားသွားခွင့် မရရှာပါဘူး။

ရှင်သာရိပုတ္တရာဟာ ပညာအရာမှာ မြတ်စွာဘုရားမှလွဲပြီး လောကမှာအတော်ဆုံး၊ အချွန်ဆုံး ဖြစ်တော်မူပါတယ်။ မြတ်စွာဘုရား နတ်ပြည်မှာ ဟောကြားတဲ့ အဘိဓမ္မာတရားတော်ကို လူ့ပြည်ဝယ် ဘုရားရှင်ကိုယ်စား မတိုမရှည်အနှစ်သာရတိကျစွာ ဟောကြားပေးတဲ့ ကျေးဇူးရှင် ရဟန္တာ လက်ယာတော်ရံ အရှင်မြတ်ပါပဲ။

မွေးမေ့ကျေးဇူး

ပရိနိဗ္ဗာန်မစံဝင်ခင် ဉာဏ်တော်နဲ့ ဆင်ခြင်တဲ့အခါ ရာဇဂြိုဟ်ပြည်အနီးက နာလကရွာကြီးမှာ မိခင်အိုကြီး ဗြဟ္မဏရူပသာရီဟာ သားအကြီးဆုံး အပါအဝင် သားသမီးခုနစ်ယောက်စလုံးက မြတ်စွာ ဘုရားသာသနာမှာ ရဟန်းနဲ့ သီလရှင်ပြုသွားလို့ သားကြီး မောင်ဥပတိဿကို အမုန်းကြီးမုန်း၊ စိတ်အနာကြီးနာနေတဲ့ မွေးမိခင်ကို မပျံလွန်ခင် ဇာတိရွာရှိ အမေ့အိမ်မှာ၊ အမေ့ကို တရားပြပြီး သစ္စာလေးပါး မြတ်တရားကို ဟောလေမှလို့ သတိရခဲ့မိပါတယ်။ မြတ်စွာဘုရားရဲ့ တာဝန်ပေးချက်အရ အခြားအခြား တာဝန်တွေလည်း ကျေပွန်ခဲ့ပြီးပြီ။ နောက်ဆုံး ထွက်သက်ကိုတော့ အမေ့အိမ်ပြန်ပြီး မိမိမွေးဖွားလာ ခဲ့တဲ့အခန်းထဲမှာ မိခင်ကြီးကို တစ်ကြိမ်တည်းသော နောက်ဆုံးတရားကို ဟောတော်မူသွားပါတယ်။

ရှင်သာရိပုတ္တရာ ပျံလွန်တော်မူခန်းဟာ အလွန်တရာ စိတ်ထိခိုက်ကြေကွဲစရာကောင်းလှတဲ့ မိခင်နဲ့ သားသမီးခုနစ်ယောက်ထဲက အမေအားအကိုးခဲ့ဆုံးသော သားကြီးတစ်ဦးရဲ့ အိမ်ပြေးဘဝမှ ဘုရားရှင်ရဲ့ လက်ယာတော်ရံ ညာလက်ရုံး ရဟန္တာကြီးဖြစ်နေ တာတောင် မသိရှာဘဲ သွေးဝမ်းရောဂါ အသည်းအသန်ဖြစ်မှ အမေ့အိမ်ကို ပြန်လာဖော်ရရှာတဲ့ အမေ့သားကြီး၊ စိတ်နာခဲ့ရသမျှ သနားမျက်ရည်ကျနေတဲ့ မိခင်ရဲ့ကြေကွဲပူပန်မှုကို စာနာမိပါတယ်။

