Skip to main content

အလှူဒါနပြုကြသူငါ

ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်ကွက်ဓမ္မာရုံမှာ ဆွမ်းအောင်ပွဲအဖြစ် လှူဒါန်းကျွေးမွေးတဲ့ စတုဒိသာအလှူပွဲလေးတစ်ခုကို ကျွန်မ တကူးတက သွားစားဖြစ်တယ်။ တကူးတကဆိုတာ ဓမ္မာရုံက ရင်းနှီးတဲ့ ဓမ္မမိတ်ဆွေတွေက ဆက်ဆက်ကြွလှမ်းခဲ့ဖို့မှာလို့ပါ။ ညနေပိုင်း ကျွန်မရောက်တဲ့အချိန်မှာ အကျွေးအမွေးကစနေပြီ။ စတုဒိသာဆိုတဲ့အတိုင်း အရပ်လေးမျက်နှာကလူကြီး၊ လူငယ်၊ ကလေးတွေကအစ လက်လုပ်လက်စား၊ ဆိုက်ကားဆရာတွေအဆုံး လူတန်းစားမရွေး အားရပါးရ စားသောက်နေကြတာတွေ့ရတယ်။

ဟင်းက ဘဲဥ၊ ပဲဟင်း၊ ငံပြာရည်ချက်ဆိုတော့ကာ အစပ်အဟပ်တည့်တော့ အများစုက ထမင်းတစ်ပန်းကန်နဲ့ မတင်းတိမ်နိုင်ကြဘူး။ အနည်းဆုံး နှစ်ပန်းကန်၊ သုံးပန်းကန်အထိ စားနိုင်ကြတယ်။ ပဲဟင်း လိုက်ပွဲ လိုက်ထည့်ပေးတဲ့သူတွေလည်း လက်မလည်ရှာဘူး။ ကုန်ကျ စရိတ်က ငွေကျပ် ငါးသိန်းကျော် ခြောက်သိန်းနီးပါးရှိတယ်လို့ သိရတယ်။ ကျွန်မဖြင့် ဟိတ်ဟန်မရှိ အားရပါးရသုံးဆောင်နေကြတဲ့ လူတွေကိုကြည့်ပြီး အလှူရှင်တွေကိုယ်စား ဝမ်းမြောက်ပီတိဖြစ်ရ တယ်။

ကျေးလက်အလှူ

ကျေးလက်တောရွာဘက်က အလှူပွဲတွေဆိုရင် ပိုပြီးပျော်ရွှင် ကြည်နူးစရာကောင်းတယ်။ ဆိုင်းတို့၊ အငြိမ့်တို့ ပွဲလမ်းသဘင်တွေ၊ ပွဲဈေးတန်းတွေနဲ့ စည်ကားလိုက်တာလွန်ရော။ မှတ်မိသေးတယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ နီးပါး ၁၉၉၄ ခုနှစ်က ကွမ်းခြံကုန်းနဲ့ ဒေးဒရဲ အစပ်က ကျေးရွာတစ်ရွာမှာ ရှင်ပြုအလှူတစ်ခုကို ကျွန်မ ရောက်ဖြစ်တယ်။ အလှူရှင်မိတ်ဆွေမိသားစုက အလှူပွဲရက်မတိုင်ခင် ညမှာ ဆိုင်းပါထည့်ပြီး ဧည့်ခံတော့ ရွာနီးချုပ်စပ်ကလာတဲ့သူတွေ၊ ပွဲဈေးတန်းတွေနဲ့ တိုးမပေါက်အောင် စည်ကားလိုက်တဲ့ဖြစ်ခြင်း။ ညသန်းခေါင်ကျော်တဲ့အထိပါပဲ။

