Skip to main content

ကထိန်အလှူအကျိုးတရားများ

မြန်မာပြက္ခဒိန်၏ တစ်ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်ဖြစ်ပါသည်။ “တန်ဆောင်မုန်း ဟူသောဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်ဟု ရေးထိုးကြသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌မူကား “တန်ဆောင်မှုန်း ဖြစ်၏။ ယင်းမှ တန်ဆောင်မုန်းသို့ ရွေ့လျားလာခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ “တန်ဆောင်မှာ “မီးတိုင်”၊ “မှုန်းမှာ “ပျံ့နှံ့ စေခြင်း ဟု အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် “ဆီမီး တိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်ဟု ဆိုလိုကြောင်း မှတ်သားရပါသည်။

မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပန်းများတွင် တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ “ခဝဲပန်း ဖြစ်ပါသည်။ အဝါရောင်တောက်တောက် ခဝဲပန်းကို တန်ဆောင်မုန်းလ၏ နက္ခတ်ကြိုက်ပန်းအဖြစ် မှတ်ယူကာ “ခဝဲပွင့်တုန်း တန်ဆောင်မုန်း၊ “ခဝဲပွင့်ချိန် ခင်းကထိန်၊ “ခဝဲလှိုင်လှိုင် တန်ဆောင်တိုင် စသည်ဖြင့် မှတ်တမ်းတင်ကြပါသည်။ ရှေးစာဆို ကဝိအကျော်အမော်တို့က ရာသီစာသီးနှံတစ်မျိုးဖြစ်သော ခဝဲသီးပင်၏ ပန်းပွင့်ကို တစ်ဆယ့်နှစ်လရာသီတော်ဝင်ပန်းများ စာရင်းတွင် တခမ်းတနား ထည့်ထားခြင်းက စိတ်ဝင်စားစရာဖြစ်နေပါသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်၍ စာရေးဆရာကြီး မင်းသုဝဏ်ကခဝဲပန်းကား ကဗျာဆရာတို့အဖို့ တန်ဆောင်မုန်းလ၏ ရာသီပန်း ဖြစ်သည်။ တောချုံပုပ္ပေါင်း(မူရင်းသတ်ပုံ)တို့တွင် တလွန့်လွန့်တက်နေသော ခဝဲနွယ်ပင်အဆစ်တို့မှာ ဝါးကနဲ၊ ဝင်းကနဲ၊ ထိန်ကနဲ၊ လက်ကနဲ နံနက်နေရောင်ခြည်တွင် ပွင့်လန်းနေကြသော ခဝဲပန်းတို့ကို မြန်မာကဗျာဆရာတို့ လွန်စွာသတိပြုခဲ့ကြပုံရသည်။ ခဝဲပွင့်၏ ကြူသင်းသောရနံ့ကိုလည်း လွန်စွာအာရုံပြုခဲ့ကြပုံရသည်။ ထို့ကြောင့်လည်း ပန်းအများရှိသည့်အနက် ခဝဲပန်းကိုသာလျှင် ရွေးချယ်ကာ တန်ဆောင်မုန်းလ၏ ရာသီပန်းအဖြစ် တင်စားခဲ့ခြင်းဖြစ်ပေရာသည်ဟူ၍ မှတ်တမ်းတင် ထားကြောင်း ၁၉၆၆ ခုနှစ်ထုတ် ဆရာကြီးမင်းသုဝဏ် ရေးသားသော ဖိုးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်နှင့် အခြားစာများစာအုပ်ထဲတွင် လေ့လာမှတ်သားရပါသည်။

တန်ဆောင်မုန်းလနှင့် ပွဲတော်များ

တန်ဆောင်မုန်းလသည် မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်း စဉ်လာများ၊ ရိုးရာအစဉ်အလာ ယုံကြည်သက်ဝင်မှုများဖြင့် ပြည့်နှက်နေသည်။ ဘာသာရေးဆိုင်ရာပွဲတော်နှင့် အခမ်းအနားများမှာ မီးထွန်းပွဲ၊ ကထိန်ပွဲ၊ ကျီးမနိုးပွဲ၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ရှင်မာလဲပွဲနှင့် ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စသည်တို့ဖြစ်သည်။ အဆိုပါပွဲတော်များအနက် အထင်ရှားဆုံးမှာ ကထိန်ပွဲဖြစ်သည်။