တန်ခိုးရှင်

အရှင်မဟာမောဂ္ဂလာန်လက်ဝဲတော်ရံ ရဟန္တာမြတ်ကြီးဟာလည်း ရှေးအခါ တစ်ခုသောဘဝမှာ ဇနီးမိုက်အလို အကြိုက်လိုက်ပြီး အဖေအို၊ အမေအို မျက်မမြင် မိဘနှစ်ပါးကို နွားလှည်းနဲ့ တောရပ်ကို တင်ခေါ်သွားပြီး ရိုက်နှက်နှိပ်စက် သတ်ဖြတ်ခဲ့ဖူးတဲ့ ဘဝဝဋ်ကြွေးကြောင့် တန်ခိုးအရာပြိုင်ဘက်ကင်း တော်လွန်း၊ ထူးချွန်လွန်းလို့ နေ့စဉ် နေ့စဉ် နတ်ပြည် ခြောက်ထပ်လှည့်လည်ပြီး တရားဟောတော်မူတဲ့ အရှင်မြတ်ကြီး၊ မြင်းမိုရ်တောင်ကို ခွေပတ်နိုင် အောင်ကြီးမားတဲ့ တန်ခိုးစွမ်းသူ နန္ဒောပနန္ဒနဂါးမင်းကို တန်ခိုးဆန်းကြယ်ချင်း အံ့ဩဖွယ်ပြိုင်ဆိုင်ပြီး ယခုခေတ် Speငial Effect ရုပ်ရှင် တီဗွီတိုက်ပွဲ ပြကွက်မျိုးတွေထက် အဆပေါင်းများစွာ အရွယ်ကြီးကြီးတွေ၊ အရွယ်သေးသေးလေးတွေ ဖန်ဆင်းပြီး ရန်သူကို လက်နက်ချ အညံ့ခံအရှုံးပေးအောင် စွမ်းဆောင်ခဲ့တဲ့ လက်ဝဲတော်ရံ ရဟန္တာကြီး၊ တရားကျင့်ဆဲ လိုဏ်ဂူထဲမှာ ခိုးသားငါးရာ ရိုက်နှက်ခံရပြီး ပျံလွန်တော်မူရ။

ကမ္မနိယာမ

ကံ- ကံရဲ့အကျိုး၊ အကောင်းအဆိုး၊ အကြောင်း အကျိုးဟူသမျှဟာ ဘယ်သူမပြု မိမိမှုသာ ဖြစ်ပေါ် နေခြင်းပေါ့။

ဘဝရဲ့ နိယာမသဘောတရားတွေကို နည်းနည်းသိရရင် နည်းနည်းကျင့်သုံးပြီး အနည်းငယ် ကောင်းကျိုးရပါတယ်။ များများသိလာပြီး များများကျင့်သုံးရင် ပိုမိုများပြားတဲ့ကောင်းကျိုးကို ရပေတယ်။ သိမြင်ခြင်းနဲ့ ကျင့်သုံးခြင်းဆိုတဲ့ အရာနှစ်ခု ပေါင်းမှသာ ထိုးထွင်းသိရှိ နားလည်သဘောပေါက် ခြင်းအဆင့်ကို ရောက်ရပါတယ်။ သာသနာသုံးရပ် ခေါ်ဆိုကြတဲ့ သဘောပါပဲ။

ပရိယတ္တိသာသနာ - သင်ယူဆည်းပူးခြင်း၊ ပဋိပတ္တိ သာသနာ - ကျင့်ကြံအားထုတ်ခြင်း၊ ပဋိဝေဒ သာသနာ - ထိုနှစ်ရပ်ကြောင့် ပေါ်ထွက်သော ကောင်းကျိုးရလဒ်အဖြေ။

နယ်ပယ်အလိုက်၊ ဘာသာရပ်အလိုက်၊ အကြောင်းအရာအလိုက် သုံးနှုန်းကြတဲ့ အမည်နာမတွေကတော့ နမူနာသာဓက ဒီလိုလည်း ရှိတတ်ပါသေးတယ်။

သဘောတရားနဲ့ လက်တွေ့ဘဝ၊ အပြောနဲ့အလုပ်၊ စာတွေ့နဲ့ လက်တွေ့၊ အသိနဲ့ အကျင့်၊ ဝိဇ္ဇာနဲ့ စရဏ၊ သီအိုရီနဲ့ ပုစ္ဆာ၊ အဖြေ၊ စာတွေ့နဲ့ ကိုယ်တွေ့၊ သုတနဲ့ မုတ၊ အသိအမြင်နဲ့ အတွေ့အကြုံ၊ Theory and Practice၊ Learning and Exercise၊ Knowing and Applying(Knowledge & Application) စသဖြင့် မတိမ်းမယိမ်းတွေ အခေါ်အဝေါ်ရှိနိုင်ပါသေးတယ်။ ဘယ်ကော၊ ညာကော နှစ်ဖက်စလုံး ပေါင်းစပ်ပါဝင်မှ အောင်မြင်တယ်ဆိုတာကတော့ သိရမယ့်သဘောတရားတစ်ရပ်ပါ။ ။