မနက်ကျတော့လည်း ထမင်းကျွေးတဲ့ အလှူမဏ္ဍပ်ရုံကြီးမှာ လူတော်တော်နဲ့မစဲဘူး။ တစ်သုတ်ပြီးတစ်သုတ်၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာရောက်စားသုံးကြတာ။ တကယ့်ကို အားရစရာကြီး။ ဟင်းက ငါးခြောက်ထောင်းကြော်နဲ့ ပဲဟင်း။ တောရွာဓလေ့ထုံးစံအတိုင်း စားလိုက်ကြတာမှ ဝက်ဝက်ကွဲပဲ။ ငါးခြောက်ထောင်းကြော်တွေကို အလှူနေ့မတိုင်ခင်ကတည်းက ကြော်ပြီး ရာဝင်အိုးတွေနဲ့ ထည့်လှောင်ထားတာ။

ပြောရမယ်ဆိုရင် ဒီလိုအလှူမျိုးဟာ အလှူရေစက်လက်နဲ့မကွာ လှူဒါန်းလေ့ရှိကြတဲ့ ကျွန်မတို့ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ အဆန်းတကြယ်မဟုတ်ပေမယ့် ရေခြားမြေခြား နိုင်ငံရပ်ခြားမှာတော့ ဒီလို မီးခိုးတိတ် ရွာလုံးကျွတ်လှူဒါန်းဖို့ အင်မတန်ခက်ခဲမှာပေါ့။ လှူဒါန်း တဲ့တိုင် ဒါနကုသိုလ်နဲ့ပတ်သက်ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ လှူဒါန်းဖို့၊ ဘယ်လိုစိတ်ထားမျိုး မွေးမြူလှူဒါန်းဖို့ သိဖို့ခက်တာပေါ့။

အလှူခံပုဂ္ဂိုလ်ရဲ့အကျိုးကို ဦးတည်

ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကတော့ သံဃာတော်အရှင်သူမြတ်တွေရဲ့ ဟောဖော်ညွှန်ပြဆိုဆုံးမမှုကြောင့် ဘယ်လိုရည်ရွယ်ချက် ဘယ်လိုစိတ်ထားနဲ့ လှူရမယ်ဆိုတာသိကြတယ်။ ပါမောက္ခချုပ် ဆရာတော်ကြီး အရှင်နန္ဒမာလာဘိဝံသက “မဟာဒါန ဆိုတဲ့ တရားတော်မှာ “လှူကတည်းက အများအတွက် လှူရမယ်။ အလှူခံ ပုဂ္ဂိုလ်ရဲ့အကျိုးကို ဦးတည်ရမယ်။ အလှူခံပုဂ္ဂိုလ်ရဲ့အကျိုးကို ကြည့်ပြီးတော့ လှူတာဟာ အင်မတန်မွန်မြတ်တယ်လို့ ပြောရမယ်။ အလှူခံပုဂ္ဂိုလ်အပေါ် မေတ္တာထားမယ်။ စေတနာ၊ ကရုဏာထားမယ်။ မြော်တွေးရင် အရောင်းအဝယ်ဖြစ်သွားမယ်။ ဆုမတောင်းရဘူးလို့ ပြောတာတော့မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ်ရဲ့အကျိုးကို ကြည့်ပြီးတော့ လှူလိုက်တယ်။ လှူပြီးတဲ့အခါကျတော့မှ ကိုယ့်ဆန္ဒထုတ်ဖော် တာ။ ဒီလိုလှူရတဲ့ကုသိုလ်ဟာ သူ့ဟာသူ အကျိုးပေးမှာပဲ။ တောင်းသည်ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ ကိုယ်က ဘာကိုရချင်သလဲ၊ ဒီကုသိုလ်ကောင်းမှုဟာ ဘာကိုဦးတည်အကျိုးပေးစေချင် သလဲဆိုတာ ကိုယ်လိုချင်တဲ့ဆန္ဒကို ထုတ်ဖော်တာ။ ဒါဆုတောင်းတယ် ခေါ်တာနော်။