ကထိန် သည် “ကထိန ဟူသောပါဠိကို မြန်မာမှုပြုကာ မြန်မာ ဝေါဟာရသို့ ပြောင်းလဲထားသောအမည်ဖြစ်ပြီး “မြဲမြံခိုင်ခံ့ခြင်းဟု အဓိပ္ပာယ်ရသည်။ ကထိန်ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့်စပ်သမျှ အရာအားလုံးကို ခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသည့်အမည်ဖြစ်သည်။ ထို့ကြောင့် ကထိန်အာနိသင် ငါးပါးကို ကျောင်းတိုက်အပြင်ထွက်မသွားဘဲ ကျောင်းတိုက်အတွင်းတွင်သာ မြဲမြံခိုင်ခံ့နေအောင် ပြုလုပ်နိုင်စွမ်းရှိခြင်းဟု ဆိုလိုကြောင်း လေ့လာမှတ်သားရပါသည်။ ဒကာ ဒကာမများက ကထိန်ခင်းရန် သင်္ကန်းကို လှူဒါန်းရုံသာ လှူဒါန်းနိုင်ပြီး သံဃာများကိုယ်တိုင်ကသာ ကထိန်ခင်းရသည်။ ကထိန်သင်္ကန်းကပ်လှူပွဲသည် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ၂၉ ရက် တိုင်တိုင်ကာလဖြစ်ပါသည်။

ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံ

ကထိန်ဖြစ်ပေါ်လာပုံမှာ ဘဒ္ဒဝဂ္ဂီရဟန်းတော်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က ခွင့်ပြုပေးတော်မူခဲ့ခြင်းဖြစ်ပါသည်။ မိုးတွင်းကာလတစ်ခု၌ ဘဒ္ဒဝဂ္ဂီနှင့် ရဟန်းတော်အပါးသုံးကျိပ်တို့သည် ခြောက်ယူဇနာ(၄၈ မိုင်ခန့်) ခရီးရှည်ကို ဖြတ်သန်း၍ ဘုရားရှင်အား ဖူးမြော်ရန်လာကြသည်။ လေထဲမိုးထဲ ရွှံ့နွံထဲ ဖြတ်သန်းလာကြရသဖြင့် သင်္ကန်းများလည်း ရွှဲရွှဲစိုလေးလံလာကြပြီး လွန်စွာပင်ပန်းကြလေသည်။ ထိုခေတ်ထိုကာလတွင် အသစ်လဲလှယ်စရာ သင်္ကန်းအပိုဆောင်ရန် ခွင့်မပြုထားသေးပေ။ ထို့ကြောင့် ဘုရားရှင်က သံဃာတော်များ သင်္ကန်းကြောင့် ဝန်မလေးကြစေရန်နှင့် အလှူရှင်များလည်း စေတနာ သဒ္ဓါတရားဖြင့် လှူဒါန်းနိုင်ကြစေရန်အလို့ငှာ ထိုအချိန်မှစ၍ ကထိန်ခင်းခွင့်ပြုတော်မူခဲ့သဖြင့် “ကထိန်သင်္ကန်း ဝတ်ရုံတော် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပညတ်ချက်များ

ကထိန်ခင်းရာတွင် ပညတ်များစွာရှိပါသည်။ ကျောင်းရှိသံဃာများက ဒကာ ဒကာမတို့အား ကထိန်ခင်းပေးရန် ရေလာမြောင်းပေး၊ အရိပ်အမြွက်စကားတစ်လုံးတစ်ပါဒမျှ စတင်ပြောဆိုခွင့်မပြုရပါ။ မိုးပေါ်က ရေစက်များ သူ့အလိုလိုကျလာသကဲ့သို့ ဒကာ ဒကာမများ၏ သဒ္ဓါတရားအလျောက်သာ ဖြစ်ပေါ်လာသည့် အလှူသင်္ကန်း ဖြစ်ရပါမည်။ ထိုကထိန်သင်္ကန်းကို တစ်ဦးတစ်ယောက်တည်းက လှူဒါန်းနိုင်သလို အများစုပေါင်း “ဘုံကထိန် အဖြစ်လည်း လှူဒါန်း နိုင်ပါသည်။ သံဃာတော်များ ဆင်မြန်းသည့်သင်္ကန်းသည် အမျိုးအစား သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ “ဒုကုဋ်သင်္ကန်း ခေါ် နှစ်ထပ်သင်္ကန်း၊ “ဧကသီ ခေါ် အပေါ်ရုံသင်္ကန်း၊ “သင်းပိုင် ခေါ် ခါးဝတ်သင်္ကန်းတို့ ဖြစ်သည်။ ၎င်းသုံးထည်ကိုစုစည်း၍ သင်္ကန်းတစ်စုံဟု သတ်မှတ်သည်။ ၎င်းသင်္ကန်းကို သိမ်ထဲမှာသာ ကပ်ရပါသည်။ ကထိန်ခင်းထိုက်သည့် ရဟန်းကို သင်္ကန်းကပ်သည့်အခါ “ဉတ္တိဒုတိယကမ္မဝါစာ ဆိုရသဖြင့် ကထိန်သင်္ကန်းကို “ဉတ်သင်္ကန်း ဟု ခေါ်ကြခြင်းဖြစ်သည်။

ကထိန်ခင်းထိုက်သောရဟန်း

ကထိန်ခင်းထိုက်သောရဟန်းဆိုသည်မှာ ပုရိမဝါကျွတ်ပြီး ပထမပဝါရဏာနေ့မှာ ပဝါရနာပြုထားသော ရဟန်း၊ ပုရိမဝါ မကျိုးမပျက် သောရဟန်း၊ ရှေးဦးပြုဖွယ် ပုဗ္ဗကရဏတို့ကိုသိခြင်း စသည့်အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံသည့်ရဟန်း၊ သံဃာက ဝိနည်းကံနှင့်အညီ ဉတ်ကမ္မဝါဖတ်ပေးမည့် ကထိန်ခင်းရန်သင်္ကန်းကို အလှူခံရရှိသည့် ရဟန်း စသည့် ကထိန်ခင်းရန် စွမ်းဆောင်နိုင်သော ရဟန်းတို့ကို ဆိုလိုပါသည်။

ကထိန်သင်္ကန်းအကြောင်း သိမှတ်ဖွယ်

အဓိက ဉတ်သင်္ကန်းနှင့်အတူ ပဒေသာပင်တွင် ချိတ်ဆွဲထားသော သင်္ကန်းများကို “ဉတ်ရန်သင်္ကန်း သို့မဟုတ် ကထိန်အရန်သင်္ကန်းဟု ခေါ်ပါသည်။ ကထိန်အာနိသင်ရသွားမည့် သင်္ကန်းများဖြစ်သဖြင့် လည်း “ကထိန်အာနိသင်သင်္ကန်းဟု ခေါ်နိုင်ပါသည်။ ကထိန်ခင်းကြ သည်ဆိုရာဝယ် ကထိန်သင်္ကန်းများစွာလှူခြင်း၊ ဝတ္ထုငွေများစွာ လှူခြင်းနှင့် ပဒေသာပင်များစွာပြုလုပ်ခြင်းတို့ကို မဆိုလိုပါ။ ကထိန်ခင်းသည်ဆိုသည်မှာ ဉတ်သင်္ကန်းလှူခြင်းကိုသာ ဆိုလိုပြီး ဉတ်သင်္ကန်း လှူသူကသာ ကထိန်အလှူရှင်ဖြစ်ပါသည်။ ကထိန်ခင်းကြသည့်အခါ ဉတ်သင်္ကန်းကို ကိုယ်တိုင်လှူဒါန်းခွင့်မရသေးသရွေ့ ဘယ်သောအခါမျှ ကထိန်အလှူရှင် မဖြစ်နိုင်သေးပေ။ ထို့ကြောင့် စုပေါင်းမဟာဘုံကထိန် ခင်းကြသည့်အခါ ဉတ်သင်္ကန်းကို အများထည့်ဝင်လှူဒါန်းသည့် အလှူငွေဖြင့် ဝယ်ကြရပါမည်။ တစ်ဦးတစ်ယောက်တည်းက တာဝန် ယူပါရစေဟူ၍ လှူ၍မရ၊ လက်မခံရပါ။ ထို့ပြင် တစ်နှစ်လျှင် ကျောင်းတိုက်တစ်တိုက်၌ တစ်ကြိမ်သာ ကထိန်ခင်းခွင့်ရှိပါသည်။