လှူတယ်ဆိုတာ အပြန်အလှန်မျိုး မဖြစ်စေရဘူး။ ပူဇော်တယ်၊ ချီးမြှောက်တယ်လို့နှစ်မျိုးရှိတယ်။ ကိုယ့်ထက်မြင့်တဲ့ပုဂ္ဂိုလ်၊ သီလ သမာဓိရှိတဲ့ပုဂ္ဂိုလ်တွေကို ကျောင်းဆောက်ပြီးတော့ ပူဇော်တယ် ဒါမှမဟုတ် သင်္ကန်းနဲ့ပူဇော်တယ်။ သူရဲ့သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကိုပူဇော်တယ်။ ဒါပူဇော်တာ။ လိုအပ်နေတဲ့ပုဂ္ဂိုလ်တွေကိုတော့ ချီးမြှောက်တယ်။ ဘာနဲ့ချီးမြှောက်လဲ။ သူစားစရာမရှိဘူး၊ စားစရာပေးလိုက်တယ်။ နေစရာမရှိဘူး၊ နေစရာပေးလိုက်တယ်။ ဝတ်စရာမရှိဘူး၊ ဝတ်စရာပေးလိုက်တယ်။ ဒါ ချီးမြှောက်တာ။ အဲဒီ ချီးမြှောက်မှုတွေဟာ လှူသူအတွက် မဖြစ်စေရဘူး။ ယူသူအတွက် ဖြစ်စေရမယ်။ အလှူခံပုဂ္ဂိုလ်မှာ ရရှိတဲ့အတိုင်းအတာကိုကြည့်ပြီး အလှူဒါနရဲ့ကောင်းမြတ်မှုကို ဆုံးဖြတ်ရမယ်တဲ့။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအဖို့ အင်မတန် မှတ်သားနာယူစရာပါ။

အထက်အညာဒေသက ရှင်ပြုအလှူပွဲ

ကျွန်မ ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မမြင်တွေ့ရပါဘဲနဲ့ ဆောင်းပါးစာပေထဲကတစ်ဆင့် ယခုတိုင် မှတ်မှတ်ရရ ကြည်နူးပီတိဖြစ်ခဲ့တဲ့ အထက်အညာဒေသက ရှင်ပြုအလှူပွဲလေးတစ်ပွဲလည်း ရှိပါသေးတယ်။

အဲဒီအလှူပွဲကတော့ မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် တောင်ပလူရွာနားက ကန်ကြီးအောင်ရိပ်သာမှာပြုလုပ်ခဲ့တဲ့ အလှူပွဲလေးကို မန္တလေးက ဆရာမကြီး လူထုဒေါ်အမာက တက်ရောက်ရင်း ရေးဖွဲ့ခဲ့တာပါ။ အလှူ့ဒါယကာက အလှူနေ့မှာ သူ့အလှူလာသူတွေကို “ဝက်သားပြောင်ကျွေးတာတဲ့။ ဝက်သား “ပြောင်ကျွေး ဆိုတာ ဝက်သားနီဟင်း အိုးကြီးချက်ကို ဘာနဲ့မှမရောဘဲ အရောအနှောမရှိ ကျွေးတာကို “ပြောင်ကျွေးလို့ ဒေသကသုံးကြတယ်။ ဝက်သားနီချက်အပြင် ကုလားပဲဟင်းချို၊ ပုစွန်ခြောက်နဲ့ ငရုတ်သီးကြော်၊ ပဲတီချဉ်နဲ့ပါ တွဲဖက်ပြင်ဆင်ထားတော့ တောင်ပလူရွာနဲ့ သာယာကုန်းနှစ်ရွာက ရွာရှိလူကုန် အိမ်လုံးကျွတ် လူ ၁၂၀၀ အပြင် ရွာနီးချုပ်စပ် ကျေးရွာတွေကလည်း သတင်းကြားလို့လာစားကြတာနဲ့ အားလုံး လူ ၁၈၀၀ လောက် ကျွေးမွေးလှူဒါန်းရတယ်လို့ ဆိုပါတယ်။