ကထိန်သင်္ကန်းအလှူရှင်များ သိမှတ်ဖွယ်

အထက်တွင်ဖော်ပြထားသကဲ့သို့ ကထိန်ခင်းမည့်ကျောင်းကို သွားရောက်လှူဒါန်းခြင်းအပြင် မိမိအိမ်တွင် ပင့်လှူ၍လည်းရပါသည်။ ကျောင်းသို့ သွားရောက်လှူဒါန်းသည့်အခါ သို့မဟုတ် ဆရာတော်၊ သံဃာတော်ကို သင်္ကန်းကပ်သည့်အခါ “ဤသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏ဟု နှုတ်ကရွတ်ဆို၍ လှူဒါန်းရပါမည်။ ထိုသင်္ကန်းသည် လတ်တလော ကပ်လှူလက်ခံသည့် ဆရာတော်၊ သံဃာတော်က မပိုင်ဆိုင်သေးပေ။ ကျောင်းတိုက်ရှိ သံဃာအများနှင့်သာ သက်ဆိုင်ပါသည်။ မိမိတို့နေအိမ်တွင် ပင့်ဖိတ်လှူသည့်အခါမှာလည်း သံဃာတော်ကို သင်္ကန်းကပ်လှူသည့်အချိန်၌ ကထိန်ခင်းမည့်ကျောင်းတိုက်၏ ကျောင်းအမည်ကိုတပ်ပြီး လှူဒါန်းရပါမည်။ သို့မှသာ မိမိရည်စူးသည့် သံဃာက ယင်းကျောင်းတိုက်တွင် ကထိန်ခင်းခွင့်ရမည် ဖြစ်ပါသည်။

 ကထိန်သင်္ကန်းအလှူရှင်တွင်ရရှိမည့် ကုသိုလ်တရားငါးပါး

ကထိန်သင်္ကန်းကပ်လှူခြင်းကြောင့် အလှူရှင်များအနေဖြင့် သွားလေရာအရပ်ရပ်တို့၌ အနှောင့်အယှက်မရှိ ဘေးကင်းစွာ သွားလာရခြင်း၊ မိမိပိုင် စည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါးတို့ မဖျက်ဆီးနိုင်ခြင်း၊ စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း၊ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း၊ ပစ္စည်းများရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက်အပုံလိုက်ရခြင်း၊ ရုပ်ရည်အဆင်း ချောမောလှပခြင်းဟူသော အကျိုးတရားများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ကျမ်းဂန်များက ဆိုထားပါသည်။

မသိုးသင်္ကန်း

မသိုးသင်္ကန်းရက်လှူပူဇော်ပွဲမှာလည်း ထင်ရှားသည့်အလှူ ဒါနတစ်ခုဖြစ်ပါသည်။ မသိုးသင်္ကန်းဟူသည် နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ မသိုးသင်္ကန်းကို ကထိန်ကာလ၏ နောက်ဆုံးနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ လဆန်း ၁၄ ရက် ညနေပိုင်းတွင် စတင်ရက်လုပ်ကြပြီး လပြည့်နေ့ အရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြပါသည်။

ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် တစ်နှစ်လျှင်တစ်ကြိမ်၊ ထိုတစ်ကြိမ်တွင်လည်း တန်ဆောင်မုန်းလရာသီတွင်သာ ကထိန်ခင်းကြရသည်ဖြစ်ရာ ကထိန်အလှူဒါနမြောက် စေရန်အတွက် ဝိနည်းတော်နှင့်အညီ လှူဒါန်းနိုင်ကြပါစေကြောင်း ဓမ္မကုသိုလ်ပြုလိုက်ရပါသည်။      ။

ပေါက်ပေါက်