ဆန်က အလှူနေ့ကချည်း ၁၈ တင်း၊ ဝက်သားက ၁၈၃ ပိဿာ ကုန်တယ်လို့ဆိုတယ်။ အလှူမတိုင်ခင် တစ်ရက်၊ နှစ်ရက် အကြို ကျွေးတာတင် ဝက် ၂၅ ပိဿာလောက်ကုန်သတဲ့။ အကျွေးအမွေးချည်း နှစ်သိန်းကုန်သတဲ့။ အလှူရှင်က မန္တလေးက။ ရတနာပုံထီဆိုင်က ထီပေါက်လို့တဲ့။ ဆရာမကြီး လူထုဒေါ်အမာက ဒီဆောင်းပါးစာစု လေးကို ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မိုးဂျာနယ်မှာ ရေးဖွဲ့ခဲ့ တာဖြစ်ပါတယ်။ ဆောင်းပါးစာစုလေးက ဘယ်အချိန် ပြန်ဖတ်ဖတ် မရိုးနိုင်သလို ကြည်နူးစရာကောင်းနေဆဲပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ငွေကျပ် နှစ်သိန်းနဲ့ လူပေါင်းထောင်ချီကျွေးမွေးလှူဒါန်းခဲ့တာကို ဖတ်ရတော့ ယခုခေတ် ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်ပြီး တကယ့် အံ့ဩဘနန်းလည်း ဖြစ်ရတယ်။

အလှူရေစက်လက်နဲ့မကွာ

ဒါပေမဲ့ ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း မြန်မာလူမျိုးတွေကတော့ အလှူရေစက်လက်နဲ့မကွာ တတ်စွမ်းသမျှ လှူကြတန်းကြ ဆဲပါပဲ။ လက်ရှိ ကထိန်ရာသီကာလမှာလည်း လမ်းထောင့်က ဆိုက်ကားဂိတ်ကအစ ကထိန်ခင်းဖို့ ပဒေသာပင်တွေ သီးနေကြပါပြီ။ အလှူဒါနဆိုတာကလည်း လှူစရာပစ္စည်းဝတ္ထုရယ်၊ လှူချင်တဲ့၊ လှူတတ်တဲ့ စေတနာရယ် ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှ အလှူအထ မြောက်ခြင်းဆိုတာ ဖြစ်လာတာပါ။ စေတနာက အကျိုးပေးတယ် ဆိုပေမယ့် စေတနာချည်းသက်သက် ပစ္စည်းမပါဘဲနဲ့တော့ အလှူအထ မမြောက်နိုင်သလို ဝတ္ထုပစ္စည်းရှိပေမယ့်လည်း လှူချင်တဲ့ စေတနာမပါ ပြန်ရင်လည်း အထမမြောက်နိုင်ပါဘူး။

မြန်မာလူမျိုးတွေအဖို့ကတော့ များသောအားဖြင့် အလှူအတန်းမှာ လက်မနှေးတဲ့ စိတ်စေတနာကောင်းတွေက ကိုယ်စီရှိနှင့်ပြီးသားပါ။ လှူစရာပစ္စည်း ပေါပေါများများရှိဖို့ပါပဲ။ လက်ရှိမှာ အထက်အညာ ဒေသအချို့မှာ မငြိမ်းချမ်းတော့ အရင်က ဗြောသံ၊ စည်သံတညံညံနဲ့ အလှူရေစက်လက်နဲ့မကွာ နေထိုင်လာကြတဲ့ ဒေသခံပြည်သူအချို့ဟာ လှူဖို့တန်းဖို့နေနေသာသာ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ အင်မတန် ဝမ်းနည်းကြေကွဲစရာပါ။

တကယ်တော့ မြန်မာ့ကျေးလက်ဒေသတောရွာတွေရဲ့ သက်ဝင်ခမ်းနားမှုနဲ့ ရွာရဲ့ကျက်သရေမင်္ဂလာဟာ ဗြောသံ၊ စည်သံ တညံညံနဲ့ ရှင်ပြုနားသအလှူမင်္ဂလာပွဲတွေ၊ ဆယ့်နှစ်လရာသီ ဘုရားပွဲတော်တွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရပ်ကိုယ့်ဒေသ ငြိမ်းချမ်းသာယာဖို့၊ စည်ပင်ဝပြောဖို့ဆိုတာ ဒေသခံတွေကိုယ်တိုင် ပူးပေါင်းတည်ဆောက်ကြရမှာပဲ ဖြစ်ပါတယ်။     ။

ခင်သန်းမြင့်